Thursday, September 30, 2010

ကမ္မဋ္ဌာန်းပိုင်း (၅)

... ပြန် စဉ်းစားကြည့်စမ်း။
အဘိဓမ္မာမလေ့လာခင်က အသိနဲ့ အဘိဓမ္မာလေ့လာပြီးမှ အသိနဲ့ ဘယ်လိုနေသလဲ?
ကွာခြားမှုရှိရဲ့လား ... မရှိဘူးလား။
ရှိတာပေါ့။

စကားသုံးတာတွေကို ပိုပြီး နားလည်လာတယ် မဟုတ်ဘူးလား။
ဆိုပါတော့၊ စေတနာ .. စေတနာနဲ့ ပြောနေတယ်။ မြန်မာစကားမှာတော့ စေတနာဆိုတာ ကောင်းတာကို စေတနာခေါ်တာ။
မင်းကို ငါ .. စေတနာနဲ့ ပြောတယ်ဆိုတာ ကောင်းတဲ့ စေတနာနဲ့ ပြောတယ်လို့ ဆိုတာ။

တကယ်ကတော့ စေတနာဆိုတာ ဘာလဲ?
စေ့ဆော်ခြင်း သဘောတရား၊ ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။
ဒါတွေကို နားလည်လာပြီနော်။

ပြီးတော့ ဘုန်းကြီး ရေစက်ချတဲ့အခါကျတော့ အာသဝေါတရားလေးပါးတို့၏ ကင်းရာ ကုန်ရာ နိဗ္ဗာန်သို့လို့ ရွတ်ကြတာ ကြားဖူးတယ် မဟုတ်လား။
အာသဝေါတရားဆိုတာ အခု နားလည်ပြီ ဆိုပါတော့။ မမှတ်မိရင်တောင် ပြန်ကြည့်ရင် သိတယ်။

ဘုန်းကြီးတွေ တရားဟောတဲ့အခါ ဥပါဒါနက္ခန္ဓာ .. ဒီလိုသုံးတာတွေ ရှိတယ်။
သမုဒယ၊ တဏှာလောဘဆိုတဲ့ စကားတွေကို အခု နားလည်လာပြီ မဟုတ်လား။
အရင်ကတော့ ကိုယ်က နားလည်တယ် ထင်တာ။
တကယ်တော့ နားမလည်ဘူး။ မြန်မာစကားဆိုပြီး နားလည်သလို ထင်တာပဲ ရှိတယ်။
အခုတော့ အဲဒါတွေကို တိတိကျကျ နားလည်လာပြီ။

ငါ စိတ်မကောင်းဘူးကွာ၊ စိတ်ဆိုးတယ်လို့ ပြော့လေ့ရှိကြတယ်။
အမှန်ကတော့ အဲဒီစိတ်ဆိုတာဟာ စိတ်ရော၊ စေတသိက်ရော နှစ်ခုလုံးကို ပေါင်းပြီး ပြောနေတာ။
စိတ်ချည်းသက်သက် ဆိုးလို့ မရဘူး။
စေတသိက်ဆိုးတွေနဲ့ တွေ့တဲ့အခါ စိတ်ဆိုးတယ် ခေါ်ရတာ။

အဲသလို အဘိဓမ္မာကို နားလည်လာတဲ့အတွက်ကြောင့် အသိဉာဏ်ဟာ အရင်ကနဲ့ မတူတော့ဘူး ဖြစ်လာတယ် မဟုတ်လား။
ပြီးတော့ practical side ကို ကြည့်မယ်ဆိုရင် ဘယ်ဟာက ကုသိုလ်၊ ဘယ်ဟာက အကုသိုလ်ဆိုတာ နားလည်ပြီ၊ သိနေပြီ။
သိနေတဲ့အတွက်ကြောင့် အကုသိုလ်ဆိုတာက မကောင်းတဲ့ အကျိုးပေးတတ်တယ်။
ကုသိုလ်ဆိုတာက ကောင်းတဲ့အကျိုး ပေးတတ်တယ်။
အဲဒီတော့ ကောင်းတဲ့အကျိုးကို လိုချင်ရင် ကုသိုလ်ကို ပွားများ အားထုတ်ရမယ်။
မကောင်းတဲ့အကျိုးကို မလိုချင်ရင် အကုသိုလ်ကို ရှောင်ရမယ်။
ဒါတွေ သိလာတယ်။

သိတဲ့နေရာမှာ ရိုးရိုးသိတာမဟုတ်ဘဲနဲ့ တကယ့်ကို တိတိကျကျ သိတာ။
ဘယ်လိုဟာမျိုးက အကုသိုလ်ဖြစ်တယ်၊ ဘယ်လိုဟာမျိုးက ကုသိုလ်ဖြစ်တယ်လို့လည်း ခွဲခြား သိလာတယ်။
ဒါတွေဟာ အဘိဓမ္မာနားလည်တဲ့ အကျိုးတွေပေါ့။
လက်တွေ့ကျင့်သုံးရာမှာ ရနိုင်တဲ့ အကျိုးတွေ။

ပြီးတော့ ကောင်းမှုကုသိုလ်တစ်ခု ပြုတဲ့ နေရာမှာ တိဟိတ်ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်တတ်လာပြီ မဟုတ်လား။
အဘိဓမ္မာ နားမလည်သေးတဲ့ သူဆိုရင် လုပ်ချင်မှ လုပ်တတ်မယ်။
ဘုန်းကြီးက သင်ပေးလို့ လုပ်ချင်လည်း လုပ်တတ်သွားမယ်ပေါ့လေ။
သူတို့ဟာ သူတို့တော့ မလုပ်တတ်သေးဘူးပေါ့။

အဲဒါကြောင့်မို့ အဘိဓမ္မာ နားလည်တဲ့ အကျိုးဟာ တန်ဖိုးမဖြတ်နိုင်ဘူး။
မိမိရဲ့ အနာဂတ်ဘဝ ဖန်တီးတဲ့အခါမှာ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံပါအောင် ဖန်တီးပေးမှ မဂ်ဖိုလ်ရမှာ။
ဒီဘဝမရလည်း နောက်ဘဝရအောင် ဆိုရင်လည်း ကိုယ်ကဖန်တီးမှ ရမှာ။
ဘယ်လို ဖန်တီးရမယ်ဆိုတာ အခု သိပြီ။

ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာ တိဟိတ်ကုသိုလ်၊ ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်မှ နောက်ဘဝ ဘဝတွေမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မဂ်ဖိုလ်ရနိုင်တဲ့ အဆင့်အတန်းရောက်မယ်။
ဒါတွေ သိပြီဆိုတော့ ကိုယ့်ရဲ့ အနာဂတ်ဘဝတွေကို ဒီဘဝကနေပြီး စီမံနိုင်တယ်ပေါ့။
ဒါဟာ အဘိဓမ္မာတတ်လို့၊ အဘိဓမ္မာမတတ်ရင် မဖြစ်ဘူး .. ဒါတွေ မလုပ်တတ်ဘူး။

ဒါကြောင့်မို့ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့် လက်တွေ့အကျိုးရှိအောင် အများကြီးလည်း လုပ်နိုင်တယ်။
ပြီးတော့ လက်တွေ့ အကျိုးသိပ်မရှိဘူး ထားဦး၊ သဘောတရားတွေကို နားလည်တဲ့နေရာမှာ သူများတွေနဲ့ မတူတော့ဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်နားလည်တာဟာ ရိုးရိုး နားလည်တာမျိုး မဟုတ်တော့ဘူး။
သုတ္တန်တွေ ဘာတွေ ဖတ်ပြီဆိုရင်လည်း တချို့နေရာတွေမှာ ကိုယ်က အယူအဆ မလွဲတော့ဘူး။ ကိုယ်က အဘိဓမ္မာ နားလည်ပြီးသား ဖြစ်နေပြီ။

ဒါကြောင့်မို့ အဘိဓမ္မာသင်ရတဲ့အကျိုးဟာ မကုန်နိုင်အောင် ရှိတယ်။
အကျိုးအမျိုးမျိုး ရှိတယ်။
ဒီအကျိုးတွေကို မိမိတို့ဟာ အဘိဓမ္မာလေ့လာရတဲ့အတွက်ကြောင့်မို့ ရကြပြီပေါ့။

အဲဒီတော့ မိမိတို့ အဘိဓမ္မာကို နားလည်တာဟာ ဘယ်လောက်သာ ရှိသေးသလဲဆိုတော့ အမှန်အတိုင်း ပြောရရင် နည်းနည်းပဲ ရှိသေးတယ်။

ဆိုပါတော့၊ ပင်လယ်ကမ်းစပ်သွားပြီး I have seen the Pacific ocean. ငါ ပစ္စိဖိတ်သမုဒ္ဒရာကြီး မြင်ပြီဟေ့ ..လို့ ကြွေးကြော်ပေမယ့် ကိုယ်မြင်တဲ့ ပစ္စိဖိတ်သမုဒ္ဒရာက ဘယ်လောက်ရှိသေးလို့လဲ။
တကယ့် ပစ္စိဖိတ်သမုဒ္ဒရာနဲ့စာလိုက်ရင် အပုံတစ်ရာပုံ တစ်ပုံတောင် မရှိသေးဘူး။

အဲဒါမျိုးလိုပဲ၊ ဘုန်းကြီးတို့ ဒကာဒကာမတို့တတွေ နားလည်တဲ့ အဘိဓမ္မာဟာ မြတ်စွာဘုရား မပြောနဲ့၊ အရှင်သာရိပုတ္တရာ နားလည်တဲ့ အဘိဓမ္မာနဲ့စာရင် ဘာမှ မဟုတ်သေးဘူး။

ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် I am an Abhidhamma scholar. လို့ ပြောဝံ့ဖို့တောင် ဦးဇင်းတို့ မပြောဝံ့ဘူး။
Student of Abhidhamma ပဲ။ သူများတွေက scholar လို့ ပြောနေကြတယ်။

ကိုယ်သိတာက တကယ်ကျတော့ ဘာမှ မဟုတ်သေးဘူး။
ခေတ်ဥပမာနဲ့ ပြောရမယ်ဆိုရင် ရေခဲတောင်ကြီးတွေဟာ ရေပေါ်ပေါ်နေတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာမဟုတ်လား။
အဲဒါမျိုးလိုပဲ။ ကိုယ်သိတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိချင်မှ ရှိဦးမယ်။

ဒါကြောင့်မို့ ရှေ့ဆက်ပြီးတော့ မပြတ် လေ့လာသွားရမှာပဲ။
နည်းနည်း နည်းနည်းချင်း ဒီတစ်ခေါက်ထက် နောက်တစ်ခေါက်က ပိုသိလာမယ်။
နောက်တစ်ခေါက်ထက် နောက်တစ်ခေါက်က အသိပိုလာမယ်။
အသိပိုလာလေ တရားကို လေးလေးနက်နက် သိလေ၊ လေးလေးနက်နက် သိလေ မြတ်စွာဘုရားကို ပိုပြီး ကြည်ညိုလေပဲ။
တရားသိတဲ့အခါ ပိုကြည်ညိုတယ်။ ကြည်ညိုတတ်လာတယ်။
တရားမသိဘဲ အရမ်းကြည်ညိုတာထက် တရားသိပြီး ကြည်ညိုတာက ပိုကောင်းတယ်။

အဲဒါကြောင့် အကျိုးတွေ အများကြီး ရနိုင်တဲ့ အခြေခံအဘိဓမ္မာကို ငါတို့ အစကနေ အဆုံးတိုင်အောင် လေ့လာအားထုတ်ပြီးပြီဆိုတာ အလွန်ဝမ်းသာဖို့ ကောင်းတယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

လက္ခဏာ ၃-ပါး

၁။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ မမြဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော အနိစ္စလက္ခဏာ။
၂။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ ဆင်းရဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော ဒုက္ခလက္ခဏာ။
၃။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ အနှစ်သာရမဟုတ်ခြင်း၊ အလိုသို့ မလိုက်ခြင်းအမှတ်ဖြင့် မှတ်ကြောင်းဖြစ်သော အနတ္တလက္ခဏာ။

အနုပဿနာ ၃-ပါး

၁။ အနိစ္စာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို မမြဲသောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
၂။ ဒုက္ခာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ဆင်းရဲသောအားဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
၃။ အနတ္တာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အစိုးမရ အလိုသို့ မလိုက်သောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း

+++++
သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်

သောတာပတ္တိမဂ်စိတ်အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ပထမရသော သောတာပတ္တိဖိုလ်မှ စပြီး သကဒါဂါမိမဂ် မရမချင်းတိုင်အောင် သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ဘဝသံသရာတွင် အလွန်ဆုံး ၇-ဘဝသာ နေပြီး နောက်ဆုံးဘဝ၌ ဧကန် ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြု၏။

၁။ သတ္တက္ခတ္တုပရမသောတာပန် = ခုနစ်ဘဝ၏ အဆုံး၌ နိဗ္ဗာန်သို့ စံဝင်သောပုဂ္ဂိုလ်။
၂။ ကောလံကောလသောတာပန် = နှစ်ဘဝမှ ခြောက်ဘဝတိုင်အောင် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။
၃။ ဧကဗီဇသောတာပန် = တစ်ဘဝသာလျှင် ပဋိသန္ဓေတည်နေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။

သောတာပတ္တိမဂ်စိတ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏။
ကျန်ကိလေသာများအတွက် အပါယ်ကို ကျစေနိုင်သော ကိလေသာများကို ပယ်၏။
သောတာပန်ပုဂ္ဂိုလ်သည် အပါယ်လားစေနိုင်သော အကုသိုလ်တို့ကို မပြုလုပ်တော့။
ငါးပါးသီလ လုံးဝ လုံခြုံ၏။ အသက်သာ အသေခံမည်ဖြစ်ပြီး ငါးပါးသီလကို ကျူးလွန်မည် မဟုတ်ပေ။

သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်၌ အကုသိုလ်စိတ် ၁၂-ပါးထဲမှ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါး၊ ပေါင်း ၅-ပါးကို ပယ်၏။

သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်

တရားဆက်အားထုတ်ပြီး ဝိပဿနာဉာဏ်မှာ ဥဒယဗ္ဗယဉာဏ်က စ၍ အဆင့်ဆင့် တက်သွားကာ ဒုတိယမဂ်ရသော အခိုက်အတန့်၌ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။
ပထမ သကဒါဂါမိဖိုလ် ရသည်မှ စ၍ အနာဂါမိမဂ်မရမီတိုင်အောင် သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။

လူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် တစ်ခေါက်သာ ပြန်လာတော့၏။

၁။ ဣဓပတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၂။ ဣဓမတွာ တတ္ထပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၃။ တတ္ထပတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၎။ တတ္ထပတွာ ဣဓပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၅။ ဣဓပတွာ တတ္ထနိဗ္ဗတ္တိတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ ဖြစ်ပြီး ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၆။ တတ္ထပတွာ ဣဓနိဗ္ဗတ္တိတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်ပြီး ဤလူ့ဘုံ၌ ပဋိသန္ဓေနေ၍ ဤလူ့ပြည်မှတဖန် ထိုနတ်ပြည်သို့ ပြန်၍ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။

သကဒါဂါမိမဂ်သည် နောက်ထပ် ကိလေသာတို့ကို အကြွင်းမဲ့အားဖြင့် မပယ်သော်လည်း ကိလေသာတို့ကို ပို၍ နည်းပါးသွားအောင် လုပ်၏။

အနာဂါမိမဂ်၊ အနာဂါမိဖိုလ်

တတိယမဂ်ရသော အခိုက်အတန့် ပုဂ္ဂိုလ်ကို အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အနာဂါမိဖိုလ်မှ အရဟတ္တမဂ် မရမီတိုင်အောင် ပုဂ္ဂိုလ်ကို အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
အနာဂါမ်ဖြစ်ပြီးက လူ့ပြည်၊ ကာမာဝစရဘုံတို့သို့ ပြန်မလာတော့ဘဲ ဧကန် သုဒ္ဓါဝါသဗြဟ္မာဘုံ၌ ဖြစ်ကာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံဝင်၏။

၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ရှေ့ထက်ဝက်အတွင်း ရဟန္တာဖြစ်သော အနာဂါမ်။
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ အသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ အလွန်လုံ့လမပြုဘဲ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၎။ သသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတို့တွင် အောက်အောက်သောဘုံတို့၌ အရဟတ္တမဂ်ကို မရမူ၍ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ်။

ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ်ကို ဤသို့ ခွဲသေး၏။

(က) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း အကနိဋ္ဌဘုံတိုင်အောင် သွား၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ခ) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း သုဒဿီဘုံတိုင်အောင် သွား၍ ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။
(ဂ) ဤကာမဘုံမှ အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော နဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ဃ) ဤကာမဘုံမှ သုဒ္ဓါဝါသအောက် ၄-ဘုံသို့ သွား၍ ဖြစ်ရာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။

အနာဂါမိမဂ်က ကာမရာဂနှင့် ဗျာပါဒကို အကြွင်းမဲ့ ပယ်၏။

အရဟတ္တမဂ်၊ အရဟတ္တဖိုလ်

အရဟတ္တမဂ် အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အရဟတ္တဖိုလ်မှ စပြီး ပရိနိဗ္ဗာန်ပြုသည်တိုင်အောင်သော ပုဂ္ဂိုလ်ကို အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။

ရဟန္တာပုဂ္ဂိုလ်သည် -
(၁) ပညာဝိမုတ္တရဟန္တာ
(၂) ဥဘတောဘာဂဝိမုတ္တရဟန္တာ
(၃) တေဝိဇ္ဇရဟန္တာ
(၄) ဆဠာဘိညရဟန္တာ
(၅) ပဋိသမ္ဘိဒါပတ္တရဟန္တာ ဟူ၍ ၅-မျိုး ရှိ၏။

အရဟတ္တမဂ်က အလွန်သိမ်မွေ့သော မာနမှ လွဲ၍ ကျန်ကိလေသာ အားလုံးကို အကြွင်းမဲ့ ပယ်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခုနှင့် ဥဒ္ဓစ္စသဟဂုတ် ၁-ခု၊ ပေါင်း ၅-ခုကို အကြွင်းမဲ့ ပယ်၏။

ရဟန္တာပုဂ္ဂိုလ်အား အာသဝေါတရား ၄-ပါးတို့သည် ကင်းကုန်သောကြောင့် ခီဏာသဝ မည်၏ ဟူ၍လည်းကောင်း၊
အမြတ်ဆုံးသော အလှူကို ခံတော်မူထိုက်သောကြောင့် အဂ္ဂဒက္ခိဏေယျ ဟူ၍လည်းကောင်း သင်္ဂြိုဟ်ကျမ်းတွင် ပြဆို၏။

+++++

အရိယာပုဂ္ဂိုလ် ၈-ယောက်

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်

+++++

ဝိမောက္ခ ၃-ပါး

၁။ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တဇီဝမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။
၂။ နိစ္စနိမိတ်စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။
၃။ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏီဟိတဝိမောက္ခ မည်၏။

ဝိမောက္ခမုခ ၃-ပါး

၁။ ခန္ဓာငါးပါးတို့၌ အတ္တမှ ဆိတ်သည်ကို အဖန်တလဲလဲ ရှုခြင်းပညာသည် သုညတာနုပဿနာ မည်၏။
၂။ ခန္ဓာငါးပါးတို့၌ နိစ္စနိမိတ် မရှိခြင်းကို အဖန်တလဲလဲ ရှုခြင်းပညာသည် အနိမိတ္တာနုပဿနာ မည်၏။
၃။ ခန္ဓာငါးပါးတို့၌ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်းပညာသည် အပ္ပဏီဟိတာနုပဿနာ မည်၏။

မဂ်နှင့်ဖိုလ်သည် အတ္တာဘိနိဝေသစသော ဆန့်ကျင်ဘက် ကိလေသာဟု ဆိုအပ်သော ဆန့်ကျင်ဘက်မှ လွတ်တတ်သောကြောင့် ဝိမောက္ခ မည်၏။
အဖန်တလဲလဲ ရှုသော ဝိပဿနာဉာဏ်သည် လောကုတ္တရာမဂ်ဖိုလ်ရခြင်း၏ အကြောင်းဖြစ်သော ဝိမောက္ခမုခ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “နတ်တို့မှာတမ်း စကားဆန်း”ဟူသော တရားတော် ပထမပိုင်းကို ဟောကြား ချီးမြှင့်၏။



ဣတိဝုတ်ပါဠိတော် ပဉ္စပုဗ္ဗနိမိတ်သုတ်တော်ကို ဟောကြားခြင်းဖြစ်ရာ၊ စုတေခါနီး နတ်အား မှာကြားသည့် စကားသုံးခုအနက် -

၁။ ဣတော ဘော သုဂတိ ဂစ္ဆ = ဤနတ်ပြည်လောက နတ်ဘဝက စုတေလျှင် သုဂတိဘဝသို့ ရောက်အောင် သွားပါ။
(နတ်ပြည်ဘဝ၊ စုတေက၊ သုဂတိသို့ သွားပါလေ။)

၂။ သုဂတိ ဂန္တွာ သုလဒ္ဓ လာဘံ လဘ = သုဂတိဘုံဘဝသို့ ရောက်လျှင် အကောင်းဆုံး ရတနာများကို ရအောင် ယူပါ။
(သုဂတိမှာ၊ ရသင့်တာ၊ ရတနာများ ရပါစေ။)

မှာတမ်း စကား ၂-ခုကို ရှင်းလင်း ဟောကြားပြီး၊ ၁၀-မိနစ်မျှ တရားရှုမှတ် ပွားများကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

1 comment:

Crystal said...

အခုတလော ဒီပိုစ့်လေးကို ခဏခဏ လာဖတ်မိနေပါတယ်။ ကျေးဇူး :)