Tuesday, October 6, 2009

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၅-ဖေဖော်ဝါရီ-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တမအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် ဘဒ္ဒန္တကုမာရမဟာထေရ်၏ သာရဏီယ သြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၂ ရက် (၂၅-၂-၂၀၀၉) ဗုဒ္ဓဟူးနေ့

နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဆရာတော် အရှင်မြတ်တို့ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့်အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ဝုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နောပရိဟာနိ” (ဒီ၊ ၂၊ ၆၅)ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နှင့်အညီ ညီညွတ်သည့်အတွက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ရပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်တို့၏ သံဃအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက် (၇)ချက်တို့တွင် -
(က)၌ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရန် ဖြစ်သည်ဟု ဆိုထားရာ ဘုရားတပည့်တော်တို့ ဆောင်ရွက်ရမည့် သာသနာတော် ကိစ္စများမှာ သာသနာတော် သန့်ရှင်းရန်၊ သာသနာတော် တည်တံ့ရန်၊ သာသနာတော် ပြန့်ပွားရန်တို့ ဖြစ်ပါသည်။

ထိုရည်ရွယ်ချက် (၃)ချက်တို့တွင် သာသနာတော် သန့်ရှင်းရန်အတွက် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းပြီး ပထမငါးနှစ်အတွင်း၌ ရဟန်းတု၊ ရဟန်းယောင်များကို ဖယ်ရှားခြင်း၊ ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် ဓမ္မ၊ အဓမ္မ ဆုံးဖြတ်စေခြင်း စသည်ဖြင့် သာသနာတော် သန့်ရှင်းရန် ကိစ္စများကို ဆောင်ရွက်ခဲ့သဖြင့် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည် ဘုရား။

သို့ရာတွင် နှစ်ကာလ ကြာမြင့်လာသောအခါ ထိုရဟန်းတု ရဟန်းယောင်များ၊ အဓမ္မဝါဒများ တစ်စတစ်စ ခေါင်းထောင်လာသည်ကို ဆရာတော်ဘုရားများ ကြားသိတော်မူကြပြီး ဖြစ်ပါလိမ့်မည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် အရှင်သူမြတ်တို့သည် -
(၁) ခမာ - အရာရာ၌ သည်းခံခြင်းဂုဏ်၊
(၂) ဇာဂရိယ - နိုးကြားခြင်းဂုဏ်၊
(၃) ဥဋ္ဌာန - ထကြွလုံ့လ ဝီရိယရှိခြင်းဂုဏ်၊
(၄) သံဝိဘာဂ - ခွဲခြားဝေဖန်ခြင်းဂုဏ်၊
(၅) ဒယာ - သနားငဲ့ညှာခြင်းဂုဏ်၊
(၆) ဣက္ခဏာ - စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်းဂုဏ် ဟူသော နာယကဂုဏ်အင်္ဂါ ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူကြသည့် အရှင်မြတ်များချည်းသာ ဖြစ်ကြရပါမည် ဘုရား။

ဤနာယကဂုဏ်အင်္ဂါ ခြောက်ပါးတို့တွင်လည်း နောက်ဆုံးဖြစ်သော စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ခြင်း ဟူသော “ဣက္ခဏာ” ဂုဏ်အင်္ဂါကို ကိစ္စကြီးငယ် အသွယ်သွယ် အဝဝ ဟူသမျှတို့၌ ရှေ့ဂုဏ်အင်္ဂါ ငါးပါးထက် အလွန်အကျူး အထူးအားဖြင့် အလိုရှိသင့်၊ အလိုရှိထိုက်၊ ပြည့်စုံစေသင့်၊ ပြည့်စုံစေထိုက်လှပါသည် ဘုရား။

အဘယ်ကြောင့်နည်းဟူမူ အကြီးအမှူး ဦးစီးနာယက ဖြစ်ကြသော ပုဂ္ဂိုလ်များသည် မိမိတို့ ကြီးမှူးရာ နယ်ပယ်အတွင်း၌ အကြောင်းအရာ ဝတ္ထု အစုစုတို့ကို တစ်ခုမကျန် ဝေဖန်ပိုင်းခြား ပြတ်သားစွာ သိမြင်အောင် ကြည့်ရှုဆင်ခြင်ပြီး ပဂ္ဂဟ၊ နိဂ္ဂဟ ကိစ္စကြီးငယ် အသွယ်သွယ်တို့ကို ဆောင်ရွက် ပြုလုပ်မှသာလျှင် ချို့ယွင်းချက်မရှိ တိကျမှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သဖြင့် လိုအပ်သော အကျိုးများ ပြီးစီးအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည် ဘုရား။

သို့ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် ကျောင်း၊ ကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်း အစရှိသော အသေးအဖွဲ ကိစ္စများကိုသာ ဆောင်ရွက်နေကြရသည်က များပါသည် ဘုရား။ လွန်စွာ အရေးကြီးသည့် သာသနာတော် သန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင် ယူဆမိပါသည် ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် အမြင့်ဆုံးအဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် သာသနာတော် သန့်ရှင်းရေးကိစ္စများသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးမှာ တာဝန်အရှိဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၌ မည်သည့်အညစ်အကြေးများ၊ မည်သည့်ဘေးရန်များ၊ မည်သည့်အနှောင့်အယှက်များ ဖြစ်ပေါ်နေသည်ဟု တိကျပြတ်သားစွာ သိမြင်အောင် ဆင်ခြင်ထောက်လှမ်း စုံစမ်းလေ့လာမှု အမြဲပြုနေကြဖို့ လိုပါသည် ဘုရား။

ယခုအခါ ပိဋကတ်တော်နှင့် မညီညွတ်သော ရေးသားခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းများ ပေါ်ပေါက်နေသည်ကိုလည်းကောင်း၊ ယခင်က အဓမ္မဟု ဆုံးဖြတ်အပ်ခဲ့ပြီးသော အဓမ္မဝါဒများ ပြန်လည် ခေါင်းထောင်နေသည်ကိုလည်းကောင်း ကြားသိ တွေ့မြင်နေရပါသည် ဘုရား။

ယင်းကိစ္စများသည် သာသနာတော်အတွက် ကြောက်မက်ဖွယ် ကောင်းသည့် လွန်စွာ ကြီးမားသော အညစ်အကြေးများ ဖြစ်ကြပါသည် ဘုရား။

ထို သာသနာ့ဘေးရန်များကို မည်သို့မည်ပုံ တားဆီးကာကွယ်ရမည်။ သုတ်သင် ပယ်ရှားရမည် စသည်တို့ကို လေးလေးနက်နက် စဉ်းစား နှိုင်းချိန်၍ မိမိတို့ အချင်းချင်းလည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့်လည်းကောင်း၊ အခြားပညာရှင်များနှင့်လည်းကောင်း တိုင်ပင် ညှိနှိုင်း၍ အလေးအနက်ထားကာ ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားပါသည် ဘုရား။

အထူး နောက်တစ်ချက် လျှောက်ထားလိုသည်မှာ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးက သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ နာယကလက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရန်ကိစ္စကို စိစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့ရာ ယင်းစိစစ်ရေးအဖွဲ့က စိစစ်တွေ့ရှိချက်များကို ညှိနှိုင်းဆွေးနွေးပြီးလျှင် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်သင့်သည့် ကောက်နုတ်ချက်များကို ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ တင်ပြခဲ့ရာ ယင်းအစည်းဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။

ဆုံးဖြတ်ချက်
လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် ကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ အထူးဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကို တင်ပြ၍ ပြင်ဆင်ရမည့် အချက်များစွာကို တွေ့ရှိ၍ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ အနေဖြင့် လိုအပ်ချက်များ တွေ့ရှိပါက စိစစ်ရေးအဖွဲ့ငယ်သို့ အကြံဉာဏ်များ ပေးပို့နိုင်ရန်ကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိကြောင်း မှတ်တမ်းတင်ရန်။

ယင်းပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချက်များနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ၏ အကြံပြု တင်ပြချက်များကို ချီးမြှင့်ပါရန် လျှောက်ထား ဆက်ကပ်သည့် စာကိုလည်း တွေ့မြင် ဖတ်ရှုရပါသည် ဘုရား။
ယင်းလျှောက်ထားစာဝယ် အကြောင်းအရာ၌ “လုပ်ထုံးလုပ်နည်း၊ လက်စွဲ၊ ညွှန်ကြားလွှာများ ပြင်ဆင်ရေးကိစ္စ”ဟု ဖော်ပြထားသော်လည်း စိစစ်ရေးအဖွဲ့၏ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် အချက်များကို ဖော်ပြရာ၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါဝင်နေသည်ကို တွေ့ရှိပါသည်။

ယင်းသံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါ အပိုဒ်များကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုလုပ်နိုင်သည်ဟု သံ/စည်း အခန်း (၁၆)၊ အပိုဒ် (၉၆)၌ ပြဋ္ဌာန်းထားပါသောကြောင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၌ ပါသော ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ချက်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကသာ ပြုလုပ်နိုင်သည် ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အထူးအစည်းအဝေး ခေါ်ယူရန် လိုအပ်ပါသည် ဘုရား။

သံ/စည်း အခန်း (၁၁)၊ အပိုဒ် (၈၀)၌ သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို ကျင်းပရမည်ဟု ပြဋ္ဌာန်းထားရာ တပည့်တော်တို့ သံဃမဟာနာယကအဖွဲ့ကြီးက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပသင့်၊ မကျင်းပသင့် အဆုံးအဖြတ်ပေးရမည် ဖြစ်ပါသည်။

ယင်းကိစ္စကို တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များချည်း မဆုံးဖြတ်ဘဲ သာသနာရေးဝန်ကြီးနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်သင့်သည်ဟု ထင်မြင်ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် ကိစ္စသည် သာသနာတော်အတွက် အလွန် အရေးကြီးသော ကိစ္စဖြစ်သဖြင့် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များချည်း ညှိနှိုင်းတိုင်ပင် ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ခြင်းများကို မပြုသေးဘဲ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ သင့်လျော်သော ဆရာတော်များ၊ မူလဝန်ဆောင် ၆၆ ပါးတွင် ပါဝင်၍ သက်တော်ထင်ရှားရှိပြီး ဆောင်ရွက်နိုင်မည့် ဆရာတော်များ၊ အခြားပညာရှင်များနှင့်ပါ သေချစေ့စပ်စွာ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သင့်သည်ဟု အကြံပြုလျက် တပည့်တော်၏ သာရဏီယ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့


+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၂၆-ဖေဖော်ဝါရီ-၂၀၀၉

No comments: