လောကချမ်းသာဆရာတော်မှာ မြန်မာနိုင်ငံတွင် တစ်လကျော် သီတင်းသုံးခဲ့ပြီး ခရီးရှည်မှ ပြန်ရောက်စဖြစ်သဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက် စနေနေ့ လောကချမ်းသာ ၅-မိနစ်တရားတော် ချီးမြှင့်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာ ၅-မိနစ်တရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဓမ္မပဒဂါထာ အမှတ် (၁၈) - သုမနဒေဝီဝတ္ထုကို ဆရာတော် အရှင်စက္ကိန္ဒကပင် သင်ကြား ပို့ချ၏။
သုမနဒေဝီဝတ္ထုဇာတ်ကြောင်းမှာ မရှည်လျားသည့်ပြင် ဆရာတော် အရှင်စက္ကိန္ဒမှာလည်း ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း၏ ထမနဲပွဲတော်သို့ ကြွရောက်ရန် ရှိသဖြင့် အချိန်အနည်းငယ် စော၍ သင်တန်းပြီး၏။


သုမနဒေဝီဝတ္ထု
ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ အနာထပိဏ်သူဌေးသည် သမီးငယ် သုမနာဒေဝီ သေဆုံးခါနီး၌ ‘အမယ် သုမနာ’ဟု ခေါ်လျှင် “မောင်ငယ် .. အဘယ်ကြောင့်ခေါ်သနည်း”ဟု ဆို၏။
‘ယောင်ယမ်းလေသလော’ဟု ဆိုပြန်လျှင် “မောင်ငယ် .. ငါမယောင်ယမ်း”ဟု ဆို၍ သေဆုံးကြောင်းကို ဘုရားရှင်အား လျှောက်ရာတွင် -
“သူဌေးကြီး - သင်ကား သောတာပန်သာတည်း။ သမီးသည် သကဒါဂါမ်ဖြစ်၍ မဂ်ဖိုလ်တို့ဖြင့် သင့်ထက်ကြီးသောကြောင့် သင့်ကို မောင်ငယ်ဟု ခေါ်သည်။ ယောင်ယမ်းသည် မဟုတ်”ဟု မိန့်ပြီး၍ -
ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုည မေ ကတန္တိ နန္ဒတိ၊
ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။
ဤဝေတာလီဂါထာကို ဟောတော်မူသည်။
ကတပုညော - ပြုအပ်သော ကောင်းမှုရှိသူသည်။
ဣဓ - ဤလောက၌။
နန္ဒတိ - နှစ်သက်ရ၏။
ပေစ္စ - တမလွန်ဘဝ၌။
နန္ဒတိ - နှစ်သက်ရ၏။
ဥဘယတ္ထ - ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။
နန္ဒတိ - နှစ်သက်ရ၏။
မေ-မယာ - ငါသည်။
ပုညံ - ကောင်းမှုကို။
ကတန္တိ - ပြုအပ်ပြီဟူ၍။
နန္ဒတိ - နှစ်သက်ရ၏။
သုဂ္ဂတိံ ဂတော - သုဂတိဘဝသို့ ရောက်သော်ကား။
ဘိယျော - လွန်စွာ။
နန္ဒတိ - နှစ်သက်ရ၏။
(သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဓမ္မပဒပါဠိတော်နိဿယ မှ)
+++++
မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဒွါရသင်္ဂဟပိုင်းကို ရှင်းလင်း သင်ကြား ပို့ချသွား၏။



ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲ၌ အရှင်ပညာဇောတက “တရားဦး” တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် တနေ့တာ ပြုခဲ့ကြသော ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment