Monday, January 16, 2012

`သောဘဏစေတသိက်များ´နှင့် `ခြေတစ်လှမ်း ကုဋေတစ်သန်း´

၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၄)ရက် စနေနေ့၊
လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

“တရားအားထုတ်ဖို့ အချိန်ရောက်ပြီ” ဟူသော လောကချမ်းသာဆရာတော်၏ ‘လောကချမ်းသာ ၅-မိနစ်တရား’ အစပျိုးဝယ် အဓိပ္ပာယ် နှစ်မျိုး ပါသည်ဟု ယူနိုင်၏။

ယခုအခါ စနေနေ့ ပြုမြဲဖြစ်သော မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားအားထုတ် ရှုမှတ် ပွားများရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဆိုသည်လည်း တစ်ရပ်၊

အသေမဦးခင် တရားရှုမှတ်ရင်း သေတတ်အောင်၊ အချိန်မရွေး နေရာမရွေး တရားနှင့် နေတတ်အောင် သတိပေးသည်လည်း တစ်ဖုံ နှစ်မျိုးစုံ အဓိပ္ပာယ်ရလေ၏။

သမထဘာဝနာ (သမထကမ္မဋ္ဌာန်း)၊ ဝိပဿနာဘာဝနာ (ဝိပဿနာကမ္မဋ္ဌာန်း) နှစ်မျိုးရှိရာ သမထကမ္မဋ္ဌာန်းကို အားထုတ်ရန် သီးသန့် အချိန် နေရာ သတ်သတ်မှတ်မှတ် ထားရှိ ပြုလုပ်ရပြီး၊ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရန်အတွက်မူ အချိန် နေရာ သတ်မှတ်ရန် မလိုအပ်ဘဲ ထင်ရှား ပေါ်ရာ အာရုံဟူသမျှကို သတိထား စောင့်ကြည့်ရန်၊ သတိဖြင့် နေထိုင်ရန် လိုအပ်ကြောင်း၊ မည်သူမဆို အချိန်အခါ နေရာမရွေး သေနိုင်သဖြင့် အချိန်တိုင်း တရားနှင့် နေမှသာ တရားနှင့် သေနိုင်မည်ဖြစ်ကြောင်း လောကချမ်းသာဆရာတော်က အလေးတယူ မိန့်ကြားသွား၏။





မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ပြုလုပ်သော ဓမ္မပဒသင်တန်းဝယ် ‘ဆရာတော်အရှင်စက္ကိန္ဒ’က အရှင်သာရိပုတ္တရာထေရ်လောင်း ‘အရှင်ဥပတိဿ’အား “အရှင်အဿဇိထေရ်” ဟောကြားတော်မူသည့် “ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ” ဂါထာကို ဟောကြား သင်ပြပေး၏။

“ယေ ဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော
ဧဝံ ဝါဒီ မဟာသမဏော။”

ယေ ဓမ္မာ = အကြင် ဒုက္ခသစ္စာတရားတို့သည်
ဟေတုပ္ပ ဘဝါ = တဏှာဟူသော သမုဒယသစ္စာလျှင် အစအမွန် ရှိကုန်၏။
တေသံ = ထို ‘ဒုက္ခ’ ‘သမုဒယ’ သစ္စာနှစ်ပါးတို့၏
ဟေတုံ = ချုပ်ရာချုပ်ကြောင်းဖြစ်သော ‘မဂ္ဂသစ္စာ’ကိုလည်း
တထာဂတော = မြတ်စွာဘုရားသည်
အာဟ = ဟောတော်မူ၏
တေသဉ္စ = ထိုအလုံးစုံသော တရားတို့၏
နိရောဓော = ချုပ်ရာအမှန် နိရောဓတရားဟု ဆိုအပ်သော ‘နိရောဓသစ္စာ’ကိုလည်း
အာဟ = ဟောတော်မူ၏။
မဟာသမဏော = ရဟန်းမြတ်ဖြစ်တော်မူငြား မြတ်စွာဘုရားသည်
ဧဝံ ဝါဒီ = ဤသို့ အယူရှိတော်မူ၏။
(ဝါ)
ဧဝံ ဝါဒီ = ဤသို့ ပိုင်းခြား ဟောကြားတော်မူလေ့ရှိ၏။






မွန်းလွဲ ၄း၃၀ နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်သော အဘိဓမ္မာသင်တန်းဝယ် ‘ဆရာတော်အရှင်ဝဏ္ဏိတ’က စိတ်ဖြူစင်စေမှု အင်အားစုများဖြစ်သော ‘သောဘဏစေတသိက်များ’အကြောင်း သင်ကြား ပို့ချပေး၏။

“သောဘဏစေတသိက် ၂၅-ပါး”

‘သောဘဏသာဓာရဏစေတသိက် ၁၉-ပါး’

‘သဒ္ဓါ’‘သတိ’၊ ‘ဟိရီ’‘သြတ္တပ်’၊ ‘ဟိတ်နှစ်ရပ်’၊ ‘တတြမဇ္ဈတ္တတာ’။

‘ပဿဒ္ဓိ’‘လဟု’၊ ‘မုဒု’‘ကမ္မဉ်’၊ ‘ပါဂုညင်’နှင့်၊ ထို့ပြင် ‘ဥဇုက’၊ ခြောက်ဓမ္မ၊ ‘ကာယ’‘စိတ်’နှင့်နှော။

‘ငြိမ်း’‘ပေါ့’‘နူးညံ့’၊ ‘ကျန်းခံ့’‘လေ့လာ’၊ ‘ဖြောင့်စင်း’စွာ၊ ခြောက်ဖြာ ကိစ္စဟော။

သောဘဏတွင်၊ အကုန်ယှဉ်၊ ဤလျှင် ‘ဆယ့်ကိုး’‘သော’။

‘ဝိရတီစေတသိက် ၃-ပါး’

‘ဝါစာ’‘ကမ္မံ’၊ ‘အာဇီဝံ’၊ သုံးတန် ဝိရတီ။
‘သမ္မာဒါန’၊ ‘သမ္ပတ္တ’၊ ‘ဆေဒ’ သုံး,သုံးလီ။

‘အပ္ပမညာစေတသိက် ၂-ပါး’

‘ကရု’‘မုဒု’၊ ဤနှစ်ခု၊ ခေါ်မှု ‘ပမညာ’။

‘အမောဟစေတသိက် ၁-ပါး’

အသိ အလိမ်မာ၊ ဉာဏ်ပညာ၊ ဝိဇ္ဇာ ‘အမောဟ’။

(လယ်တီဆရာတော်ဘုရားကြီး)





လောကချမ်းသာဆည်းဆာတရားပွဲတွင် ‘အရှင်ပညာဇောတ’က သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပုပ္ဖထူပိယတ္ထေရအပါဒါန် ကို ‘မြင့်မြတ်အာရုံ စိတ်မှာထုံတရားတော်’ အမည်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

ပုပ္ဖထူပိယထေရ်လောင်း ဈာန်အဘိညာဉ်ရ ရသေ့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် မသွားဘဲ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော် ကုသိုလ်အာရုံတို့ဖြင့် ထုံမွှမ်းသော၊ ခြေတစ်လှမ်းလျှင် ကုဋေတစ်သန်းမကတန်သော ခြေလျင်ခရီးဖြင့် သွားလေ၏။

လမ်းခရီးဝယ် သက်ရွယ်ကြီးရင့် မကျန်းမမာဖြစ်၍ မြတ်စွာဘုရားကို ပန်းစေတီဖြင့် ကြည်ညို ပူဇော်ခဲ့ပြီး သေလွန်ကာ အပါယ်မလား, စကြဝတေးမင်းဘဝ အကြိမ်ကြိမ်နှင့် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ဝယ် အရှင်ပုပ္ဖထူပိယထေရ်ဖြစ်လေသည်။





+++++

ပုပ္ဖထူပိယတ္ထေရအပါဒါန်

ဟိမဝန္တာတောင်၏ အနီးအရပ်၌ ‘ကုက္ကုရ’မည်သော တောင်သည် ရှိ၏။ ထိုတောင်၏ အလယ်၌ ဗေဒင်သုံးပုံတို့၌ တဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် နေ၏။

ငါးထောင်သော တပည့်တို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။ ထိုတပည့်တို့သည် ရှေးဦးစွာ ထလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏။ ဗေဒင်သုံးပုံတို့၌လည်း ရဲရင့်ကုန်၏။

လောက၌ မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ အရှင်သည် ထိုမြတ်စွာဘုရားကို သိပါ၏လော၊ ထိုမြတ်စွာဘုရား၏ လက္ခဏာတော်ငယ်တို့သည် ရှစ်ဆယ်ရှိကုန်၍ လက္ခဏာတော်ကြီးတို့သည်ကား သုံးဆယ့်နှစ်ပါး ရှိကုန်၏။

မြတ်စွာဘုရားသည် တလံမျှသော ရောင်ခြည်တော်ရှိသည်ဖြစ်၍ နေမင်းကဲ့သို့ တင့်တယ် တောက်ပတော်မူ၏။ (ဤသို့) တပည့်တို့ လျှောက်ကြားသော စကားကို ကြားရ၍ ဗေဒင်သုံးပုံတို့၌ တဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် -

နေရာသင်္ခမ်းကျောင်းမှ ထွက်လတ်၍ တပည့်တို့ကို ဘုရားရှိရာအရပ်ကို မေးလေ၏။
အကြင်အရပ်၍ ကြီးသော လုံ့လရှိတော်မူသော လူတို့၏ရှေ့သွား မြတ်စွာဘုရားသည် နေတော်မူ၏။

ငါသည် ထိုအရပ်ကို ရှိခိုးအံ့။ တုဘက်ကင်းသော မြတ်စွာဘုရားကို ရှိခိုးအံ့။ တက်ကြွ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် မြတ်စွာဘုရားကို ပူဇော်အံ့။

တပည့်တို့ လာကြကုန်လော့။ သွားကြကုန်အံ့။ မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့။ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာကြကုန်အံ့။ (ဤသို့ ပြောကြား၍) တရက်မျှ ထွက်ခဲ့လေသော် ဖျားနာခြင်းကို ရ၏။ ဖျားနာခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ စရပ်သို့ နေထိုင်ရန် ကပ်ရောက်ခဲ့၏။

အလုံးစုံသော တပည့်တို့ကို တပေါင်းတည်း စည်းဝေးစေ၍ လွန်ကဲသည့် ပညာရှိသော လူတို့၏ရှေ့သွား မြတ်စွာဘုရားဂုဏ်တော်သည် အဘယ်သို့သဘောရှိသနည်းဟု ထိုတပည့်တို့အား မြတ်စွာဘုရားအကြောင်းအရာကို မေး၏။

(ဤသို့) ငါသည် မေးလတ်သော် ထိုတပည့်တို့သည် ဖူးမြင်ရသည့်အတိုင်း ပြန်ကြားကုန်၏။ ထိုမြတ်စွာဘုရား (အကြောင်းအရာကို) ငါ၏မျက်မှောက်၌ ရိုသေစွာ ပြောကြားကုန်၏။

ငါသည် ထိုတပည့်တို့၏ စကားကို ကြားရသောကြောင့် မိမိစိတ်ကို ကြည်လင်စေ၏။ ပန်းတို့ဖြင့် ပုထိုးစေတီတော် ပြုလုပ်၍ ထိုအရပ်၌ပင် ငါသည် သေလွန်ခဲ့ရ၏။

ထိုတပည့်တို့သည် ငါ၏အလောင်းကို မီးသင်္ဂြိုဟ်၍ မြတ်စွာဘုရားထံတော်သို့ သွားကုန်၏။ မြတ်စွာဘုရားကို လက်အုပ်ချီလျက် ရှိခိုးကုန်၏။

ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပန်းတို့ဖြင့် မွမ်းမံပြုလုပ်ရသောကြောင့် ငါသည် ကမ္ဘာတသိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရပေ။

ကမ္ဘာလေးသောင်းထက်၌ များမြတ်လှသည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် ‘အဂ္ဂိသမ’ဟု ထင်ရှားကုန်သော စကြဝတေးမင်းတို့သည် တဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

ကမ္ဘာနှစ်သောင်းထက်၌ မြေကြီးအရှင်ဖြစ်သော ‘ဃတာသန’ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့်ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို၎င်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို၎င်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို၎င်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပုပ္ဖထူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

(ထေရာပဒါန်ပါဠိတော် မြန်မာပြန်)

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

No comments: