+++++
စက္ခုနှင့် သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ
အသမ္ပတ္တ = မရောက်သေးသော
ဂဟာက = ယူတတ်ခြင်း
“စက္ခုနှင့် သောတတို့ မရောက်သေးသော အာရုံကို ယူတတ်ပုံ”
‘စက္ခုနှင့် သောတတို့က မိမိထံ မရောက်မထိသော အာရုံကို ယူ၏။ ဃာန၊ ဇိဝှါ၊ ကာယတို့က မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟု ယူဆကြ၏။
အချို့က ‘စက္ခု၊ သောတတို့လည်း မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟူ၍ ရှေးကပင် အယူအဆ ကွဲပြားမှု ရှိ၏။
အဋ္ဌကထာသစ်တို့၏ ဆရာဖြစ်သော ‘အရှင်မဟာဗုဒ္ဓဃောသ’က စက္ခုနှင့် သောတတို့သည် မရောက်သေးသော အာရုံကို ယူ၏ဟု ဆုံးဖြတ်၏။
- ဝေးသောအရပ်၌ ရှိသော နေ,လ စသည်တို့၏ အဆင်းကိုလည်းကောင်း၊ ဖလ်မှန်တို့ ခြားကွယ်အပ်သော အဆင်းကိုလည်းကောင်း၊ ကြီးမားသော တောင် စသည်တို့၏ အဆင်းကိုလည်းကောင်း မြင်နိုင်ခြင်း။
- ဝေးသောအရပ် ကောင်းကင်၌ တည်သော မိုးခြိမ်းသံ စသည်ကိုလည်းကောင်း၊ ဝမ်းရေခြားနေသော ဝမ်းဗိုက်အတွင်းမှ အသံစသည်ကိုလည်းကောင်း၊ ကျယ်လောင်ကြီးမားသော ခေါင်းလောင်းသံ စသည်ကိုလည်းကောင်း ကြားနိုင်ခြင်းတို့ကို ထောက်၍ စက္ခုနှင့် သောတတို့သည် မိမိထံ မရောက်မထိသော အာရုံကို ယူ၏ဟု ဆို၏။
- ရူပါရုံ-အဆင်း၊ သဒ္ဒါရုံ-အသံတို့သည် မဟာဘုတ်အဆက်ဆက်ဖြင့် စက္ခုပသာဒ၊ သောတပသာဒတို့၏ တည်ရာသို့ ရောက်လာနိုင်သည်မဟုတ်လောဟု မေးသော် ကံ, စိတ်, အာဟာရတို့ကြောင့်ဖြစ်သော အဆင်းနှင့် စိတ်ကြောင့်ဖြစ်သော အသံတို့သည် ခန္ဓာကိုယ်၏ ပြင်ပ၌ မဖြစ်ကြသောကြောင့် မဟာဘုတ်အဆက်ဆက်ဖြင့် ရောက်လာသည်ဟု မဆိုနိုင်။
(မိမိတို့ စကားပြောဆိုရာ အပြင်သို့ ထွက်သွားသောအသံမှာ ပထမ စိတ်ကြောင့်ဖြစ်သော အသံမှတဆင့် ဥတုကြောင့်ဖြစ်သော အသံအဖြစ် အဆက်ဆက် ဖြစ်သွားခြင်း ဖြစ်၏။ ‘စိတ္တပစ္စယဥတုဇ’ဟု ခေါ်၏။)
- စက္ခု၊ သောတ ၂-ပါးသည် မိမိအနီးရှိ အာရုံကိုသာ ယူနိုင်သည်ဟု ဆိုပြန်ကလည်း စက္ခုပသာဒနှင့် အနီးဆုံးဖြစ်သော မျက်လုံး၏အဆင်း၊ မျက်ခုံး၏အဆင်းတို့ကို မမြင်နိုင်ခြင်း။ အရှေ့ကလာသော အသံ၊ အနောက်ကလာသော အသံ၊ အဝေးကလာသော အသံ၊ အနီးကလာသော အသံဟု ပိုင်းခြား သိနိုင်ခြင်းတို့ကြောင့် အနီးရှိအာရုံကိုသာ ယူနိုင်သည်ဟု ဆိုခြင်းမှာလည်း မဖြစ်နိုင်။
- စက္ခု၊ သောတ ၂-ပါးသည် ရူပါရုံ၊ သဒ္ဒါရုံရှိရာအရပ်သို့ သွားပြီး အာရုံပေါ်၌ ဖြန့်အုပ်၍ ယူသည်ဟု ဆိုပြန်ကလည်း ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတအရာတို့၌ အဘိညာဏ်ရအောင် လုပ်စရာလိုတော့မည်မဟုတ်သောကြောင့် မဖြစ်နိုင်။
ထို့ကြောင့် စက္ခုနှင့် သောတတို့သည် မိမိထံမှောက်သို့ မရောက်သေးသော အာရုံကို ယူတတ်၏ဟု အရှင်မဟာဗုဒ္ဓဃောသ၏ အယူအဆအတိုင်း နောက်ဆရာများက လက်ခံ ယူဆကြ၏။
+++++
သိပ္ပံပညာနည်းဖြင့် ပြောသောအခါ အသံ၏သွားနှုန်းက အလင်းရောင်၏သွားနှုန်းအောက် နှေးသောကြောင့် လျှပ်စီးလက်ခြင်းကို ဦးစွာ မြင်ရပြီးမှ မိုးခြိမ်းသံကို ကြားရခြင်း ဖြစ်သည်ဟု ဆို၏။
အဘိဓမ္မာသဘောတွင် ဆင်ခြင်သောအသိ ဦးစွာဖြစ်ခြင်း နောက်ကျဖြစ်ခြင်းအပေါ် အခြေခံ၍ တွေးခေါ် သုံးသပ်ကြောင်း တောင်မြို့ဆရာတော်၏ ဘာသာဋီကာ၌ ပါရှိကြောင်း မှတ်သားဖွယ် သိရှိရ၏။
အဝေးတွင် အဝတ်ကို ရိုက်ပြီး လျှော်ဖွပ်နေသော သူကို ကြည့်သောအခါ အဝတ်ရိုက်နေသည်ကို မြင်ပြီး ခဏနေမှ ရိုက်သံကြားရခြင်းသည် ဆင်ခြင်မှုနောက်ကျ၍ ကြားခြင်း နောက်ကျရသည်ဟု အကြောင်းပြ၏။
+++++
ရူပသမုဋ္ဌာန
ရုပ်ဖြစ်ခြင်း၏ အကြောင်း
ရုပ်ဖြစ်ခြင်း၏အကြောင်း လေးပါး ရှိ၏။
ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့မှာ ရုပ်ဖြစ်ခြင်းအကြောင်း လေးပါး ဖြစ်၏။
အချို့ရုပ်သည် ကံကြောင့်ဖြစ်၏။ အချို့ရုပ်သည် စိတ်ကြောင့် ဖြစ်၏။ အချို့ရုပ်သည် ဥတုကြောင့် ဖြစ်၏။ အချို့ရုပ်သည် အာဟာရကြောင့် ဖြစ်၏။ အချို့ရုပ်သည် ကံ, စိတ် အကြောင်း ၂-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၃-မျိုးကြောင့်၊ အချို့ရုပ်သည် အကြောင်း ၄-မျိုးလုံးကြောင့် ဖြစ်၏။
ကံ
ရုပ်ကို ဖြစ်စေနိုင်သော ကံမှာ အကုသိုလ်စိတ် ၁၂၊ မဟာကုသိုလ်စိတ် ၈၊ ရူပကုသိုလ်စိတ် ၅ = အားလုံးပေါင်း ၂၅ ခု ရှိ၏။
ဤစိတ် ၂၅-ခုတွင် ယှဉ်သော စေတနာစေတသိက်ကို ကံဟု ခေါ်၏။
ဤကံက ကမ္မဇရုပ်(ကံကြောင့်ဖြစ်သော ရုပ်)ကို အဇ္ဈတ္တသန္တာန်၌ ဖြစ်စေ၏။ သက်ရှိသန္တာန်၌ ဖြစ်စေ၏။
သက်မဲ့သန္တာန်၌ မဖြစ်စေနိုင်။
ဤသို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်စေရာ၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ စ၍ ဖြစ်၏။ ဘဝ စ,စချင်း ကမ္မဇရုပ် ဖြစ်၏။ ထိုနောက် တစ်ဘဝလုံး စိတ်၏ ဥပါဒ်, ဌီ, ဘင် ခဏတိုင်း အမြဲဖြစ်နေတော့၏။
စိတ်
အရူပဝိပါက်စိတ် ၄-ခုနှင့် ဒွေးပဉ္စဝိညာဏ် ၁၀ တို့ ကြဉ်သော ကျန်စိတ် (၈၉-၁၄=) ၇၅ ပါးတို့သည် ရုပ်ကို ဖြစ်စေနိုင်၏။
ပဋိသန္ဓေစိတ်အခိုက်အတန့်၌ အားနည်းသေးသောကြောင့် စိတ္တဇရုပ်တို့ မဖြစ်နိုင်သေး။
ပဋိသန္ဓေနောက် ပထမဘဝင်၏ ဥပါဒ်မှ စ၍ စိတ္တဇရုပ်ကို ဖြစ်စေ၏။
ဥပါဒ်အခိုက်မှာသာ စိတ်က စိတ္တဇရုပ်ကို ဖြစ်စေ၏။ ဌီ-ဇရာအခိုက်၊ ဘင်-ပျောက်သွားသည့်အခိုက်တို့မှာ အားနည်းသောကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။
ထို့ကြောင့် ပထမဘဝင်၏ ဥပါဒ်မှ စ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်တို့ ဖြစ်၏။
- ရုပ်ကို ဖြစ်စေနိုင်သော စိတ်များအနက် အပ္ပနာဇော ၂၆ (ရူပါဝစရ ကုသိုလ် ၅ + ရူပါဝစရ ကြိယာ ၅ + အရူပါဝစရ ကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)သည် ရုပ်သာမညအပြင် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။
(ဈာန်ဝင်စားနေသောအခါ တင်ပလ္လင်ခွေလျက် ၇-ရက်လုံး နေနိုင်ခြင်း၊ အပ္ပနာဇောမဟုတ်သည့် ကာမာဝစရဇောပင်လျှင် ၂-နာရီ ၃-နာရီကြာအောင် တရားထိုင်နိုင်ခြင်း, အချို့ တစ်ညလုံး မအိပ်ဘဲ နေနိုင်ခြင်း။)
- ဝုဋ္ဌော၊ ကာမဇော ၂၉၊ အဘိညာဏ် ၂ = ပေါင်း ၃၂-ပါးသော စိတ်တို့သည် ရုပ်သာမညနှင့် ဣရိယာပုတ်အပြင် ကာယဝိညတ်, ဝစီဝိညတ် ၂-ပါးကိုလည်း ဖြစ်စေနိုင်၏။
တဖန် ထို ၃၂-ပါးသော စိတ်တို့အနက် လောဘမူသောမနဿဇော ၄၊ ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကုသိုလ်သောမနဿဇော ၄၊ မဟာကြိယာသောမနဿဇော ၄ = ပေါင်း ၁၃-ပါးသော စိတ်တို့သည် ပြုံးရွှင်ခြင်းကိုလည်း ဖြစ်စေနိုင်၏။
ဤ ရယ်ရွှင်ခြင်းကို ဖြစ်စေနိုင်သော ၁၃-ပါးသော စိတ်တို့ကို ပုထုဇဉ်တို့က ဘယ်စိတ်၊ သေက္ချပုဂ္ဂိုလ်တို့က မည်သည့်စိတ်၊ ဘုရား,ရဟန္တာတို့က မည်သည့်စိတ်များဖြင့် ပြုံးရယ်နိုင်ကြောင်း ထပ်မံ ခွဲခြားပြ၏။
လင်္ကာ
“ရှစ်ပုထုဇန်၊ ခြောက်သေက္ခန်၊ ငါးတန် ရဟန္တာ။
ဟာသအကြောင်း၊ ထူးပြားရှောင်း၊ စိတ်ပေါင်း တေရသာ။”
ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူသောမနဿ ၄ + မဟာကုသိုလ်သောမနဿ ၎
သေက္ချပုဂ္ဂိုလ်တို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿ ၂ + မဟာကုသိုလ်သောမနဿ ၎
(သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့၌ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ မရှိတော့သောကြောင့် လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ် သောမနဿဖြင့် မပြုံးရယ်နိုင်တော့ပေ။)
ဘုရား၊ ရဟန္တာတို့၌ ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်များ = ဟသိတုပ္ပါဒ် + မဟာကြိယာသောမနဿ ၎
အချို့က ဟသိတုပ္ပါဒ်စိတ်သည် အဟိတ်စိတ်ဖြစ်သောကြောင့် (ဉာဏ်နှင့် မယှဉ်သောကြောင့်) မြတ်စွာဘုရားရှင်၏ သန္တာန်၌ မဖြစ်ထိုက်ဟု ယူဆကြ၏။
အဋ္ဌကထာ ဋီကာဆရာ အများက မြတ်စွာဘုရားရှင်သည် တစ်စုံတစ်ခုကို မြင်တော်မူပြီး ပြုံးတော်မူရာ၌၊ ဥပမာ ... ဝက်မငယ်ကို မြင်ပြီး ပြုံးတော်မူရာ၌ ရှေးဦးစွာ ဉာဏ်ဖြင့် ဆင်ခြင်သော စိတ်ဖြစ်ပြီး (ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ဝက်မငယ်၏ အတိတ်ဘဝများကို သိမြင်ပြီး)မှ ဟသိတုပ္ပါဒ်နှင့် ပြုံးရယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆကြ၏။
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
တောင်မြို့ဆရာတော်၏ “သင်္ဂြိုဟ်ဘာသာဋီကာ”
No comments:
Post a Comment