Thursday, May 8, 2014

မပူအောင်နေ

မင်းကွန်းတောင်ရိုးမှ ရန်ကင်းချောင်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓါနုဿ တိဘာဝနာကို အစဉ်အမြဲ အားထုတ်နေသည့် ဆရာတော်ကြီး ဖြစ်သည်။

ရန်ကင်းချောင်ဝယ် လေးပင်-နှစ်ပင် သွပ်မိုးကျောင်းကလေး၌ သီတင်းသုံးတော်မူရာ နွေရာသီ နေ့လယ်ပိုင်းတချိန်က ထိုဆရာတော်ကြီးအား တိပိဋကဓရဆရာတော်က သွားရောက် ဖူးမြော်၍ အာလာပ သလ္လာပစကား ပြောရင်း -

`ဆရာတော်၊ ဒီကျောင်းကလေးပေါ် နေရတာ မပူဘူးလား ဘုရား´ ဟု လျှောက်ထားသည့်အခါ -

ရန်ကင်းဆရာတော်ကြီးက - `မပူအောင် နေရတာပေါ့လေ´ဟု မိန့်တော်မူသည်။

ထိုအခါ တိပိဋကဆရာတော်က `မပူအောင် ဘယ်လိုနေပါသလဲ ဘုရား´ဟု ထပ်မံ လျှောက်ထားရာ -

`ဘုန်းကြီးတော့ အလွန်အေးမြတဲ့ ပဒုမ္မာကြာ ရေကန်ကြီးထဲ ဆင်းနေရသလို မှတ်ထင်လိုက်တာပဲ´ဟု မိန့်တော်မူလေသည်။

ရန်ကင်းဆရာတော်ကြီး၏ စကားမှာ အဓိပ္ပာယ် လေးနက်လှသည်။

ဆရာတော်ကြီးကား အပ္ပိစ္ဆတာဂုဏ်နှင့် ပြည့်စုံသူ သူတော်ကောင်းကြီးတည်း။

ထိုဆရာတော်ကြီးစကား နာကြားလိုက်ရပြီးနောက် တိပိဋကဆရာတော်သည် ထိုအတိုင်း နှလုံးသွင်း နေထိုင်တော်မူခဲ့သည်။ တိ-နိ သံဃာတော်များအားလည်း ရာသီဥတု ပူပြင်းချိန်ဝယ် ရန်ကင်းဆရာတော်ကြီး၏ နည်းအတိုင်း `အလွန်အေးမြတဲ့ ပဒုမ္မာကြာရေကန်ကြီးထဲ ဆင်းနေရသလို မှတ်ထင်နေထိုင်ကြဖို့ရန်´ သြဝါဒ ပေးတော်မူလေသည်။

+++++

ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ကြီး သက်တော်ရာပြည့် အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင်၊ ကမ္ဘာကျော် မင်းကွန်းထေရ်ရှင်´ စာအုပ်မှ

No comments: