“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း”
ဒီကနေ့ တရားနာပရိတ်သတ်တွေကို ပေးမယ့် တရားလက်ဆောင် ဓမ္မလက်ဆောင်ကတော့ အဲဒီ ခန္ဓာ အာယတန ဓာတ် သစ္စာ ပါပဲတဲ့။
“ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ,သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း၊
ဖောက်ပြန်ထွေပြား၊ ဖြစ်တတ်ငြား၍၊ စကားပုံသေ၊ ရုပ်ခေါ်ပေ၏။
မြေဓာတ်,ရေဓာတ်၊ မီး,လေဓာတ်ဟု၊ လေးရပ်ဘုတ်ကြီး၊ ပွားစီးအနက်၊
စက်,သော,ဃာ,ဇီ၊ ကာ,ငါးလီမူ၊ အကြည်ရူပ၊ ပသာဒတည်း။
ရူပ,သဒ္ဒ၊ ဂန္ဓ,ရသာ၊ ဖောဌဗ္ဗာဟု၊ ငါးဖြာအာရုံ၊
နှစ်စုံဘာဝ၊ ဟဒယနှင့်၊ ဇီဝ,သြဇာ၊ ဆယ့်ရှစ်မှာမူ
လေးဖြာဟေတု၊ ကြောင်းစတုကြောင့်၊ ဖြစ်မှုပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၍၊ ရုပ်ကြီးရူပ၊ နိပ္ဖန္နတည့်။
ထိုမှတပါး၊ ကလပ်ခြားမျှ၊ အာကာသနှင့်၊
ကာယဝစီ၊ နှစ်လီကိုယ်,နှုတ်၊ လှုပ်မှုရှားမှု၊ နှစ်ခုဝိညတ်၊
ရူပဿ,လဟု၊ မုဒု,ကမ္မည၊ ဝိကာရခေါ်၊ ရုပ်သုံးဘော်ကား၊ ပေါ့ပါးနူးညံ့၊ ကြမ်းခံ့မူရာ၊
တဖြာထိုမှ၊ ဥပစယ၊ အစပွားတိုး၊ အရိုးပြည့်မှီ၊ တည်စဉ်သန္တတိ၊ ရင့်ဘိဇရာ၊ ပျက်မှာအနိစ္စ၊ ဤလေးဝမူ၊ လက္ခဏရုပ်၊ ခေါ်သမုတ်၏။
ရုပ်ပေါင်းဆယ်တန်၊ အနိပ္ဖန်တည့်၊ နိပ္ဖန်ဆယ့်ရှစ်၊ ပေါင်းတုံလစ်က၊ ရှစ်ခုစွန်းကယ်၊ ရုပ်နှစ်ဆယ်သည်၊ အကျယ်ရူပက္ခန္ဓာတည်း။”
လယ်တီဆရာတော်ဘုရားကြီး ရေးသား စပ်ဆိုတော်မူထားတဲ့အတိုင်း ... ဘုန်းကြီးတို့ စာပေလောကအနေနဲ့ မြှော်ပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီဟိုဠ်ခေတ်တုန်းက ပါဠိဘာသာကို များစွာ မကျွမ်းကျင်တဲ့ ဒကာ ဒကာမတွေအဖို့ အဘိဓမ္မာတည်းဟူသော သမုဒ္ဒရာကြီးကူးနိုင်ဖို့ရန် အဘိဓမ္မာဉာဏ်မျက်စိရှိဖို့ရန် ကျဉ်းကျဉ်းနဲ့ လိုရင်း စိစိမိမိ သိနိုင်ဖို့ရန်ဆိုပြီးတော့ ‘ရှင်အနုရုဒ္ဓါမထေရ်’သူမြတ်က “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”တဲ့ - လက်သန်းအဋ္ဌကထာ သင်္ဂြိုဟ်ကျမ်းကို ရေးသားထားခဲ့တယ်။
အဲဒီလို ရေးသားထားခဲ့တဲ့ သင်္ဂြိုဟ်ကျမ်းဟာ မူလ ရည်သန်ချက်တုန်းကတော့ လူဝတ်ကြောင် ဒကာ ဒကာမတွေဖို့ပါပဲ။
ဒါပေမယ်လို့ ဘုန်းကြီးတို့ သာသနာဘက်က ကြည့်တဲ့အခါကျတော့ အခြေပြုစာသင်သား ကလေးများအဖို့ အင်မတန် လိုက်လျောတယ်။ အင်မတန် သင့်တော်တယ်ဆိုပြီးတော့ ဆရာတော်အရှင်မြတ်များက အဲဒီ သင်္ဂြိုဟ်ကျမ်းကို စာသင်သားတို့ရဲ့ သင်ရိုးသင်စဉ်အဖြစ်ဖြင့် အသိအမှတ်ပြုပြီး သင်ရိုးထဲ ထည့်ထားခဲ့တယ်။
ဘုန်းကြီးသင်စဉ်ထဲမှာ ပါနေတော့ ဒကာ ဒကာမတွေအဖို့ ဒီစာပေသည် ငါတို့ဖို့ ရေးသားထားခဲ့တာပဲလို့ စိတ်ထဲမှာ မယူဆနိုင်ကြတော့ဘူး။ ဘုန်းကြီးစာပေပဲလို့ အောင်းမေ့တယ်။
အဲဒီ သီဟိုဠ်ကလာခဲ့တဲ့ သင်္ဂြိုဟ် အဘိဓမ္မတ္ထသင်္ဂဟကျမ်းဟာလဲ မြန်မာပြည်အနေနဲ့ ကြည့်တဲ့အခါကျတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတာ ဗုဒ္ဓရှင်တော်ဟောကြားတဲ့ တရားကို မြန်မာဘာသာနဲ့သာလျှင် ကောင်းကောင်း နားလည်နိုင်တယ်။
အဲဒီလို နားလည်နိုင်တော့ ပါဠိဘာသာနဲ့ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အသိခက်တယ်။ နှုတ်ထဲမှာ အကျက်ရ ခက်တယ်။
ဒီတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ကျဉ်းကျဉ်းနဲ့ အဘိဓမ္မာမျက်စိတပ်ပေးအုန်းမှပဲလို့ ဒီအကြံဖြင့် လယ်တီဆရာတော်ဘုရားကြီးက “ပရမတ္ထသံခိပ်ကျမ်း”ရယ်လို့ ရေးပေးတယ်။
ပရမတ္ထသံခိပ်က ပရမတ္ထသံခိပ်ချည်းပဲ ဆရာတော်ဘုရားကြီး ရေးသားတော်မူလို့ရှိရင် ဒါလောက်ကြီး အန္တရာယ်မများပါဘူး။
“ပရမတ္ထဒီပနီ”ဆိုတဲ့ သင်္ဂြိုဟ်ကျမ်းကို ဖွင့်တဲ့ ဋီကာတစောင် ရေးတော်မူလိုက်တဲ့အတွက် ပရမတ္ထဒီပနီလို့ ဆရာတော်ကြီးပေးတုန်းကတော့ နာမည်ပေးတာပါပဲ။
ဒါပေတယ်လို့ အရပ်က ဝိုင်းမြှောက်ပြီးတော့ တဘက်နဲ့တဘက် အဆင်မပြေမှုရှိအောင် ဆန့်ကျင်ဘက်ဖြစ်အောင် ပြုလုပ်ပေးတတ်ကတော့ ပုထုဇဉ်တို့၏ ဓမ္မတာအတိုင်း လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ ပရမတ္ထဒီပနီ သင်္ဂြိုဟ်ဋီကာကျမ်းကိုပင်လျှင် မြှောက်ထိုးပင့်ကော် ရန်ဖြစ်အောင် တိုက်ပေးသည့်အလား နဂိုရ်က ‘ဋီကာကျော်’လို့ ရှိတဲ့အပေါ်မှာ ‘ဋီကာမော်’လို့ တခါ နာမည်တပ်ပေးကြပြန်တယ်။
ဒီတော့ ဋီကာကျော်ပရိတ်သတ်က မခံနိုင်ဘူး။
ဋီကာကျော်က ကျော်ရုံ ကျော်တာ၊ ဋီကာမော်က ဋီကာကျော်ထက် အထက်ကို မော်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်အောင် လှုံ့ဆော်ပေးတဲ့အတွက် ဋီကာကျော်ပရိတ်သတ်က လယ်တီဆရာတော်ဘုရားကြီးရဲ့ ပရမတ္ထဒီပနီကျမ်းပေါ်မှာ တော်တော်ပဲ မခံနိုင် မရပ်နိုင် ဖြစ်ကုန်တယ်။
အဲဒီလို မခံမရပ်နိုင်တဲ့အထဲမှာ ပရမတ္ထသံခိပ်ဆိုတာ ပေါ်လာရတာဖြစ်တော့ ပရမတ္ထသံခိပ်ကိုလဲပဲ မည်၍ မည်မျှကောင်းတယ်ဆိုတဲ့ စဉ်းစားချက် မရှိကြတော့ဘဲ အများအားဖြင့် ဋီကာကျော်ပရိတ်သတ်ကနေပြီး ပရမတ္ထသံခိပ်ကို အသုံးပဲ မဝင်တော့သယောင်ယောင်၊ ပရမတ္ထသံခိပ်ကို ရွတ်ဆိုနေလို့ရှိရင် သီချင်း ဂီတကဗျာကို ရွတ်ဆိုနေရာကျသယောင်ယောင်နဲ့ ခပ်လှောင်လှောင် ပြောကြတော့ ပရမတ္ထသံခိပ်ရဲ့ အင်မတန် ကောင်းတဲ့ အနှစ်သာရရှိတဲ့အကြောင်းကို သိလို့ လေ့လာကြတဲ့ ဘုန်းကြီးတို့ ဒီတောင်ရိုးက ပရိတ်သတ်များတောင်မှ မြို့က ဆရာတော် သမားတော်တွေ လာလို့ရှိရင် ပရမတ္ထသံခိပ်ကို မရွတ်ဝံ့ကြဘူး။ ရွတ်ဖို့ရန် ခပ်ကြန့်ကြန့် ရှိုးတိုးရှန့်တန့် ဖြစ်ကြတယ်။
ဒါ ဘာဖြစ်လို့လဲ။
အကြောင်းရင်း စစ်လို့ရှိရင်ဖြင့် ဋီကာကျော်ခေတ်နဲ့ ဋီကာမော်ခေတ် အပြိုင်ဖြစ်နေတဲ့အချိန်မှာ ပရမတ္ထသံခိပ်က ပေါ်လာရတာဖြစ်တော့ ဒီအချိန်က ဋီကာကျော်ပရိတ်သတ်က ဋီကာကျော်ရေအဟုန်က ပုဂံခေတ်က နေပြီး အစဉ်သဖြင့် အားကြီးအင်တိုက် စီးဆင်းလာတဲ့ ရေအဟုန်၊ ပရိတ်သတ်ကလဲပဲ ဋီကာကျော်ပရိတ်သတ် များနေတဲ့အချိန်မှာဖြစ်တော့ ပရမတ္ထဒီပနီဘက်က ပရိတ်သတ်ဟာ ကြောက်ပဲ ကြောက်ရမလိုလို၊ ရှိုးတိုးရှန့်တန့်ဖြစ်ရမလိုလို ဖြစ်ပြီးတော့ ပရမတ္ထဒီပနီရဲ့ နောက်ပိုင်းက အင်မတန် ကောင်းတဲ့ စာပေပဲလို့ သိမြင်ကြတဲ့အတွက် လေ့လာ သင်ကြားနေရင်းဖြစ်ကြသော တောင်ရိုးက သီလရှင်ပရိတ်သတ် သူတော်ကောင်းများပေါ့လေ ... အများအားဖြင့် အဲဒီပရိတ်သတ် သူတော်စင်တွေဟာ ပရမတ္ထသံခိပ်လေ့လာနေတုန်း ရွတ်ဖတ်နေတုန်း ဗြုန်းဆို မြို့က ဆရာတော် သံဃာတော် သို့မဟုတ် မိမိတို့ ဥပစာလောက် ကြားလောက်တဲ့ ဥပစာနယ်အတွင်းမှာ ရဟန်းတော် ၂-ပါး ၃-ပါး ဖြတ်သန်းသွားတယ်ဆိုရင် ဒီက ပရမတ္ထသံခိပ်ရွတ်ရမှာ ကြောက်နေတယ်။ တခါတည်း တိတ်ကုန်ကြတာပဲ။
စင်စစ်ကတော့ ဘုရားတရားတော်ကို သိအောင် ကြိုးစားကြတဲ့နေရာမှာ ဘယ်နည်းနဲ့ပဲ သိသိ၊ သိတာသည် အရေးကြီးပါတယ်။
အဲဒီ ပရမတ္ထသံခိပ်ကလဲပဲ လင်္ကာပုဒ်ပေါင်း (၆၆၀)ရှိတော့ ပကတိ လူဝတ်ကြောင် ဒါယကာ ဒါယိကာမတို့အဖို့ ပရမတ္ထသံခိပ်ကို အရဆောင်ဖို့ရန် မလွယ်ကူပြန်ဘူး။
ဒီတော့ လယ်တီဆရာတော်ဘုရားကြီးက မရနိုင်တဲ့ အဆုံးဖြင့် တို့ဒကာ ဒကာမတွေ အန္ဓပုထုဇဉ်အဖြစ်ကိုတော့ဖြင့် အဖြစ်မခံဘူး။
အန္ဓပုထုဇဉ်အဖြစ်က လွတ်မြောက်၊ ကလျာဏပုထုဇဉ်အဖြစ်သို့ ရောက်အောင်ဖြင့် ငါကယ်တင်မှပဲ။
ဒီ အကြံဖြင့် -
ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ၊ ဗုဒ္ဓေနာဒိစ္စဗန္ဓုနာ။
အန္ဓော ပုထုဇ္ဇနော ဧကော၊ ကလျာဏေကော ပုထုဇ္ဇနော။
ဆိုတဲ့ ဂါထာ အဦး နိဒါန်းချီပြီးတော့ “ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း”လို့ စာအုပ်ကလေးမှ ငယ်ငယ်ကလေး ဆရာတော်ဘုရားကြီး စီစဉ် ရေးသားတော်မူခဲ့တယ်။
အဲဒီ စီစဉ် ရေးသားတော်မူတဲ့ စာက ပုဒ်ပေါင်း ဘယ်လောက်ရှိတုန်း၊ ယခုတင်က ဘုန်းကြီးရွတ်ပြတဲ့ လင်္ကာမျိုး လင်္ကာပုဒ်ပေါင်း (၁၀)ပုဒ်ပဲ ရှိပါတယ်။
