Friday, December 19, 2008

စိတ်ကောင်းရှိဖို့က ပဓာန - အရှင်ပညာသီဟ


“အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ -

“အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။

မှန်ပါသည်။
ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။

ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။

ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။


စိတ်ကို မကောင်းစေတာ ကိလေသာ


သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို အပြည့်အစုံ ကောင်းပြီဟု မဆိုနိုင်ပေ။

စိတ်ကို ညစ်နွမ်းစေသည့် သဘောတရား ကိလေသာများမှာ -
၁။ ကာမဂုဏ် အာရုံများကို တပ်မက်သည့်သဘော = ကာမရာဂါနုသယ
၂။ ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်များ၏ အကျိုးပေးရာဖြစ်သည့် ဘဝများကို တပ်မက်သည့်သဘော = ဘဝရာဂါနုသယ
၃။ စိတ်ဆိုးမှု အမျက်ထွက်မှုသဘော = ဒေါသာနုသယ
၎။ ထောင်လွှားမှု မာနကြီးမှုသဘော = မာနာနုသယ
၅။ မှားယွင်းသည့်အယူကို နှစ်သက်စွဲလမ်းမှုသဘော = ဒိဋ္ဌာနုသယ
၆။ တွေးတောယုံမှားမှုသဘော = ဝိစိကိစ္ဆာနုသယ
၇။ အမှန်တရားကို မသိအောင် ဖုံးလွှမ်းမှုသဘော = အဝိဇ္ဇာနုသယ တို့ ဖြစ်သည်။

အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မရသေးသည့် ကာလတိုင်အောင် ထိုသဘောတရား (၇)ပါးတို့သည် သတ္တဝါများ၏ သန္တာန်၌ ဘဝတိုင်း ဘဝတိုင်း အစဉ်တစိုက် လိုက်ပါနေသည်။
ထို့ကြောင့် ၎င်းတို့ကို ‘အနုသယ ကိလေသာ’ဟု ခေါ်ရသည်။

အသီးပင်တပင်တွင် ရှိသည့် အသီးကို သီးစေတတ်သည့် ဓာတ်သတ္တိသည် သစ်စေ့မှ အညှောင့်ထွက်သည်အထိ သစ်ပင်၏ ပင်စည် အခက် အရွက်များတွင် တောက်လျှောက် ပါနေသကဲ့သို့ ထိုအနုသယ ကိလေသာဓာတ်များသည်လည်း သတ္တဝါတဦး၏ ဘဝတလျှောက်လုံးတွင် တောက်လျှောက် ပါနေသည်။
သတ္တဝါတဦးတွင် ထိုကိလေသာဓာတ်များကို သာမန်အားဖြင့် အထင်အရှား တွေ့ရမည် မဟုတ်။
သို့သော် အကြောင်းတိုက်ဆိုင်သောအခါတွင် ပေါ်ပေါက်ရန် ၎င်းတို့သည် စိတ်ထဲ၌ အဆင်သင့် ရှိနေသည်။ ပြာဖုံးနေသော မီးခဲသဘောမျိုးလည်း ဖြစ်သည်။
ထိုအဆင့်တွင် မကောင်းမှု ဆယ်မျိုးမှ တမျိုးမျိုးကို ကျူးလွန်ရန် စိတ်လည်း မဖြစ်၊ ကျူးလွန်လည်း ကျူးလွန်ဦးမည် မဟုတ်သေးချေ။

အနုသယကိလေသာဓာတ်ခံ ရှိနေပြီး ဖြစ်သည့်အတွက် ကျူးလွန်စရာ အာရုံ၊ ပြစ်မှားစရာ အာရုံ၊ ခံစားစရာ အာရုံတခုခုနှင့် တွေ့ကြုံသောအခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျူးလွန်လိုသော၊ ခံစားလိုသော၊ ပြစ်မှားလိုသော ဆန္ဒနှင့် ထကြွလာသည့် ကိလေသာတို့ကို ‘ပရိယုဌာန ကိလေသာ’ ဟု ခေါ်ရသည်။

စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် လောဘ ဒေါသ မာန်မာနစသော (ကိလေသာ) စိတ်အညစ်အကြေးများ၏ တွန်းအားပေးမှုကြောင့် မကောင်းမှုတခုခုကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အခါ၊ ကာမဂုဏ်အာရုံကို ခံစားသည့်အခါ ဖြစ်ပေါ်လာသော ကိလေသာကို ‘ဝီတိက္ကမ ကိလေသာ’ ဟု ခေါ်ရသည်။

ထိုကိလေသာများကို စိတ်ထဲ၌ ကိန်းအောင်းနေသော ကိလေသာ၊ ထကြွလာသော ကိလေသာ၊ လွန်ကျူးမိသော ကိလေသာဟု အဆင့်သုံးဆင့်ဖြင့် အကျဉ်းချုပ် မှတ်သားနိုင်သည်။

အပြစ်ရှိသည့် အလုပ်၊ မကောင်းသည့် အလုပ်များကို မလုပ်မိစေရန် သီလဆောက်တည်၍ စောင့်ထိန်းနိုင်သည်။
ထိုကြောင့် သီလစောင့်ထိန်းခြင်းဖြင့် လွန်ကျူးမှု (ဝီတိက္ကမကိလေသာ)ကို ချုပ်ငြိမ်းစေသည်။

သီလစောင့်ထိန်းထားသည့်အတွက် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ကာယကံမြောက် ဝစီကံမြောက် မကောင်းမှုကို မကျူးလွန်သော်လည်း အကြောင်းတိုက်ဆိုင်သည့်အခါ တခါတရံ စိတ်ထဲတွင် မကောင်းမှုကို ပြုလုပ်ချင်သည့်စိတ်များ၊ ကာမဂုဏ်အာရုံကို ခံစားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။
ထိုသို့ ဖြစ်ပေါ်လာသည့်အခါ စိတ်သည် မကောင်းတော့ပေ။ ညစ်နွမ်း၍ နေလေ၏။

ထိုသို့ စိတ်မကောင်းခြင်း စိတ်ညစ်နွမ်းခြင်း မဖြစ်စေရန်၊ သက်ဆိုင်ရာ အာရုံနှင့် တွေ့ပင်တွေ့ငြားသော်လည်း ကိလေသာစိတ်များ ထကြွ၍ မလာစေရန် လုပ်ဆောင်စရာ တခု ရှိ၏။
ထိုလုပ်ဆောင်စရာဟူသည် ဝိပဿနာအလုပ်ကို အားထုတ်ခြင်း ဖြစ်၏။
ဝိပဿနာတရားကို မည်သို့မည်ပုံ အားထုတ်ရမည်ကို ဗုဒ္ဓဘာသာက အပြည့်အဝ သင်ကြားထားသည်။
ထိုကြောင့် ဝိပဿနာကို ပွားများအားထုတ်လျှင် ဘာသာရေးလုပ်သည်ပင် ဖြစ်တော့၏။

ဝိပဿနာတရား ပွားများအားထုတ်၍ သမာဓိအားကောင်းလာသည့်အခါ ဝိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်သန်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်။
ထိုအခါကျမှ စိတ်ထဲတွင် ကိန်းအောင်းနေသည့် အနုသယကိလေသာဓာတ်များ လုံးလုံး ကုန်သွားသဖြင့် စိတ်သည် အပြီးအပိုင် ကောင်းလေတော့သည်။


စိတ်ကောင်းရှိဖို့ အရေးကြီးသည်


စိတ်ကောင်းရှိဖို့ မည်မျှအရေးကြီးကြောင်း အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်လာ ဝေလာမသုတ်တွင် -

“အကြင်သူသည် အရပ်လေးမျက်နှာ၌ရှိသော သံဃာကို ရည်မှန်း၍ ကျောင်းဆောက်လှူ၏။ ထိုသူ၏ ကျောင်းအလှူသည် ဘုရားအမှူးရှိသော သံဃာကို ဆွမ်းလှူရခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် ကြည်ညိုစိတ်ဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု အသိအမှတ်ပြု ဆည်းကပ်၏။ ထိုသူ၏ သရဏဂုံတည်မှုသည် ကျောင်းလှူခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာပျက်ခြင်း၊ လိမ်ညာပြောခြင်း၊ သေအရေက်သောက်ခြင်းတည်းဟူသော မကောင်းမှုများကို မပြုလုပ်။ ထိုသူ၏ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သရဏဂုံတည်မှုထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် မေတ္တာစိတ်ကို နံ့သာတရှူတရှိုက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုမျှလောက် မေတ္တာဘာဝနာကို ပွားများခြင်းသည် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် အနိစ္စသညာကို လက်ဖျစ်တတွက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုသူ၏ အနိစ္စသညာ(ဝိပဿနာဘာဝနာ)ကို ပွားများခြင်းသည် မေတ္တာဘာဝနာကို ပွားများခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။” ဟု ဘုရားရှင်က ဟောကြားခဲ့သည်။


စိတ်ကောင်းရှိပါမှ


အလှူပေးခြင်းသည် စေတနာ မေတ္တာတရားတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မပေးရက်လို ဝန်တိုမှု တွန့်တိုမှု လောဘကြီးမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ပေးလှူခြင်း မဖြစ်နိုင်။

ဘုရား တရား သံဃာတို့အား ရိုသေ ဆည်းကပ်ခြင်းသည် ရတနာသုံးတို့အပေါ် ယုံကြည်မှု (သဒ္ဓါတရား)၊ လေးစားမှု (ဂါရဝတရား)၊ နှိမ့်ချမှု (နိဝါတတရား)တို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မယုံကြည်မှု၊ မေတ္တာမဲ့သဖြင့် မလေးမခန့်လုပ်မှု၊ မာန်မာနဖြင့် မောက်မာမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ရတနာသုံးပါးကို အရိုအသေ မပေးနိုင်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် လောဘ ဒေါသ မောဟတည်းဟူသော စိတ်ဆိုးများ ရှိနေက မဖြစ်နိုင်။
မေတ္တာ ကရုဏာ မုဒိတာတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။

မေတ္တာနှင့် ပြည့်ဝနေသောစိတ်သည် စိတ်ကောင်း ဖြစ်၏။
မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ထွက်မှု (ဒေါသ)၊ မနာလိုမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ မတရားရယူလိုမှု (အဘိဇ္ဈာ)၊ ပျက်စီးစေလိုမှု (ဗျာပါဒ)၊ ပမာမခန့်လုပ်မှု (မာန်မာန)တို့နှင့် ပြည့်နှက်နေသော စိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်အနွမ်းတို့ဖြင့် ရောပြွမ်းနေသောစိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်တို့မှ ကင်းဝေးနေသော စိတ်သည်သာ စိတ်ကောင်း ဖြစ်၏။

ထို့ကြောင့် ‘စိတ်ကောင်းရှိဖို့သာ ပဓာန’ဟု အလေးအနက် ယူဆပါက စိတ်ကောင်းရှိရန် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါ။
ကိလေသာတရားများကို မိမိတို့စိတ်ထဲမှ နှင်ထုတ်ဖြစ်အောင် နှင်ထုတ်ကြပါ။
အနိစ္စသညာဖြစ်အောင် ဝိပဿနာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါဟု မေတ္တာရှေးရှု၍ တိုက်တွန်းမှု ပြုလိုက်ရပါတော့သည်။

1 comment:

HayMon said...

မှတ်သားသွားပါသည်အရှင်ဘုရား
ကျေးဇူးလဲတင်ပါသည်ဘုရား