မန္တလေးသား မဟုတ်၍ တကြောင်း၊ ဗဟုသုတနည်းပါး၍ တကြောင်း၊ မြန်မာနိုင်ငံသမိုင်းနှင့်ပထဝီဝင်ကို မကျွမ်းကျင်၍တကြောင်း၊ မန္တလေးမြို့နေ အမရပူရမြို့နေ သူငယ်ချင်းများရှိခဲ့သည့်တိုင် စကားမစပ်မိခဲ့သဖြင့်လည်းကောင်း တောင်မြို့ မြောက်မြို့ ဇစ်မြစ်ကို ယခင်က မသိခဲ့။
တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ၏ကျမ်းစာများကို အကြောင်းပြု၍ ‘အမရပူရမြို့’ကို ‘တောင်မြို့’ဟု ခေါ်ကြောင်းလောက်သာ သိထားခဲ့သည်။
တနေ့က ရွှေဘိုမိမိကြီး၏ “ရွှေပြည်၊ လှေသင်း၊ မင်းလက်ဝါး” သုံးအုပ်ပေါင်းချုပ်စာအုပ်ကို ဖတ်ရမှ တောင်မြို့ မြောက်မြို့အကြောင်း ဂဃနဏ သိလိုက်ရလေသည်။
“၁၃။ တောင်မြို့မှ မြောက်မြို့သို့” ကောက်နုတ်ချက်
မန္တလေးတောင်အနီးတွင် မြို့နန်းအသစ် တည်ဆောက်သည်မှာ သုံးနှစ်ခန့်ကြာမှ ပြီးစီးသည်။
၁၂၁၈-ခု၊ တပို့တွဲလဆန်း (၄)ရက်နေ့မှ စ၍ တည်ဆောက်ရာ ၁၂၂၀ ပြည့်နှစ်၊ ဒုတိယ ဝါဆိုလဆန်း (၆)ရက်တွင်မှ မြို့တော်တည်ဆောက်မှု အားလုံး ပြီးစီး၍ မြို့သိမ်းပွဲ လုပ်ရသည်။
မြို့တော်ကို ‘ရတနာပုံမ်’ဟု သမုတ်ပါသည်။
အကျယ်မှာ တစ်မျက်နှာလျှင် တာ (၆၀၀) [ ၇-တောင် ၁-တာ ] ရှိသောကြောင့် လေးမျက်နှာပတ်လည် တာပေါင်း (၂,၄၀၀) ရှိသည်။
ထိုကဲ့သို့ သတ်မှတ် တည်ဆောက်ခြင်းမှာ ဗုဒ္ဓသာသနာတော်နှစ် (၂၄၀၀) ကာလကို ရည်ညွှန်းပြီး အမှတ်တရ ပြုလုပ်ခြင်း ဖြစ်ပါသည်။
စင်စစ် ရတနာပုံမ် မန္တလေးမြို့၏ အကွက်အကွင်းမှာ မြို့သစ်ပီပီ စနစ်တကျ တိုင်းထွာ သတ်မှတ်ထားသဖြင့် လူနေရပ်ကွက်မှ စပြီး လမ်းကျယ်ကြီးများမှာ ပုံစံကျစွာ ဖြောင့်တန်း ညီညွတ်လှသဖြင့် အရှေ့အနောက် စသော အရပ်များတွင် တိကျစွာ ရည်ညွှန်း ပြောဆိုနိုင်သော မြို့ ဖြစ်ပေသည်။
နန်းတော်ကြီးကို ‘မြနန်းစံကျော် ရွှေနန်းတော်’ဟု သမုတ်သည်။
အားလုံး တည်ဆောက်ပြီးစီးသော် မင်းမိဖုရားများ၊ အိမ်ရှေ့မင်း၊ သားတော် သမီးတော်၊ မှူးမတ်၊ စစ်သူကြီးများမှ စ၍ အမရပူရမြို့မှ မြောက်အရပ်ရှိ မြို့သစ်သို့ ပြောင်းရွှေ့နေထိုင်ကြရသည်။
‘ရတနာပုံမ်မြို့’ဟု သမုတ်ထားစေကာ အရပ်သူတို့၏ နှုတ်အခေါ်မှာ မန္တလေးတောင်ခြေတွင် ရှိသောကြောင့် ‘မန္တလေး’ဟုလည်းကောင်း၊ ‘မြောက်မြို့’ဟုလည်းကောင်း အလွယ်တကူ ခေါ်ကြလေသည်။
ထိုသို့ ‘မြောက်မြို့’ဖြစ်လာသည်မှ စ၍ အမရပူရမြို့တော်ဟောင်းကား အလိုအလျောက်ပင် ‘တောင်မြို့’ ဖြစ်သွားသည်။
အမရပူရမြို့မှ နေရင်း အိမ်ထောင်စုအချို့သည်လည်း ဘုရင့်မြို့သစ်တည်ရာသို့ နောက်တော်ပါအဖြစ် လိုက်ပါ ပြောင်းရွှေ့ကြကာ အိုးအိမ်အသစ် တည်ဆောက်ပြီး နေကြရသည်။
ယင်းတို့အား နေလောက်သော ခြံမြေကွက်များ ပေးသနားသည် ဟူ၏။
လူနေစည်ကားမည့် မြို့လယ်တွင်လည်း ‘ဈေးချိုတော်ကြီး’ တည်ဆောက်ပေးလေသည်။
စာကိုး
၂၀၀၈-ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်ထုတ်ဝေသော
‘ရွှေဘိုမိမိကြီး’၏ ‘မဟာလူရည်ချွန် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်’၊ ‘လှေအသင်းအတွင်းဝန်မင်း ဦးရွှေမောင်’၊ ‘မင်းလက်ဝါး’ သုံးအုပ်ပေါင်းချုပ် “ရွှေပြည်၊ လှေသင်း၊ မင်းလက်ဝါး” စာ-၇၇
No comments:
Post a Comment