အင်မတန်လဲ ကောင်းပါတယ် .. အင်မတန်လဲ ကောင်းပါတယ်။
ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာ ၄-ပါးဆိုတဲ့ ဒီတရားတွေကို လင်္ကာ ၁၀-ပုဒ်တည်းနှင့် နားလည်သွားအောင် ရေးသားထားတော်မူခဲ့တဲ့ စာဖြစ်တယ်။
ဒီလို ရေးသားထားပြန်တော့ကော လူဒါယကာ ဒါယိကာမတို့အဖို့ ဒီစာအုပ် တွယ်ကျယ်သလားလို့ဆိုတော့ စာအုပ်က ငယ်လွန်းပြန်တော့လဲပဲ ဆိုင်ထဲ အကြိုအကြား ခပ်ပျောက်ပျောက် ဖြစ်နေတယ်။
ဒကာ ဒကာမတွေအဖို့ ရှိမှန်းတောင် တယ်ပြီးတော့ မသိကြဘူး။
ဘုန်းကြီးတို့ ဒီစာအုပ်ကလေးကို တွေ့တဲ့အချိန်က စပြီးတော့ ဒကာ ဒကာမတွေအဖို့ အင်မတန် တော်တဲ့ စာပေပဲ။
ပါဠိမကျက်နိုင် သံခိပ်မကျက်နိုင်တဲ့ ဒကာ ဒကာမတွေ၊ ပုဒ်ပေါင်း (၆၆၀)ကျအောင် မဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေထဲက အသက်အရွယ် ကြီးရင့်ကြတဲ့ သူတော်ကောင်းတွေ၊ သီလရှင်ပရိတ်သတ် သူတော်ကောင်းတွေနဲ့ဖြင့် သိပ်တော်တာပဲလို့ စတွေ့ထဲကိုက စိတ်ထဲမှာ ယုံကြည်ခဲ့တယ်။ အားထားခဲ့တယ်။
တော်တော်လဲပဲ ဒီစာအုပ်ကလေးက ခေတ်ထဲမှာ မရောက်ချင်တဲ့ စာအုပ်နဲ့ တူပါတယ်။
တချိန်က ဒီစာအုပ်ကလေး မိတ္တူမူ စာအုပ်ကလေး တခုအနေနဲ့ ကိုယ့်လက်ထဲရှိတာကို အဘိဓမ္မာပြန့်ပွားရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒကာကျော်ကို အပ်ပြီးတော့ “ဒီဟာဖြင့် အဘိဓမ္မာပြန့်ပွားရေးအသင်းက စာအုပ်တခုအနေနဲ့ ဓမ္မဒါနပြုသင့်ပါတယ် .. ဦးကျော်ရယ်”ဆိုပြီးတော့ ဘုန်းကြီးအပ်ဖူးပါတယ်။
သူလဲပဲ ဖတ်ရှုကြည့်ပြီးတော့ အင်မတန်ပဲ နှစ်နှစ်သက်သက်နဲ့ ရှိပြီးတော့ .. “တပည့်တော်တို့ ရိုက်နှိပ်၍ ဓမ္မဒါနအဖြစ် ဝေငှ လှူဒါန်းပါ့မယ်”လို့ ဒီလို ဆိုသာ ဆိုလိုက်တယ်။ ယနေ့ထက်ထိအောင် သူ့ခမျာများလဲ မလှူဒါန်းဖြစ်သေးဘူး။
ဒီတော့ ဘုန်းကြီးအနေနဲ့ ပြန့်နိုင်သမျှ ခန္ဓာ အာယတန ဓာတ် သစ္စာ ဒီလင်္ကာကျမ်းကလေးဟာ ပြန့်ပါစေ ဆိုပြီးတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာတရားလက်ဆောင်ကို ယနေ့ သူတော်ကောင်းတွေကို ပေးရမယ်။
(၁၃၂၈-ခုနှစ် သီတင်းကျွတ်လပြည့်နေ့ထုတ်၊ မုံရွာမြို့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီစဉ် ရေးသားတော်မူသော ‘ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း’ နှင့် ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်း၏ သြဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ ဖွင့်ဆို ဟောကြားတော်မူအပ်သော ‘ဓမ္မဒေသနာ’ စာအုပ်မှ)
No comments:
Post a Comment