Wednesday, January 7, 2009

သူတော်ကောင်းလက္ခဏာ


ဆားပုလင်းခင်မောင်ဝင်း။ ။ ကဖိုးထိန် .. ဘာတွေ တကုပ်ကုပ်နဲ့ ရေးမှတ်နေတာလဲဗျ။ အကြွေးစာရင်းတွေလား။

ကဖိုးထိန်။ ။ မှန်သလိုလိုရှိတယ် .. ဆားပုလင်း။ ပြီးခဲ့တဲ့နှစ်အတွင်း ကျနော့်အပေါ် ကျေးဇူးပြုခဲ့ကြတဲ့သူတွေရဲ့ စာရင်းကို နှစ်ချုပ်လုပ်နေတာပါ။ ဒီစာရင်းထဲ ဆားပုလင်းလဲ ပါတယ်။ နယူးဂျာစီကျောင်း သွားဖို့ ကားကြုံလိုက်ခွင့် ပြုတာလေးကအစပေါ့ဗျာ။

ဆားပုလင်းခင်မောင်ဝင်း။ ။ ဟာဗျာ .. ကဖိုးထိန်က လုပ်တော့မယ်။ ကျေးဇူးအတင်ခံချင်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူးဗျ။

ကဖိုးထိန်။ ။ သိပါတယ် .. ဆားပုလင်းရာ။

ဆားပုလင်းခင်မောင်ဝင်း။ ။ “သူတပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးသိသရွေ့ သိလေ့ရှိသည်လည်းကောင်း” ဆိုတာ သူတော်ကောင်း ဂုဏ်အင်္ဂါတစ်ပါး မဟုတ်လားဗျ။

ကဖိုးထိန်။ ။ ကျနော့်ကိုယ် ကျနော် သူတော်ကောင်းလို့တော့ မဆိုပါဘူးဗျ။ ‘ကိုယ့်ကိုကိုယ်ဖော် မသူတော်ခုနစ်ပါး’ဆိုလား။ ကောင်းတာလေးတွေတော့ ကိုယ့်မှာ ရှိအောင် ဖြစ်အောင် ကြိုးစားနေပါတယ်။ ကဲ .. ဆက်စမ်းပါအုန်း သူတော်ကောင်းဂုဏ်အင်္ဂါတွေ။

ဆားပုလင်းခင်မောင်ဝင်း။ ။ တောင်မြို့ဆရာတော်ကြီးရဲ့ “သူတော်ကောင်းလက္ခဏာ သြဝါဒတရားတော်” နာဖူး ဖတ်ဖူးပြီးသား မဟုတ်လားဗျ။

ကဖိုးထိန်။ ။ အထပ်ထပ် အခါခါပေါ့ဗျာ။ ဖတ်မှတ် နာယူမဝ ကြားမဝပါဘူး။ “ယော ဓီရော၊ နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝနောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာရှင်သည် ....”

ဆားပုလင်းခင်မောင်ဝင်း။ ။ ဆရာတော်ကြီးက ဓာတ်ခံဆိုတာ ကုသိုလ် အကုသိုလ် ဖြစ်တဲ့ စေတနာရဲ့ အကျိုးဝိပါက်၊ ကမ္မပစ္စယသတ္တိဖြင့် ဘဝသံသရာတလျှောက် ကျေးဇူးပြုလာလို့ မကောင်းတဲ့သူက မကောင်းတဲ့ဓာတ်ခံပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံပါလာတဲ့အကြောင်း။ အမွှာမွေးကလေးနှစ်ယောက် ရုပ်ချင်းတူပေမယ့် စိတ်ချင်း ဉာဏ်ချင်း မတူတာ ဓာတ်ခံကြောင့်ဆိုတာ ထင်ရှားတဲ့အကြောင်း။ ဒီဓာတ်ခံတွေဟာ နိဗ္ဗာန်မရမချင်း ဘဝသံသရာတွေမှာ ဆက်ပြီး အကျိုးပေးနေမှာဖြစ်လို့ မဂ်ဓာတ် ဖိုလ်ဓာတ်၊ အရိယာဓာတ်၊ ရဟန္တာဓာတ်ထိရောက်အောင် တဆင့်ထက်တဆင့် ဓာတ်မြင့်သွားအောင် ကြိုးစားကြရမှာ ဖြစ်တဲ့အကြောင်း သြဝါဒမိန့်ကြားခဲ့တာ မဟုတ်လားဗျ။

ကဖိုးထိန်။ ။ ဒီလို ကိုယ့်ဓာတ်ကိုကိုယ် တဆင့်ထက် တဆင့် မြင့်သွားအောင် မြှင့်တင်ကြရာမှာလဲ ရိုးရိုးသားသား စိတ်ထားဖြောင့်ဖြောင့် ပရိယာယ်မပါ ဟန်မလုပ်၊ သူများအထင်ကြီးအောင် ဂုဏ်ရှိအောင် ချီးမွှမ်းခံရအောင် နာမည်ကျော်အောင် မဟုတ်ဘဲ မေတ္တာဓာတ် ကရုဏာဓာတ်တွေနဲ့ စိတ်ထား ရိုးဖြောင့်ပါစေလို့လဲ မိန့်ကြားခဲ့ပါတယ်။

ဆားပုလင်းခင်မောင်ဝင်း။ ။ “သူတပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးသိသရွေ့ သိလေ့ရှိသည်လည်းကောင်း” ဆိုတဲ့ ‘ကတညူ’ က ပထမ သူတော်ကောင်း ဂုဏ်အင်္ဂါတစ်ရပ်ပေါ့ဗျာ။ သိသာထင်ရှားတဲ့ ကျေးဇူးရှင်တွေအဖြစ် မိခင် ဖခင် ဆရာသမားတို့ရဲ့ ကျေးဇူးကြီးမားပုံတွေကို ဆရာတော်က မိန့်ကြားပါတယ်။

“ကျေးဇူးသိထားရုံနဲ့မပြီး သူများပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည်လည်းကောင်း” ဆိုတဲ့၊ ပါဠိလိုတော့ ‘ကတဝေဒီ’ ပေါ့ဗျာ ... ဒီလို ကျေးဇူးပြန်ဆပ်မှလဲ ဒုတိယ သူတော်ကောင်း ဂုဏ်အင်္ဂါနဲ့ ညီမှာတဲ့။

ကဖိုးထိန်။ ။ ဒီနေရာမှာတော့ အလောင်းတော် ခြင်္သေ့မင်းရဲ့အကြောင်း ဆရာတော်ကြီး ဟောပြသွားတာ မှတ်မိပါရဲ့ဗျာ။ တစ်ကြိမ်မှာ ခြင်္သေ့မင်းဟာ တောင်ပေါ်ကနေ သားကောင်းကို ခုန်ဖမ်းရင်း ရွှံ့ညွန်ထဲနစ်၊ မြေခွေးက ကယ်။ ခြင်္သေ့မင်းက မြေခွေးမိသားစုကို ခေါ်ထားပြီး ကျွေးမွေးစောင့်ရှောက်။ ကြာတော့ ခြင်္သေ့မက မကျေနပ်လို့ ခြင်္သေ့မင်းက အကျိုးအကြောင်းပြန်ရှင်းပြ။ ကျေးဇူးရှင်ဆိုတာ သဘောပေါက်တော့ သားစဉ်မြေးဆက် ခုနစ်ဆက်တိုင်အောင် အချစ်မပျက် နေထိုင်သွားကြတဲ့အကြောင်း။

ဆားပုလင်းခင်မောင်ဝင်း။ ။ ပထမအချက်က ကျေးဇူးသိ၊ ဒုတိယ သိတဲ့ကျေးဇူးကိုလဲ ပြန်ဆပ်။ တတိယက ‘ကလျာဏမိတ္တ’ ဆိုတဲ့ “မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည်လည်းကောင်း” တဲ့။

ကဖိုးထိန်။ ။ ရှေးကံကောင်းမှ ဓာတ်ခံကောင်းပြီး လမ်းကောင်းညွှန်ပြ သွန်သင်ဆုံးမတဲ့ မိကောင်း ဖကောင်း ဆရာသမားကောင်းတွေနဲ့ တွေ့ရတာ မဟုတ်လားဗျ။ တလောက ကျွန်တော်တို့ စက်လေးပါးအကြောင်း မှတ်သား နာယူခဲ့ကြသေးတယ်လေ။

ဆားပုလင်းခင်မောင်ဝင်း။ ။ ကလျာဏမိတ်ကောင်း ရှိရုံနဲ့ မပြီး၊ မိကောင်း ဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတွေကို ခိုင်ခိုင်မြဲမြဲ မကွဲမကွာ ဆက်ဆံ ဆည်းကပ်ပါတဲ့။ စတုတ္ထ သူတော်ကောင်း ဂုဏ်အင်္ဂါပေါ့ဗျာ။ ပါဠိလို ‘ဒဠှဘတ္တိ’။ “ထိုမိတ်ကောင်းလဲ အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည်လည်းကောင်း” တဲ့။

ကဖိုးထိန်။ ။ ပဉ္စမ သူတော်ကောင်း ဂုဏ်အင်္ဂါကိုလဲ ကျနော် အလွတ်ရသလောက် နီးနီးပါပဲ။

ဒုက္ခိတဿ-မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏
ကိစ္စံ-စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို
သက္ကစ္စံကရောတိ-ကိုယ်ချင်းစာနာ သနားညှာ၍ များစွာပုံသေ ပြုစုတတ်ပေ၏ ... တဲ့ မဟုတ်လား။

တောရွာမှာ လှည်းပေါ့နဲ့ ခရီးသွား၊ မီးရထားပေါ်မှာ နေရာကောင်းရ၊ မရှိဆင်းရဲ မကျန်းမာသူ အိမ်နီးချင်း၊ ကူညီဖို့ ဟောပြတယ်။ ပြည့်စုံတဲ့ လယ်ပိုင်ရှင်ကလဲ ဆင်းရဲတဲ့ လယ်သမားတွေအပေါ်မှာ ညှာတာ ကူညီ။ ဆင်းရဲသူတွေအတွက်လဲ ဆွမ်းကလေး လှူနိုင်ရင် တော်လောက်ပါပြီ .. တဲ့၊ အလှူကြီး အတန်းကြီးက ပိုလျှံမှ လှူပါတဲ့။

တမနက်ခင်း ဝေလီဝေလင်း ဆရာတော်ကြီးကိုယ်တိုင် ဆွမ်းခံကြွဖို့အထွက် ဈေးတောင်း ခေါင်းပေါ်မရွက်နိုင်တဲ့ ဒကာမကြီးတယေက်အကြောင်း ဆိုရင်လဲ မျက်စိထဲ မြင်ယောင်နေမိတယ် ဗျာ။

ဆားပုလင်းခင်မောင်ဝင်း။ ။ အကျဉ်းချုပ်လိုက်တော့ “ကျေးဇူး သိ၊ ကျေးဇူး ဆပ်၊ မိတ်ကောင်း ရှိ၊ မိတ်ကောင်း ဆည်းကပ်၊ ဒုက္ခရောက်သူကို ကူညီ” ဆိုတာ သူတော်ကောင်း ဂုဏ်အင်္ဂါ ငါးပါးပေါ့။ ဒါနဲ့ တလောကတောင် အင်္ဂလန်က သတင်းတပုဒ်မှာ နှစ်ပေါင်း ၄၀ နီးပါးကြာမှ သူတပါးပြုဖူး မြတ်ကျေးဇူးကို မမေ့တဲ့အကြောင်း သတင်းလေး ဖတ်လိုက်ရသေးတယ်။

ကဖိုးထိန်။ ။ ဆိုစမ်းပါဦး ဆားပုလင်း၊ သတိမထားလိုက်မိဘူး။

ဆားပုလင်းခင်မောင်ဝင်း။ ။ ၁၉၆၉-ခုနှစ် ဧပြီလတုန်းက အင်္ဂလန်နိုင်ငံသား ဂျင်ဝက်ဘ် နဲ့ မိတ်ဆွေ ဂေါ်ဒန်ဆဲလားစ်တို့နှစ်ယောက် ပိုလန်က သူငယ်ချင်းတွေဆီ အလည်သွားပြီး ဘယ်လ်ဂျီယံနိုင်ငံကနေ အင်္ဂလန်ကို ဖယ်ရီနဲ့ ပြန်ဖို့အလုပ်၊ အသက် ၂၂-နှစ်အရွယ် သြစတြေလျနိုင်ငံသား ခရီးသွားတဦးဖြစ်တဲ့ ဂယ်ရီဖင်တန်မှာ ခရီးစရိတ် ၅-ပေါင်လိုနေလို့ ဂျင်ဝက်ဘ်ထံက ချေးငှားခဲ့တယ်။ ဂယ်ရီက သူ့ဆီမှာ ငွေရှိတာနဲ့ ဂျင်ရဲ့ငွေကို ပြန်ဆပ်မယ့်အကြောင်း ကတိပေးပြီး ဂျင်ရဲ့လိပ်စာကိုလဲ ရေးမှတ်သွားတယ်။

ဂယ်ရီတယောက် သြစတြေလျပြန်ရောက်ပြီး အလုပ်က ပထဦးဆုံး လစာရတာနဲ့ ဂျင်ထံ ငွေပြန်ပို့ပေးဖို့ လုပ်တော့ ရေးမှတ်ထားတဲ့ လိပ်စာစာရွက်လေး ပျောက်နေတယ်။ ဂယ်ရီဟာ ဒီလိပ်စာစာရွက်လေးကို မီးလင်းဖိုအထက်က စင်လေးပေါ်မှာ မှတ်မှတ်ရရ တင်ထားတာဖြစ်လို့ သူ့အမေကိုတောင် တွေ့,မတွေ့ မေးလိုက်သေးတယ်။ အမေက လွှင့်ပစ်တာတွေထဲ ပါသွားပြီထင်တာပဲလို့ ဆိုတာနဲ့ ဂယ်ရီခမျာ လက်လျှော့ခဲ့ရသတဲ့။

ပြီးခဲ့တဲ့နှစ် ဂယ်ရီရဲ့အမေ ကွယ်လွန်သွားခဲ့ပြီး ခြောက်လအကြာမှာ ဂယ်ရီရဲ့အစ်ကိုဖြစ်သူက အမေ့ပစ္စည်းလေးတွေ ဂယ်ရီဆီ ပို့လိုက်တယ်။ ကံအားလျော်စွာ ဂျင်ရဲ့လိပ်စာလေးကို ပြန်တွေ့တယ်။ ဂယ်ရီတယောက် အင်္ဂလန်ကို ခရီးသွားဖို့ ရှိနေတာနဲ့ ကိုယ်တိုင်ကိုယ်ကျ ပေးမယ်ဆိုပြီး၊ အင်္ဂလန်ရောက်တော့ လိပ်စာအတိုင်း သွားတယ်။ အိမ်ရောက်တော့ ဘယ်သူမှ မရှိတာနဲ့ အိမ်းနီးနားချင်းတွေကို ဂျင်တယောက် နေ,မနေ စုံစမ်းတယ်။ လိပ်စာအိမ်မှာ နေဆဲဆိုတာ သိရတော့ ဂျင်ရဲ့ကျန်းမာရေး ကောင်း,မကောင်း စုံစမ်းတယ်။ ကျန်းကျန်းမာမာရှိတယ်ဆိုတာလဲ သိရတော့ စာအိတ်ထဲ ငွေထည့်ပြီး ဂျင်ရဲ့ စာတိုက်သေတ္တာထဲ ထည့်ခဲ့တယ်။

ဂျင်မိသားစု အိမ်ပြန်ရောက်တော့ ဂျင်ရဲ့ဇနီးက စာတွေဖောက်ဖတ်တဲ့အခါ ဂယ်ရီရဲ့ စာအိတ်ကလေး တွေ့တယ်။
စာအိတ်ထဲမှာတော့ “ချေးငွေ ၅-ပေါင်အတွက် တစ်နှစ်လျှင် ၅-ပေါင်ကျ - နှစ် ၄၀ အတွက် ပေါင် ၂၀၀” နဲ့ “မိတ်ဆွေကောင်း ဂျင်ဝက်ဘ်သို့ - အကြွေးဆပ်နောက်ကျတဲ့ ဂယ်ရီဖင်တန်” ဆိုတဲ့ စာလေးရယ်၊ ဂယ်ရီရဲ့ အီးမေးလ်လိပ်စာလေးရယ် တွေ့သတဲ့။

ဂျင်တယောက် အံ့သြလွန်းလို့ ဒီအကြောင်း ဘီဘီစီသတင်းဌာနကို ပြောပြလိုက်တယ်။ ဘီဘီစီက သတင်းလွှင့်လိုက်တော့ ဆန်းဒေးတယ်လီဂရပ်ဖ်သတင်းဌာနက ဂယ်ရီကို စုံစမ်းရှာဖွေပေးတာကြောင့် ဂယ်ရီတယောက် သြစတြေလျပြန်ဖို့ လေယာဉ်ပေါ်တက်ခါနီးမှာ မိတ်ဆွေနှစ်ဦး တယ်လီဖုန်းပြောဖြစ်လိုက်ကြသတဲ့။

ကဖိုးထိန်။ ။ စိတ်နှလုံး နှစ်သက်ဖွယ် ချမ်းမြေ့ဖွယ် ဇာတ်လမ်းလေးပဲ။

ဆားပုလင်းခင်မောင်ဝင်း။ ။ ဂျင်က ဘီဘီစီကို ပြောလိုက်ပါသေးတယ်။ “ကတိပေးပြီး ကတိမတည်တဲ့ လူတွေများတဲ့ ဒီနေ့ ခေတ်အခါ၊ ကျနော့အတွက်တော့ အံ့သြလွန်းလို့ဗျာ”တဲ့။

No comments: