Monday, January 9, 2012

“အကုသိုလ်စေတသိက်များ”နှင့် “အရှင်အာနန္ဒာ၏အတွေး”

လောကချမ်းသာဘုရားကျောင်း၊
၂၀၁၂ ခု ဇန်နဝါရီလ (၇)ရက် စနေနေ့။

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၂ ခုနှစ် ပထမဦး စနေနေ့ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲ အစီအစဉ်များတွင် အစီအစဉ်သစ်တစ်ရပ်အဖြစ် “လောကချမ်းသာ ငါးမိနစ်တရား” အစီအစဉ်ကို တရားရှုမှတ်ခြင်း အစီအစဉ် မစမီ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က ဟောကြား ချီးမြှင့်၏။

အစီအစဉ်အရ ငါးမိနစ်မျှသာ ဟောကြားရန်ဖြစ်သော်လည်း ဘော်စတွန်မြို့မှ ဗီယက်နမ်လူမျိုး ဧည့်သည်များလည်း ပါဝင် တရားရှုမှတ်ကြရာ လောကချမ်းသာဆရာတော်က မိနစ်နှစ်ဆယ်ခန့် အင်္ဂလိပ်ဘာသာဖြင့် ဟောကြား ချီးမြှင့်ပေးလေသည်။



ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ လောကချမ်းသာဆရာတော်နှင့်အတူ အသုဘရှု-မရဏာနုဿတိဘာဝနာပွားများရာသို့ ကြွရောက်ရန် ရှိသဖြင့် ယခုအပတ်တွင် ဓမ္မပဒသင်တန်း မရှိပေ။

ထို့ကြောင့် ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲထိ “အကုသိုလ်စေတသိက်များ”အကြောင်းကို အားပါးတရ ရှင်းလင်း သင်ကြား ပို့ချပေး၏။



ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ မဂ္ဂသံယုတ်၊ အဝိဇ္ဇာဝဂ်မှ ‘ဇာဏုသောဏိဗြာဟ္မဏသုတ်’ကို “အရှင်အာနန္ဒာ၏အတွေး”ဟူ၍ တရားတော် အမည်ပေးကာ ဓမ္မဒါနပြု ဟောကြား၏။

ဇာဏုေဿာဏိဗြာဟ္မဏသုတ်

သာဝတ္ထိနိဒါန်း။
ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏။

အသျှင်အာနန္ဒာသည် အလုံးစုံ ဖြူသော ‘မြင်းမ’က,သော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုေဿာဏိပုဏ္ဏားကို မြင်လေ၏။

က,ထားသော မြင်းမတို့သည်လည်း ဖြူကုန်၏။
ရထားတန်ဆာတို့သည်လည်း ဖြူကုန်၏။
ရထားသည်လည်း ဖြူ၏။
ဖြူသော အခြံအရံလည်း ရှိ၏။
ဇက်ကြိုးတို့သည်လည်း ဖြူကုန်၏။
နှင်တံသည်လည်း ဖြူ၏။
ထီးသည်လည်း ဖြူ၏။
သင်းကျစ်သည်လည်း ဖြူ၏။
အဝတ်တို့သည်လည်း ဖြူကုန်၏။
ဘိနပ်တို့သည်လည်း ဖြူကုန်၏။
ဖြူသော သားမြီးယပ်ဖြင့် ယပ်ခပ်စေ၏။

လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ - “အချင်းတို့၊ ရထားသည် ကောင်းမြတ်လှပေစွတကား။ အချင်းတို့၊ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟု ပြောဆို၏။

ထိုအခါ အသျှင်အာနန္ဒာသည် သာဝတ္ထိပြည်မှ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းစားရာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။

အသျှင်ဘုရား၊ အကျွန်ုပ်သည် ဤနေ့ နံနက်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ပါ၏။
အသျှင်ဘုရား၊ အကျွန်ုပ်သည် အလုံးစုံဖြူသော ‘မြင်းမ’က,သော ရထားဖြင့် သာဝတ္ထိပြည်မှ ထွက်လာသော ဇာဏုေဿာဏိပုဏ္ဏားကို တွေ့မြင်ခဲ့ပါ၏။
က,ထားသော မြင်းမတို့သည်လည်း ဖြူပါကုန်၏။
ရထားတန်ဆာတို့သည်လည်း ဖြူပါကုန်၏။
ရထားသည်လည်း ဖြူပါ၏။
ဖြူသော အခြံအရံလည်း ရှိပါ၏။
ဇက်ကြိုးတို့သည်လည်း ဖြူပါကုန်၏။
နှင်တံတို့သည်လည်း ဖြူပါကုန်၏။
ထီးသည်လည်း ဖြူပါ၏။
သင်းကျစ်သည်လည်း ဖြူပါ၏။
အဝတ်တို့သည်လည်း ဖြူပါကုန်၏။
ဘိနပ်တို့သည်လည်း ဖြူပါကုန်၏။
ဖြူသော သားပြီးယပ်ဖြင့် ယပ်ခပ်စေပါ၏။
လူအများသည် ထိုရထားကို တွေ့မြင်ကြ၍ “အချင်းတို့၊ ရထားသည် ကောင်းမြတ်လှပေစွတကား။ အချင်းတို့ ဗြဟ္မယာဉ်နှင့် တူပေစွတကား”ဟု ပြောဆိုပါကုန်၏။
အသျှင်ဘုရား၊ ဤသာသနာတော်၌ ဗြဟ္မယာဉ်ကို ပညတ်ခြင်းငှါ စွမ်းနိုင်ပါမည်လောဟု လျှောက်၏။

“အာနန္ဒာ စွမ်းနိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
အာနန္ဒာ - ဗြဟ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ အတုမရှိမူ၍ (ကိလေသာ)စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်၎င်း “အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်”သာ ဖြစ်၏။

အာနန္ဒာ - မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော စကား ‘သမ္မာဝါစာ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ - မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများသော်၊ ကြိမ်ဖန်များစွာ ပြုလုပ်သော် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ အမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။ တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိ၏။

အာနန္ဒာ ဗြဟ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ ဓမ္မယာဉ်ဟူသော ဤအမည်သည်၎င်း၊ အတုမရှိ၍ (ကိလေသာ)စစ်ပွဲ၌ အောင်မြင်နိုင်သော ယာဉ်ဟူသော ဤအမည်သည်၎င်း “အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်”တည်းဟူသော ဤစကားကို ဤဆိုခဲ့ပြီး အကြောင်းဖြင့် သိအပ်၏။

ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားပြီး၍ ထိုမှတပါး ဤဂါထာများကို ဟောတော်မူ၏။

“အကြင် မဂ္ဂင်ရထားအား ‘သဒ္ဓါ’နှင့် ‘ပညာ’တရားနှစ်ပါးတို့ကို အခါခပ်သိမ်း (‘ဥပေက္ခာ’ဟူသော) ‘ထမ်းပိုး’၌ က,အပ်ကုန်၏။
ရှက်မှု ‘ဟိရီ’သည် ‘ရထားသံ’ မည်၏။
‘ဝိပဿာနာစိတ်’ (‘မဂ်စိတ်’)သည် ‘ဇက်ကြိုး’ မည်၏။
အောက်မေ့မှု ‘သတိ’သည် စောင့်ရှောက်သော ‘ရထားထိန်း’ မည်၏။

(မဂ္ဂင်)ရထားသည် ‘သီလ’တည်းဟူသော ‘တန်ဆာ’ရှိ၏။
‘ဈာန်’တည်းဟူသော ‘ဝင်ရိုး’ရှိ၏။
‘ဝီရိယ’တည်းဟူသော ‘ဘီး’ရှိ၏။
‘ဥပေက္ခာ’သည် ရထားဦးကို တည်ငြိမ်စေ၏။
‘အလောဘ’သည် ‘အကာအရံ’ဖြစ်ပေ၏။

မပျက်စီးစေလိုမှု ‘အဗျာပါဒ’၊
မညှင်းဆဲလိုမှု ‘အဝိဟိံသာ’၊
ဆိတ်ငြိမ်မှု ‘ဝိဝေက’သည် အကြင်မဂ္ဂင်ရထား၌ တည်သူ၏ လက်နက်မည်၏။
သည်းခံခြင်းသည် ချပ်ဝတ်တန်ဆာမည်၏။
ထိုမဂ္ဂင်ရထား၌ တည်သူသည် ယောဂ၏ကုန်ရာ (နိဗ္ဗာန်)သို့ ရှေးရှူသွား၏။

ပညာရှိတို့သည် မိမိသန္တာန်၌ ဖြစ်ပေါ်လာသော အတုမရှိသော ထိုဗြဟ္မယာဉ်တည်းဟူသော မဂ္ဂင်ရထားကို (တက်စီးကြပြီးလျှင်) အောင်ပွဲမှန်သမျှကို စင်စစ် အောင်မြင်ကြ၍ လောကမှ ထွက်မြောက်ကြကုန်၏” ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်၊ ဇာဏုေဿာဏိဗြာဟ္မဏသုတ်
အဝိဇ္ဇာဝဂ်၊ မဂ္ဂသံယုတ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

No comments: