Thursday, March 29, 2012

ဓမ္မာရုံဟောင်းနှင့် ကျောင်းဆောင်သစ် ဆက်သွယ် (မတ် ၂၇-၂၉၊ ၂၀၁၂)

နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း ဓမ္မာရုံအဟောင်းနှင့် ကျောင်းဆောင်သစ်တို့ကို ဆက်သွယ်သည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ၂၀၁၂ ခုနှစ် မတ်လ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များက ဆောင်ရွက်နေကြစဉ်။

Wednesday, March 28, 2012

“ဆွမ်းအလှူ”၊ “ဒွေသဟာယကဘိက္ခု” နှင့် “ကိုယ့်ကိုယ်ကိုသာ ကြည့်ပါ”

၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လွန်ခဲ့သော ၁၂-နှစ် (၂၅-မတ်-၂၀၀၀) က ဘဝတပါး ပြောင်းသွား ကွယ်လွန်ခဲ့သော ဘုရား တန်ဆောင်း သိမ် ကျောင်း ရဟန်း ဒါယိကာမကြီး၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဘဏ္ဍာရေးမှူး၊ ဝေယျာဝစ္စအဖွဲကို ဦးဆောင်သူ၊ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်သော မည်သည့်အလှူမဆို သူမပါလျှင် မပြီးမပြည့်စုံ ‘နယူးယောက်ဝိသာခါ’ဟု ဆိုလောက်သူ ဒေါ်ငွေကြည်အား ရည်စူး၍ ကျန်ရစ်သူ ဦးသန်းမြင့်အား အမှူးထားကာ သားသမီး မြေး မြစ် မိသားစုများက မြတ်စွာဘုရားအား ပန်း ရေချမ်း ဆီမီး ဆွမ်း ဆက်ကပ် လှူဒါန်း ပူဇော်ခြင်း၊ လောကချမ်းသာဘုရားကျောင်း သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးခြင်း၊ သံဃာတော်များထံမှ သီလယူ၊ ပရိတ်တရားတော်များနှင့် တရားဓမ္မ နာကြားကြကာ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

+++++

မွန်းလွဲ ၂ နာရီကျော်တွင် အပတ်စဉ်ပြုမြဲ တရားဘာဝနာ ရှုမှတ် ပွားများကြ၏။

မွန်းလွဲ ၃ နာရီတွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၉-၂၀၊ ဒွေသဟာယကဘိက္ခုဝတ္ထုအကြောင်း သင်ကြား ပို့ချပေး၏။

ဒွေသဟာယကဘိက္ခုဝတ္ထု

ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ ဂန္ထဓုရကို ဆောင်သော ရဟန်းတစ်ပါးသည် ဝိပဿနာဓုရကို ဆောင်သော ရဟန္တာကို ပြဿနာမေး၍ နှိပ်စက်မည် ရှိသည်။

ဘုရားရှင် ကြွတော်မူလာ၍ ကျမ်းဂန်တတ်သော ရဟန်းကို လေးပါးသော မဂ်တို့ဖြင့် ပြဿနာမေးတော်မူလေ၏။

ကျမ်းဂန်တတ်သော ရဟန်းသည် ထိခိုက်အောင် မဖြေနိုင်ရကား ရဟန္တာမထေရ်ကို မေးတော်မူ၏။

ရဟန္တာမထေရ်သည် မဂ်လေးပါးကို ပွားပြီးဖြစ်၍ လျင်မြန်စွာ ဖြေလေ၏။

ဘုရားရှင်သည် ကောင်းချီးပေး၍ - ချစ်သားတို့၊ ဂန္ထဓုရကို ဆောင်သော ရဟန်းသည် သူ၏ နွားကို အခစား ကျောင်းရသော သူနှင့် တူ၏။ ဝိပဿနာဓုရကို ဆောင်သော ရဟန်းကား နွားနို့ ထောပတ် ရသာမြတ်ကို မပြတ်စားရသော နွားရှင်နှင့် တူ၏ဟု မိန့်ပြီး၍ ...

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊

န တက္ကရော ဟောတိ နရော ပမတ္တော။

ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊

န ဘာဂဝါ သာမညဿ ဟောတိ။

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊

ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊

သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။

အနုပါဒိယာနော ဣဓဝါ ဟုရံ ဝါ၊

သ ဘာဂဝါ သာမညဿ ဟောတိ။ ဟူသော အခွဲနှင့်တကွ နှစ်ဂါထာကို ဟောတော်မူသည်။

+++++

ယောနရော - အကြင်သူသည်။

သံဟိတံ - အစီးအပွားရှိသော ပိဋကတ်သုံးပုံကို။

ဗဟုံ - များစွာ။

ဘာသမာနောပိ - သင်ကြား ပို့ချ ပြသ ဟောပြောသော်လည်း။

ပမတ္တော - သတိမေ့လျော့ ပေါ့တန်သည်ဖြစ်၍။

တက္ကရော - ထိုပြုသင့်သော အနိစ္စ စသည်ဖြင့် နှလုံးသွင်းခြင်းကို ပြုသည်။

စေ နဟောတိ - အကယ်၍ မဖြစ်အံ့။

သောနရော - ထိုသူသည်။

ဂေါပေါ - အခစား နွားကျောင်းသားသည်။

ဂါဝေါ - ကျောင်းသမျှ နွားတို့ကို။

ဂဏယံ-ဂဏယန္တော - စေ့အောင် ရေတွက်၍။

ပရေသံ - နွားရှင်ဖြစ်သော သူတပါးတို့အား။

နိယျတေတိ ဣဝ - ဆောင်သွင်း အပ်နှင်းရသကဲ့သို့။

ပရေသံ - ကျင့်လိုသော ဆန္ဒရှိကြသော သူတော်ကောင်းတို့အား။

နိယျတေတိ - ဆောင်နှင်းပေးအပ်လိုက်ရသည် မည်၏။ (ထည့်လိုက်သည်။)

သော နရော - ထိုပြောဆိုခြင်းများ အကျင့်ပါးသောသူသည်။

သာမညဿ - မဂ်ဖိုလ်တည်းဟူသော ရဟန်းကျေးဇူး၏။

ဘာဂဝါ - အဖို့ရှိသည်။

န ဟောတိ - မဖြစ်။

ယောနရော - အကြင်သူသည်။

သံဟိတံ - အစီးအပွားရှိသော ဘုရားစကားတော်ကို။

အပ္ပံ ဘာသမာနောပိ - အပြောအဆို နည်းသော်လည်း။

ဓမ္မဿ - ပရိယတ္တိတရားအား။

ဝါ - လောကုတ္တရာတရားအား။

အနုဓမ္မစာရီ - လျော်သော စတုပါရိသုဒ္ဓိသီလ ဓုတင်တေရသ စသော ကမ္မဋ္ဌာန်းကို ကျင့်သည်။

စေဟောတိ - အကယ်၍ ဖြစ်အံ့။

သောနရော - ထိုသူသည်။

ရာဂဉ္စ - ရာဂကိုလည်းကောင်း။

ဒေါသဉ္စ - ဒေါသကိုလည်းကောင်း။

မောဟဉ္စ - မောဟကိုလည်းကောင်း။

ပဟာယ - ပယ်၍။

သမ္မပ္ပဇာနော - ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍။

သုဝိမုတ္တစိတ္တော - တဒင်္ဂဝိက္ခမ္ဘန သမုစ္ဆေဒ ပီတိပဿဒ္ဓိ နိဿရဏဝိမုတ္တိတို့ဖြင့် ကောင်းစွာ လွတ်သော စိတ်ရှိသည်ဖြစ်၍။

ဣဓဝါ - ဤပစ္စုပ္ပန်လောက အဇ္ဈတ္တဖြစ်သော ခန္ဓာ အာယတနဓာတ်၌လည်းကောင်း။

ဟုရံဝါ - တမလွန်လောက ဗာဟိရဖြစ်သော ခန္ဓာ အာယတန ဓာတ်၌လည်းကောင်း။

အနုပါဒိယာနော - ဒိဋ္ဌိ တဏှာဖြင့် ပြင်းစွာ စွဲလမ်းခြင်း မရှိသည်။

ဟောတိ - ဖြစ်၏။

သောနရော - ထိုပြောဆိုခြင်းနည်း အကျင့်သည်းသော သူသည်။

သာမညဿ - မဂ်ဖိုလ်တည်းဟူသော ရဟန်းကျေးဇူး၏။

ဘာဂဝေါ - အဖို့ရှိသည်။

ဟောတိ - ဖြစ်၏။

+++++

ပဟာန် (၅)မျိုး အရကောက်

‘ကာ’ ‘ရူ’ ‘မဂ်’ ‘ဖိုလ်’၊ ‘နိဗ္ဗာန်’ကို၊ ကောက်ဆို စဉ်တိုင်းသာ။

ပဟာန် အပြားမျိုး (၅)ပါး

တဒင်္ဂပဟာန် = ကာမကုသိုလ်တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း။

ဝိက္ခမ္ဘနပဟာန် = မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါးအောင် ပြုခြင်း၊ အချိန်အခိုက်အတန့် ပယ်ခြင်း။

သမုစ္ဆေဒပဟာန် = မဂ်ကုသိုလ်စုဖြင့် အပြတ် ပယ်ခြင်း။

ပဋိပဿဒ္ဓိပဟာန် = ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှု ပြုခြင်း။

နိဿရဏပဟာန် = ပရိနိဗ္ဗာန်နဓာတ်ဖြင့် ဖြတ်တောက် ထွက်မြောက်သွားခြင်း။

+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်မှ ညနေ ၅ နာရီခွဲအထိ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဝဏ္ဏိတက ပကိဏ်းပိုင်း၊ ဒွါရသင်္ဂဟနှင့် အာရမ္မဏသင်္ဂဟတို့ကို ရှင်းပြ သင်ကြားပေး၏။

+++++

ညနေ ၆ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာဇောတက “ကိုယ့်ကိုယ်ကိုသာ ကြည့်ပါ”တရားတော်ကို ဓမ္မဒါနပြု ဟောကြားပြီး၊ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

“ကိုယ့်ကိုယ်ကိုသာ ကြည့်ပါ”တရားတော် ဆောင်ပုဒ်များ

ကိုယ့်ကိုကိုယ်ကြည့်၊ အမှားသိ၊ မြင်မိတတ်ပါစေ။

အမှားပြင်ဆင်၊ အမှန်ထင်၊ လိုအင်ပြည့်ဝစေ။

လိုအင်ပြည့်မှ၊ ချမ်းသာရ၊ ဘဝရကျိုးနပ်ပါစေ။

အသက်တွေကြီးလာပြီ၊ လောဘ ဒေါသ မောဟတွေ ကြီးနေတုန်းပဲလား?

သွားတွေကျိုးလာပြီ၊ မာန်စွယ်တွေ မကျိုးသေးဘူးလား?

အရေတွေတွန့်လာပြီ၊ တဏှာအလိုဆန္ဒတွေ မတွန့်သေးဘူးလား?

အသားတွေလျော့လာပြီ၊ မကောင်းမှုအလုပ်တွေ မလျော့သေးဘူးလား?

ဆံပင်တွေဖြူလာပြီ၊ စိတ်မဖြူစင်သေးဘူးလား?

မျက်စိတွေမှုန်လာပြီ၊ နိဗ္ဗာန်သွားရာလမ်းကြောင်း မှုန်တုန်းပဲလား?

ဓမ္မစွမ်းအား

အောက်ကျနောက်ကျ၊ မဖြစ်ရ၊ ချီမ ဆွဲဆောင်သည်။

အလိုရှိရာ၊ မြတ်ချမ်းသာ၊ ကောင်းစွာ ပို့ဆောင်သည်။

ချမ်းသာလိုဆဲ၊ စိတ်စဉ်ထဲ၊ အမြဲမကွာ ဆောင်ထိုက်သည်။

ဧကအဉ္ဇလိကမထေရ်

တစ်ကြိမ်ဦးချ၊ ဘုရားကိုးကွယ်၊ ကမ္ဘာတစ်သိန်း တွက်ကိန်းရေဖွယ်။

အပါယဘေး လွတ်ကင်းလေတယ်၊ မြတ်ဘုရား၊ ကြိုးစား ရှိခိုးကြလေကွယ်။

+++++

ဧကအဉ္ဇလိကတ္ထေရအပဒါန်

၁၈၀-၁၈၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော၊ မြတ်သော လှည်းမှူးသဖွယ် ဖြစ်၍ လူတို့ထက် မြတ်သော၊ နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော၊ မယဉ်ကျေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတတ်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ မြတ်သောအယူ၊ မြတ်သောပညာရှိတော်မူသော ဝိပဿီမြတ်စွာဘုရားကို အိမ်ဈေးတို့၏အကြား လမ်းခရီး၌ ကြွသွားတော်မူစဉ် ဖူးမြင်ရသောကြောင့် ငါသည် ကြည်ညို ဝမ်းမြောက်လျက် လက်အုပ်တစ်ကြိမ် ချီမိုး ရှိခိုးခြင်းကို ပြု၏။

၁၈၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာအထက်၌ လက်အုပ်ချီမိုး ရှိခိုးခဲ့သောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် လက်အုပ်ချီမိုး ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၁၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကအဉ္ဇလိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

(ထေရာပဒါန်ပါဠိတော် မြန်မာပြန်၊ ပဌမတွဲ မှ)

+++++

ပဋိသမ္ဘိဒါ လေးပါး

(၁) အတ္ထပဋိသမ္ဘိဒါ = အကျိုးကို သိသောဉာဏ်

(၂) ဓမ္မပဋိသမ္ဘိဒါ = အကြောင်းကို သိသောဉာဏ်

(၃) နိရုတ္တိပဋိသမ္ဘိဒါ = သဒ္ဒါကို သိတတ်သောဉာဏ်

(၄) ပဋိဘာနပဋိသမ္ဘိဒါ = သစ္စာ ၄-ပါးကို ထိုးထွင်း၍ သိသောဉာဏ်

အဘိညာဏ် ခြောက်ပါး

အဘိ = ထူးခြားသော၊ မြင့်မြတ်သော

ဉာဏ = ဉာဏ်

(၁) ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ သိမြင်နိုင်ခြင်း။

(၂) ဒိဗ္ဗသောတ = နတ်တို့၏နားကဲ့သို့ ကြားနိုင်ခြင်း။

(၃) ဣဒ္ဓိဝိဓ = အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း။

(၄) စေတောပရိယ = သူတပါး၏ စိတ်အကြံကို သိနိုင်ခြင်း။

(၅) ပုဗ္ဗေနိဝါသ = မိမိဖြစ်ခဲ့ဖူးသော ဘဝတို့ကို သိနိုင်ခြင်း။

(၆) အသဝက္ခယ = အာသဝေါတရားလေးပါးတို့ ကုန်ခန်းခြင်း။

ဝိမောက္ခ ၈-ပါး

(၁) ရူပဈာန်နှင့် ပြည့်စုံသောသူသည် ရုပ်တို့ကို ရှုနေ၏။

(၂) မိမိသန္တာန်၌ ရုပ်ကို အမှတ်မပြုမူ၍ ပြင်ပ၌ ရုပ်တို့ကို ရှုနေ၏။

(၃) တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းနေ၏။

(၄) အာကာသာနဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။

(၅) ဝိညာဏဉ္စယတနဈာန်သို့ ရောက်၍ နေ၏။

(၆) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။

(၇) နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။

(၈) နိရောဓသမာပတ်သို့ ရောက်၍ နေ၏။

တာဒိဂုဏ်တော် ၈-ပါး

လောကဓံတရား ရှစ်ပါးတို့တွင် အကောင်းလေးပါးနှင့် တွေ့၍ ဝမ်းသာအားရမှု မရှိ။ အဆိုးလေးပါးနှင့် တွေ့လျှင်လည်း ဝမ်းနည်း ကြေကွဲမှု မရှိ။ ပကတိ တူမျှသော စိတ်တော်ရှိခြင်း ဂုဏ်။

အာသဝေါတရား လေးပါး

(၁) ကာမာသဝ = ကာမဂုဏ်၌ ကြံစည်တတ်ခြင်း။

(၂) ဘဝါသဝ = ဘဝ၌ တွေဝေခြင်း။

(၃) ဒိဋ္ဌာသဝ = အယူဝါဒ၌ တွေဝေခြင်း။

(၄) အဝိဇ္ဇာသဝ = မိုက်မဲခြင်း။

လောကဓံ ရှစ်ပါး

(၁) လာဘ = လာဘ်များခြင်း။

(၂) အလာဘ = လာဘ်နည်းခြင်း။

(၃) ယသ = အခြံအရံများခြင်း။

(၄) အယသ = အခြံအရံနည်းခြင်း။

(၅) နိန္ဒာ = ကဲ့ရဲ့ခြင်း။

(၆) ပသံသာ = ချီးမွမ်းခြင်း။

(၇) သုခ = ချမ်းသာခြင်း။

(၈) ဒုက္ခ = ဆင်းရဲခြင်း။

+++++

စာကိုး

သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဓမ္မပဒနိဿယ မြန်မာပြန်

ထေရာပဒါန်ပါဠိတော် မြန်မာပြန်၊ ပဌမတွဲ

ဦးသုခ၏ သုခမှတ်စု

Monday, March 19, 2012

“သုမနဒေဝီ”၊ “စိတ်၏တံခါးပေါက်များ” နှင့် “တရားဦး”

မြန်မာနိုင်ငံသို့ ခေတ္တ ကြွရောက်နေသော လောကချမ်းသာဆရာတော်ဘုရားသည် မတ်လ ၁၅ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိ၏။

လောကချမ်းသာဆရာတော်မှာ မြန်မာနိုင်ငံတွင် တစ်လကျော် သီတင်းသုံးခဲ့ပြီး ခရီးရှည်မှ ပြန်ရောက်စဖြစ်သဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက် စနေနေ့ လောကချမ်းသာ ၅-မိနစ်တရားတော် ချီးမြှင့်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဆရာတော် အရှင်စက္ကိန္ဒက မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာ ၅-မိနစ်တရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဓမ္မပဒဂါထာ အမှတ် (၁၈) - သုမနဒေဝီဝတ္ထုကို ဆရာတော် အရှင်စက္ကိန္ဒကပင် သင်ကြား ပို့ချ၏။

သုမနဒေဝီဝတ္ထုဇာတ်ကြောင်းမှာ မရှည်လျားသည့်ပြင် ဆရာတော် အရှင်စက္ကိန္ဒမှာလည်း ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း၏ ထမနဲပွဲတော်သို့ ကြွရောက်ရန် ရှိသဖြင့် အချိန်အနည်းငယ် စော၍ သင်တန်းပြီး၏။

သုမနဒေဝီဝတ္ထု

ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ အနာထပိဏ်သူဌေးသည် သမီးငယ် သုမနာဒေဝီ သေဆုံးခါနီး၌ ‘အမယ် သုမနာ’ဟု ခေါ်လျှင် “မောင်ငယ် .. အဘယ်ကြောင့်ခေါ်သနည်း”ဟု ဆို၏။

‘ယောင်ယမ်းလေသလော’ဟု ဆိုပြန်လျှင် “မောင်ငယ် .. ငါမယောင်ယမ်း”ဟု ဆို၍ သေဆုံးကြောင်းကို ဘုရားရှင်အား လျှောက်ရာတွင် -

“သူဌေးကြီး - သင်ကား သောတာပန်သာတည်း။ သမီးသည် သကဒါဂါမ်ဖြစ်၍ မဂ်ဖိုလ်တို့ဖြင့် သင့်ထက်ကြီးသောကြောင့် သင့်ကို မောင်ငယ်ဟု ခေါ်သည်။ ယောင်ယမ်းသည် မဟုတ်”ဟု မိန့်ပြီး၍ -

ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊

ကတပုညော ဥဘယတ္ထ နန္ဒတိ။

ပုည မေ ကတန္တိ နန္ဒတိ၊

ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

ဤဝေတာလီဂါထာကို ဟောတော်မူသည်။

ကတပုညော - ပြုအပ်သော ကောင်းမှုရှိသူသည်။

ဣဓ - ဤလောက၌။

နန္ဒတိ - နှစ်သက်ရ၏။

ပေစ္စ - တမလွန်ဘဝ၌။

နန္ဒတိ - နှစ်သက်ရ၏။

ဥဘယတ္ထ - ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။

နန္ဒတိ - နှစ်သက်ရ၏။

မေ-မယာ - ငါသည်။

ပုညံ - ကောင်းမှုကို။

ကတန္တိ - ပြုအပ်ပြီဟူ၍။

နန္ဒတိ - နှစ်သက်ရ၏။

သုဂ္ဂတိံ ဂတော - သုဂတိဘဝသို့ ရောက်သော်ကား။

ဘိယျော - လွန်စွာ။

နန္ဒတိ - နှစ်သက်ရ၏။

(သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဓမ္မပဒပါဠိတော်နိဿယ မှ)

+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ဒွါရသင်္ဂဟပိုင်းကို ရှင်းလင်း သင်ကြား ပို့ချသွား၏။

ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲ၌ အရှင်ပညာဇောတက “တရားဦး” တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် တနေ့တာ ပြုခဲ့ကြသော ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Monday, March 12, 2012

“အရှင်ဒေဝဒတ်”၊ “စိတ်၏ကိစ္စများ”နှင့် “ချမ်းသာရရန် မျိုးစေ့မှန်”

ကျောင်းသန့်ရှင်းရေးအတွက် စုပေါင်း လုပ်အားပေးကြရန် နှိုးဆော်ထားချက်ကြောင့် ဓမ္မသင်တန်းသူ သင်တန်းသားများသည် ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ စောစီးစွာ ရောက်ရှိကြပြီး ဘုရားခန်းနှင့် လောကချမ်းသာဆရာတော်၏ အခန်းတို့ကို သန့်ရှင်းရေး ဆောင်ရွက်ကြ၏။

မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာ ၅-မိနစ်တရားတော်ကို အရှင်ဇာဂရ (ကံထွန်းသစ်)က ဟောကြားပြီး၊ မွန်းလွဲ ၃ နာရီအထိ တရားရှုမှတ်ကြ၏။

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် (၁၇)လာ အရှင်ဒေဝဒတ်ဝတ္ထုဇာတ်ကြောင်းကို ရှင်းလင်း ဟောကြား၏။

ရှင်ဒေဝဒတ် ဝတ္ထုငါးမျိုးကို တောင်းဆိုခြင်း

ရှင်ဒေဝဒတ်သည် တနေ့တခြား လာဘ်လာဘ လျော့ပါးလာရကား အံ့ဖွယ်မှု ပြုလုပ်ကာ အသက်မွေးလိုသည့်အတွက် မြတ်စွာဘုရားထံသို့ သွားရောက်ပြီးလျှင် -

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ... အကျွန်ုပ် တောင်းပန်ပါ၏။

(၁) ရဟန်းအားလုံး အသက်ထက်ဆုံး တောကျောင်းနေကြပါစေ။ ရွာနီးကျောင်းသို့ သက်ရောက်နေထိုင်သော ရဟန်းအား အပြစ်ရောက်ပါစေ။

(၂) ရဟန်းအားလုံး အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ဆွမ်းခံ၍ချည်း စားကြပါစေ)။ ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို စားဖို့ရန် လက်ခံသော ရဟန်းအား အပြစ်ရောက်ပါစေ။

(၃) ရဟန်းအားလုံး အသက်ထက်ဆုံး ပံသုကူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံကြပါစေ)။ လူဒါယကာတို့ လှူသောသင်္ကန်းကို လက်ခံသာယာသော ရဟန်းအား အပြစ်ရောက်ပါစေ။

(၄) ရဟန်းအားလုံး အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောင်ချည်း ဖြစ်ကြပါစေ (=သစ်ပင်ရင်း၌သာ နေကြပါစေ)။ အမိုးရှိသောကျောင်းသို့ ချဉ်းကပ်သော ရဟန်းအား အပြစ်ရောက်ပါစေ။

(၅) ရဟန်းအားလုံး အသက်ထက်ဆုံး ငါး, အမဲကို မစားကြပါစေလင့် (=သက်သတ်လွတ်သာ စားကြပါစေ)။ ငါး, အမဲကို စားသော ရဟန်းအား အပြစ်ရောက်ပါစေ။” ဟု ဤအချက်ကြီး ၅-ချက်တို့ကို လျှောက်ထား တောင်းဆိုလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် “မသင့်လျော်ဘူး ဒေဝဒတ် -

(၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ။ အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ။

(၂) အလိုရှိသော ရဟန်းသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ဖြစ်ပစေ (=ဆွမ်းခံ၍ စားပစေ)။ အလိုရှိသော ရဟန်းသည် ဒါယကာတို့ ပင့်ဖိတ်၍ ကျွေးသောဆွမ်းကို လက်ခံသာယာပစေ။

(၃) အလိုရှိသော ရဟန်းသည် ပံသုကူဓုတင်ဆောင် ဖြစ်ပစေ (=ပံသုကူသင်္ကန်းကို ဝတ်ရုံပစေ)။ အလိုရှိသော ရဟန်းသည် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို လက်ခံသာယာဝတ်ရုံပစေ။

(၄) ဒေဝဒတ် ... ငါဘုရားသည် ရှစ်လတို့ပတ်လုံး သစ်ပင်ရင်း အိပ်ရာ နေရာကို ခွင့်ပြုအပ်ပြီး ဖြစ်လေသည်။

(၅) (မြင်ခြင်း၊ ကြားခြင်း၊ ရွံရှာယုံမှားခြင်း) = ဤအစွန်းသုံးပါးမှ ကင်းလွတ် စင်ကြယ်သည့် မမြင်အပ် မကြားအပ် မရွံရှာ မယုံမှားအပ်သည့် ငါး, အမဲကို (စားသုံးဖို့ရန်) ငါဘုရား ခွင့်ပြုအပ်ပြီး ဖြစ်လေသည်”ဟု မိန့်တော်မူ၏။

(ဤ၌ အထူးမှတ်ရန်မှာ - အချက်ကြီး ၅-ချက်ကို ဒေဝဒတ်က တောင်းဆိုလျှင်ပင် “ဤဒေဝဒတ်သည် သံဃာသင်းခွဲလို၍ တောင်းဆိုသည်”ဟု မြတ်စွာဘုရားရှင် သိတော်မူ၏။

ထိုအချက်ကြီး ၅-ချက်ကို ခွင့်ပြုလိုက်လျှင် များစွာသော အမျိုးကောင်းသားတို့အဖို့ရာ မဂ်ဖိုလ်အန္တရာယ် ဖြစ်လေရာသောကြောင့် “မသင့်လျော်ဘူး ဒေဝဒတ် ...”ဟု ပယ်မြစ်တော်မူ၍ -“(၁) အလိုရှိသော ရဟန်းသည် တောကျောင်းနေ ဖြစ်ပစေ” စသည်ကို မိန့်တော်မူလေသည်။

ဤအရာ၌ မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိပြီးလျှင် အမျိုးကောင်းသားသည် မိမိနှင့် သင့်လျော် လျောက်ပတ်သည်ကို သိရာ၏။

ဤ၌ ဘုရားရှင်အလိုတော်ကား ဤဆိုလတ္တံ့သောအတိုင်း ဖြစ်သည်။

(က) ကာယ, ညာဏ ဗလနှစ်ပါး လွန်ကြီးမား၍ တောကျောင်း၌ နေလျက် ရဟန်းတရား ပွားများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊

(ခ) ကာယဗလ နည်းပါး၍ တောကျောင်း၌ မနေနိုင်ဘဲ ရွာကျောင်း၌ နေကာ ရဟန်းတရား ပွားများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊

(ဂ) ကာယဗလ ကြီးမား၊ ခန္တီတရားနှင့် ပြည့်စုံ၍ တောကျောင်း၌ နေလျက်လည်းကောင်း၊ ရွာကျောင်း၌ နေလျက်လည်းကောင်း ရဟန်းတရား ပွားများအားထုတ်က မဂ်ဖိုလ်ရောက်မည့် ရဟန်းတစ်ပါး၊

(ဃ) တောကျောင်း ရွာကျောင်း နှစ်မျိုးလုံး၌ပင် နေလျက် ရဟန်းတရား အားထုတ်သော်လည်း ထိုဘဝ မဂ်ဖိုလ်ကို မရမည့် (=ပဒပရမ) ရဟန်းတစ်ပါး ... ဤသို့ ရဟန်းလေးမျိုး ရှိသည်။

ထိုလေးမျိုးတို့တွင် -

(က)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သောကျောင်း ဖြစ်သည့်ပြင် ထိုရဟန်း တောကျောင်း၌ နေခြင်းဖြင့် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထက်သန်ကြပေလိမ့်မည်။

(ခ)အမှတ်ပြ ရဟန်းကို မြတ်စွာဘုရားရှင်က ရွာကျောင်း၌ပင် နေစေလိုတော်မူသည်။

(ဂ)အမှတ်ပြ ရဟန်းကိုကား မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ဤတောကျောင်းသည် ထိုရဟန်းအဖို့ သင့်လျော် လျောက်ပတ်သောကျောင်း ဖြစ်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထင်သန်ကြပေလိမ့်မည်။

(ဃ)အမှတ်ပြ (ပဒပရမ)ရဟန်းကိုလည်း မြတ်စွာဘုရားရှင်က တောကျောင်း၌သာ နေစေလိုတော်မူသည်။ ထို (ပဒပရမ)ရဟန်း၏ တောကျောင်းနေကာ ဓုတင်ကို မှီဝဲခြင်း၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းများသည် နောက်နောက်ဘဝ၌ မဂ်ဖိုလ်ရရန် ဥပနိဿယည်း ပစ္စည်းဖြစ်နိုင်သည့်ပြင် ထိုရဟန်း၏ တပည့်များလည်း ဆရာ့အတုလိုက်ကာ ကျင့်ကြံကြ၍ တောကျောင်း၌ နေဖို့ရန် စိတ်အား ထက်သန်ကြပေလိမ့်မည်။

ဤသို့လျှင် (ခ)အမှတ်ပြ ကာယဗလနည်းပါး၍ တောကျောင်း၌ မနေနိုင်ဘဲ ရွာကျောင်း၌နေကာ ရဟန်းတရား ပွားများအားထုတ်မှ မဂ်ဖိုလ်ရောက်မည့် ရဟန်းကို ရည်ညွှန်းတော်မူ၍ မြတ်စွာဘုရားသည် “အလိုရှိသော ရဟန်းသည် ရွာနီးကျောင်း၌ နေပစေ” ဟူ၍ မိန့်တော်မူသည်။ ဤရဟန်းကပင် အခြားရဟန်းတို့အားလည်း ရွာကျောင်းနေရန် တံခါးပေါက် ဖွင့်ပေးသကဲ့သို့ ရှိလေသည်။

အကယ်၍ မြတ်စွာဘုရားရှင်က ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မူလိုက်ခဲ့သော် -

(၁) ကာယဗလနည်းပါးသည့် ဖော်ပြရာပါ (ခ)အမှတ်ပြရဟန်း၊

(၂) ငယ်စဉ်အခါ တောကျောင်းနေ၍ အိုမင်းသောအခါ၌ဖြစ်စေ, သလိပ် သည်းခြေ လေ ဒေါသတို့ ဖောက်ပြန်၍ ဓာတ်ချောက်ချားသောအခါ၌ဖြစ်စေ တောကျောင်း၌ (လုံးဝ) နေ၍ မဖြစ်နိုင်တော့ဘဲ ရွာနီးကျောင်း၌ နေထိုင်ကာ ရဟန်းတရားအားထုတ်မှ မဂ်ဖိုလ်ရောက်မည့်ရဟန်း - ဤရဟန်းနှစ်မျိုးတို့အတွက် အရိယမဂ်ကို ဖြတ်တောက်ပစ်လိုက်သကဲ့သို့ ဖြစ်လေရာ၏။

ထိုရဟန်းတို့အဖို့ရာ အရဟတ္တဖိုလ်ကို မရနိုင်တော့လေရာ။

ဤသို့ စသော အကြောင်းများကြောင့် ဒေဝဒတ်၏ တောင်းဆိုချက်ကို လက်ခံတော်မမူခြင်း ဖြစ်သည်။)

(မင်းကွန်းဆရာတော်ဘုရားကြီး၏ ‘မဟာဗုဒ္ဓဝင် - စတုတ္ထတွဲ’ မှ)

+++++

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း - ကိစ္စသင်္ဂဟကို သင်ပြ ပို့ချပေး၏။

+++++

ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာဇောတက ခုဒ္ဒကနိကာယ်၊ ထေရပဒါန်ပါဠိတော်၊ ဂန္ဓောဒကဝဂ်၊ ဓမ္မသဝနိယတ္ထေရအပဒါန်ကို “ချမ်းသာရရန် မျိုးစေ့မှန်” အမည်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

ဓမ္မသဝနိယတ္ထေရအပဒါန်

၁၁၁။ ခပ်သိမ်းသော တရားတို့ကို တဖက်ကမ်းရောက် သိမြင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို ဖော်ပြတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူ၏။

၁၁၂။ ထိုအခါ၌ ငါသည် ထက်မြက်သော အကျင့်ရှိသော ဆံကျစ်ရသေ့ဖြစ်လျက် ရှိ၏။ ထိုအခါ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌ သွားနေ၏။

၁၁၃။ ငါသည် ဘုရားမြတ်၏ အထက်၌ သွားခြင်းငှါ မဝံ့ပေ။ ငှက်တို့သည် ကျောက်တောင်သို့ ရောက်လျှင် သွားခြင်းကို မရသကဲ့သို့ ထို့အတူ ငါသည် သွားခြင်းကို မရပေ။

၁၁၄။ ဣရိယာပုတ်၏ ဤသို့ ပျက်စီးခြင်းသည် ငါ့အား ရှေး၌ မဖြစ်ဖူးပေ။ ရေ၌ ပေါ်၍ သွားသကဲ့သို့ ထို့အတူ ကောင်းကင်၌ ပေါ်၍ သွား၏။

၁၁၅။ မြတ်သောလူပုဂ္ဂိုလ်သည် ငါတို့၏ အောက်၌ (မုချ)ရှိသည် ဖြစ်လတ္တံ့။ ယခု ငါသည် ထိုပုဂ္ဂိုလ်မြတ်ကို ရှာမှီးတော့အံ့။ ငါသည် အကျိုးထူးကို ရသော်လည်း ရတန်ရာ၏။

၁၁၆။ ကောင်းကင်မှ သက်ဆင်းသည်ရှိသော် မမြဲသောတရားကို ဟောကြားလျက်ရှိသော မြတ်စွာဘုရား၏ အသံတော်ကို ကြားနာရ၏။ ထိုအခါ၌ ငါသည် ထိုတရားတော်ကို သင်ယူခဲ့၏။

၁၁၇။ ငါသည် မမြဲသောအမှတ် ‘အနိစ္စသညာ’ကို သင်ယူပြီးလျှင် ငါ၏သင်္ခမ်းကျောင်းသို့ သွားခဲ့၏။ ငါသည် အသက်ထက်ဆုံး နေပြီး၍ ထိုသင်္ခမ်းကျောင်း၌ ကွယ်လွန်ခဲ့၏။

၁၁၈။ စုတိစိတ်ဖြစ်ခါနီးသောအခါ ထိုတရားနာခြင်းကို အမှတ်ရပေ၏။ ကောင်းစွာ ပြုအပ်ခဲ့သော ထိုကံကြောင့် ငါသည် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။

၁၁၉။ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့၏။ ငါးဆယ့်တစ်ကြိမ် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏။

၁၂၀။ ငါသည်လည်း စကြဝတေးမင်း ခုနစ်ဆယ့်တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။ ပြန့်ပြော များပြားသော ပဒေသရာဇ်မင်းးအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၂၁။ ပွားများအပ်ပြီးသော ဣနြေ္ဒရှိသော ရဟန်းသည် အဖအိမ်၌ နေ၍ ဂါထာဖြင့် ဖော်ပြလျက် အမြဲမရှိသောအဖြစ်ကို ဟောတော်မူ၏။

၁၂၂။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရစဉ် ထိုမမြဲသော အမှတ်ကိုသာလျှင် အောက်မေ့၏။ အဆုံးဘဝ၌ကား စုတေခြင်း မရှိသော အရိယာတို့သည် ရောက်အပ်သော နိဗ္ဗာန်ဟူသော အထွတ်အထိပ်ကို ထိုးထွင်း၍ မသိ။

၁၂၃။ သင်္ခါရတရားတို့သည် စင်စစ် အမြဲ မရှိကုန်။ ဖြစ်ခြင်း ပျက်ခြင်း သဘော ရှိကုန်၏။ ဖြစ်ပြီး၍ ချုပ်ကုန်၏။ ထိုသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ချမ်းသာ၏။

၁၂၄။ ဂါထာကို ကြားနာရသည်နှင့်တပြိုင်နက် ရှေးပြုခဲ့သော ကံကို အမှတ်ရခဲ့၏။ တထိုင်တည်းဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၁၂၅။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာရှိလျက် အရဟတ္တဖိုလ်သို့ ရောက်၏။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် (ငါ့)ဂုဏ်ကို သိတော်မူ၍ ရဟန်းပြုပေးတော်မူ၏။

၁၂၆။ ငါသည် သူငယ်ဖြစ်ပါလျက် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့၏။ ငါ့အား ယနေ့ မြတ်စွာဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အဘယ်မှာရှိတော့အံ့နည်း။

၁၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှုပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သူတော်ကောင်းတရားကို ကြားနာရခြင်း၏ အကျိုးပေတည်း။

၁၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဓမ္မသဝနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

(ထေရာပဒါန်ပါဠိတော် မြန်မာပြန် ပဌမတွဲ မှ)

+++

တရားပွဲပြီးသော် တစ်နေ့တာ၏ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Thursday, March 8, 2012

ရှင်ဒေဝဒတ်ဝတ္ထု

ဒေဝဒတ်သည် သံဃာတော်ကို သင်းခွဲပြီးလျှင် ငါးရာသော ရဟန်းတို့ကို ခေါ်ယူ၍ ဂယာသီသ၌ နေလေ၏။

ထိုအခါ သဗ္ဗညုဘုရားရှင်က သာရိပုတ္တရာ, မောဂ္ဂလာန်တို့ကို စေ၍ ရဟန်းတို့ကို ခေါ်ယူစေလျှင် ရှင်ဒေဝဒတ်သည် အိပ်ပျော်၍ နေရကား ကောကာလိကသည် လာပြီးလျှင် -

“ငါ့ရှင် ဒေဝဒတ် ... ထလော့၊ သင်၏တပည့်တို့ကို သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် ခေါ်ယူသွားလေပြီ။ မဆွကပင် သင့်အား ငါသည် သာရိပုတ္တရာ မောဂ္ဂလာန်တို့နှင့် အကျွမ်းမဝင်လင့်ဟု ဆိုငြားသော်လည်း ငါ့စကားကို နားမထောင်”ဟု ဆို၍ ပုဆစ်ဒူးစပ်နှင့် ရင်ဘတ်ကို ကျောက်ကန်၏။

ယင်းသို့ ကျောက်ကန်လျှင် ဒေဝဒတ်၏ အာခံတွင်းမှ သွေးပူအလျှံသည် အန်ထွက်၏။

ထိုအခါမှ စ၍ ဒေဝဒတ်သည် ကိုးလတို့ပတ်လုံး ပြင်းပြစွာ နာ၏။

အဆုံးစွန်သော သေခါနီးကာလ၌ သဗ္ဗညုဘုရားကို ဖူးမြင်လိုသည် ဖြစ်၍ မိမိတပည့်တို့ကို ခေါ်ဆို၏။

ငါသည် သဗ္ဗညုဘုရားကို ဖူးမြင်လို၏။ သဗ္ဗညုဘုရားကို ငါ့အား ပြပါကုန်လော့ဟု ဆိုသော် -

‘ဆရာ ... သင်သည် ရှေး ကျန်းမာပကတိ ရှိသည့်ကာလ ဘုရားသဗ္ဗညု၏ ရန်သူဖြစ်၍ လှည့်လည်၏။ ယခု အနာလွှမ်း၍ မကျန်းမမာသည့်ကာလမှ ဖူးမြင်လိုသော ဆရာ့ကို ငါတို့ သဗ္ဗညုဘုရားအထံသို့ မဆောင်ဝံ့ကုန်’ဟု ဆိုသော် -

‘တပည့်တို့ ... ငါ့ကို မပျက်ပါစေကုန်လင့်။ ငါသာ ဘုရားသဗ္ဗညု၌ ရန်ငြိုးဖွဲ့ခြင်းကို ပြုအပ်၏။ သဗ္ဗညုဘုရားကား ငါ့အား တစ်ဆံဖျားမျှ ရန်ငြိုးထားခြင်း မရှိ’ဟု ဆို၏။

ဝဓကေ ဒေဝဒတ္တမှီ, စောရေ အင်္ဂုလိမာလကေ၊

ဓနပါလေ ရာဟုလေ စေဝ, သဗ္ဗတ္ထ သမမာနသော။

(အပဒါန်ပါဠိတော်)

ဝဓကေ = သတ်တတ်သော။

ဒေဝဒတ္တမှိ = ဒေဝဒတ်၌လည်းကောင်း။

အင်္ဂုလိမာလကေ = အင်္ဂုလိမာလ အမည်ရှိသော။

စောရေ = သတ်မည်လိုက်သော ခိုးသူ၌လည်းကောင်း။

ဓနပါလေ = ထိုးမည့်လာသော နာဠာဂီရိဆင်၌လည်းကောင်း။

ရာဟုလေ စေဝ = ရင်သွေးရင်သား ချစ်ဖွယ်များသည့် သားတော်ရာဟုလာ၌လည်းကောင်း။

သဗ္ဗတ္ထ = အလုံးစုံသော သူတို့၌။

သမမာနသော = တူမျှသောစိတ် ရှိတော်မူ၏။

ဒေဝဒတ်လည်း သဗ္ဗညုဘုရားကို ငါ့အား ပြပါဟု ထပ်ကာ ထပ်ကာ တောင်းပန်၏။

ယင်းသို့ အထပ်ထပ် တောင်းပန်သောကြောင့် တပည့်တို့သည် ဒေဝဒတ်ကို ညောင်စောင်းဖြင့် ယူဆောင်၍ ထွက်ကြကုန်၏။

ရဟန်းတို့သည်လည်း ဘုရားမြတ်စွာအား ဒေဝဒတ်၏ အဖူးအမြင်လာကြောင်းကို ကြား၍ ဘုရားသဗ္ဗညုအား - “ဘုန်းတော်ကြီးလှသော ဘုရား ... ဒေဝဒတ်ကား အရှင်ဘုရားအား ဖူးမြင်ခြင်းငှာ လာသတဲ့”ဟု လျှောက်ကုန်၏။

သဗ္ဗညုဘုရားလည်း “ချစ်သားတို့ ... ဒေဝဒတ်ကား ဤအတ္တဘောဖြင့် ငါဘုရားကို ဖူးမြင်ခြင်းငှာ မရထိုက်”ဟု မိန့်တော်မူ၏။

ရဟန်းတို့အား ငါးပါးသော ဝတ္ထုတို့ကို တောင်းသော ကာလမှ စ၍ ဘုရားရှင်ကို တဖန် ဖူးမြင်ပြန်ခြင်းငှာ မရကုန်သတတ်။ ဤသို့ မရခြင်းသည် သဘောဓမ္မတာတည်း။

ဘိက္ခူ ကိရ ပဉ္စန္နံပိ ဝတ္ထူနံ အာယာစိတကာလတော ပဋ္ဌာယ ပုန ဗုဒ္ဓံ ဒဋ္ဌုံ န လဘန္တိ၊ အယံ ဓမ္မတာ။

(ဓမ္မပဒ အဋ္ဌကထာ)

ဘိက္ခူ = ရဟန်းတို့သည်။

ပဉ္စန္နံပိ = ငါးပါးလည်းဖြစ်ကုန်သော။

ဝတ္ထူနံ = ဝတ္ထုတို့ကို။

အာယာစိတကာလတော = တောင်းသော ကာလမှ။

ပဋ္ဌာယ = စ၍။

ပုန = တဖန်။

ဗုဒ္ဓံ = ဘုရားရှင်ကို။

ဒဋ္ဌုံ = ဖူးမြင်ခြင်းငှာ။

န လဘန္တိ ကိရ = မရကုန်သတတ်။

အယံ = ဤသို့ မရခြင်းသည်။

ဓမ္မတာ = သဘောတည်း။

ရဟန်းတို့လည်း “ဘုန်းတော်ကြီးလှသော ဘုရား ... ဒေဝဒတ်ကား ဤမည်သော အရပ်သို့ ရောက်ချေပြီ”ဟု လျှောက်ကုန်၏။

သဗ္ဗညုဘုရားလည်း “ရောက်စေ၊ ထိုဒေဝဒတ်ကား ငါဘုရားကို ဖူးမြင်ခြင်းငှာ မထိုက်” ဟူ၍သာ မိန့်တော်မူ၏။

“ဘုန်းတော်ကြီးလှသော ဘုရား ... ဤမှ တစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်သို့ ရောက်ချေပြီ။ ယူဇနာခွဲသော အရပ်သို့ ရောက်ချေပြီ။ တစ်ဂါဝုတ်မျှလောက်သော အရပ်သို့ ရောက်ချေပြီ။ ဇေတဝန်ကျောင်းတော်၏ အနီးအပါး ရေကန်နားသို့ ရောက်ချေပြီ”ဟု လျှောက်ကုန်၏။

“ဇေတဝန်ကျောင်းတွင်းသို့ပင် ဝင်ပစေ၊ ဒေဝဒတ်ကား ငါဘုရားကို မဖူးမမြင်ထိုက်သည်သာတည်း”ဟု မိန့်တော်မူ၏။

ဒေဝဒတ်ကို ဆောင်ယူ၍ လာသောသူတို့သည် ဇေတဝန်ကျောင်းတော်၏ အနီးအပါး ရေကန်နား၌ ညောင်စောင်းကို ချ၍ ရေချိုးခြင်းငှာ ရေကန်တွင်းသို့ ဆင်းကုန်၏။ ဒေဝဒတ်လည်း ညောင်စောင်းမှ ထွက်၍ နှစ်ဖက်သော ခြေတို့ကို မြေဝယ်ထား၍ ထိုင်၏။

(ပုံ - http://www.gakkaionline.net/mandala/devaDKD.html မှ ယူ၏။)

နှစ်ချောင်းသော ခြေတို့သည် မြေသို့ ဝင်ကုန်၏။

ဒေဝဒတ်သည် အစဉ်သဖြင့် ဖမျက်၊ ပုဆစ်၊ ခါး၊ သားမြတ်၊ လည်တိုင်အောင် မြေသို့ ဝင်၍ မေးရိုး၏ မြေ၌တည်သောကာလ သဗ္ဗညုဘုရားကို ရှိခိုးလျက် -

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ

ဒေဝါတိဒေဝံ နရဒမ္မသာရထိံ။

သမန္တစက္ခုံ သတပုညလက္ခဏံ၊

ပါဏေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။ ဟူသော ဂါထာကို ဆို၏။

အဟံ = ငါသည်။

အဂ္ဂပုဂ္ဂလံ = မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော။

ဒေဝါတိဒေဝံ = သမ္မုတိနတ် ဥပပတ္တိနတ်တို့ထက် လွန်မြတ်သော ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော။

နရဒမ္မသာရထိံ = လူနတ်တို့ကို ဆုံးမတော်မူတတ်ထသော။

သမန္တစက္ခုံ = ထက်ဝန်းကျင်မှ မြင်စွမ်းနိုင်သော သဗ္ဗညုတဉာဏ် ရှိတော်မူထသော။

သတပုညလက္ခဏံ = အရာမကသော ဘုန်းဖြင့် မှတ်အပ်ထသော။

တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို။

ဣမေဟိ အဋ္ဌီဟိ = ဤအရိုးတို့ဖြင့်လည်းကောင်း။

ဣမေဟိ ပါဏေဟိ = ဤအသက်တို့ဖြင့်လည်းကောင်း။

သရဏံ သရဏံ ဣတိ = ကိုးကွယ်ရာဟူ၍။

ဂတော = ဆည်းကပ်သည်။

အသ္မိ = ဖြစ်၏။

ဤသို့ ကိုးကွယ် ဆည်းကပ်ခြင်းတည်းဟူသော အကြောင်းကို မြင်တော်မူသောကြောင့် သဗ္ဗညုဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုတော်မူ၏။

ဒေဝဒတ်သည် အကယ်၍ ရဟန်းမပြုငြားအံ့၊ လူဖြစ်လျက်လည်း လေးသော မကောင်းမှုကံကို ပြုလတ္တံ့။ ရဟန်းပြု၍ကား လေးသော မကောင်းမှုကံကို အကယ်၍ ပြုလတ္တံ့၊ ယင်းသို့ပင် ပြုသော်လည်း နောင်အခါ ဘဝမှ ထွက်မြောက်ခြင်း၏ အကြောင်းကို ပြုနိုင်လတ္တံ့။ ထို့ကြောင့် သဗ္ဗညုဘုရားသည် ဒေဝဒတ်ကို ရဟန်းပြုတော်မူသတည်း။ ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဤကပ်မှ ကပ်တစ်သိန်းထက်၌ ‘အဋ္ဌိဿရ’အမည်ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။

သော ဟိ ဣတော သတသဟဿကပ္ပမတ္ထကေ အဋ္ဌိဿရော နာမ ပစ္စေကဗုဒ္ဓေါ ဘဝိဿတိ။

(ဓမ္မပဒအဋ္ဌကထာ)

ဟိ သစ္စံ = မှန်၏။

သော = ထိုဒေဝဒတ်သည်။

ဣတော = ဤကပ်မှ။

သတသဟဿ ကပ္ပမတ္ထကေ = ကပ်တစ်သိန်းထက်၌။

အဋ္ဌိဿရော နာမ = အဋ္ဌိဿရ အမည်ရှိသော။

ပစ္စေကဗုဒ္ဓေါ = ပစ္စေကဗုဒ္ဓါသည်။

ဘဝိဿတိ = ဖြစ်လတ္တံ့။

ဤဒေဝဒတ်လည်း ဗျာဓိဒုက္ခ မကင်းသောကြောင့် အတိုင်းမသိသော အနပ္ပကမ်းသော ကာယိကဒုက္ခ စေတသိကဒုက္ခကို ခံစားရချေ၏။

(အနပ္ပကမ်းသော = အလွန်များသော)

+++++

ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော်ဘုရားကြီးသံဝေဂဝတ္ထုဒီပနီ မှ

Wednesday, March 7, 2012

မဟာပိင်္ဂလဇာတ်

ဟောတော်မူရာဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “သဗ္ဗော ဇနော” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာပိင်္ဂလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု

ဒေဝဒတ်သည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ခြင်းကြောင့် ကိုးလလွန်သဖြင့် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ မြေမျို၏။

ဇေတ၀န်ကျောင်းတော်၌ နေကုန်သော သူတို့သည်လည်းကောင်း၊ တိုင်းအလုံး၌ နေကုန်သော သူတို့သည်လည်းကောင်း ``ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေ၀ဒတ်ကို မြေမျို၏။ ယခု မြတ်စွာဘုရားသည် ပျောက်ကင်းသော ရန်သူရှိ၏´´ဟု နှစ်သက် ရွှင်လန်းခြင်း ဖြစ်ကုန်၏။

ထိုသူတို့၏ စကားကို အဆင့်ဆင့်သော အသံဖြင့် ကြားကုန်၍ ဇမ္ဗူဒီပါကျွန်းအလုံး၌ နေကုန်သော ဘီလူး ဘုမ္မဇိုဝ်း ရုက္ခစိုး)် နတ်အပေါင်းတို့သည်လည်း နှစ်သက် ရွှင်လန်းကုန်သည်သာလျှင် ဖြစ်ကုန်၏။

ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ``ငါ့ရှင်တို့ ဒေ၀ဒတ်ကို မြေမျိုသည်ရှိသော် ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေ၀ဒတ်ကို မြေမျို၏ဟု လူများသည် နှစ်သက်သော စိတ်ရှိသည် ဖြစ်၏´´ဟု စကားကို ဖြစ်စေကုန်၏။

မြတ်စွာဘုရားသည် လာတော်မူလတ်၍ ``ရဟန်းတို့ ... ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်သနည်း´´ဟု မေးတော်မူလတ်၍ ``ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏´´ဟု နားတော်လျှောက်သည်ရှိသော် ``ရဟန်းတို့ ... ယခုအခါ၌သာလျှင် ဒေ၀ဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည် မဟုတ်သေး။ ရှေး၌လည်း ဒေ၀ဒတ်သည် သေသည်ရှိသော် လူအများသည် နှစ်သက် ရွှင်လန်းသည်သာလျှင်တည်း´´ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

+++++

အတိတ်ဝတ္ထု

ရဟန်းတို့ ... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပိင်္ဂလ အမည်ရှိသော မင်းသည် တရားမစောင့်၊ တိုင်းသူပြည်သားအပေါ် အညီအမျှမပြုဘဲ မင်းပြု၏။

ချစ်ခြင်း အစရှိသည်တို့၏ အစွမ်းအားဖြင့် မကောင်းမှုကို ပြုလျက် ရာဇ၀တ် မင်းဒဏ်ပေးခြင်း၊ အခွန်အတုတ်ယူခြင်း၊ ရွေ့ရှားစေခြင်း၊ အသပြာယူခြင်း အစရှိသည်ကို ပြုသဖြင့် ကြံညှစ်ယန္တရားတို့ဖြင့် ကြံကို ညှစ်ဘိသကဲ့သို့ လူများကို နှိပ်စက် ညှဉ်းဆဲ၏။ ကြမ်းတမ်း ရုန့်ရင်း၏။ နိုင်ထက်ကလူ မူတတ်၏။ သူတပါးတို့၌ ထိုမဟာပိင်္ဂလမင်း၏ အနည်းငယ်မျှသော သနားခြင်းမည်သည် မရှိ။

အိမ်၌ မိန်းမတို့သည်လည်းကောင်း၊ သားသမီးတို့သည်လည်းကောင်း၊ အမတ် ပုဏ္ဏား သူကြွယ်တို့သည်လည်းကောင်း မချစ်မနှစ်သက်အပ်သည် ဖြစ်၏။ မျက်စိ၌ကျသော မြူကဲ့သို့လည်းကောင်း၊ ထမင်းဆုပ်၌ ကျသော ကျောက်စရစ်ကဲ့သို့လည်းကောင်း၊ ဖနောင့်ကို စူး၍၀င်သော ဆူးကဲ့သို့လည်းကောင်း ဖြစ်စေ၏။

ထိုအခါ ဘုရားလောင်းသည် မဟာပိင်္ဂလမင်း၏ သားဖြစ်၏။

မဟာပိင်္ဂလမင်းသည် အချိန်ကာလ ကြာမြင့်စွာ မင်းအဖြစ်ကို ပြု၍ သေ၏။

မတရားမင်း သေ၍ ၀မ်းသာကြပုံ

ထို မဟာပိင်္ဂလမင်းသည် သေသည်ရှိသော် ဗာရာဏသီပြည်၌ နေသော သူတို့သည် နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍ သည်းစွာသော ရယ်ခြင်းကို ရယ်ကုန်၏။

လှည်းအထောင်တို့ဖြင့် မဟာပိင်္ဂလမင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၍ များစွာကုန်သော ရေအိုအထောင်တို့ဖြင့် သင်းချိုင်းမီးကို ငြိမ်းစေကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက်သွန်းကုန်၍ ``ငါတို့သည် တရားစောင့်သော မင်းကို ရကုန်ပြီ´´ဟု နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ မြို့၌ ပွဲခံခြင်းကို ပြုကုန်၍ စည်လည်စေ၍ စိုက်အပ်သော တံခွန် ကုက္ကားရှိသည်ဖြစ်၍ မြို့ကို တန်ဆာဆင်ကုန်၍ တံခါးတိုင်း တံခါးတိုင်း မဏ္ဍပ်ကို ဆောက်စေ၍ ကြဲအပ်သော မိုးစွေပန်း ပေါက်ပေါက်ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော တန်ဆင်ဆင်အပ်သော မဏ္ဍပ်တို့၌ နေကုန်၍ ခဲလည်း ခဲစားကုန်၏။ သောက်လည်း သောက်ကုန်၏။

ဘုရားလောင်းသည်လည်း တန်ဆာဆင်အပ်သော ပြာသာဒ်၌ စိုက်အပ်သော ထီးဖြူရှိသော မြတ်သောပလ္လင်၏ အလယ်၌ များစွာသော စည်းစိမ်ကို ခံစားလျက် နေ၏။ အမတ် ပုဏ္ဏား သူကြွယ်တို့သည်လည်းကောင်း၊ တိုင်း၌ နေသောသူ တံခါးစောင့် အစရှိသော သူတို့သည်လည်းကောင်း မင်းကို ခြံရံ၍ တည်ကုန်၏။

တံခါးစောင့် ငိုကြွေးခြင်း

ထိုအခါ တယောက်သော တံခါးစောင့်သည် မဝေးလွန်းသော အရပ်၌ တည်၍ ပြင်းစွာသော ထွက်သက်ကို ဖြစ်စေလျက် ပြင်းစွာသော ၀င်သက်ကို ဖြစ်စေလျက် ငို၏။

ဘုရားလောင်းသည် ထိုတံခါးစောင့်ကို မြင်၍ ``ငါ၏ အဖသည် သေသည်ရှိသော် ခပ်သိမ်းကုန်သော သူတို့သည် နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍ ပွဲလမ်းသဘင်ကို ကစားကုန်၏။ သွားလာကုန်၏။ သင်တမူကား ငိုလျက် တည်၏။ ငါ၏ ခမည်းတော်ကို သင်သည် ချစ်မြတ်နိုးသလော´´ဟု မေးလိုရကား -

၁၇၉။ သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊

တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။

ပိယော နု တေ အာသိ အကဏှနေတ္တော၊

ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။ ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၁၁။)

+++

ဘော ဒွါရပါ - အို တံခါးစောင့်။

ပိင်္ဂလေန - ပိင်္ဂလမင်းသည်။

သဗ္ဗော - အလုံးစုံသော။

ဇနော - လူအပေါင်းကို။

ဟိံသိတော - ညှဉ်းဆဲအပ်၏။

တသ္မိံ - ထိုပိင်္ဂလမင်းသည်။

မတေ - သေသည်ရှိသော်။

သဗ္ဗေ - ခပ်သိမ်းကုန်သော။

ဇနာ - လူတို့သည်။

ပစ္စယာ - နှစ်သက်ခြင်းတို့ကို။

ဝေဒယန္တိ - ခံစားကုန်၏။

တေ - သင်သည်ကား။

အကဏှနေတ္တော - ကြောင်သော မျက်စိရှိသည်၏ အဖြစ်ကြောင့် အကဏှနေတ္တဟု ဆိုအပ်သော ပိင်္ဂလမင်းကို။

ပိယော - ချစ်သည်။

အာသိ နု - ဖြစ်သလော။

တွံ - သင်သည်။

ကသ္မာ - အဘယ့်ကြောင့်။

ရောဒသိ နု - ငိုဘိသနည်း။

ထိုတံခါးစောင့်သည် ထိုဘုရားလောင်း၏ စကားကို ကြား၍ ``မြတ်သောမင်းကြီး ... အကျွန်ုပ်သည် သေသော ပိင်္ဂလမင်းကို အောက်မေ့၍ မငို။ အကျွန်ုပ်၏ ဦးခေါင်းအား ချမ်းသာခြင်းသည် ဖြစ်ပေပြီ။ ထိုစကားသည် မှန်၏။ ပိင်္ဂလမင်းသည် ပြာသာဒ်မှ သက်သော်လည်းကောင်း၊ တက်သော်လည်းကောင်း ပန်းပဲတို့၏ ပေ၌ တူဖြင့် ရိုက်ဘိသကဲ့သို့ အကျွန်ုပ်၏ ဦးခေါင်း၌ ရှစ်ချက် ရှစ်ချက် ရိုက်ခြင်းကို ပေး၏။

ထိုပိင်္ဂလမင်းသည် တမလွန်ဘ၀၌ ငရဲသို့လား၍လည်း ငါ၏ဦးခေါင်းကို ရိုက်ခြင်းကို ပေးဘိသကဲ့သို့ ငရဲစောင့်တို့၏ ဦးခေါင်းကို ရိုက်ခြင်းကို ပေးလတ္တံ့။ ထိုငရဲထိန်းတို့၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးလတ်သည်ရှိသော် ထိုပိင်္ဂလမင်းကို ငရဲထိန်းတို့သည် ``ဤမင်းသည်ကား ငါတို့ကို အလွန်လျှင် ညှဉ်းဆဲ၏´´ဟု ဤအရပ်သို့သာလျှင် တဖန် ပို့လိုက်ကုန်၍ လွတ်လာရာ၏။ ထိုသို့ လွတ်လာသည်ရှိသော် ထိုပိင်္ဂလမင်းသည် တဖန်လည်း အကျွန်ုပ်၏ ဦးခေါင်း၌ ရိုက်ခြင်းကို ပေးပြန်ရာ၏ဟု ဤသို့ ကြောက်သောကြောင့် ငို၏´´ဟု ဆိုလို၍ -

၁၈၀။ န မေ ပိယော အာသိ အကဏှနေတ္တော၊

ဘာယာမိ ပစ္စာဂမာနယ တဿ။

ဣေတာ ဂေတာ ဟႎေသယ် မစၥဳရာဇံ၊

သော ဟိံသိတော အာနေယျ ပုန ဣဓ။ ဟူသော နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၂၁။)

+++

မဟာရာဇ - မြတ်သောမင်းကြီး။

မေ - အကျွန်ုပ်သည်။

အကဏှနေတ္တော - ပိင်္ဂလမင်းကို။

ပိယော - ချစ်အပ်သည်။

န အာသိ - မဖြစ်။

သော - ထိုပိင်္ဂလမင်းသည်။

ဣတော - ဤဘ၀မှ။

ဂတော - တမလွန်ဘ၀သို့ ရောက်လေသည်ရှိသော်။

မစ္စုရာဇံ - သေမင်းကို။

ဟိံသေယျ - ညှဉ်းဆဲရာ၏။

သော - ထိုပိင်္ဂလမင်းသည်။

ဟိံသိတော - ညှင်းဆဲခြင်းကြောင့်။

တံ - ထိုပိင်္ဂလမင်းကို။

ဣဓ - ဤအရပ်သို့။

ပုန -တဖန်။

ပစ္စုရာဇာ - သေမင်းသည်။

အာနေယျ - ပို့လာပြန်ရာ၏။

တဿ - ထိုပိင်္ဂလမင်း၏။

ပစ္စာဂမနာယ - တဖန် လာပြန်ခြင်းမှ။

ဘာယာမိ - ကြောက်လှ၏။

+++

သေသူ ပြန်မလာတော့ပြီ

ထိုအခါ ထိုတံခါးစောင့်ကို ဘုရားလောင်းသည် ``ထိုပိင်္ဂလမင်းကို ထင်းတို့၏ လှည်းအထောင်တိုက်ဖြင့် သင်္ဂြိုဟ်အပ်လေပြီ။ သင်္ဂြိုဟ်အပ်ပြီးသော ပိင်္ဂလမင်း၏ သင်းချိုင်းမြေကိုလည်း ထက်ဝန်းကျင်မှ တူးအပ်ပြီ။ ဓမ္မတာသဘောအားဖြင့်လည်း တမလွန်ဘ၀သို့ သွားကုန်သော သူတို့မည်သည် တပါးသော ဘ၀၌ တည်ရာနေရာ ရလေကုန်၏။ တဖန် ထိုကိုယ်ဖြင့်လျှင် မလာနိုင်ကုန်။ သင်သည် မကြောက်လင့်´´ဟု တံခါးစောင့်ကို နှစ်သိမ့်စေလျက် -

၁၈၁။ ဒဍ္ဎော ၀ါဟသဟေဿဟိ၊

သိတ္တော ဃဋသတေဟိ သော။

ပရိက္ခတာ စ သာ ဘူမိ၊

မာ ဘာယိ နာဂမိဿတိ။ ဟူသော ဤဂါထာကို ဆို၏။ (ဇာ-ဋ္ဌ။ ၂။ ၂၂၂။)

+++

ဒေါဝါရိက - တံခါးစောင့်။

သော - ထိုပိင်္ဂလမင်းကို။

ဝါဟသဟေဿဟိ - ထင်းလှည်း အထောင်တိုက်တို့ဖြင့်။

ဒဍ္ဎော - မီးတိုက်အပ်ပြီ။

ဃဋသတေဟိ - ရေအိုးအရာတို့ဖြင့်။

သိတ္တော - ရေသွန်းအပ်ပြီ။

သာ စ ဘူမိ - ထိုသင်းချိုင်းရာမြေကိုလည်း။

ပရိက္ခတာ - တူးအပ်ပြီ။

တွံ - သင်သည်။

မာ ဘာယိ - မကြောက်လင့်။

ပိင်္ဂလော - ပိင်္ဂလမင်းသည်။

နာဂမိဿတိ - မလာတော့လတ္တံ့။

ထိုအခါမှ စ၍ တံခါးစောင့်သည် သက်သာရာကို ရလေ၏။ ဘုရားအလောင်းသည်လည်း တရားသဖြင့် မင်းပြု၍ အလှူအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ``ယခုအခါ ဒေ၀ဒတ်သည် ထိုအခါ ပိင်္ဂလမင်း ဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပိင်္ဂလမင်း၏သား ဖြစ်ဖူးပြီ´´ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတရားမင်း၊ နိုင်ငံတွင်း၊ မုန်းခြင်း ခံရသည်။

+++++

(မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး၏ ငါးရာငါးဆယ်ဇာတ်ဝတ္ထု ဒုတိယတွဲ မှ)

+++++

မင်းဆိုးမင်းညစ် ပိင်္ဂလ

(၁)

ရှေးသရောအခါက ဗာရာဏသီပြည်၌

မဟာပိင်္ဂလအမည်ရှိသော မင်းသည်

စည်းမဲ့ကမ်းမဲ့ တရားမဲ့စွာ မင်းပြုလေသည်။

ထင်ရာစိုင်း၍ ထင်တိုင်းလုပ်လေသည်။

အခွန်ဘဏ္ဍာကောက်ခံရာတွင် တိုင်းပြည်လူထုကို

ကြံကြိတ်စက်ဖြင့် ကြံရည်ကြိတ်ဘိသကဲ့သို့

ညှစ်ကြိတ် နှိပ်စက်လေ၏။

ထိုမင်းသည် ရက်စက်သည်။ ကြမ်းကြုတ်သည်။

နှိပ်စက်ကလူ ပြုမူသည်။

သူတပါးအပေါ်တွင် ကြင်နာမှု လုံးဝ မရှိ။

အိမ်တော်တွင်း၌ မိဖုရား မောင်းမမိဿံနှင့်တကွ

သားတော် သမီးတော် မှူထမ်းရာထမ်းများကို ဖိနှိပ်ချုပ်ချယ်သည်။

အရပ်ထဲတွင်လည်း အမတ် ပုဏ္ဏား ရပ်သူရွာသားများကို မညှာမတာ ပြုမူသည်။

ထိုမင်းသည် မျက်စိထဲ ၀င်သော ဖုန်မှုန့်နှင့် တူ၏။

ဟင်းထဲပါသော ကျောက်ခဲနှင့် တူ၏။

ဖနောင့်ထဲ စူးသော ဆူးနှင့် တူ၏။

(၂)

ထိုအခါ၌ ဘုရားအလောင်းသည် မဟာပိင်္ဂလမင်း၏ သားတော်ဖြစ်လေသည်။

မင်းသည် ကာလကြာရှည်စွာ မင်းမူ၍

နတ်ရွာစံ ကံတော်ကုန်သောအခါ

ဗာရာဏသီပြည်သူပြည်သားအပေါင်းသည်

သောင်းသောင်းဖြဖြ ရွှင်လန်းနှစ်သက်ကြ၍

လွန်စွာ ရယ်မော ပျော်ပါးကြကာ

မဟာပိင်္ဂလမင်းကို လှည်တထောင်တိုက် ထင်းတို့ဖြင့် မီးသင်္ဂြိုဟ်ကြသည်။

ရေအိုးတထောင်ဖြင့် မီးကို ငြှိမ်းသတ်ကြသည်။

ပြီးလျှင် ဘုရားလောင်းကို မင်းမြှောက်ကြလေသည်။

ထို့ပြင် ပြည်သူလူထုသည် ၀မ်းသာအားရ ရှိလှသဖြင့်

အောင်စည်အောင်မောင်းတီးကာ

မင်းကောင်းမင်းမြတ်ကို ငါတို့ ရကြပြီဟု ကြွေးကြော်ကြသည်။

နေပြည်တော်ကို တံခွန် ကုက္ကား မုလေးပွားတို့နှင့် တန်ဆာဆင်ကြလေသည်။

မြို့တံခါးပေါက်တို့၌ ပဏ္ဍပ်ကနား ဆောက်လုပ်ကာ

မြေပြင်တွင် ပေါက်ပေါက်ကြဲကြ၏။

ပန်းပွင့်ဖြူးကြ၏။

ထို့နောက် ၀ိုင်းထိုင်ကြကာ စားကြသောက်ကြ ပျော်ရွှင် မြူးတူးကြလေသည်။

ဘုရားလောင်းသည်လည်း တန်ဆာဆင်ထားသော

ပလ္လင်တော်အလယ်၌ ခမ်းနားစွာ စံစားနေလေသည်။

(၃)

ထိုအခိုက်တွင် မနီးမဝေးရှိ တံခါးစောင့် တယောက်သည် ရှိုက်ကြီးတငင် ငိုလေ၏။

ဘုရားလောင်းက မြင်သောအခါ

အချင်းတံခါးစောင့် ... ငါ့ခမည်းတော် နတ်ရွာစံသဖြင့်

ပြည်သူလူထုသည် နှစ်သက်ရွှင်လန်းကာ

ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလျက်

လှည့်ပတ် ပျော်ရွှင်ကြသည်။

အသင်မူကား ငိုယိုလျက် ရှိ၏။

ဘာကြောင့်ပါလဲ?

ခမည်းတော်သည် အသင့်ကို ချစ်ခင်နှစ်သက်ပါသလားဟု မေး၍

ပထမဂါထာကို ရွတ်ဆိုလေသည်။

(ပါဠိ)

သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊

တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။

ပိယော နု တေ အာသိ အကဏှနေတ္တော၊

ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။

(မြန်မာ)

လူမြင်တိုင်းကို သူ ညှဉ်းဆဲ

ပိင်္ဂလမင်း မျက်စိမွဲ။

သူသေသောအခါ လူအားလုံး

ပျော်ကြရွှင်ကြ တပြုံးပြုံး။

မျက်ရည်ကျကာ သင်မူကား

သူ့ကိုချစ်၍ ငိုသလား

အို တံခါးစောင့် မောင်ယောက်ျား။

ထိုစကားကို ကြားလျှင် တံခါးစောင့်က

အရှင်မင်းမြတ်၊ မဟာပိင်္ဂလမင်းကြီး နတ်ရွာစံ၍ ကျွန်တော်မျိုး ငိုသည် မဟုတ်ပါ။

ကျွန်တော်မျိုး၏ ဦးခေါင်းသည် ယခု ချမ်းသာရာ ရသွားပါပြီ။

မဟာပိင်္ဂလမင်းကြီးသည် နန်းတော်အောက်သို့ ဆင်းသောအခါ၌လည်းကောင်း၊

နန်းတော်ထက်သို့ တက်သောအခါ၌လည်းကောင်း၊

ပန်းပဲသမားသည် သံကို တူနှင့်ထုနှက်သကဲ့သို့

ကျွန်တော်မျိုး၏ ဦးခေါင်းငယ်ထိပ်ကို လက်သီးဖြင့် ရှစ်ကြိမ်ရှစ်ခါ ထိုးနှက်ပါသည်။

ယခု မင်းကြီး ငရဲပြည်သို့ ရောက်လျှင် ကျွန်တော်မျိုးကို ထိုးနှက်သကဲ့သို့

ငရဲသားတို့၏ ဦးခေါင်းငယ်ထိပ်ကို ထိုးနှက်ပါလိမ့်မည်။

ထိုအခါ ငရဲသားတို့က ဤသူသည် ငါတို့ကို ညှဉ်းဆဲ နှိပ်စက်လှသည်ဟု ညည်းညူ၍

မင်းကြီးကို ခေါ်ကာ လူ့ပြည်ကို ပြန်ပို့ပါလျှင်

ကျွန်တော်မျိုးသည် အထိုးအနှက် ခံရပြန်တော့မည်။

ထို့ကြောင့် ကျွန်တော်မျိုး ငိုပါ၏ ဟူ၍ လျှောက်ထားကာ

ဒုတိယဂါထာကို ရွတ်ဆိုလေသည်။

(ဂါထာ)

န မေ ပိယော အာသိ အကဏှနေတ္တော၊

ဘာယာမိ ပစ္စာဂမနာယ တဿ။

ဣေတာ ဂေတာ ဟႎေသယ် မစၥဳရာဇံ၊

သော ဟိံသိတော အာနေယျ ပုန ဣဓ။

(မြန်မာ)

မှန်ပါ့ဘုရား၊ အိုမင်းမြတ်

ကျွန်တော်မျိုးသည် စဉ်မပြတ်

ပိင်္ဂလကို တွေးမိက

ထိတ်လန့်ကြောက်ရွံ့ ကြက်သီးထ။

ထိုမင်းရောက်သွား ငရဲမှာ

အခါတိုင်းလို မညှာတာ

ငရဲမင်းကို အနိုင်ကျင့်

ငရဲမင်းကြီး ကြောက်သဖြင့်

လူ့ပြည်ရပ်သို့ ပြန်ပို့မည်

စိုးရိမ်မိ၍ ငိုပါသည်။

ထိုအခါ မင်းကြီးက

အို ... တံခါးစောင့်၊ ပိင်္ဂလမင်းကို လှည်းအစီးတထောင်တိုက် ထင်းတို့ဖြင့် မီးရှို့ပစ်လိုက်ပါပြီ။

မီးကို ရေအိုးတရာဖြင့် ငြိမ်းသတ်ပြီးပါပြီ။

သင်္ချိုင်းမြေကိုလည်း တူးဆွ လှန်လှောလိုက်ပါပြီ။

အသင် မစိုးရိမ်ပါနှင့်။

ပိင်္ဂလမင်း မလာတော့ပါ။

ထုံးစံအတိုင်းဆိုလျှင်လည်း သေသောသူသည် ပြန်လာရိုးမရှိဟု ပြောကာ

ဤဂါထာကို ရွတ်ဆိုလေသည်။

(ဂါထာ)

ဒဍ္ဎော ၀ါဟသဟေဿဟိ၊

သိတ္တော ဃဋသတေဟိ သော။

ပရိက္ခတာ စ သာ ဘူမိ၊

မာ ဘာယိ နာဂမိဿတိ။

(မြန်မာ)

မစိုးရိမ်နှင့် မောင်ယောက်ျား

ပိင်္ဂလမင်း သေကောင်အား

လှည်းတထောင်တိုက် ထင်းတို့နှင့်

မီးသင်္ဂြိုဟ်ပြီး ဖြစ်သဖြင့်

မြှုပ်နှံရာကို ပေါက်တူးနှင့်

တူးဆွသုတ်သင် ပြီးသဖြင့်

မကြောက်ပါနှင့် တံခါးမှူး

ပိင်္ဂလမင်း မျက်စိပြူး

မလာတော့ဘူး လာတော့ဘူး။

ထိုအခါမှ စ၍ တံခါစောင့်သည်

သက်သာရာ ရသွားလေတော့သည်။

ဘုရားလောင်းသည်လည်း တရားသဖြင့် အုပ်ချုပ်မင်းလုပ်ကာ

ကံအားလျော်စွာ ကောင်းရာသုဂတိသို့ လားလေသတည်း။

မင်းသုဝဏ်

+++++

မဟာပိင်္ဂလဇာတ်၊ ၂၄၀

ဖေဖော်ဝါရီလ၊ ၁၉၉၃ ခုနှစ်၊ ရတနာမွန်မဂ္ဂဇင်း။

Monday, March 5, 2012

၂၆ ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော် (၄-မတ်-၁၂)

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၆)ကြိမ်မြောက် ထမနဲပွဲတော်ကို ၂၀၁၂ ခုနှစ် မတ်လ ၃-ရက်နှင့် ၄-ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့၏။

ဒေါ်လော်ရင်းချင်း ဦးဆောင်သော ဝေယျာဝစ္စအဖွဲ့ဝင်အချို့က သောကြာနေ့ ညနေကတည်းကပင် ထမနဲထိုးရန် လိုအပ်ရာရာ ကြိုတင် ပြင်ဆင်ဖွယ်ရှိသည်တို့ကို ဝီရိယကောင်းစွာ ပြင်ဆင်ထားကြ၏။

မတ်လ ၃-ရက် စနေနေ့တွင် စုပေါင်း တပျော်တပါး ထမနဲထိုးကြ၏။ ယမန်နေ့ညကတည်းက ကြိုတင် ပြင်ဆင်ထားခြင်း၊ ယခင်နှစ်များထက် အချိန်စောစွာ ထမနဲစတင် ထိုးနိုင်ခြင်း၊ တက်ညီလက်ညီ စုပေါင်းညီညာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အချိန်စောစွာပင် ထမနဲထိုးခြင်းကိစ္စ ပြီးစီး၏။

ပွဲတော်အလှူရှင် ဦးသိန်းဝင်းနှင့် ဒေါ်စန်းစန်ဌေးမိသားစုတို့က ထမနဲထိုးကြသူများအား မြီးရှည်၊ ကြက်သားကြော်၊ အချိုမုန့်များဖြင့် ဧည့်ခံ၏။

ပွဲတော်ရက်များတွင် ဘုရားပန်း လှူဒါန်းနေကြဖြစ်သော ဒေါ်ဝင်နီလင်းကလည်း ဘုရားပန်းများ လှူဒါန်း ပူဇော်သွား၏။

မတ်လ ၄-ရက် တနင်္ဂနွေနေ့တွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ပွဲတော်လာ ဧည့်ပရိတ်သတ်တို့အား အာပူလျှာပူနှင့် ထမနဲတို့ဖြင့် ကျွေးမွေး ဧည့်ခံ၏။

မွန်းလွဲ ၁-နာရီတွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ နာယကဆရာတော် အရှင်ပညာသီဟထံမှ သီလခံယူကြ၍ သံဃာတော်များ စုပေါင်း ရွတ်ဖတ်သော ပရိတ်တရားတော်များ နာကြားကြကာ၊ အရှင်ဇာဂရ (ကံထွန်းသစ်) ဟောကြားသော အနုမောဒနာတရားတော်ကို နာယူ မှတ်သားကြပြီး ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++

ထမနဲပွဲတော် (မတ် ၃-၄) ဓာတ်ပုံများ