`အရှင်ဘုရား၊ ဒီစေတီတော်ရဲ့ ဘွဲ့အမည်က ဘယ်လိုခေါ်ပါသလဲ ဘုရား? လို့ မေးတော့ -
စာရေးသူက စေတီတော်ကို ``လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်´လို့ ဘွဲ့အမည် ကပ်လှူထားပါတယ်´´လို့ အဖြေပေးလိုက်တယ်။ ဒီလိုနဲ့ ဆက်လက်ပြီး စကားပြောကြရာ -
`ဘယ်လိုအဓိပ္ပာယ်နဲ့ ဒီစေတီကို ဒီလိုဘွဲ့အမည် ပေးတာလဲ ဘုရာ့?´
ဒီလိုကွ ဒကာလေးရ၊ ဘုရားအလောင်းတော် ဘုရားဖြစ်ဖို့ ကျင့်တော်မူစဉ်က စရိယသုံးပါးကို ကျင့်ခဲ့တယ်။ အဲဒီစရိယသုံးပါးဟာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ တို့ပဲ ဒကာလေးရ။ လောကကောင်းကျိုးအတွက် ကျင့်တော်မူခဲ့တာကို လောကတ္ထစရိယလို့ ခေါ်တယ်။ လောကကောင်းကျိုးဆိုတာ လောကချမ်းသာဖို့အတွက် ကျင့်ခဲ့တာပဲပေါ့။ အဲဒီ လောကချမ်းသာဖို့ ကျင့်တော်မူတဲ့ ဘုရားရှင်ကို ရည်မှန်းပြီး စေတီတည်ကာ ရှိခိုးကော်ရော် ပူဇော်လိုတဲ့အတွက် တည်ထားလို့ `လောကချမ်းသာ´လို့ ခေါ်တယ်ကွဲ့။
`အရှင်ဘုရား၊ ဒီလိုဆို ဓာတ်ပေါင်းစု ဆိုတာကကော ဘာအဓိပ္ပာယ်လဲ ဘုရာ့´
ဓာတ်ပေါင်းစုဆိုတာကတော့ကွာ၊ တို့ ဒီစေတီတည်တော့မယ်ဆိုတာကို ကြားကြ သိကြတော့ မြန်မာပြည် အနယ်နယ် အရပ်ရပ်က ဓာတ်တော်တွေ စေတီတော်မှာ ကိန်းဝပ်တော်မူဖို့ ကြွလာကြသကွ။ ဒီစေတီတည်တဲ့အခါ ပထမအဆင့်ဌာပနာတိုက်တော်မှာလည်း ဓာတ်တော်တွေကို စုပေါင်းဌာပနာထားတယ်။ ဒါကြောင့် ဒီစေတီကို ´ဓာတ်ပေါင်းစု စေတီတော်´လို့ ဘွဲ့အမည် ဆက်ကပ်တာပဲ။
`အရှင်ဘုရား၊ ဆုတောင်းပြည့် ဆိုတဲ့ ဘွဲ့ကိုကော ဘာအတွက် ကပ်လှူတာလဲ?´
ဒါလည်း ဒီစေတီတော်မှာ ဆုတောင်းရင် ကိုယ်တောင်းတဲ့ဆု ပြည့်လို့ `ဆုတောင်းပြည့်စေတီ´လို့ ဘွဲ့အမည် ပေးရတာပေါ့ကွာ။
`အရှင်ဘုရား၊ ဒီစေတီမှာ ဘယ်နှခါ ဆုတောင်းဖူးသလဲ?´
အင်း ... မင်းကတော့ တော်တော် အမေးထူပြီ။ ဗမာပြည်မှာဆို ဒါလောက် အမေးထူရပါမလားဆိုပြီး တွေ့ရာနဲ့ ကောက်အပေါက်ခံနေရဦးမယ်။ မေးတော့လည်း ဖြေရတာပေါ့ကွာ။ ဆုတော့ တောင်းဖူးပါတယ်။ ဘယ်နှကြိမ်ဆိုတာတော့ ငါလည်း မှတ်မထားမိဘူး။
`တကယ်ကော ဆုတောင်းပြည့်ရဲ့လား။ အရှင်ဘုရားက ဒီစေတီနားမှာ အမြဲသီတင်းသုံးနေတာဆိုတော့ အရှင်ဘုရား အတွေ့အကြုံရှိတဲ့အတိုင်း ဆုတောင်းပြည့် မပြည့်ကို အမိန့်ရှိပါဦး´
အေးကွ ... ငါ့ဆုတောင်းက ပြည့်တဲ့အခါလည်း ရှိတယ်။ မပြည့်တဲ့အခါလည်း ရှိတယ်။ ထူးဆန်းတာက နတ်နဲ့ပတ်သက်လို့ ဆုတောင်းတဲ့အခါ ပြည့်သကွ။ လူနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဆုတောင်းတာ တော်တော် ပြည့်ခဲတယ်။ ဆုတောင်းနေရုံနဲ့ မရဘူး၊ လုပ်ယူမှ ရတယ် ဆိုလို့ ဆုလည်းတောင်းပါရဲ့၊ လုပ်လည်း လုပ်ပါရဲ့၊ ဒါပေမယ့် လူနဲ့ပတ်သက်တဲ့ ကိစ္စမှာ ဆုတောင်းပြည့်ဖို့က အတော်ခက်နေတယ်။
`တပည့်တော် ကြားဖူးတာက လူ့အလို နတ်မလိုက်နိုင်လို့သာ ကြားဖူးတယ်။ အရှင်းဘုရားကျမှ လူ့အလို နတ်ကလိုက်ပြီး၊ လူ့အလိုကို လူက မလိုက်နိုင်ဘူးလို့ ပြင်ရမလို ဖြစ်နေပြီ´
အဲဒီလိုဖြစ်လည်း မတတ်နိုင်ဘူးကွာ။ ငါ့အတွေ့အကြုံအရတော့ နတ်က ငါ့အလိုလိုက်ပြီး လူက ငါ့အလို မလိုက်တော့ ငါ့ဆုတောင်းက တဝက်တပျက်ပဲ ပြည့်တယ် ပြောရမှာပဲ။
`ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းပြပါဦး ဘုရား?´
ဒီလိုကွ ... နယူးဂျာစီမှာ ဘာသာရေးပွဲကျင်းပတိုင်း ကျင်းပတိုင်း (ဥပမာ-ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်သင်္ကန်းကပ်ပွဲ၊ နိဗ္ဗာန်ဈေးရောင်းပွဲ၊ စေတီပူဇော်ပွဲ) ရာသီဥတု သာယာပါစေ၊ မိုးလေလွတ်ကင်းပါစေလို့ ဆန္ဒပြု (ဆုတောင်း)တာ ပွဲတိုင်းလိုလို ရာသီကောင်းမွန်ခဲ့တယ်။ ရာသီဥတုကြောင့် ပွဲပျက်တယ်ဆိုတာ တခါမှ မဖြစ်ခဲ့ဘူး။ ၂၀၁၂-ခုနှစ်တုန်းကဆို ပွဲကျင်းပတဲ့ရက် မနက်ပိုင်း ရှစ်နာရီလောက်အထိ မိုးဖွဲဖွဲကျနေတာ သံဃာတော်တွေ ရွတ်ဖတ်ပူဇော်ဖို့အတွက် နေရာထိုင်ခင်း စီမံနေရတဲ့ ငါ့မှာ ဘယ်နေရာမှာ ဘယ်လိုလုပ်ရင် ဖြစ်မလဲဆိုပြီး စိတ်အနှောက်အယှက် အတော်ဖြစ်ခဲ့တယ်။ အဲ .. ဒါပေမယ့် အစီအစဉ်အရ သံဃာတော်တွေက စပြီး ပရိတ်ရွတ်ရမယ့် ကိုးနာရီမထိုးခင် ဆယ်မိနစ်လောက်အလိုမှာ မိုးလေကင်းစင်ပြီး ပွဲပြီးတဲ့အထိ ရာသီဥတုက သာယာသွားလို့ အတော်စိတ်ချမ်းသာရတယ်။ ဒါဟာ ငါ့အလိုကို နတ်ကလိုက်လို့ ဆုတောင်းပြည့်တယ်၊ ငါ့ဆန္ဒပြည့်တယ်လို့ ပြောရမှာပဲ။
၂၀၁၃-ခု ပွဲမှာလည်း ရာသီဥတုခန့်မှန်းတဲ့သူတွေက ပွဲကျင်းပမယ့်ရက် စနေ တနင်္ဂနွေနေ့တွေမှာ ရာသီဥတု သာယာမယ်လို့ တစ်ပတ်အလို ကြိုခန့်မှန်းထားတော့ စိတ်အေးလက်အေးပေါ့။ ဒါပေမယ့် ပွဲတော်အတွက် ချက်ပြုတ်ပြင်ဆင် နေရာထိုင်ခင်း အစီအစဉ်လုပ်ရတဲ့ သောကြာနဲ့ စနေနေ့တွေမှာ မိုးရွာ လေတိုက်လို့ ရာသီဥတုက အတော်ကလေး အေးနေတယ်။ ငါနဲ့အတူ ချက်ပြုတ်တဲ့သူတွေ၊ လုပ်အားပေးတဲ့သူတွေမှာ ခန္ဓာကိုယ်က အေးနေပေမယ့် စိတ်ကတော့ `နောက်နေ့ တနင်္ဂနွေမှာ အခြေအနေ ဟန်ပါ့မလားဆိုပြီး စိုးတထိတ်ထိတ်နဲ့´ ပူနွေးနေတယ်။ ရာသီဥတုကောင်းဖို့ ဆန္ဒပြု (ဆုတောင်း) လိုက်ရတာလည်း အခါခါပဲပေါ့။ အေး ... နောက်နေ့ တနင်္ဂနွေနေ့ကျတော့ ရာသီဥတုက ကောင်းလိုက်တာကွာ နေမပူ မိုးမရွာတော့ ခါတိုင်း ပြုလုပ်နေကျ ရွက်ဖျင်တဲတွေတောင် ထိုးစရာ မလိုဘူး။ ဒါလည်း `ငါ့အလိုကို မိုးနတ် လေနတ်တွေက လိုက်လို့´ ဆုတောင်းပြည့်တယ်၊ ငါ့ဆန္ဒပြည့်တယ်လို့ ပြောရမှာပဲ။
မပြည့်တဲ့ ဆုတောင်း
`ဆုတောင်းမပြည့်တာကိုလည်း ပြောပါဦး ဘုရာ့?´
ဒီလိုကွ ... ဘုရားရှင်က `ပူဇော်ရာမှာ အာမိသပူဇာ-ပစ္စည်းနဲ့ ပူဇော်ခြင်း၊ ဓမ္မပူဇာ-တရားနဲ့ ပူဇော်ခြင်းလို့ နှစ်မျိုးရှိတဲ့အထဲက တရားနဲ့ပူဇော်တာဟာ အမြတ်ဆုံး´လို့ မိန့်တော်မူခဲ့တယ်။ ဘုရားရှင်လည်းပဲ နှစ်ခြိုက်တော်မူခဲ့တယ်။ ဓမ္မပူဇာကို အလေးထားဖို့လည်း မိန့်ခဲ့တယ်။ ဒါကြောင့် စေတီတော်ပူဇော်ပွဲမှာ ဓမ္မပူဇာ ပြုလုပ်တဲ့အနေနဲ့ ရဟန်းသံဃာတော်တွေက တရားဓမ္မတွေကို ရွတ်ဖတ်ပူဇော်တာနဲ့ စတင်တယ်။ အဲဒီနောက် အခြေခံဗုဒ္ဓဘာသာ သင်တန်းက ကျောင်းသား ကျောင်းသူတွေက ဘုရား,တရား,သံဃာ့ဂုဏ်တွေကို ရွတ်ဖတ် ပူဇော်ကြတယ်။ မနှစ်က စပြီး ကျောင်းကို ကြာသပတေးနေ့တိုင်း တရားလာထိုင်ကြတဲ့ နိုင်ငံခြားသားတွေကို ပါဝင်စေပြီး ဓမ္မပူဇာ-တရားနဲ့ ပူဇော်ခိုင်းတယ်။ နယူးယောက်ကျောင်းမှာ စနေနေ့တိုင်း တရားနာ၊ တရားထိုင်၊ အဘိဓမ္မာလေ့လာကြတဲ့ သင်တန်းသား သင်တန်းသူတွေလည်း ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်တွေကို ရွတ်ဖတ် ပူဇော်ကြတယ်။ နောက်နှစ်တွေမှာလည်း ဒီလို ဓမ္မပူဇာပွဲမှာ လူအများပါဝင်နိုင်အောင် တိုက်တွန်း အားပေးရမှာပဲ။
ဒီလို ဘုရားရှင်ကို ရဟန်းသံဃာပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် တရားဓမ္မနဲ့ ပူဇော်နေတဲ့အချိန်မှာ စေတီတော် ရင်ပြင်မှာ ရှိနေတဲ့ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ဒကာ ဒကာမတွေက တရားကို ရိုသေတဲ့အနေနဲ့ ငြိမ်ငြိမ်သက်သက် နေကြရင် နာယူကြရင် ကောင်းမှာပဲဆိုတဲ့ ဆန္ဒတော့ ငါ့မှာ အပြည့်အဝ ရှိသကွ။ သူတို့ကိုယ်တိုင် ပါဝင်ပြီး မရွတ်ဖတ်ဖြစ်တောင် တရားကို ရိုရိုသေသေ နားထောင်ကာ `ဓမ္မဿ ဝနကုသိုလ် ရကြပါစေ´ဆိုတဲ့ ဆန္ဒ ဆုတောင်းပေါ့ကွာ။ ဒါပေမယ့် ငါ့ရဲ့ ဒီဆန္ဒ ဒီဆုတောင်းကတော့ မပြည့်ဘူးကွ။
နောက်ပြီး ဘုရားပွဲလာကြတာဖြစ်တော့ အဝတ်အစားဝတ်တာလည်း ကျက်သရေရှိရှိ လုံလုံခြုံခြုံလေး ဝတ်လာကြပါစေလို့ ဆန္ဒပြု ဆုတောင်းမိပါရဲ့။ ဒါပေမယ့် ဒါလည်း တချို့တလေ အဆင်မပြေတာတွေ ရှိသကွဲ့။ ကိုယ့်သားသမီးက မသိနားမလည်လို့ ဝတ်ချင်တောင် လူကြီးမိဘတွေက `ဘုရား,ကျောင်း,ကန်သွားတဲ့အခါ အဝတ်အစားကို ကျက်သရေးရှိရှိနဲ့ တင့်တင့်တယ်တယ် ဝတ်ရတယ်´လို့ သတိပေးရင် ရမှာပဲလို့ ငါထင်မိတယ်။
နောက် ဆန္ဒတစ်ခုကတော့ စေတနာထားပြီး လုပ်အားလာပေးကြတဲ့ ဒကာ ဒကာမတွေ ကိုယ်ပင်ပန်းပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်စရာရှိတာတွေကို လုပ်ကိုင် ဆောင်ရွက်နိုင်ကြပါစေဆိုတဲ့ ဆန္ဒ ဆုတောင်းပဲ။ ဒီဆန္ဒ ဆုတောင်းလည်း မပြည့်ဘူးကွ။ ဘာသာရေးပွဲတွေ အများကြီး ကျင်းပခဲ့လို့ တစ်ပွဲ အဆင်မပြေရင် နောက်တစ်ပွဲ အဆင်ပြေအောင်ဆိုပြီး အဆင်မပြေတဲ့ ကိစ္စတွေကို အမျိုးမျိုး စမ်းပြီး လုပ်ကြည့်ခဲ့တယ်။ ဆုတောင်းရုံ ဆန္ဒရှိရုံနဲ့ မပြီးသေးဘူး။ လုပ်လည်းလုပ်ရမယ်ဆိုလို့ ကြိုးစားပြီး လုပ်ပေမယ့် အဆင်ပြေတယ်လို့ကို မရှိသေးဘူး။
`ဘယ်လိုကိစ္စတွေလဲ ဘုရာ့?´
အဲဒီ အဆင်မပြေတဲ့ ကိစ္စတွေကတော့ကွာ .... ကားရပ်တဲ့ကိစ္စ၊ အမှိုက်ကိစ္စ၊ အစားအသောက်ကိစ္စတွေပေါ့။ အစားအသောက်ကိစ္စကလည်း လောက်လောက်ငှငှ ရှိပါစေဆိုတဲ့ စေတနာ ဆန္ဒနဲ့ ဘယ်လိုပဲ စီမံ စီမံ၊ လိုကွက် ဟာကွက်တွေက ပြည့်ကို မပြည့်နိုင်ဘူး။ စေတီတော် ထီးတင်ပွဲမှာ စားတဲ့လူတွေလည်း အဆင်ပြေ၊ လုပ်အားပေးတွေလည်း အဆင်ပြေအောင်ဆိုပြီး ထမင်းကော ဟင်းပါ အပြည့်အစုံ ထုပ်ပြီး လူတစ်ယောက်ကို တစ်ဗူးနှုန်းနဲ့ ဝေငှ လှူဒါန်းတာ ထမင်းဗူး မလုံမလောက် ဖြစ်သွားတယ်။
`လူကများပြီး ထမင်းဗူးက နည်းနေလို့ ဖြစ်မှာပေါ့ ဘုရား?´
မနည်းပါဘူး ဒကာလေးရာ။ လုံလောက်အောင်ဆိုတဲ့ စေတနာနဲ့ လာမယ့်လူ အရေအတွက်ထက်တောင် ပိုပြီး ဆောင်ရွက်ထားပါသေးတယ်။
`အရှင်ဘုရားနှယ်၊ အလှူရှင်ရှိနေတာပဲ၊ သူတို့ ဘယ်လောက်ပဲ စားစား ယူယူ ကုန်မသွားအောင် အများကြီး ပိုချက်ထားရင် ဒီပြဿ နာ ဘယ်ဖြစ်မလဲ?´
ဟဲ့ ဒကာလေးရဲ့၊ ပြောတာက လွယ်တယ်၊ အလုပ်က ခက်တယ်။ အဲဒီလို ချက်ဖို့ ဖြစ်,မဖြစ်ဆိုတာ ဒကာလေးပဲ ချက်တဲ့ ပြုတ်တဲ့နေ့မှာ လာပြီး လုပ်အားပေးကြည့်လှည့်ဦးလေ။ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိရမှာပေါ့။ လာတဲ့လူက လိုသလောက်ပဲ ယူစားတယ်ဆိုရင် အစားအစာက မလောက်ငစရာ အကြောင်းမရှိပါဘူးကွာ။ ခုတော့ အဲဒီလိုမဟုတ်လို့ တချို့ နောက်မှ ရောက်လာသူတွေကျ စားစရာမရှိ ဖြစ်တော့တာပေါ့။ ဒီတော့ ဘုန်းကြီးကော ဝေယျာဝစ္စလုပ်သူတွေပါ စိတ်မကောင်းကြဘူးပေါ့။ ဒါကြောင့် `ဘုရားပွဲကို ရောက်လာသူအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အစားအသောက်ကို လုံလုံလောက်လောက် စားရပါစေ´ဆိုတဲ့ ငါ့ဆန္ဒ ငါ့ဆုတောင်းက မပြည့်သေးဘူးကွ။
နောက်တစ်ခုက အမှိုက်ကိစ္စ ဒကာလေးရ။
`ဘယ်လိုဖြစ်တာလဲ ဘုရာ့?´
ငါ့ဆန္ဒ ငါ့ဆုတောင်းကတော့ `အမေရိကန်မှာ နေကြတဲ့ တို့ဒကာ ဒကာမတွေ ကိုယ့်ကြောင့်ဖြစ်လာတဲ့ အမှိုက်၊ ကိုယ်အသုံးပြုလို့ ဖြစ်လာတဲ့ အမှိုက်ကို ဘယ်လိုပစ်ရမယ်ဆိုတဲ့ စည်းကမ်းကို နားလည်ပြီး၊ လိုက်နာပြီး အမှိုက်ပစ်တတ်ကြပါစေ ဆိုတဲ့ ဆန္ဒပဲကွ။
`အရှင်ဘုရားနှယ်၊ အမှိုက်ပစ်တာများ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေရသေးတယ်၊ လူတိုင်း အမှိုက်ပစ်တတ်ပါတယ် ဘုရာ့။ အမေရိကန်မှာ နေမှ ဗမာပြည်မှာ နေမှ အမှိုက်ပစ်တတ်တယ်လို့ မရှိပါဘူး´
မင်း ... အဲဒီလို ထင်သလား။ အမေရိကန်မှာ နေပေမယ်လို့ တချို့ အမှိုက်မပစ်တတ်ဘူးကွ။
`အရှင်ဘုရား ဘယ်လိုပြောလိုက်တာလဲ၊ အမေရိကားရောက်နေတဲ့သူတွေ ဒီလောက်အဆင့်အတန်း မနိမ့်ပါဘူး။ အမှိုက်ပစ်တာလောက်တော့ သူတို့ အဆင့်အတန်းနဲ့သူတို့ မခက်လောက်ပါဘူး။ ဗမာပြည်မှာ နေတဲ့ လူတွေသာ အမှိုက်မပစ်တတ်မှာပါ´
အေးကွ ... ဗမာပြည်မှာ နေတဲ့သူက အမှိုက်မပစ်တတ်တာကို ငါမပြောလိုပါဘူး။ တိုးတက်တဲ့နိုင်ငံမှာနေတဲ့သူတချို့ အမှိုက်မပစ်တတ်တာကို တွေ့ရလို့ စိတ်မကောင်း ဖြစ်မိတာ။ နောက်ပြီး အမှိုက်တောင် မပစ်တတ်ရင် ဘယ်နေရာမှာ ရောက်နေနေ ငါတို့လူမျိုး အတော်လိုသေးပါလားလို့ အောက်မေ့မိတယ်။
`အရှင်ဘုရား၊ အမှိုက်မပစ်တတ်ဘူးဆိုတာ ဘယ်လိုလဲဘုရား?´
ဟဲ့ ဒကာလေးရ၊ အမှိုက်ပုံး အဆင်သင့် ချထားပေးပါရက်နဲ့ ကိုယ့်အမှိုက်ကို အမှိုက်ပုံးထဲ ရောက်အောင် မထည့်တတ်တာဟာ အမှိုက်မပစ်တတ်တာပဲပေါ့။ ကလေးငယ်တွေကို ကြည့်လေကွာ၊ သူတို့အရွယ်နဲ့ အမှိုက်ကို ဘယ်မှာ ပစ်ရမယ်ဆိုတာ မသိလို့ အမှိုက်ပုံးထဲကို အမှိုက်ရောက်အောင် မပစ်တတ်တော့ ဟိုချဒီချ ချထားခဲ့တယ် မဟုတ်လား။
အဲဒီလို တချို့သူတွေက အမှိုက်မပစ်တတ်တော့ ဘုရားပွဲပြီးတိုင်း ပြီးတိုင်း သူတို့ချထား ပစ်ထားခဲ့တဲ့ အမှိုက်ကို လိုက်ကောက်ရတဲ့ကိစ္စက အတော်ပင်ပန်းတယ်။ ဒါကြောင့် အမှိုက်ကောက်ရ သက်သာအောင်ဆိုပြီး အမျိုးမျိုး စမ်းသပ်ပြီး လုပ်ကြည့်တယ်။ အမှိုက်ထုပ် နည်းအောင် ဘုရားပွဲလာသူတွေ စားသောက်ပြီးတဲ့အခါ တခါသုံး ပန်းကန်တွေကို စနစ်တကျ ထပ်ပြီး အမှိုက်ပုံးထဲ ထည့်ကြည့်တယ်။ နောက်ပြီး ရေသန့်ဗူးတွေကိုလည်း ပြားချပ်အောင် လုပ်ပြီး အမှိုက်ပုံးထဲ ထည့်တယ်။ ဒီတော့ ဇွန်းတွေ ခရင်းတွေ ပန်းကန်ပြားတွေ ရေပုလင်းခွံ အချိုရည်ဗူးခွံတွေနဲ့ ထိုးထိုးထောင်ထောင် မဖြစ်တော့ဘဲ ချပ်ချပ်ယပ်ယပ် ဖြစ်သွားတော့ အမှိုက်ထုပ် အရေအတွက်က အတော်နည်းသွားတယ်။ ဒီစနစ်ကို အပင်ပန်းခံ လုပ်ကြည့်တော့ လုပ်အားပေးနေသူကို `ဒီဟာတွေကို ပြန်သုံးဖို့ လုပ်နေတာလား´လို့ တချို့က မေးသတဲ့။ ကဲ .. အဲဒီလို မေးစရာလားကွာ။
`အရှင်ဘုရား၊ ပရိသတ်နည်းတဲ့ ဝါဆိုပွဲ ကထိန်ပွဲတွေမှာ ဒီစနစ်က ဖြစ်နိုင်ပြီး၊ ဒီလို ဘုရားပွဲမှာတော့ မဖြစ်နိုင်ဘူး ထင်တယ်´
အေး ... ဟုတ်သကွ၊ နောက်တစ်ခုဆိုးတာက ရေသန့်ဗူးကိစ္စပဲ။ လူတွေက ရေကို အကုန်မသောက်ဘဲ တစ်ငုံနှစ်ငုံ သောက်ပြီး တဝက်တပျက်နဲ့ ချချင်တဲ့နေရာ ချထားခဲ့တယ်။ ရေမကုန်သေးတဲ့ ပုလင်းတွေကိုလည်း အမှိုက်ပုံးထဲ ထည့်သွားတယ်။ ဒီတော့ ဘုရားပွဲမှာ ရေသန့်ဗူးကုန်လို့ လုပ်အားပေးတွေ ပျာယီးပျာယာနဲ့ အပြေးအလွှား ရေကုန်တိုင်း သွားဝယ်ရတာကလည်း တဒုက္ခပဲကွ။ ဒါကြောင့် ဒီကိစ္စကို ဘယ်လိုဖြေရှင်းရ ကောင်းမလဲဆိုပြီး စမ်းသပ်လုပ်ကြည့်တယ်ကွ။
`မလွယ်ပါလား အရှင်ဘုရား၊ ဘယ်လိုစနစ်ကို လုပ်ကြည့်တာလဲ ဘုရာ့´
ဘုရားပွဲ လာတဲ့သူတွေကို တစ်ယောက်ကို ရေတစ်ပုလင်းကျ ဝေငှပြီး ရေထပ်လိုရင် ရေဖြည့်နိုင်အောင် ရေဖြည့်ရမယ့်နေရာ စီစဉ်ပေးထားတယ်။ ရေဖြည့်တဲ့နေရာမှာတော့ ရေခွက်ထားမပေးဘူး။ ရေလိုရင် ဝေငှထားတဲ့ ရေပုလင်းထဲ ထပ်ဖြည့်ပြီး သောက်နိုင်တယ် မဟုတ်လား။ အင်း ... ဒီစနစ်က သိပ်မဆိုးဘူးကွ။ ရေဗူးဝေငှသူတော့ ပင်ပန်းတာပေါ့။ ရေဗူးအကုန်လည်း သက်သာသွားတယ်။ အမှိုက်အိတ်လည်း မလေးတော့ဘူး။ ပွဲပြီးတဲ့အခါ ရေပုလင်းလိုက်ကောက်ရတဲ့အလုပ်လည်း သက်သာသွားတယ်။ ဒီစနစ်ကိုတော့ ပွဲတိုင်းမှာ ဆက်သုံးရမယ်။
နောက်တခု ရှိသေးတယ်ကွ။
`အရှင်ဘုရားရဲ့ မပြည့်တဲ့ ဆန္ဒတွေကလည်း ကုန်ပဲ မကုန်နိုင်တော့ပါလား ဘုရား´
ကုန်တော့မှာပါကွာ၊ ဆက်ပြီး နားထောင်ပါဦး။
`မှန်ပါ့ ဘုရား´
ဒါကတော့ ကားရပ်တဲ့ ကိစ္စပါကွာ။ နေရာက နည်းနည်းကျဉ်းတော့ လာတဲ့ကားတွေ အဆင်ပြေအောင် ရပ်နားနိုင်စေဖို့အတွက် လုပ်အားပေးတွေကို နေရာချထားပေးခိုင်းတယ်။ ဒါပေမယ့် တချို့ကားပိုင်ရှင်တွေက ငါ့ကားကို ငါရပ်ချင်တဲ့နေရာ ရပ်မှာပေါ့၊ ပြောစရာ မလိုပါဘူးဆိုပြီး စူကြ အောင့်ကြ မျက်စောင်းထိုးကြသတဲ့။ လုပ်အားပေးတွေကလည်း အတတ်နိုင်ဆုံးတော့ သည်းခံပြီး ဆောင်ရွက်ကြပါသေးတယ်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့ လက်လျော့ပြီး ဆက်မလုပ်ကြတော့ဘူး။ ငါလည်း ကားနေရာချထားပေးတဲ့ကိစ္စကို ဆက်ဆောင်ရွက်ကြဖို့ ဆန္ဒပြုမိပါသေးတယ်။ ဒါပေမယ့် အဆင်မပြေပါဘူးကွာ။
နောက် ဖြစ်မိတဲ့ ဆန္ဒတစ်ခု ရှိသေးတယ် ဒကာလေးရ။
`ဘာပါလိမ့် အရှင်ဘုရား၊ အရှင်ဘုရားဆန္ဒတွေကလည်း များလှချည်လား´
ငါ့ဆန္ဒက ဒီလိုပါကွာ၊ နားထောင်လက်စနဲ့ ဆက်ပြီး နားငြီးခံလိုက်ပါဦး။
`မှန်ပါဘုရား၊ အရှင်ဘုရားရဲ့ ဆန္ဒပြည့်အောင် တပည့်တော် သည်းခံပြီး နားထောင်လိုက်ပါဦးမယ်´
စေတီတော်ပူဇော်ပွဲမှာ ဒကာ ဒကာမတွေလည်း ကုသိုလ်ရအောင်၊ ဘုရားပွဲလာကြသူတွေလည်း ဝဝလင်လင် အစာမျိုးစုံ စားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတုဒိသာ အစားအစာကို လှူနိုင်ဖို့ စီမံပေးထားတယ်။ အစားအစာလှူကြသူတွေကို ၁၁-နာရီမှ ဧည့်ပရိသတ်တွေကို စတင် ကျွေးမွေးဖို့လည်း မေတ္တာရပ်ခံထားတယ်။ အကြောင်းကတော့ ဘုရားပွဲလာတဲ့ ဧည့်ပရိသတ်တွေအနေနဲ့ သံဃာတော်တွေ ဘုရားစာ တရားစာ ရွတ်ဖတ်တာကို ကြည်ညိုဖို့ အချိန်ရအောင်၊ သံဃာတော်တွေကို အေးအေးဆေးဆေး ဆွမ်းဆန်စိမ်းလောင်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းဆန်စိမ်းလောင်းအပြီး ၁၁-နာရီမှ ဧည့်ပရိသတ်တွေကို စတင်ကျွေးဖို့ မေတ္တာရပ်ခံရတာပဲ။ ဒါလည်း အကြောင်းအမျိုးမျိုးကြောင့် မေတ္တာရပ်ခံတဲ့အတိုင်း သိပ်မဖြစ်ချင်ဘူးကွ။
`အရှင်ဘုရားဟာ အဆင်မပြေတာတွေကလည်း များလှချည်လား´
ကဲ ... ဒကာလေးရေ၊ အရာရာတိုင်းမှာ အဆင်ပြေဖို့၊ အားလုံးပြည့်စုံဖို့ဆိုတာက အခက်သားလား။ အဆင်မပြေတာတွေ များတဲ့အတွက် ကိုယ်ရောက်ရှိနေတဲ့နေရာမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲ နေရင် ပိုပြီး အဆင်မပြေတာတွေ များလာမှာမို့ အဆင်မပြေခဲ့တာတွေကို သင်ခန်းစာယူပြီး နောက်နောင် အဆင်ပြေအောင် အစစအရာရာကို သည်းခံ ဆောင်ရွက်ရင်း ကုသိုလ်ရအောင် ယူတော့မယ်။
`သာဓု၊ သာဓု၊ သာဓုပါ ဘုရား´
+++++
အရှင်ပညာသီဟ
နယူးဂျာစီ
မေလ၊ ၂၀၁၄
No comments:
Post a Comment