``မိုးမလင်းသေးဘူး၊ ကြားရပြီ ဒီအသံ၊ `သဒ္ဓါကြည်လင်´လို့ ကြားနေရတယ်။ စိတ်ကတော့ တယ်ပြီး မရွှင်ဘူး။
စောစောစီးစီးလည်း အော်၊ ညဥ့်နက်ချိန်မှာလည်း အော်ဆိုတော့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တာပဲ။
အချိန်အခါနဲ့ တော်ရုံတန်ရုံဆို ကောင်းတယ်´´လို့ မယုံကြည်သူ၊ သက်ကြီးရွယ်အို၊ မနာမကျန်းဖြစ်သူတို့က ဒီလို သဘောထား ရှိများ ရှိပေလိမ့်မယ်။
``အင်း ... ဘာသာရေးဆိုင်ရာကိစ္စကို လုပ်ဦးမှ၊ ဒီလို သတိပေးနေတဲ့ အသံ ကြားနေရလို့ တော်သေးတယ်။ မဟုတ်ရင် ကုသိုလ်မလုပ်ဖြစ်ဘဲ မေ့မေ့လျော့လျော့နဲ့ အချိန်ကုန်သွားတာပဲ။ တတ်နိုင်သလောက် လှူရဦးမယ်´´လို့ တွေးကာ စိတ်ကောင်းဝင်သူများလည်း ရှိပေလိမ့်မယ်။
``မတီး မမြည်၊ တီးမှ မြည်´´ဆိုသလို မအော်ရင်လည်း သတိမရဖြစ်မှာမို့ သီလ ဘာဝနာ စတဲ့ ကောင်းမှု တစ်ခုခု ပြုလုပ်နိုင်ဖို့ တိုက်တွန်း နှိုးဆော်ကြပါတယ်။ ဒီလို တိုက်တွန်း နှိုးဆော်တဲ့အခါမှာလည်း သတိရစေဖို့လောက်အတွက်သာ ဖြစ်သင့်ပြီး၊ မလုပ်မနေရ အတင်းအကြပ် ဖြစ်သွားရင် တဖက်သားမှာ စိတ်အနှောက်အယှက် ဝင်လို့ ရှိပြီးသား သဒ္ဓါတရားလေးပင် ပျက်ပြားသွားနိုင်ပါတယ်။
သဒ္ဓါတရားဆိုတာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်နဲ့၊ ကံ, ကံရဲ့အကျိုးကို ယုံကြည်တာ ဖြစ်ပါတယ်။
သဒ္ဓါတရား
သဒ္ဓါတရားဟာ ရေကြည်ခပေါင်းစေ့နဲ့ တူတယ်။ နောက်ကျိနေတဲ့ ရေထဲကို အဲဒီအစေ့ ထည့်လိုက်ရင် ရေဟာ တဖြည်းဖြည်း သန့်ရှင်း ကြည်လင်သွားပြီး သောက်သုံးလို့ အဆင်သင့် ဖြစ်တယ်တဲ့။ ဒီခပေါင်းစေ့ကို စာရေးသူ မမြင်ဖူးပါဘူး။ မှန်းဆကြည့်ရတာတော့ water purification tablet လိုမျိုး ဖြစ်မယ် ထင်ပါတယ်။ အဲဒီအရာဝတ္ထုကို ထည့်လိုက်လို့ ရေဟာ သန့်ရှင်း ကြည်လင်ပြီး သောက်သုံးလို့ ရပြီဆိုရင် သောက်သုံးသူမှာ ရေငတ်ပြေပြီး အားသစ်တွေနဲ့ လန်းဆန်းလာတယ်။
ဒီလိုပဲ ဝန်တို မစ္ဆရိယ၊ တဏှာ၊ လောဘတွေနဲ့ နောက်ကျိ ညစ်ညူးနေတဲ့ စိတ်ထဲကို သဒ္ဓါတရား ထည့်ပေးလိုက်လို့ စိတ်ဟာ ကြည်လင်ပြီဆိုရင် ကုသိုလ်ကောင်းမှု ပြုချင်တဲ့စိတ်တွေ ဖြစ်လာမယ်၊ ထက်သန်လာမယ်။ အဲဒီအခါ ကောင်းမှုတွေ ပြုလုပ်ဖြစ်လို့ ကုသိုလ်တွေ တိုးပွားလိမ့်မယ်။
သဒ္ဓါတရားဟာ မျိုးစေ့နဲ့လည်း တူတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ မျိုးစေ့ကို စိုက်ပျိုးတဲ့အခါ မျိုးစေ့ဟာ အောက်ဘက်မှာ အမြစ်တွယ်ပြီး အထက်ဘက်မှာ အညွန့်တက်ခြင်းဆိုတဲ့ ကိစ္စနှစ်ခုကို ဖြစ်စေတယ်။ ဒီလိုပဲ သဒ္ဓါဆိုတဲ့ မျိုးစေ့လေး မိမိတို့သန္တာန်မှာ ရှိနေပြီဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်းရဲ့ အခြေခံဖြစ်တဲ့ သီလဆိုတဲ့ အမြစ်တွယ်ဖို့ရာ မခက်တော့ဘူး။
သီလဆိုတဲ့ အခြေခံတရား မိမိတို့သန္တာန်မှာ ရှိနေပြီဆိုရင် ပင်စည် အခက်အလက်နဲ့ အညွန့်တက်ခြင်းနဲ့ တူတဲ့ သမထ ဝိပဿ နာ အလုပ်တွေကို အားထုတ်တာတွေလည်း ဖြစ်လာတော့တာပဲ။ ပကတိမျိုးစေ့မှ ဖြစ်လာတဲ့ အမြစ်က မြေရဲ့အရသာကို စုတ်ယူပြီး ပင်စည်ရိုးတံက အပင်ရဲ့ ရင့်ကျက်မှုကို ဖြစ်စေသလို သဒ္ဓါမျိုးစေ့က သီလအမြစ်နဲ့ သမထ ဝိပဿ နာဆိုတဲ့ အရသာကို စုတ်ယူတယ်။ အရိယာမဂ်ဆိုတဲ့ ပင်စည်ရိုးတံက အရိယာဖိုလ်ဆိုတဲ့ အသီးရဲ့ ရင့်ကျက်မှုကို ဖြစ်စေတယ်။
သဒ္ဓါတရားဟာ လက်နဲ့ တူတယ်။ အဖိုးတန်တဲ့ ပစ္စည်းဥစ္စာတွေကို တွေ့တဲ့အခါ ပိုင်ပိုင်နိုင်နိုင် ကောက်ယူနိုင်ဖို့ဆိုတာ လက်ရှိမှ ဖြစ်တယ်။ လက်မရှိရင် ကိုယ်တိုင် ကောက်ယူနိုင်ဖို့၊ ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒီလိုပဲ ဘုရားပွင့်တော်မူပြီး ဘဝမှာ အဖိုးတန်တဲ့ အသုံးဝင်တဲံ ကောင်းမွန်တဲ့ ဘုရားရှင်ရဲ့ ဟောပြော သင်ပြချက်တွေ ဘယ်လောက်ပဲ ရှိနေနေ တွေ့နေနေ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား မရှိဘူးဆိုရင် နာယူနိုင် ကျင့်သုံးနိုင်မှာ မဟုတ်ဘူး။
လက်ရှိမှ အဖိုးတန်တဲ့ ရတနာတွေကို တွေ့တဲ့အခါ ပိုင်ပိုင်နိုင်နိုင် ကောက်ယူ ရရှိနိုင်ပြီး ချမ်းသာသုခ ရရှိသလို သဒ္ဓါတရားရှိမှ အဖိုးတန်တဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ရယူပြီး ကျင့်သုံးရင် ခုဘဝအတွက်ရော နောင်ဘဝအတွက်ပါ ချမ်းသာသုခကို ရနိုင်တယ်။
သဒ္ဓါတရားဟာ အရင်းအနှီးနဲ့လည်း တူတယ်။ အရင်းအနှီးဆိုတာ ပညာအရင်းအနှီး ဥစ္စာအရင်းအနှီးလို့ နှစ်မျိုးရှိတယ်။ အဲဒီ အရင်းအနှီးနှစ်မျိုးထဲက တစ်မျိုးမျိုးကို အခွင့်ကောင်း အခါကောင်း အမှီခိုကောင်းတွေကိုလည်း ရပြီဆိုရင် လုံ့လ ဝီရိယလေး စိုက်ပြီး အလုပ်လုပ်လိုက်တာနဲ့ အစီးအပွားဖြစ်ပြီး ကြီးပွား တိုးတက်နိုင်တယ်။ ဘယ်လောက်ပဲ အခွင့်အရေးရရ ပညာအရင်းအနှီး ဥစ္စာအရင်းအနှီး မရှိရင် စီးပွားဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီလိုပဲ သဒ္ဓါတရား မရှိဘူးဆိုရင် သီလဥစ္စာ သမာဓိဥစ္စာ ပညာဥစ္စာရကြောင်း အကျင့်ကောင်းတွေကို မကျင့်လို့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ အစီးအပွားကို မရနိုင်ဘူး။
သဒ္ဓါတရားဟာ ကမ္မဋ္ဌာန်းတရားအားထုတ်ရာမှာ ထမြောက်အောင်မြင်ဖို့ (မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ အကျိုးတရားကို ရဖို့) အကြောင်းတရား (ပဓာနိယင်္ဂ)ငါးပါးမှာ ရှေးဆုံးနေရာကို ယူထားတယ်။
``သဒ္ဓါတရားနဲ့ ပြည့်စုံခြင်း၊
အနာရောဂါ ကင်းရှင်းခြင်း၊
ဟန်မဆောင် မလှည့်ပတ် ဖြောင့်မတ် ရိုးသားခြင်း၊
လုံလ ဝီရိယထက်သန်ခြင်း၊
ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်း ဆိုတဲ့ အချက်တွေနဲ့လည်း ပြည့်စုံမယ်။ ဘုရား၊ ဘုရားရှင်လို မှန်ကန်တဲ့ နည်းလမ်းကို ပြသူ ဆုံးမနိုင်သူ ဆရာကောင်းကိုလည်း ရမယ်ဆိုရင် အဲဒီသူဟာ တစ်ရက်အတွင်းမှာပဲ အရဟတ္တဖိုလ်တည်ပြီး နိဗ္ဗာန်ကို ရနိုင်တယ်´´လို့ ဘုရားရှင် ဟောထားတယ်။
သဒ္ဓါတရားဟာ လောကမှာ လူတွေရဲ့ အမြတ်ဆုံးဥစ္စာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရွှေငွေအစရှိတဲ့ ပစ္စည်းဥစ္စာဟာ သုံးဆောင်ခံစားရမှု ချမ်းသာကို ပေးတယ်။ မွတ်သိပ်ခြင်း ခေါင်းပါးခြင်း ဆင်းရဲခြင်းတွေကို တားမြစ်တယ်။ ဆင်းရဲတဲ့ ဘဝကို ငြိမ်းစေတယ်။ ယာဉ်ရထားနဲ့ တိုက်တာ အိမ်ခြေ စိန် ပတ္တမြားစတဲ့ ရတနာတွေကိုလည်း ဝယ်ယူနိုင်တယ်။
ဒီလိုပဲ သဒ္ဓါတရားဟာလည်း ထိုက်သင့်သလို လောကုတ္တရာချမ်းသာကို ပေးတယ်။ သဒ္ဓါတရားကို အခြေခံပြီး တရားကျင့်သုံးသူဟာ အိုခြင်း နာခြင်း သေခြင်းစတဲ့ ဆင်းရဲတွေကို တားမြစ်တယ်။ ဂုဏ်ကျေးဇူးမရှိမှု မွဲမှုဆိုတဲ့ ဆင်းရဲတဲ့အဖြစ်ကို ငြိမ်းစေတယ်။ သတိသမ္ဗောဇ္ဈင် စတဲ့ ရတနာတွေကို ရခြင်းရဲ့အကြောင်းလည်း ဖြစ်တယ်။ ဒါကြောင့် သဒ္ဓါတရားဟာ အမြတ်ဆုံးဥစ္စာ ဖြစ်တယ်။
သဒ္ဓါတရားကို အခြေခံပြီး ဝိပဿ နာတရားကို ကြိုးစားအားထုတ်သူဟာ သြဃဆိုတဲ့ ရေအယဉ်ကို ကူးမြောက်နိုင်တယ်။ သြဃလေးပါး (ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ)ကို ကူးမြောက်နိုင်သူဟာ သံသရာဆိုတဲ့ သမုဒ္ဒရာကို ကူးမြောက်နိုင်တယ်။ ဝဋ်ဆင်းရဲက လွတ်မြောက်တယ်။ ကိလေသာ အညစ်အကြေးမှလည်း စင်ကြယ်တယ်။
သဒ္ဓါတရား မရှိတဲ့သူဟာ သြဃကို ကူးမြောက်နိုင်ကြောင်း အကျင့်တွေကို မယုံကြည်ဘူး။ ဒါကြောင့် အဲဒီအကျင့်တွေကို မကျင့်ဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ကာမဂုဏ်ငါးပါးကို စိတ်တိုင်းကျ ခံစားပြီး ကာမဂုဏ်အာရုံတွေအပေါ်မှာပဲ ကပ်ငြိနေလို့ သံသရာဆိုတဲ့ သမုဒ္ဒရာကို မကူးမြောက်နိုင်ဘူး။
သဒ္ဓါဆိုတဲ့ ဥစ္စာဟာ တမလွန်လောကကို သွားတဲ့သူနောက် အစဉ်လိုက်ပါတယ် ရေ မီး မင်း သူခိုးစတဲ့ ရန်သူတွေနဲ့ မဆက်ဆံဘူး။ သီလရှိခြင်းစတဲ့ လောကီလောကုတ္တရာ ချမ်းသာအားလုံး ပြည့်စုံခြင်းရဲ့အကြောင်း ဖြစ်တယ်။ လောကီဖြစ်တဲ့ ရွှေငွေစတဲ့ ဥစ္စာရတနာတွေကို ရခြင်းရဲ့ အကြောင်းလည်း ဖြစ်တယ်။ မှန်ပါတယ်။ သဒ္ဓါတရားရှိသူအတွက် ပစ္စည်းဥစ္စာဟာ အလှူပေးခြင်း၊ သီလလုံခြုံခြင်း စတဲ့ ကောင်းမှုရဲ့ အထောက်အပံ့ဖြစ်ပြီး စီးပွားတိုးတက်ခြင်းကို ဖြစ်စေတယ်။ သဒ္ဓါမရှိသူအတွက်တော့ ရွှေငွေစတဲ့ ဥစ္စာတွေကို တလွဲမှာ အသုံးပြုတတ်လို့ ယခုဘဝ နောက်ဘဝတွေမှာ အကျိုးမဲ့ကို အလွန်အကဲ ဖြစ်စေနိုင်တယ်။ ဒါကြောင့် သဒ္ဓါတရားရှိဖို့က အရေးကြီးတယ်။
ဆီချူလိုက်မှ စက်နိုးတော့တယ်
သဒ္ဓါတရားရှိအောင်၊ ရှိပြီးသား သဒ္ဓါတရားကိုလည်း ထက်သန်လာအောင် တိုက်တွန်း အားပေးဖို့ လိုတဲ့အခါလည်း ရှိသေးတယ်။
ဒီလို တိုက်တွန်းအားပေးတာကို `နှိုးဆော်တယ်´လို့ ခေါ်တယ်။
နှိုးဆော်မှု မရှိရင် သဒ္ဓါတရားဟာ နိုးထမလာဘဲ ရှိနေတတ်တယ်။ တခါတရံ ဘယ်လောက်ပဲ နှိုးဆော် နှိုးဆော် အစပျိုးမှု မရှိရင်လည်း နိုးထဖို့ အတော်ခက်တယ်။
မြက်ရိတ်စက်နှိုးတာနဲပ ဥပမာပေးရမယ် ထင်တယ်။ အင်ဂျင်စက်ကို နှိုးတဲ့အခါ မြက်ရိတ်စက်မှာ ပါတဲ့ အင်ဂျင်ကို လည်ပတ်စေတဲ့ ကြိုးကို ဘယ်လိုပဲ ခွန်အားစိုက်ပြီး ဆွဲဆွဲ၊ တခါတလေ အင်ဂျင်စက်က နိုးမလာတတ်ဘူး။ အင်ဂျင်စက်လည်ဖို့ ဓာတ်ဆီအလုံအလောက် ရသွားအောင် ဓာတ်ဆီကို ချူပေးလိုက်ပြီး တစ်ကြိမ် နှစ်ကြိမ် ကြိုးကို ခပ်ဆတ်ဆတ်ကလေး ဆွဲလိုက်တာနဲ့ စက်က နိုးသွားတယ်၊ လည်ပတ်သွားတယ်။ ဒါကြောင့် စက်နိုးအောင် ကြိုးကိုချည်း ဆွဲမနေဘဲ ဓာတ်ဆီလည်း ချူပေးရသေးသကိုးလို့ သဘောပေါက်မိတယ်။ ဒီဥပမာကို မြက်ရိတ်စရာမလိုတဲ့ နယူးယောက်က မြို့ကြီးသားတွေကတော့ နားလည်ချင်မှ နားလည်မှာပါ။
ဒီဥပမာအတိုင်းပဲ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း တည်ထား ကိုးကွယ်တဲ့ လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီရဲ့ ခုနစ်ကြိမ်မြောက်ပူဇော်ပွဲမှာ တရားပွဲ မစမီ အလှူခံဌာနနား သွားရပ်တော့ အလှူခံပေးနေတဲ့ ခင်လေးမြင့်နဲ့ ဇင်မာတို့က `ဘုန်းဘုန်း၊ ဒီနေ့ သိပ်အခြေအနေ မကောင်းဘူး´လို့ ဆီးကြိုပြောတယ်။ `ဟေ၊ ဘာဖြစ်လို့လဲ´လို့ မေးတော့ `နှစ်သောင်းပဲ ရတယ်´တဲ့။ `ဟာ ... နင်တို့ကလည်း နှစ်သောင်းဆို မဆိုးပါဘူးဟ´လို့ ပြောပြီး တရားဟောမယ့် ဓမ္မာရုံထဲ လှမ်းကြွသွားတဲ့အခါ ... ဘုန်းဘုန်းကလည်း ငါးသောင်းလောက်ဆို ကျောင်းကြီး မြန်မြန်ပြီးမှာ ... ဆိုတဲ့အသံက နောက်က လိုက်လာတယ်။
ဓမ္မာရုံထဲ ရောက်တဲ့အခါ တရားပွဲ မစမီ စာရေးသူက ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားဆိုတဲ့ အင်ဂျင်စက်နိုးစေဖို့အတွက် အင်ဂျင်နီယာကြီး ဦးမောင်မောင်အား စေတီတော်နဲ့ ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းများရဲ့ တိုးတက်မှု အခြေအနေ၊ ငွေရေးကြေးရေး လိုအပ်မှု အခြေအနေ စတာတွေကို အနည်းငယ် ပြောပေးဖို့ တိုက်တွန်းရတယ်။
တရားဟောမယ့် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဦးကောဝိဒကလည်း `ဘာတွေ ဘာတွေ လိုသေးလို့၊ ဘယ်လို ဘယ်လို အလှူခံနေသလဲ´ စသည်ကို စာရေးသူအား မေးမြန်းတယ်။ တချိန်တည်းမှာပဲ ဦးမောင်မောင်က စေတီတော်ပေါ် ကျောက်ပြားခင်းဖို့ အခြေအနေနဲ့ အလှူငွေ ဒေါ်လာ တစ်သောင်းခွဲလောက် လိုနေသေးကြောင်းကို တရားနာပရိသတ်အား ရှင်းပြနေပါတယ်။
ဦးမောင်မောင် စကားပြောပြီးနောက် တရားပွဲ စတဲ့အခါ ဦးမောင်မောင်ရဲ့ ရှင်းပြချက်ကို အခြေခံပြီး မဇ္ဈိမဂုဏ်ရည်ဆရာတော်က တရားဟောရင်း သဒ္ဓါတရားဆိုတဲ့ စက်ကြီးကို စနှိုးတဲ့အနေနဲ့ စေတီတော်ပေါ် ကျောက်ပြားခင်းဖို့အတွက် လိုငွေ ဒေါ်လာတစ်သောင်းခွဲ ပြည့်စုံရန် သူက ဒေါ်လာငါးထောင် လှူမယ်လို့ ကြေညာလိုက်ပါတယ်။ နောက်ပြီး ကျန်လိုအပ်ငွေကို တရားနာပရိသတ်က ဖြည့်စေချင်ကြောင်း၊ တစ်သောင်းခွဲ မပြည့်ရင် တရားပွဲကို အဆုံးသတ်ပေးမှာ မဟုတ်ောကာင်း ရယ်စရာ မောစရာအနေနဲ့ ထပ်ကာ ထပ်ကာ ဟောတယ်။
ဒါပေမယ့် ... တပည့်တော် ဘယ်ရွေ့ဘယ်မျှ လှူပါ့မယ် ...လို့ အာမခံသူ တစ်ယောက်မှ ပေါ်မလာဘူး။ တစ်ယောက်အပြော တစ်ယောက်စောင့်နေပုံ ပေါ်ပါတယ်။
ဒီလို ပေါ်မလာပေမယ့် အချိန်တန်တော့လည်း တရားပွဲကို အဆုံးသတ်ရတော့တာပါပဲ။ တရားပွဲပြီးလို့ ရေစက်ချ အမျှမဝေခင်မှာ ဒကာကြီး ဦးမောင်မောင်က `အင်း ... ဆရာတော်ကသာ အာပေါက်အောင် ဟောနေရတယ်၊ ဘယ်သူမှလည်း မလှုပ်ဘူး။ ကဲ ငါစပြီးတော့ လှူမယ်´လို့ စိတ်ဆန္ဒဖြစ်ပြီး ကျန်လိုအပ်ငွေ တစ်သောင်းပြည့်ဖို့ သူ တစ်ထောင်လှူမယ်လို့ ကြေညာလိုက်ပါတယ်။
စက်နိုးဖို့ ဓာတ်ဆီအနည်းငယ် လိုနေတဲ့ အင်ဂျင်ကို ဆီချူပေးပြီး နှိုးလိုက်တဲ့အခါ ဝူးကနဲ အင်ဂျင်လည်ပတ်သွားသလို ဒကာကြီး ဦးမောင်မောင်က လှူပါမယ်လို့ စပြီး အာမခံလိုက်တဲ့အတွက်ကြောင့် ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားဆိုတဲ့ စက်ကြီး နိုးပြီး `တပည့်တော်က တစ်ထောင် လှူပါ့မယ်၊ တပည့်တော်က ငါးရာ လှူမယ်၊ တပည့်တော်က တစ်သောင်း လှူပါ့မယ်´ စသည်ဖြင့် အလုအယက် သူ့ထက်ငါ အလှူရှင်များ ထွက်ပေါ်လာရာ စေတီတော်ရင်ပြင် ကျောက်ပြားခင်းဖို့အတွက် လိုအပ်တဲ့ ငွေထက်ပင် ကျော်လွန်ကာ ဒေါ်လာသုံးသောင်း အလှူခံရရှိတယ်လို့ သိရပါတယ်။
စာရေးသူအနေနဲ့ ၂၀၁၀-ခုနှစ်က အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် တရားရိပ်သာဆောင်ရဲ့ ဘုရားခန်းအတွက် ဒေါ်လာတစ်သိန်း လှူပြီး စေတနာသဒ္ဓါတရားကို နှိုးဆွလိုက်ရာ ကွယ်လွန်သူ အေဘီဘီအေအသင်းရဲ့ ဥက္ကဋ္ဌကြီး ဦးဟန်ကြူအား ရည်စူးပြီး ဇနီး ဒေါ်ခင်ဝါနဲ့ မိသားတစ်စုတို့ကလည်း ဘုရားခန်းအတွက် ထပ်ဆောင်းပြီး အလှူငွေ ဒေါ်လာတစ်သိန်း လှူဒါန်းကြပါတယ်။
ဒါကြောင့် လူတွေရဲ့ သဒ္ဓါတရားဆိုတဲ့ စက်ကြီး နိုးထဖို့အတွက် နှိုးဆွဖို့လည်း လိုအပ်သေးလို့ `သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းတို့ ခင်ဗျား ...´ စသည်ဖြင့် ပြောဆိုကာ နိဗ္ဗာန်ဆော်လုပ်ခြင်းဟာ သဘာဝလည်း ကျ၊ ကုသိုလ်ကောင်းမှုလည်း ရတဲ့ ချစ်စရာ့ ဓလေ့ထုံးစံလေး တစ်ခုပါ။
ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၊ အစစ အရာရာ အဆင်ပြေ၍
ကုသိုလ်ကောင်းမှု များများပြုနိုင်ကြပါစေ။
မိမိစိတ်ဓာတ်ကို တရားထူး တရားမြတ်နဲ့ လွှမ်းပတ်နိုင်ကြပါစေသော်။
ဘုန်းဘုန်းဦးပညာ
နယူးဂျာစီ