ဟေတုပစ္စည်း ကျေးဇူးပြုပုံ ပုံစံ
ဟေတုပစ္စည်းတွင် ဟိတ် ၆-ပါးသည် ပစ္စည်းတရားဖြစ်ရာ ဟိတ်ပါသော စိတ်များကို ပုံစံထုတ်ပြနိုင်၏။
ပုံစံအဖြစ် “လောဘမူပထမစိတ်”ကို ထုတ်ဆောင်ပြရသော် - ပထမ လောဘမူစိတ် ဖြစ်သောအခါ ‘လောဘမူပထမစိတ်’၊ ‘၎င်းနှင့် ယှဉ်သော စေတသိက် ၁၉-ခု’၊ ‘စိတ္တဇရုပ်’တို့ တပြိုင်နက် ဖြစ်ကြရာ စေတသိက်ထဲတွင် ပါဝင်သော ‘လောဘစေတသိက်’ကို ‘ပစ္စည်း’ယူထားလျှင် ‘လောဘမူပထမစိတ်’၊ ‘ကျန်စေတသိက် ၁၈-ခု’၊ ‘စိတ္တဇရုပ်’တို့သည် ‘ပစ္စယုပ္ပန်’ဖြစ်၏။ ‘မောဟ’ကို ပစ္စည်းအဖြစ် ယူထားက ‘လောဘမူစိတ်’၊ ‘ကျန်စေတသိက် ၁၈-ခု’၊ ‘စိတ္တဇရုပ်’တို့သည် ‘ပစ္စယုပ္ပန်’ဖြစ်၏။
ပစ္စည်းဘက်၌ ‘လောဘ’၊ ‘ဒေါသ’၊ ‘မောဟ’၊ ‘အလောဘ’၊ ‘အဒေါသ’၊ ‘အမောဟ’ ဟိတ်တစ်ပါးပါးသော်လည်းကောင်း ရှိရပြီး၊ ပစ္စယုပ္ပန်ဘက်၌ ‘စိတ်’၊ ‘အခြားစေတသိက်များ(လောဘ၊ ဒေါသ၊ မောဟ .. ပြန်ပါနိုင်၏။)၊ ‘စိတ္တဇရုပ်’တို့ ပါရှိရ၏။
ဟေတုပစ္စည်းသည် “သဟဇာတမျိုး”ထဲတွင် ပါသောကြောင့် ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့သည် အတူတကွ ဖြစ်၏။
‘အလောဘ’၊ ‘အဒေါသ’၊ ‘အမောဟ’တို့ပါသော မဟာကုသိုလ်ပထမစိတ်ကို ပုံစံပြရသော် - ‘အလောဘ’ကို ပစ္စည်းဟု ယူလျှင် ‘မဟာကုသိုလ်ပထမစိတ်’၊ ကျန် ၎င်းနှင့်ယှဉ်သော စေတသိက် ၃၇’၊ ‘စိတ္တဇရုပ်’တို့သည် ပစ္စယုပ္ပန် ဖြစ်၏။
ဟေတုပစ္စယောတိ
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ = ဟိတ်နှင့်ယှဉ်သော တရားများ (စိတ်, စေတသိက်)၊
တံသမုဋ္ဌာနာနဉ္စ ရူပါနံ = ထိုစိတ်ကြောင့်ဖြစ်သော ရုပ်များသည်
ဟေတုပစ္စယေန ပစ္စယော = ဟေတုပစ္စည်းဖြင့် ကျေးဇူးပြု၏။
ထို့အတူ အခြား အာရမ္မဏပစ္စည်း၊ အဓိပတိပစ္စည်း စသည်တို့ကို ရှင်းပြနိုင်ရန် သင်ယူ လေ့လာခဲ့ပြီးသော စိတ်၊ စေတသိက်၊ ရုပ် .. စသည်တို့ကို ပြန်လည် အမှတ်ရ နားလည်ရန် လို၏။
ဥပမာ - အဓိပတိပစ္စည်းကို ရှင်းပြနိုင်ရန် အဓိပတိပစ္စည်း၏ ပစ္စည်း၊ ပစ္စယုပ္ပန်ကို နားလည်ရ၏။
အဓိပတိတပ်သော တရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ) အနက် ဆန္ဒကို ပြောလိုက ဆန္ဒနှင့်ယှဉ်သော စိတ်များကို ကြည့်ပြီး ပုံစံ ထုတ်ယူပြောနိုင်၏။
+++++
ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း
ပဋိစ္စသမုပ္ပါဒ်နည်းကာ အလွန်ကျယ်ဝန်း၏။
ပဋိစ္စသမုပ္ပါဒ်နည်း၌ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းကို ပြောဆို၏။ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကိုသာ ပြ၏။
အကြောင်းက အကျိုးကို အဘယ်သတ္တိဖြင့် ကျေးဇူးပြုသည်ကို ပြဆိုခြင်း မရှိပေ။
ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ဟပ်ပြီး နားလည်မှ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံ ပိုင်ပိုင်နိုင်နိုင် နားလည်၏။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
အဝိဇ္ဇာဆိုသည်မှာ မောဟ ဖြစ်၏။
သင်္ခါရကို ပဋိစ္စသမုပ္ပါဒ်၌ ‘ပုညာဘိသင်္ခါရ’၊ ‘အပုညာဘိသင်္ခါရ’၊ ‘အာနဉ္စာဘိသင်္ခါရ’ဟု ၃-မျိုး အရကောက်၏။
ပုညာဘိသင်္ခါရ = ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်
အပုညာဘိသင်္ခါရ = အကုသိုလ်
အာနဉ္စာဘိသင်္ခါရ = အရူပါဝစရကုသိုလ်
အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ကျေးဇူးပြုပုံ
အဝိဇ္ဇာသည် ကုန်တတ်သော သဘောတရား၊ ပျက်တတ်သော သဘောတရားဟု ရှုသောအခါ ရှုသောပုဂ္ဂိုလ်၏ သန္တာန်၌ ကာမာဝစရကုသိုလ်စိတ် ဖြစ်၏။
အဝိဇ္ဇာက ထိုကာမာဝစရကုသိုလ်စိတ်နှင့် အတူဖြစ်သော သင်္ခါရ(ကံ)ကို အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
အဝိဇ္ဇာက ‘အာရုံ’၊ ကုသိုလ်သင်္ခါရက ‘အာရမ္မဏိက’=‘အာရုံကို ယူသောတရား’ ဖြစ်၏။
တစ်ဖန် စေတောပရိယ(သူတပါး၏စိတ်ကို သိနိုင်ခြင်း)၊ ပုဗ္ဗေနိဝါသ (ရှေးဘဝများကို ပြန်၍ သိနိုင်ခြင်း)၊ အနာဂတံသ (အနာဂတ်ကို မြင်နိုင်ခြင်း)ဉာဏ်ဟု ဆိုအပ်သော အဘိဉာဏ်တို့နှင့် ယှဉ်သောစိတ်ဖြင့် မိမိ၊ သူတပါးတို့၌ မောဟနှင့်တကွ ဖြစ်သော စိတ်ကို သိသောကာလ၌ ရူပါဝစရကုသိုလ်(ပုညာဘိသင်္ခါရ)အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။
ထိုမှတပါး အဝိဇ္ဇာ၏ အပြစ်ကို မြင်ခြင်းကြောင့် အဝိဇ္ဇာမှ ကင်းလွတ်ရန် ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသဖြင့် ကောင်းမှုကုသိုလ် ပြုကျင့်သူတို့အားလည်းကောင်း၊ ရူပါဝစရဈာန်ရအောင် အားထုတ်သူတို့အားလည်းကောင်း ထို(ကာမ၊ ရူပ)ပုညာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။
ထို့အတူပင် ဘဝ၏အပြစ်ကို ဖုံးကွယ်တတ်သော အဝိဇ္ဇာဖြင့် ပြင်းစွာ တွေဝေသောကြောင့် ကာမဘဝစည်းစိမ်ချမ်းသာ၊ ရူပဘဝစည်းစိမ်ချမ်းသာတို့ကို တောင့်တ၍ ထိုပုညာဘိသင်္ခါရ ၂-မျိုးတို့ကိုပင်လျှင် ပြုသောသူအေား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။
အဝိဇ္ဇာက အပုညာဘိသင်္ခါရကို ကျေးဇူးပြုပုံ
မောဟက အကုသိုလ်ကို ကျေးဇူးပြုသောအခါ သတ္တိအများအပြားဖြင့် ကျေးဇူးပြု၏။
ကုသိုလ်(ပုညာဘိသင်္ခါရ)၌ပြခဲ့သည့် အာရမ္မဏ၊ ဥပနိဿယတို့ဖြင့်လည်း ကျေးဇူးပြု၏။
အဝိဇ္ဇာသည် အဝိဇ္ဇာကို အာရုံပြုပြီး ရာဂဖြစ်နိုင်၏။ ထိုအခါ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။
သာမညအာရုံပြုသည်မျိုး မဟုတ်ဘဲ ပြင်းပြင်းပြပြ အာရုံပြုသောအခါ အာရမ္မဏဓိပတိပစ္စည်း၊ အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။
အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေလျက် အပြစ်မမြင်သည်ဖြစ်၍ သူ့အသက်သတ်ခြင်း စသည်တို့ကို ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ မောဟက ဒေါသမူစိတ်မှာ ယှဉ်သော စေတနာကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။
လောဘဇော, ဒေါသဇော, မောဟဇော အကုသိုလ်ဇောတစ်ခုခု စောသောအခါ ပထမဇောက ဒုတိယဇော၊ ဒုတိယဇောက တတိယဇော၊ ....၊ ဆဋ္ဌမဇောက သတ္တမဇောနှင့် အတူတကွဖြစ်သော အကုသိုလ်သင်္ခါရကို အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းများဖြင့် ကျေးဇူးပြု၏။
(ဇောခုနစ်ကြိမ်စောပြီးနောက် တဒါရုံ၊ ဘဝင်တို့မှာ အကုသိုလ်မဟုတ်တော့၍ မသက်ဆိုင်တော့ပေ။)
အမှတ်မရှိ တစ်စုံတစ်ခုသော အကုသိုလ်ကို ပြုသောသူအား၊ အကုသိုလ်စိတ်ဖြစ်သောအခါ မောဟက ထိုစိတ်နှင့်အတူတကွဖြစ်သော သင်္ခါရ(စေတနာ)ကို ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းများဖြင့် ကျေးဇူးပြု၏။
အတူတကွဖြစ်လျှင် သဟဇာတ၊ အညမည၊ နိဿယ၊ အတ္ထိ၊ အဝိဂတတို့ ရရန် သေချာ၏။ သမ္ပယုတ္တမှာ နာမ်,နာမ်ချင်းဆိုလျှင် ရ၏။ နာမ်နှင့်ရုပ်ဆိုလျှင် သမ္ပယုတ္တ မရ။ ဟေတု၊ အဓိပတိစသည်လည်း ရ၏။
အဝိဇ္ဇာက အဘိသင်္ခါရ(အာနေဉ္စာဘိသင်္ခါရ)ကို ကျေးဇူးပြုပုံ
အရူပါဝစရကုသိုလ်နှင့်အတူဖြစ်သော စေတနာ သင်္ခါရအား အဝိဇ္ဇာက ဥပနိဿယပစည်းတစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြု၏။
ဤကဲ့သို့ ပဋ္ဌာန်းနည်းဖြင့် ယှဉ်ပြီး ပဋိစ္စသမုပ္ပါဒ်ကို နားလည်သောအခါ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌၊ အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုရာ၌ တခါတရံ အတူတူဖြစ်ပြီး ကျေးဇူးပြု၏။ တခါတရံ အတူတူမဟုတ်ဘဲ အာရုံပြုခံရသောအနေဖြင့် ကျေးဇူးပြု၏။ တခါတရံ လွှမ်းမိုးသောအားဖြင့် ကျေးဇူးပြု၏။ ဤသို့ အဝိဇ္ဇာကို အကြောင်းပြုပြီး သင်္ခါရ တခါတရံ အတူတကွ ဖြစ်ခြင်း၊ တခါတရံ အဝိဇ္ဇာက တစ်ချိန်မှာ ဖြစ်၍ သင်္ခါရက တစ်ချိန်မှာ ဖြစ်ခြင်း စသော အကြောင်း-အကျိုးဖြစ်ပုံ အမျိုးမျိုးကို ပြည့်ပြည့်စုံစုံ နားလည်နိုင်၏။
သင်္ခါရက ဝိညာဏ်ကို ကျေးဇူးပြုသောအခါ နာနာက္ခဏိကကမ္မ၊ ဥပနိဿယ ပစ္စည်း ၂-မျိုးတို့ဖြင့် ကျေးဇူးပြု၏။
ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။
နာမ်ရုပ်က သဠာယတနကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ၊ ဟေတု၊ အာဟာရ၊ ပစ္ဆာဇာတ၊ ဝိပ္ပယုတ္တ၊ ဣန္ဒြိယပစ္စည်းများဖြင့် ကျေးဇူးပြု၏။
သဠာယတနက ဖဿကို ကျေးဇူးပြုရာ၌ နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။
ဖဿက ဝေဒနာကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့က အတူတကွဖြစ်၍ ကျေးဇူးပြု၏။ ဥပနိဿယပစ္စည်းဖြင့် ဖဿက အရင် ဖြစ်၍ ဝေဒနာက နောက်မှ ဖြစ်ကာ ကျေးဇူးပြု၏။
ဝေဒနာက တဏှာကို ကျေးဇူးပြုသောအခါ ဥပနိဿယတစ်ခုတည်းဖြင့် ကျေးဇူးပြု၏။
တဏှာကြောင့် ဥပါဒါန်ဖြစ်သောအခါ (ဥပါဒါန်လေးပါးရှိပြီး၊ တရားကိုယ်အားဖြင့် လောဘနှင့် ဒိဋ္ဌိ ၂-ပါး ဖြစ်၏။) ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့်လည်း အတူတကွ ဖြစ်ပြီး ကျေးဇူးပြု၏။
ဥပါဒါန်ကြောင့် ဘဝ(ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-မျိုးရှိရာ ဤနေရာတွင် ကမ္မဘဝကို ယူ၏။)ဖြစ်ရာတွင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဟေတုသတ္တိတို့ဖြင့်လည်း အတူတကွ ကျေးဇူးပြု၏။
ဘဝ(ကမ္မဘဝ)က ဇာတိကို ကျေးဇူးပြုရာ၌ နာနာက္ခဏိကကမ္မသတ္တိ၊ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
ဇာတိပစ္စယာ ဇရာ,မရဏ,သောက,ပရိဒေဝ,ဒုက္ခ,ဒေါမနဿ,ဥပါယာသဖြစ်ရာတွင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။
ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်ကွင်းဆက်(အင်္ဂါ)များမှာ ပဋ္ဌာန်းနည်းဖြင့် အဘယ်ကဲ့သို့ သတ္တိများဖြင့် ကျေးဇူးပြုကြောင်း ဆက်သွယ်မှုကို နားလည်မှသာ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံ ပိုင်ပိုင်နိုင်နိုင် နားလည်လေသည်။
+++++
ပညတ္တိဝိဘာဂ
ပညတ်ဆိုသည်မှာ ပရမတ်အားဖြင့် ထင်ရှားရှိသော နာမ်တရား၊ ရုပ်တရားကို ဖယ်ထား၍ ပရမတ်အားဖြင့် ထင်ရှားမရှိသော ပရမတ်၏ အတုအယောင် သဘောမျိုးဖြင့် ခေါ်ဝေါ် သုံးစွဲခြင်းမျိုးကို ပညတ်ဟု ခေါ်ဆိုသည်။
၎င်းပညတ်သည် (၁) ခေါ်ဝေါ်အပ်သော အနက်ဒြပ်ဟု ဆိုအပ်သော အတ္ထပညတ်၊ (၂) ခေါ်ဝေါ်ကြောင်းဖြစ်သော အမည်သညာ သဒ္ဒါဝေါဟာရဟု ဆိုအပ်သော သဒ္ဒပညတ်ဟု ၂-မျိုး ပြား၏။
ဆိုလိုရင်း အဓိပ္ပာယ်မှာ - ‘ပုရိသော’ဟူသော သဒ္ဒါအသံဓာတ်သည် ယောက်ျားဒြပ် အကောင်အထည်တည်းဟူသော အနက်ကို သိစေတတ်သောကြောင့် ‘သဒ္ဒပညတ်’ မည်၏။ ၎င်းသဒ္ဒါသည် သိစေအပ်သောကြောင့် ယောက်ျားဒြပ်အနက်သည် ‘အတ္ထပညတ်’မည်၏။ ‘ပဗ္ဗတ’သဒ္ဒါသည် သဒ္ဒပညတ်၊ ‘တောင်’ဒြပ်သည် အတ္ထပညတ်မည်၏ ဟု သိရာ၏။
အတ္ထပညတ်အမျိုးအစားများ
(၁) ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သော အခြင်းအရာကို စွဲ၍ ထိုထိုသို့သော အခြင်းအရာ ပုံဟန် သန္တာန်ကို စွဲ၍ ပညတ်သမုတ်အပ်သော မြေ, တောင် အစရှိသော ‘သဏ္ဍာနပညတ်’။
(၂) သစ်၊ မြေစိုင်၊ ချည် အစရှိသော အဆောက်အဦတို့၏ ပေါင်းစည်း စုဝေးသော အခြင်းအရာကို အစွဲပြု၍ ပညတ်သမုတ်အပ်သော အိမ်၊ ရထား၊ လှည်း၊ အိုး၊ ပုဆိုး စသော ‘သမူဟပညတ်’။
(၃) ခန္ဓာ ၅-ပါး အပေါင်းကို စွဲ၍ ပညတ်သမုတ်အပ်သော ယောက်ျားပုဂ္ဂိုလ်စသော ‘ဇာတိပညတ်’။
(၄) လ, နေ, နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ် လှည့်၍ သွားခြင်း အစရှိသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော အရှေ့အရပ်စသော ‘ဒိသာပညတ်’။
(၅) နံနက်စသော ‘ကာလပညတ်’။
(၆) ကဆုန်လစသော ‘မာသပညတ်’။
(၇) ထိုထိုသို့သော ရုပ်ကလာပ်တို့သည် မတွေ့ထိအပ်သော အခေါင်းစသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော တွင်းဂူလိုဏ်ပေါက်စသော ‘အာကာသပညတ်’။
(၈) ထိုထိုသို့သော အခြင်းအရာအားဖြင့် ထင်သော ပထဝီကသိုဏ်း အစရှိသော နိမိတ်ကိုလည်းကောင်း၊ ပရိကမ္မ စသည်ဖြင့် ပြားသော ဘာဝနာ၏ အစဉ်ဟူသော အထူးကိုလည်းကောင်း စွဲ၍ သမုတ်အပ်သော ကသိုဏ်းနိမိတ်၊ အသုဘနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်စသော ‘နိမိတ္တပညတ်’။
ဤအတ္ထပညတ်များသည် ပရမတ္ထအားဖြင့် ဒြပ်အကောင်အထည် ထင်ရှား မရှိသော်လည်း သဘောဆတ်ဆတ် ပရမတ်ကို စွဲမြှောင်၍ အရိပ်အရောင် အတုဟူသော အခြင်းအရာအားဖြင့် စိတ်,စေတသိက် ပရမတ်တရားတို့၏ အခြံအရံအဖြစ်သို့ ရောက်၏။
ထို အတ္ထပညတ်ကို နာမပညတ်ဖြင့် သိစေအပ်၏။
ဝါစ္စပညတ်၊ ဝစနိယပညတ်၊ အတ္ထပညတ် ဟူသည် အတူတူပင် ဖြစ်၏။
ဝါစကပညတ်၊ နာမပညတ်၊ သဒ္ဒပညတ် ဟူသည်လည်း အတူတူပင် ဖြစ်၏။
အမည်သာ ကွဲပြားကြ၏။
သဒ္ဒပညတ်အမျိုးအစားများ
(၁) ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်,ဝေဒနာ စသော သဒ္ဒပညတ်မျိုး။
(၂) အဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်စသော အနက်ကို သိကြောင်းဖြစ်သော သဒ္ဒပညတ်မျိုး။
(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကို သိစေသော ဆဠဘိညော (အဘိညာဉ်ရသောပုဂ္ဂိုလ်) စသော သဒ္ဒပညတ်။
(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကို သိစေတတ်သော ဣတ္ထိသဒ္ဒေါ (မိန်းမအသံ) စသော သဒ္ဒပညတ်မျိုး။
(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကိုပင် သိစေသော စက္ခုဝိညာဏံစသော သဒ္ဒပညတ်မျိုး။
(၆) အဝိဇ္ဇမာနေန အဝိဇ္ဇာမာနပတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် ၂-ပါးကို သိစေသော ရာဇပုတ္တော စသော သဒ္ဒပညတ်။
အနက်နှင့် သဒ္ဒါကို ခြားနားစွာ သတိပြုရာ၏။
‘ပုတ္တော’ကား ပါဠိသဒ္ဒါ၊ ‘သား’ကား မြန်မာသဒ္ဒါ၊ ‘အထည်ကိုယ်ဒြပ်’သာ အနက်ဖြစ်၏။
ဤသို့ သဒ္ဒါနှင့် အနက်တို့၏ ခြားနားမှုကို သတိပြုမှသာ အတ္ထပညတ်နှင့် သဒ္ဒပညတ် ကွဲပြား၏။
+++++
အနက်ကို သိရာ၌ ဝီထိဖြစ်ပုံ
(၁) တစ်လုံးသော အက္ခရာရှိသော ‘လူ’စသော သဒ္ဒါရုံ၌ ပစ္စုပ္ပန် ‘လူ’ဟူသော သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’ တစ်ဝီထိ ကျ၏။
(၂) ထိုနောက် ချုပ်ပြီးသော ‘လူ’ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’ ဖြစ်၏။
(၃) ထိုနောင် လူဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ ဖြစ်၏။
(၄) ထိုနောင် လူ၏ခန္ဓာ ပဉ္စကဒြပ် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ ဖြစ်၏။
ဤသို့ လေးဝီထိဖြစ်ပြီးမှ ‘လူ’ဟူသော အနက်ကို သိရ၏။
အက္ခရာ နှစ်လုံးဖြစ်သော ‘စာအုပ်’ဟု ကြားရာ၌ -
(၁) ပစ္စုပ္ပန် ‘စာ’သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’၊
(၂) အတိတ် ‘စာ’သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’၊
(၃) ပစ္စုပ္ပန် ‘အုပ်’သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’၊
(၄) အတိတ် ‘အုပ်’သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’၊
(၅) ‘စာအုပ်’ဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’၊
(၆) ဒြပ်အနက် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ဟူ၍ ၆-ဝီထိ ကျပြီးမှ ‘စာအုပ်’ဟူသော အနက်ကို သိရ၏။
ဤနည်းတူ အက္ခရာ သုံးလုံးဖြစ်သော ‘ဘုန်းကြီးကျောင်း’ဟု ကြားရာ၌ အက္ခရာတစ်လုံးလျှင် ‘သောတဒွါရဝီထိ’နှင့် ‘တဒနုဝတ္တကမနောဒွါရဝီထိ’ - ပေါင်း ၂-ဝီထိစီဖြင့် ၆-ဝီထိ၊ ထိုနောက် ‘ဘုန်းကြီးကျောင်း’ဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’၊ ထိုနောက် ဘုန်းကြီးကျောင်း ဒြပ်အနက် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ - စုစုပေါင်း ၈-ဝီထိ ဖြစ်ပြီးမှ ‘ဘုန်းကြီးကျောင်း’ဟူသော အနက်ကို သိရ၏။
အက္ခရာများလျှင် များသည့်အလျောက် ဝီထိတိုး၍ များလေတော့သည်။
အနက်ကို သိရခြင်းသည်လည်း သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ကြားရောက်လာခြင်း၊ ရှေးအခါက ဤသဒ္ဒါသည် ဤအနက်ကို ဟောသည်ဟု ပိုင်းခြား မှတ်သားပြီး ရှိခြင်း - ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံမှ အနက်ကို သိစေနိုင်သည်။
နားထောင်သူ ပုဂ္ဂိုလ်သန္တာန်၌ နာမပညတ်ကို အရင် သိပြီးမှ၊ အတ္ထပညတ်ကို သိ၏။
ပြောဆိုသူ ပုဂ္ဂိုလ်သန္တာန်၌ အတ္ထပညတ်ကို သိပြီးမှ၊ နာမပညတ် ဖြစ်၏။
မြင်ခြင်း၊ နံခြင်း၊ အရသာသိခြင်း၊ တွေ့ထိခြင်းကိစ္စတို့၌ အတ္ထပညတ် ဖြစ်ပြီးမှ နာမပညတ် ဖြစ်၏။
ဥပမာ - ရူပါရုံတစ်ခုကို မြင်ရာ၌ -
(၁) ရှေးဦးစွာ စက္ခုဒွါရဝီထိစိတ်နှင့် ပစ္စုပ္ပန်ရူပါရုံ(ပုံရိပ်)ကို သိသည်။
(၂) ထိုနောက် တဒနုဝတ္တကမနောဒွါရဝီထိစိတ်ဖြင့် လွန်ပြီးသော အတိတ်ရူပါရုံကို သိသည်။
(၃) ထိုနောင် သုဒ္ဓမနောဒွါရဝီထိစိတ်ဖြင့် အတ္ထပညတ်ကို သိသည်။
(၄) ထိုနောက် သုဒ္ဓမနောဒွါရဝီထိစိတ်ဖြင့် နာမပညတ်ကို သိသည်။
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိသုဒ္ဓိမဂ်(မြန်မာပြန်)”
အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ “အဘိဓမ္မာလက်ဆောင်”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”
No comments:
Post a Comment