Monday, February 2, 2009

“သန္ဒိဋ္ဌိက-ကျနကိုယ်တိုင် သိမြင်နိုင်” - အရှင်ပညာသီဟ


မဟာစည်ဆရာတော်ဘုရားကြီး၏ နည်းနာနိဿျအတိုင်း ဝိပဿနာတရားကို ရှုမှတ်ပွားများ သင်ကြားပြသပေးရန် ရည်သန်၍ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၌ ငါးဧကခန့် ကျယ်ဝန်းသော နေရာတွင် မဟာစည်သတိပဋ္ဌာန်ရိပ်သာကို ၁၉၉၅-ခုနှစ် ဇန်နဝါရီလ ၁၆-ရက်နေ့က စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။

ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် စာရေးသူသည် အခါအားလျော်စွာ တရားစခန်း ကျင်းပ၍ တရားဟော တရားပြခြင်း၊ မိမိတို့ အစီအစဉ်ဖြင့် ရက်ပိုင်း အချိန်ပိုင်း လာရောက်၍ ဝိပဿနာတရား ရှုမှတ်သူများ၊ ခေတ္တခဏ ရှင် ရဟန်းဝတ်၍လည်းကောင်း၊ သီလရှင်ဝတ်၍လည်းကောင်း တရားရှုမှတ်သူများကို တရားဟော တရားပြသခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။
ထိုသို့ ပြုလုပ်နေရာ တနေ့သောအခါ တရားရှုမှတ်မှု အခြေအနေကို ယောဂီတစ်ယောက်အား မေးစစ်ရာတွင် -

“အရှင်ဘုရား၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေတာနဲ့ ဘယ်လို တရားသဘောကို တွေ့မှာလဲ ဘုရာ့၊ တပည့်တော်ဖြင့် မနေ့က စပြီး ထိုင်တာ ဒီနေ့အထိ ဘာမှလဲ မတွေ့သေးဘူး” လို့ အားမလို အားမရဖြင့် တရားရှုမှတ်ခါစ ယောဂီက မေးလာပါတယ်။

“ယောဂီနားလည်အောင် အလွယ်ဆုံး ဥပမာပေး ရှင်းပြရရင် - အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာကို စားလိုက်တဲ့အခါ စားလိုက်တဲ့ အစားအစာက ဘယ်လို အာဟာရဓာတ်ဖြစ်သွားတယ်ဆိုတာ သာမန် လူတွေအနေနဲ့ နားမလည်ပေမယ့် ခန္ဓာကိုယ်မှာ အာဟာရဓာတ် ပြည့်ဝသွားသလိုပါပဲ။ ဆက်ပြီးတော့သာ တရားရှုမှတ်ပါ။ တရားသဘောကို အလိုလို တွေ့လာပါလိမ့်မယ်” လို့ အားပေးစကား ပြောရပါတယ်။


တရားအမြင် လျင်မြန်ကြပုံ


အကျဉ်းပြရုံမျှဖြင့် သစ္စာလေးပါးတရားကို သိမြင်တဲ့ “ဥဂ္ဃဋိတညူ”ပုဂ္ဂိုလ်၊
အကျယ်ချဲ့၍ပြမှ သစ္စာလေးပါးတရားကို သိမြင်တဲ့ “ဝိပဉ္စိတညူ”ပုဂ္ဂိုလ်၊
ပါဠိအနက်ကို ဆောင်ရွက်မှတ်သား ပွားများလေ့လာမှ သစ္စာလေးပါးတရားကို သိမြင်တဲ့ “နေယျ”ပုဂ္ဂိုလ်၊
ဘယ်လိုပဲ နာယူလေ့ကျက် ဆောင်ရွက်ပွားများခြင်း ပြုစေကာမူ ဒီဘဝမှာ သစ္စာလေးပါးတရားကို သိမြင်ဖို့မထိုက်၊ ပုဒ်ပါဌ်အက္ခရာ သဒ္ဒါကို မှတ်မိရုံမျှပဲ အတိုင်းအရှည်ရှိတဲ့ “ပဒပရမ”ပုဂ္ဂိုလ် လို့ တရားကို သိမြင်ခြင်းနဲ့ ပတ်သက်ပြီး လေးမျိုးရှိရာ တရားရှုမှတ်သူ ယောဂီမှာ “ဥဂ္ဃဋိတညူ”ပုဂ္ဂိုလ်မျိုးလို တစ်ထိုင်ထဲ တစ်ရက်ထဲနဲ့ တရားသဘောကို တွေ့လိမ့်မယ်လို့ မျှော်လင့်ထားပုံ ရပါတယ်။

“တပည့်တော် စာတွေလဲ အများကြီး ဖတ်ဖူးပါတယ်။ တရားရှုမှတ်တဲ့အခါ ဘယ်လို တရားတွေ့တယ် ဘာတွေတွေ့တယ်လို့ သူများတွေ ပြောတာကိုလဲ ကြားဖူးပါတယ်။ ဒါပေမယ့် တပည့်တော်မှာ သူတို့ဖြစ်သလို ငါ့မှာ မဖြစ်ပါလား၊ ငါပဲ အကုသိုလ်များနေလို့လား၊ ဉာဏ်ထိုင်းလို့လားဆိုတာ တွေးပြီး စိတ်ဓာတ်ကျမိတယ်ဘုရား၊ ဘယ်လိုလုပ်ရမလဲ” လို့ ထပ်မံ လျှောက်ပြန်တယ်။

“သူများတွေ ဖြစ်သလို ဖြစ်ချင်မှ ဖြစ်မယ်။ သူများတွေ တွေ့သလို တွေ့ချင်မှလဲ တွေ့မယ်။ တရားအားထုတ်တဲ့အခါ အဲဒီလို ဖြစ်တတ်လို့ တရားရှုမှတ်သူတွေအတွက် အန္တရာယ်များလို့ မဟာစည်ရိပ်သာကြီးထဲကို လာရောက်ပြီး တရားရှုမှတ်တဲ့သူတွေကို ‘မလိုအပ်ဘဲနဲ့ အချင်းချင်း စကားမပြောရ၊ တရားစကား မဆွေးနွေးရ၊ တရားနဲ့ပတ်သက်ပြီး တစ်ယောက်က တစ်ယောက်ကို အကြံမပေးရ။ မေးစရာရှိက ပြောစရာရှိက တရားပြဆရာတော်ကို မေးရ ပြောရမယ်။ ဘာသာရေးစာအုပ်အပါအဝင် ဘာစာပေမှ မဖတ်ရ’လို့ စည်းကမ်း သတ်မှတ်ပေးထားပါတယ်။ အဲဒီ စည်းကမ်းအတိုင်း လိုက်နာပြီး ဆရာပြောတဲ့အတိုင်း ရိုရိုသေသေ တရားရှုမှတ်ရင် ဖောင်းတယ် ပိန်တယ် စသည် ရှုမှတ်ရင်းနဲ့ပဲ တရားသဘောကို တွေ့လာပါမယ်။”


“ဖောင်း-ပိန်”ရှုတာ ဝိပဿနာ


“ဖောင်းတာ ပိန်တာ တစ်ခုထဲကို မူတည်ပြီး ရှုမှတ်နေရတော့ ဝိပဿနာမဖြစ်ဘဲ၊ သမထအားထုတ်တာ ဖြစ်နေမှာပေါ့ဘုရာ့”

“မဟာစည်ဆရာတော်ဘုရားကြီးကတော့ ‘ဖောင်းမှု ပိန်မှုကို ဝါယောဓာတ် ခြောက်မျိုးတွင် အဿာသ ပဿာသ ဝါယောဓာတ်၌ အကျုံးဝင်သင့်ကြောင်း၊ ဖောင်းမှု ပိန်မှု ဝါယောသည် -
(၁) အင်္ဂမင်္ဂါနုသာရိဝါယော၊ (၂) အဿာသ ပဿာသ ဝါယော၊ (၃) ကုစ္ဆိသယ ဝါယော၊ (၄) ယံ ဝါ ပန ဝါယော ဆိုတဲ့ ဝါယောလေးမျိုးနဲ့ စပ်ဆိုင်တယ်။ ဒါပေမယ့် ဖောင်းမှု ပိန်မှုဟာ ဝင်သက် ထွက်သက်နဲ့ အနီးစပ်ဆုံးဖြစ်လို့ ဝင်သက် ထွက်သက်ရဲ့ အကျိုးဆက်အနေနဲ့ အလွန်ထင်ရှားလို့ ဖောင်းမှု ပိန်မှုကို အဿာသ ပဿာသ ဝါယောဓာတ်မှာ သွင်းပြထားတယ်။ အဲဒီလို အဿာသ ပဿာသ ဝါယောမှာ အကျုံးဝင်လို့ အာနာပါနသမထကမ္မဋ္ဌာန်း လို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် အာနာပါနကမ္မဋ္ဌာန်းအကြောင်းကို ဖော်ပြတဲ့ ပဋိသမ္ဘိဒါမဂ်၊ ဝိသုဒ္ဓိမဂ် စသည်တို့မှာ နှာသီးဖျား, အထက်နှုတ်ခမ်းတို့မှာ ထိခိုက်တဲ့ ဝင်လေ ထွက်လေကိုသာ ရှုမှတ်ဖို့ ပြထားတယ်။ ဝမ်းထဲ၌ ဝင်ထွက် လှုပ်ရှားနေတဲ့ ဝင်သက်ထွက်သက်တို့ကို ရှုပေမယ့် အာနာပါနကမ္မဋ္ဌာန်း မဟုတ်ဘူး။ ဓာတုဝဝတ္ထာန်နဲ့ ဝိပဿနာကမ္မဋ္ဌာန်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုဝဝတ္ထာန်ဆိုတာ ဘယ်ဓာတ်လေးပါးကိုမဆို ရှုမှတ်ရတဲ့အပြင် ဝိပဿနာဆိုတာကလဲ ကိုယ်တွင်း ကိုယ်ပ ဥပါဒါနက္ခန္ဓာဟူသမျှကို ရှုမှတ်ရလို့ ဖြစ်တယ်” လို့ အဲဒီလို မိန့်ထားတော့ ဖောင်းတာ ပိန်တာရှုမှတ်တာဟာ သမထ မဖြစ်ပါဘူး။ ဝိပဿနာ ရှုမှတ်နေတာပါပဲ။”

“အင်္ဂလန်မှာ နေခဲ့စဉ်ကကော ခု .. ဒီ အမေရိကားမှာပါ မဟာစည်နည်းနဲ့ နိုင်ငံခြားသားတွေကို တရားပြခဲ့ တရားပြနေဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဟာ သူတို့ ယုံကြည်ပြီဆိုရင် တရားရှုမှတ်တာကို လေးလေးစားစားနဲ့ စွဲစွဲမြဲမြဲ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီသူတွေဟာ ဖောင်းတာ ပိန်တာကို ရှုမှတ်ပွားများရင်းနဲ့ပဲ ဥဒယဗ္ဗယဉာဏ် စတဲ့ ဝိပဿနာဉာဏ်တွေကို ရကြောင်းတွေ့ရတော့ ဖောင်းတာ ပိန်တာကို ရှုမှတ်တာဟာ သမထသက်သက်မဟုတ်ဘဲ ဝိပဿနာဖြစ်တယ်ဆိုတာကို သက်သေပြနေတာပါပဲ။”


တရားရတယ်ဆိုတာ


“တရားရတယ်၊ တရားတွေ့တယ်ဆိုတာ ဘယ်လိုနေပါသလဲ၊ အလင်းရောင်တွေ၊ ဘာတွေ တွေ့တာကို တရားတွေ့တယ်လို့ ပြောတာလား”

“တရားဂုဏ်တော်ခြောက်ပါးထဲမှာ ‘သန္ဒိဋ္ဌိကော-မျက်မှောက်ထင်ထင် ကိုယ်တိုင်သိမြင်နိုင်တဲ့တရား’လို့ ဂုဏ်တော်တစ်ခု ပါတယ်မဟုတ်လား။ တရားရ,မရ တွေ့,မတွေ့ဆိုတာ ကိုယ်တိုင် သိနိုင်ပါတယ်။ မဂ်,ဖိုလ်ဆိုတာတွေ အသာထားဦး၊ ကိုယ့်ကိုယ်ကို အကဲခတ်ပြီး တရားရ,မရ သိနိုင်ပါတယ်။ တရားမရှုမှတ်ခင်က ကိုယ့်စိတ်အခြေအနေနဲ့ တရားရှုမှတ်မှုပြုလုပ်ပြီးတဲ့အခါ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကိုယ့်စိတ်အခြေအနေ ဘယ်လိုကွာခြားတယ်ဆိုတာ အကဲခတ်ပြီး စစ်ဆေးကြည့်ရပါမယ်။ မိမိရဲ့စိတ်ဟာ ယခင်ကထက်စာရင် ပိုပြီး တည်ငြိမ်အေးဆေးမှု ဖြစ်လာသလား၊ ယခင်ကအတိုင်းပဲလား၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါ ပိုမို သည်းခံစိတ် ရှိလာပြီး အဆင်ပြေလာသလား၊ ယခင်ကအတိုင်းပဲလားလို့ အကဲခတ် စစ်ဆေးကြည့်ရပါမယ်။ မိမိရဲ့စိတ်ဟာ ယခင်ကထက်စာရင် ပိုပြီး တည်ငြိမ်အေးဆေးမှု ရှိလာတယ်၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါ ပိုမို အဆင်ပြေလာတယ်၊ သည်းခံစိတ်ရှိလာတယ်ဆိုရင် အဆင်မပြေမှု သည်းမခံမှုကို ဖြစ်စေတဲ့ ယခင်ကရှိခဲ့တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန်မာနတွေ နည်းလာတယ် လျော့ပါးလာတယ်လို့ မှတ်ရမယ်။ အဲဒါ တရားရှုမှတ်ခြင်းကြောင့် ရလာတဲ့ အကျိုးတွေပေါ့။”

“အဲဒါ တရားရတာပဲလား ဘုရာ့”

“အေး .. အဲဒါ တရားရခြင်းရဲ့ အစလို့ ဆိုရမှာပေါ့။ ဒီထက် ပိုပြီး အားထုတ်နိုင်မယ်ဆိုရင် ဒီထက် ပိုပြီး ထူးခြားတဲ့ တရားသဘောတွေကို တွေ့မှာပါ။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန်မာနတွေ တဖြည်းဖြည်း လျော့ပါးလာရာကနေ လုံးဝ ကင်းစင်သွားပြီဆိုရင် တရားထူး တရားမြတ်ကို ရတော့တာပါပဲ။ ငါ့ဆီကို ပုံမှန်လာပြီး တရားလာရှုမှတ်တဲ့သူတွေ ရှိတယ်။ တရားရှုမှတ်ခါစရက်တွေမှာ တထိုင်ထဲထိုင်၊ ဖောင်းတာပိန်တာကိုပဲ တမှတ်ထဲ မှတ်နေရတော့ ဘာကြောင့် သူတို့ ဒီလိုလုပ်နေရတာလဲဆိုတာကိုတောင် သူတို့ နားမလည်ဘဲ ဖြစ်နေတယ်။ မှတ်ခိုင်းလို့သာ မှတ်နေရတယ်။ ဘာမှ ထူးမယ်လို့ မထင်ကြဘူးတဲ့။ ဒါပေမယ့် ‘တရားရှုမှတ်ခြင်းရဲ့အကျိုးကို မင်းတို့အနေနဲ့ တထိုင်ထဲမှတ်ရုံနဲ့တော့ ရမှာ မဟုတ်ဘူး။ တရားကို စွဲစွဲမြဲမြဲ မင်းရှုမှတ်နိုင်မှ တရားရှုမှတ်မှုရဲ့ အကျိုးကို ရမယ်’လို့ ငါရဲ့ တိုက်တွန်း အားပေးမှုကြောင့် ပုံမှန် လာပြီး တရားရှုမှတ်ကြတယ်။ ဒီလို ရှုမှတ်တော့ သူတို့ကိုယ် သူတို့ တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ရတယ်တဲ့။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလဲ သူတို့ပြောင်းလဲလာတာကို တွေ့လို့ အံ့သြပြီး ဘာကြောင့် ဒီလို ပြောင်းလဲသွားတာလဲဆိုတာ မေးကြသတဲ့။ သူတို့ဘဝမှာ ပိုပြီး အေးငြိမ်းမှု ရလာတယ်။ အိမ်သူအိမ်သားတွေနဲ့ ဆက်ဆံရာမှာလဲ ပိုပြီး အဆင်ပြေလာလို့ သူတို့ဇနီးတွေက သူတို့ကို တရားရှုမှတ်ဖို့ အားပေး တိုက်တွန်းကြောင်း ပြောပြတယ်။”

“ဒီလို တရားရှုမှတ်ကြတော့ သူတို့ ဗုဒ္ဓဘာသာ ဖြစ်သွားပြီလား ဘုရာ့”

“သူတို့အနေနဲ့ ဗုဒ္ဓဘာသာဆိုတဲ့ အမည်ကိုတော့ အပြီးအပိုင် မယူကြသေးပါဘူး။ ဒါပေမယ့် သူတို့ ဘုရားနဲ့ သံဃာကိုတော့ အရိုအသေပေးတာ ရှိခိုးဦးချတာတွေ လုပ်ကြပါတယ်။ လာပြီး တရားအားထုတ်တဲ့ ဂျူးတစ်ယောက်နဲ့ ကက်သလစ်ဘာသာဝင်တစ်ယောက်တို့ကတော့ သူတို့အိမ်မှာ ဘုရားထားပြီး ကိုးကွယ်ချင်တယ်ဆိုပြီး ဘုရားဆင်းတုတော် ပူဇော်ဖို့ တောင်းယူသွားတယ်။ အိမ်မှာ အလှအပအနေနဲ့ ထားဖို့မဟုတ်ဘဲ တကယ်ပူဇော်ချင်လို့ အလေးအနက် ထားပြီး တောင်းတာမို့ ပေးလိုက်ပါတယ်။ တခါတုံးက ဂျူးဒကာ တစ်ယောက်ရဲ့အိမ်ကို ဂျဟိုးဝါအသင်းက တရားဟောဆရာတွေ လာပြီး တရားဟောတယ်။ ပြီးတော့ သူ့ကို ‘ဘာ ဘာသာဝင်လဲ’လို့ မေးတော့ သူက ‘ဂျူးဗု’လို့ ပြန်ပြောသတဲ့။
ဟိုလူတွေက သူ့အဖြေကို နားမလည်တော့ ‘ဂျူးဗုဆိုတာ ဘာလဲ’လို့ မေးသတဲ့။
အဲဒီအခါမှာ သူက ‘ငါက ဂျူး၊ ဒါပေမယ့် ငါ ဗုဒ္ဓဘာသာကို လိုက်စား လေ့ကျင့်နေတယ်’လို့ ပြောတော့ ဂျဟိုးဝါအသင်းက တရားဟောဆရာတွေ ခေါင်းခါပြီး ထွက်သွားကြသတဲ့။
ကက်သလစ်ဒကာကတော့ အရင် သူကိုးကွယ်ခဲ့တဲ့ ဘာသာမှာ သူ့အတွက် စိတ်လုံခြုံမှု မရခဲ့ဘူး။ ခုလို လာရောက် တရားရှုမှတ်ရတော့ ဗုဒ္ဓဘာသာကို လေ့လာလိုက်စားရတာဟာ သူ့အတွက် စိတ်လုံခြုံမှု၊ အေးချမ်းမှု ရတယ်လို့ ဝန်ခံပြောကြားတယ်။ ငါ့အနေနဲ့ကတော့ သူတို့ကို ဘာသာပြောင်းဖို့ မတိုက်တွန်းပါဘူး။
သူတို့ကိုယ်တိုင် တရားရှုမှတ်ပြီး သူတို့အယူအဆ ပြောင်းလဲလာတာကိုတော့ ဝမ်းသာစွာနဲ့ လက်ခံပါတယ်။
သူတို့ ဗုဒ္ဓဘာသာ ဖြစ်တာ မဖြစ်တာထက် တရားရှုမှတ်ဖို့က အရေးကြီးတာပါပဲ။ တရားမြင်မှ ငါဘုရားကို မြင်တယ်လို့ ဘုရားရှင် မိန့်တော်မူခဲ့တယ် မဟုတ်လား။ အဲဒီအတိုင်းပဲ သူတို့အနေနဲ့ တရားရှုမှတ်မှုရဲ့ အကျိုးတွေကို တွေ့လာတော့ ဘုရားကို ကြည်ညိုလာတာပါပဲ။”

“သူတို့အနေနဲ့ နိဗ္ဗာန်ကို လိုချင်လို့ တရားအားထုတ်တာလား ဘုရာ့”

“သူတို့အနေနဲ့ နိဗ္ဗာန်ဟာ ဘာလဲဆိုတာ မသိကြပါဘူး။ စိတ်လဲ မဝင်စားကြပါဘူး။ ဒါကြောင့် နိဗ္ဗာန်ကို ရဖို့ဆိုပြီး တရားအားထုတ်ကြတာတော့ မဟုတ်ဘူး။ အများစုကတော့ သူတို့မှာ ဖိစီးနေတဲ့ စိတ်ပင်ပန်းမှုတွေ သက်သာအောင် တရားအားထုတ်ကြတာပဲ။ အဲဒီလို အားထုတ်ရင်းနဲ့ပဲ စိတ်ကို မငြိမ်းအေးစေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ မာန်မာန၊ အတ္တတွေ နည်းပါးလာတာကို တွေ့ရတယ်။ စိတ်ငြိမ်းအေးမှုရလာတာကို သူတို့ကိုယ်တွေ့ ခံစားကြရတယ်။ ဒါကြောင့် စွဲစွဲမြဲမြဲ တရားအားထုတ်ကြတာပေါ့။ တို့ ဗုဒ္ဓဘာသာဝင်တွေ အများစု နားလည်ကြတဲ့ (ရုပ်နာမ်ခန္ဓာ အကြွင်းမဲ့ ချုပ်ငြိမ်းတဲ့၊ ဘဝအသစ် မဖြစ်တော့တဲ့၊ အိုမှု နာမှု သေမှု မရှိတော့တဲ့) နိဗ္ဗာန်မျိုးကိုတော့ သူတို့ ရည်မှန်းပြီး တရားရှုမှတ်ကြတာ မဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ မာန်မာန၊ အတ္တတွေ ကင်းလို့ ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးမှုမျိုးကို ရဖို့အတွက် သူတို့ ဝိပဿနာတရားကို အားထုတ်ကြတယ်။ အဲဒီတော့ ဘုရားဟောထားတဲ့ ဒီဒေသနာအရဆိုရင်တော့ သူတို့လဲ လောဘ၊ ဒေါသ၊ မောဟကင်းရာ နိဗ္ဗာန်ကို လိုချင်လို့ တရားအားထုတ်တယ်လို့ ပြောရမှာပါပဲ။ ဒီနေရာမှာ နိဗ္ဗာန်ဆိုတာ ဘာလဲလို့ သိရအောင် ဘုရားဟောထားတဲ့ တရားဒေသနာတစ်ပုဒ်ကို ပြောပြမယ်။”


နိဗ္ဗာန်ဆိုတာ


တခါတုံးက ‘ဇာဏုသောဏိ’ ဆိုတဲ့ ပုဏ္ဏားက ဘုရားထံ သွားပြီး သင့်တော်တဲ့ နေရာမှာ ထိုင်ကာ -
“အရှင်ဘုရား၊ ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်၊ ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်လို့ ဆိုတယ်။ အရှင်ဂေါတမ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်သနည်း၊ အခါမလင့် အကျိုးကို ပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆိုထိုက်ပါသနည်း၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း၊ ပညာရှိသူတို့သာ ကိုယ်စီကိုယ်ငှ သိနိုင် ခံစားနိုင်ပါသနည်း” လို့ မေးတယ်။

အဲဒီအခါ ဘုရားရှင်က “ပုဏ္ဏား၊ တပ်မက်သော စိတ်ရှိသူသည် ရာဂဖြင့် လွှမ်းမိုးနှိပ်စက်ခံရသည် ဖြစ်၍ မိမိကိုယ်တိုင် ဆင်းရဲရန်လည်း ကြံစည်၏။ သူတပါးဆင်းရဲရန်လည်း ကြံစည်၏။ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း ကြံစည်၏။ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ တပ်မက်မှု ရာဂကို ပယ်စွန့်လိုက်သော် ထိုသူသည် မိမိကိုယ်တိုင် ဆင်းရဲရန်လည်း မကြံစည်၊ သူတပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား .. ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။

ပုဏ္ဏား၊ ဒေါသထွက်သောသူသည် ဒေါသဖြင့် လွှမ်းမိုးနှိပ်စက်ခံရသည် ဖြစ်၍ မိမိကိုယ်တိုင် ဆင်းရဲရန်လည်း ကြံစည်၏။ သူတပါး ဆင်းရဲရန်လည်း ကြံစည်၏။ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း ကြံစည်၏။ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း ခံစားရ၏။ အမျက်ထွက်မှု ဒေါသကို ပယ်စွန့်လိုက်သော် ထိုသူသည် မိမိကိုယ်တိုင် ဆင်းရဲရန်လည်း မကြံစည်၊ သူတပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား .. ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။

ပုဏ္ဏား၊ မောဟဖြင့် တွေဝေသူသည် မောဟဖြင့် လွှမ်းမိုးနှိပ်စက်ခံရသည်ဖြစ်၍ မိမိကိုယ်တိုင် ဆင်းရဲရန်လည်း ကြံစည်၏။ သူတပါး ဆင်းရဲရန်လည်း ကြံစည်၏။ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း ကြံစည်၏။ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း ခံစားရ၏။ အမှန်မသိ တွေဝေမှု မောဟကို ပယ်စွန့်လိုက်သော် ထိုသူသည် မိမိကိုယ်တိုင် ဆင်းရဲရန်လည်း မကြံစည်၊ သူတပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတပါး နှစ်ဦးသားတို့ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား .. ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။

ရာဂ၊ ဒေါသ၊ မောဟကို အကြွင်းမဲ့ ပယ်စွန့်လိုက်သော် ထိုသူသည် အကြွင်းမဲ့ ရာဂကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။
အကြွင်းမဲ့ ဒေါသကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။
အကြွင်းမဲ့ မောဟကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။
ပုဏ္ဏား .. ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။
အခါမလင့် အကျိုးကို ပေး၏။
လာလှည့် ရှုလှည့်ဟု ဆိုထိုက်၏။
မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏။
ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင် ခံစားနိုင်၏” လို့ မိန့်တော်မူတယ်။

(နိဗ္ဗုတသုတ်၊ ဗြာဟ္မဏဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တရနိကာယ။)


“ဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့ ဝိပဿနာတရားရှုမှတ်တော့ သူတို့ နိဗ္ဗာန်ကို ရပါ့မလား ဘုရာ့”

“ဗုဒ္ဓဘာသာဖြစ်မှ နိဗ္ဗာန်ကို ရမယ်လို့ မဆိုလိုပါဘူး။ ဘုရားရှင်လက်ထက်တော်အခါတုံးက အစဦးဆုံး တရားဦးနာရတဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားရှင်ရဲ့ တရားကို မနာရခင်တုံးက ဗုဒ္ဓဘာသာမှ မဟုတ်သေးတာ။ တရားနာပြီးတဲ့အခါမှ ဘုရားရှင် ဟောကြားတဲ့ တရားဒေသနာကို သဘောပေါက် လက်ခံပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဖြစ်လာတာပဲ။ အဲဒါကို ကြည့်ရင် တရားကို သဘောပေါက် နားလည် လက်ခံပြီးမှ ဗုဒ္ဓဘာသာဖြစ်လာကြတာပဲ မဟုတ်လား။ ခုလဲ သူတို့အနေနဲ့ ဝိပဿနာတရားရှုမှတ်လို့ တရားကို သဘောပေါက် လက်ခံလာတယ်။ နောက်တော့ သူတို့ အယူအဆကို မပြောင်းဘဲ မနေပါဘူး။ တရားကို မြင်လေ ဘုရားကို မြင်လေပါပဲ။
ဒါကြောင့် သူတို့လဲ အစမှာ ဗုဒ္ဓဘာသာအဖြစ် မခံယူဘဲ ဝိပဿနာတရားရှုမှတ်ပေမယ့် တရားမြင်လာတဲ့အခါ ဗုဒ္ဓဘာသာဖြစ်လာတော့တာပါပဲ။ အနောက်နိုင်ငံသားတွေ ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာ ဒီနည်းနဲ့ ဖြစ်လာကြတာ များပါတယ်။ ဒါကြောင့်လဲ သူတို့ရဲ့ ဗုဒ္ဓဘာသာအပေါ် ယုံကြည်ချက်ဟာ ခိုင်မြဲကြပါတယ်။
ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ဝိပဿနာတရား ရှုမှတ်ပွားများရင် ဗုဒ္ဓဘာသာ ဟုတ်သူရော မဟုတ်သူပါ နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
ဒါကြောင့် ၁၃၄၂-ခု တော်သလင်းလကွယ်နေ့၊ သံဃာ့ဥပုသ်ပြုရာမှာ မိန့်တော်မူခဲ့တဲ့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒကို ပြောပြရင်းနဲ့ပဲ တရားကို ယုံယုံကြည်ကြည် လေးလေးစားစား ရှုမှတ်ပွားများပါလို့ တိုက်တွန်းပါရစေ။”


မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒ


“နိဗ္ဗာန်ရပါလို၏”လို့ ဆုတောင်းရုံ တောင်းထားလို့ကတော့ အားမထုတ်ရင် နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ယခုဘဝလို နေမှာပါပဲ။ ယခုဘဝလဲ ရှေးဘဝက ဆုတောင်းခဲ့လို့ ဆုတောင်းခဲ့တဲ့ ကုသိုလ်ရှိလို့ မဂ်ဖိုလ် နိဗ္ဗာန်ရနိုင်တဲ့ လူ့ဘဝကို ရောက်နေတာ၊ ဘုရားသာသနာနဲ့ တွေ့နေတာ။
ဒါပေမယ်လို့ အားမထုတ်တဲ့ သူတွေကတော့ မဂ်ဖိုလ် နိဗ္ဗာန်ကို မရပါဘူး။
ကုသိုလ်ကံကတော့ မဂ်ဖိုလ် နိဗ္ဗာန်ရအောင် အားထုတ်ဖို့ရာ ပို့နေတာပါပဲ။ အဲဒါ အရေးကြီးတယ်။ တရားတွေရအောင်ဆိုပြီး အားထုတ်ကြတာပဲ။ အကြောင်းမညီညွတ်လို့ မရလဲ နောင်အခါကာလမှာ ရဖို့ရာ အကြောင်း အထောက်အပံ့တော့ ဖြစ်ပါတယ်။
ယခုဘဝမှာ မရလဲ နောက်ဘဝမှာ ချမ်းချမ်းသာသာနဲ့ လွယ်လွယ်ကူကူ ရခြင်းရဲ့အကြောင်း ဖြစ်နိုင်ပါတယ်။
ကြိုးကြိုးစားစား ဝိပဿနာ ရှုမှတ်ပွားများဖို့သာ လိုပါတယ်။

သာဓု ... သာဓု ... သာဓုပါ ဘုရား။

No comments: