Tuesday, October 6, 2009

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၈-ဖေဖော်ဝါရီ-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြဝါဒကထာမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ စနေနေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ် တိုင်း အသီးသီးတို့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြု စိတ်ဓာတ် အပြည့်အဝထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင်ဖြစ်တော်မူကြသည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည် ဘုရား။

ဆရာတော်ဘုရားများနှင့် ယခုလို တစ်နှစ်လျှင် တစ်ကြိမ်ကျ စုံညီ တွေ့ဆုံကြရ၍ သာသနာတော်အတွက် အရေးကြီးသော ကိစ္စများကို တိုင်ပင် ညှိနှိုင်း ဆွေးနွေးကြရ၊ အသိအမြင်ချင်း ဖလှယ်ကြရသောကြောင့် သာသနာတော်အတွက် အထူးပင် နှစ်သက် ဝမ်းမြောက်ရပါကြောင်း ထပ်လောင်း လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
ဗုဒ္ဓမြတ်စွာသည် “ပဉ္စိမာနိ ဘိက္ခဝေ အနာဂတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိ အယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိ ဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
(အံ-၂-၉၃၊ ၉၅)
“ရဟန်းတို့ ... ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်။ ထိုအနာဂတ်ဘေးတို့ကို သင်တို့ ကြိုတင် သိထားကြရမည် (ကြိုတင်သိထားအောင် လေ့လာ စုံစမ်း ထောက်လှမ်းထားကြရမည်)။ ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်” စသည်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို အကျဉ်းချုပ်၍ လျှောက်ထားပါမည် ဘုရား။

(၁) ကာယာနုပဿနာကို ပွားများပြီး မဟုတ်ကြကုန်သော၊ သီလကို ပွားများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွားများပြီး မဟုတ်ကြကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြားတပည့် လူသာမဏေတို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။

(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာတို့၏ တပည့်အဆက်ဆက်တို့သည်လည်း ကာယာနုပဿနာကို မပွားများကြကုန်၊ သီလကို မပွားများကြကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ ပညာကို မပွားများကြကုန်။ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာ ကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာလမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့။ (ဒေါသစိတ်ဖြင့် သူတပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘ သက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျုသော အကုသိုလ်ဘက်သို့ သက်ရောက် ကူးပြောင်းသွားကြလိမ့်မည်။)
ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲနက်နဲကုန်၊ ခက်ခဲနက်နဲသော အနက်အဓိပ္ပာယ်ရှိကြကုန်သော လောကုတ္တရာတရားကိုးပါးကို ဖော်ပြကုန်သော သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် တရားသဘောသက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟောတရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။
ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင်ကြကုန်။ သာသနာပြင်ပပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့လျော့လျော့ ကျင့်ကြကုန်၊ အောက်အပါယ်ဘုံသို့ ရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားပဓာနထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော ကျင့်စဉ်များ၌ တာဝန်မဲ့ အားထုတ်မှု လုံ့လ၊ ဝီရိယကို လျှော့ချထားကြကုန်လတ္တံ့။
ထိုရဟန်းတို့၏ နောင်လာနောက်သား တပည့်များလည်း ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

ထိုဘေးကြီးငါးမျိုးတို့ နောင်အခါ ဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ ကြိုတင် သိထားကြရမည်။ (ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်။)
ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်ဟု ဟောတော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ထိုဘေးကြီးငါးမျိုးတို့သည် ယခုအခါ မြန်မာနိုင်ငံတော်အတွင်း၌ အနည်းအများ ပမာဏကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါသည် ဘုရား။

ထိုငါးမျိုးတို့အနက် လွန်စွာ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသော ဘေးကြီးနှစ်မျိုးတို့ကို အနည်းငယ်မျှ ထုတ်ပြ လျှောက်ထားပါမည် ဘုရား။

ထိုနှစ်မျိုးတို့မှာ တတိယဘေးကြီးနှင့် စတုတ္ထဘေးကြီးများ ဖြစ်ပါသည် ဘုရား။
ထို တတိယဘေးကြီး၊ စတုတ္ထဘေးကြီးများနှင့် ဆက်နွယ်နေသော အဓမ္မဝါဒများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပါသည် ဘုရား။

ထိုပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ငါးနှစ်သက်တမ်းမှာပင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်း၍ သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပါသည် ဘုရား။

ထို့နောက် ဆက်လက် ပေါ်ပေါက်လာသော အဓမ္မဝါဒများကိုလည်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့်ပင် သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပြီး ဖြစ်ပါသည် ဘုရား။
သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မဝါဒများ တစ်စတစ်စ ခေါင်းထောင် ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မဝါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ အတိအလင်း ရောင်းချနေသည်ကိုလည်းကောင်း၊ ယခင်အစည်းအဝေးများ၌ ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည် ဘုရား။

ယခုအခါ ထိုအဓမ္မဝါဒများထက်ပင် သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော အဓမ္မဝါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေ ဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များ ထင်ထင်ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို ဖြိုချဖျက်ဆီးပစ်မည့် ဘေးဆိုးကြီးဖြစ်ကြောင်းကို အရိပ်အမြွက်မျှ လျှောက်ထားပါမည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ရဟန်းရှင်လူများ များပြားနေသောခေတ် ဖြစ်ပါသည်။
ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မဝါဒထူထောင်လိုသူ အဓမ္မဝါဒီများသည် မိမိတို့၏ သာသနာတော်၌ ပြုပြင်၍ မရနိုင်သော အပြစ်တစုံတရာ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသောအနေအားဖြင့် ဤအဓမ္မဝါဒကို ဟောပြောပြသ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မဝါဒီများ၏ ဆောင်ရွက်ချက်သည် တဟုန်ထိုး ကျယ်ပြန့် ပွားများလာခဲ့ပါသည် ဘုရား။

ထိုအဓမ္မဝါဒီများသည် မြတ်စွာဘုရား ဟောကြားခဲ့သည့် သံဂါယနာ (၆)ကြိမ်တင် ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများကိုပင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏဝါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ၌ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဝါဒအစစ်အမှန်များ ကွယ်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့ စသော အဓမ္မဝါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိနေကြပါသည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများထက်ပင် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ဘေးဆိုးကြီး ဖြစ်ပါသည်။

“တာနိဝေါ ပဋိဗုဇ္ဈိတဗ္ဗာနိ”
“ထိုဘေးဆိုးကြီးများကို သင်တို့ ကြိုတင် သိထားကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ထိုဘေးဆိုးကြီးများကို တပည့်တော်တို့ ဆရာတော်တို့ ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရပါမည် ဘုရား။

“ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
“ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ယခုပေါ်ပေါက်နေသော သာသနာ့ဘေးဆိုးကြီးကို နိုင်ငံတော်သံဃမဟာနာယကအပါအဝင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြား ရဟန်းပညာရှင်၊ လူပညာရှင်များ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်၍ သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရန် အချိန်ကျရောက်နေပါပြီ ဘုရား။

ထိုသို့ အားထုတ်ကြရာ၌ သူ့တာဝန် ငါ့တာဝန် မခွဲခြားဘဲ သာသနမာမက ရဟန်းရှင်လူအားလုံး ညီညာဖြဖြ ဆောင်ရွက်ကြရန် လျှောက်ထားပါသည် ဘုရား။

ယင်းသို့ ဆောင်ရွက်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်ပါသည် ဘုရား။
ကိဋာဂိရိအရပ်၌ အဿဇိပုနဗ္ဗသုက မည်သော အလဇ္ဇီရဟန်းဆိုးတို့ သာသနာတော်၌ မသင့်မတော် မလျော်မလျောက်သည့် အကျင့်ဆိုးတို့ကို ပြုကျင့်နေကြသည်ကို မြတ်စွာဘုရား ကြားသိတော်မူရ၍ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ခေါ်တော်မူပြီးလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ … သင်တို့သည် ကိဋာဂိရိသို့ သွား၍ အဿဇိပုနဗ္ဗသုကတို့ကို ကိဋာဂိရိမှ နှင်ထုတ်ကြ။ ထိုရဟန်းများသည် သင်တို့၏ တပည့်များ ဖြစ်ကြသည်”ဟု စေခိုင်းတော်မူလေရာ၊
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့က “ရှင်တော်မြတ်ဘုရား … အဿဇိပုနဗ္ဗသုက ရဟန်းများသည် ခက်ထန် ကြမ်းကြုတ်ကြပါသည်၊ ဘယ်ပုံဘယ်နည်း နှင်ထုတ်ကြရပါမည်နည်း”ဟု လျှောက်ထားသောအခါ ဘုရားရှင်က “ဒီလိုဆိုလျှင် များစွာသော ရဟန်းတို့ကို ခေါ်သွားကြ”ဟု မိန့်တော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဤမြတ်စွာဘုရား မိန့်ကြားတော်မူသည့် နည်းအတိုင်း ယခုပေါ်ပေါက်သော သာသနာ့ဘေးဆိုးကြီးသည်လည်း သာသနာတော်နယ်ပယ်အတွင်း စိမ့်ဝင်ထိုးဖောက်၍ အတွင်းမှ လှိုက်စားလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှု၊ အပြင်မှ အထင်အရှား ရေးသားဟောပြောခြင်း၊ ဖြန့်ချိခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးခြင်း စသည်ပြုလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှုတို့ဖြင့် ဘက်စုံထောင့်စုံမှ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြစ်ပါ မကျန်အောင် တွန်းလှန်ဖြိုဖျက်နေသော လွန်စွာ အင်အားကြီးမားသည့် သာသနာ့ဘေးဆိုးကြီးဖြစ်ရကား ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်လှပါသည် ဘုရား။

သို့ဖြစ်ပါ၍ ဆရာတော်ဘုရားများသည် မိမိတို့ နေရပ်ဒေသ၊ မိမိတို့ ရောက်ရာဒေသ ဟူသမျှတို့၌ ထေရဝါဒသာသနာဝင် ရဟန်းတော်အားလုံး ဤသာသနာ့ ဘေးဆိုးကြီး ပေါ်ပေါက်နေသည်ကို သဘောပေါက်လောက်အောင် ရှင်းလင်း ပြောပြ၍ ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သာသနာ့စိတ်ဓာတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ပါဝင်လာကြအောင် လှုံ့ဆော်စည်းရုံးတော်မူကြရန် တောင်းပန်လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခု ဖြစ်ပေါ်နေသည့် သာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ ဓမ္မစက်သက်သက်ဖြင့်သာ ဆောင်ရွက်၍ အောင်မြင်နိုင်မည် မဟုတ်ပါ။

“သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ = ဤလောက၌ သာသနာတော်မည်သည် မင်းကို မှီ၍ တည်တံ့ရ၏” ဟူသော ကဝိထေရ်မွန်ပညာဝန်တို့၏ အဆိုအမိန့်အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အာဏာစက်နှင့် တွဲဖက်၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည် ဘုရား။
မှန်ပါသည် ဘုရား။
သာသနာ့သမိုင်းကို လေ့လာပါလျှင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပ၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းကာ သာသနာတော် တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်အထိ သာသနာတော် ၂၅၅၂ နှစ်အတွင်း ဓမ္မစက်၊ အာဏာစက် တွဲဖက်၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ ခြောက်ကြိမ်မျှသာ ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ပထမအကြိမ်
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှ လေးလမြောက်တွင် အရှင်မဟာကဿပထေရ်သည် အဇာတသတ်မင်း၏ အကူအညီဖြင့် သုဘဒ္ဒကဲ့သို့သော ရဟန်းဆိုးများ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၌ ဝါဆိုဝါကပ် မနေကြစေရန် ဉတ်ကမ္မဝါစာဖြင့် ပယ်ရှားတားမြစ်၍ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော် သတ္တပဏ္ဏိလိုဏ်ဂူအနီး မဏ္ဍပ်ကြီး၌ ရဟန္တာငါးရာတို့ဖြင့် ပထမသံဂါယနာတင်တော်မူကာ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ဒုတိယအကြိမ်
သာသနာတော်နှစ် ၁၀၀ အရောက်တွင် ဝဇ္ဇီတိုင်းသားရဟန်းများ၏ ပြောဆိုကြေညာသည့် အဓမ္မဝတ္ထု ၁၀ ပါးကို အကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ကာလာသောကမင်း၏ အကူအညီဖြင့် ဝါဠိကာရုံကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်တော်မူကြ၍ ဝဇ္ဇီတိုင်းသားရဟန်းများကို ဖယ်ရှားနှင်ထုတ်လျက် ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

တတိယအကြိမ်
သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် မဂဓတိုင်း၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်းတိုက်၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် သီရိဓမ္မာသောကမင်း၏ အကူအညီဖြင့် အန္ဓကဂိုဏ်းသား အစရှိသော ရဟန်းများ၏ အဓမ္မအယူဝါဒကို ဖယ်ရှား၍ တိတ္ထိတို့ကို သာသနာတော်မှ နှင်ထုတ်ပြီးလျှင် တတိယ သံဂါယနာတင်တော်မူကြ၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

စတုတ္ထအကြိမ်
သာသနာတော် ၁၀၆၁ ခုနှစ်၊ သက္ကရာဇ် ၄၁၉ ခုနှစ်တွင် စတင်ကြွရောက်တော်မူလာသော အရှင်အရဟံသည် အနော်ရထာမင်း၏ အာဏာစက် အကူအညီဖြင့် ပုဂံပြည်တွင် အဓမ္မဝါဒ ဟောကြား ပြုမူနေကြသော အရည်းကြီးတို့ကို လူဝတ်လဲစေပြီးလျှင် ထေရဝါဒ ဗုဒ္ဓသာသနာတော် တည်စေတော်မူခဲ့ပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ပဉ္စမအကြိမ်
သာသနာတော် ၁၇၀၇-၁၇၄၀ ခုနှစ်တွင် သီဟိုဠ်ကျွန်း၊ ပုလတ္ထိမြို့၌ နန်းတက်သော ပရက္ကမဗာဟုမင်းလက်ထက်၌ ဒိမ္ဗုလာဂလ အရှင်မဟာကဿပ အမှူးပြုသော သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတ္တရာ အပါအဝင် မဟာထေရ်အရှင်မြတ်တို့သည် ပရက္ကမဗာဟုမင်း၏ အကူအညီဖြင့် အချင်းချင်း ကွဲပြားနေသာ မဟာဝိဟာရဂိုဏ်းကြီး၊ အဘယဂိရိဂိုဏ်းကြီး၊ ဇေတဝနဂိုဏ်းကြီး သုံးဂိုဏ်းတို့ကို ညီညွတ်အောင် ပြု၍ အလဇ္ဇီရဟန်းများကို စစ်ဆေး၍ လူဝတ်လဲစေခြင်း၊ သာမဏေဝတ်ဖြင့် နေနိုင်လောက်သူကို သာမဏေဝတ်ဖြင့် နေစေခြင်းဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

ဆဋ္ဌအကြိမ်
သာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်တိုင်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကျင်းပ၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စသည်တို့ကို ပြဋ္ဌာန်းကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပါသည် ဘုရား။

ဤသို့လျှင် မဇ္ဈိမဒေသ၌ သုံးကြိမ်၊ သီဟိုဠ်ကျွန်း၌ တစ်ကြိမ်၊ မြန်မာပြည်၌ နှစ်ကြိမ်အားဖြင့် (၆)ကြိမ်မျှသာ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ထိုဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ရသည့် (၆)ကြိမ်တို့တွင် တတိယအကြိမ် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ခဲ့သော သာသနာ့ဘေးဆိုးကြီးသည် အကြီးမားဆုံး ဖြစ်သည်ဟု ထင်မြင်ပါသည် ဘုရား။

ယခု မြန်မာပြည်၌ ဖြစ်ပေါ်နေသာ သာသနာ့ဘေးဆိုးကြီးသည် ထိုမဇ္ဈိမဒေသ၌ ဖြစ်ပေါ်ခဲ့သော ဘေးဆိုးကြီးကဲ့သို့ပင် အလွန် ကြီးမားသော ဘေးဆိုးကြီး ဖြစ်ပါသည် ဘုရား။

ဤမျှလောက် ကြီးမားသော သာသနာ့ဘေးဆိုးကြီးကို သာသနမာမက အာဏာပိုင်အဖွဲ့အစည်းများနှင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့ ညီညာဖြဖြ လက်တွဲကြလျက် သုတ်သင် ပယ်ရှား တားမြစ်ကြပါစို့ဟု လေးလေးနက်နက် တိုက်တွန်း နှိုးဆော်လျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့



+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၁-မတ်-၂၀၀၉

No comments: