Friday, November 7, 2008

ပရမတ္ထစက္ခုကျမ်း


ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဟော .. ပြောရင်း ဆိုရင်း လာပါပြီဗျာ။

ဆရာစော။ ။ မျှော်တုန်းမျှော်ဆဲ သူလဲရောက်လာ ဆိုသလိုပဲ။ ကဲ .. လာဗျာ ကဖိုးထိန် .. ဒီမှာ ထိုင်။

ကဖိုးထိန်။ ။ ညက တော်ရုံနဲ့ အိပ်မရဘူးဗျာ။ ဒါနဲ့ စာဖတ် .. တရားထိုင်လိုက်တာ မနက် ၄-နာရီလောက်မှပဲ အိပ်ဖြစ်တော့တယ်။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဒါပေါ့ဗျ .. အသက်က စကားပြောလာတယ် ဆိုတာ။ အအိပ်အနေလဲ နည်းလာရမယ်၊ မျက်စိရင်လဲ မှုန်လာရမယ်၊ နားရင်လဲ လေးလာရမယ်။ သတိပေးလာတဲ့ ဒီသဘာဝကို အသိရှိရှိနဲ့ အသုံးချတတ်ဖို့တော့ လိုသပေါ့ဗျာ။

ဆရာစော။ ။ ရှင်းစမ်းပါအုန်းဗျ။ အသိရှိရှိနဲ့ အသုံးချတတ်ဖို့ လိုတယ်ဆိုတာလေးကို။ ကဲ .. ကဖိုးထိန်ရော ဘာသောက်မလဲ၊ အအေးလား .. အပူလား။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဒီလိုဗျ .. ဆရာစော။ အသက်ကလေး ရလာလို့ မျက်စိမှုန်လာတာက မျက်စိက ဝင်လာမယ့် တဏှာလောဘကို နည်းစေချင်လို့ဗျ။ နားလေးလာတာဟာလဲ သောတအာရုံက ဖြစ်လာမယ့် လောဘ ဒေါသတွေ နည်းစေချင်လို့ပဲ။ သွားတွေ မကောင်းတော့တာက အစားအသောက်ပေါ် ဆင်ခြင်စေချင်လို့ဗျ။ အအိပ်အနေ နည်းလာတဲ့သဘောကလဲ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းဖို့၊ ဝိပဿနာဘာဝနာပွားများဖို့ အချိန်ပိုယူတော့ဆိုတဲ့ သဘောပဲ။ ခုပဲ .. ကဖိုးထိန်ကို ကြည့်လေ။ အိပ်မရလို့ စာဖတ်တယ်၊ တရားထိုင်တယ်၊ အကျိုးမများဘူးလား။

ဆရာစော။ ။ ဒါနဲ့ ကဖိုးထိန်က ဘာစာအုပ်တွေ ဖတ်ဖြစ်နေတာလဲဗျ။ ခင်ဗျားက စာဖတ်လဲ နာတဲ့သူဆိုတော့ စာအုပ်ကောင်းလေးတွေ ဖတ်ရရင် ဖောက်သည်ချ ဝေမျှပါအုန်း။

ကဖိုးထိန်။ ။ ကျနော်လဲ ဒီအကြောင်း ပြောချင်နေတာဗျ။ အစားကောင်းစားရတော့ အကြိုက်ချင်းတူသူတွေကို သတိရသလိုပေါ့ဗျာ။ ခု လောလောဆယ် ဖတ်ဖြစ်နေတဲ့ စာအုပ်က ဒီပဲရင်းဆရာတော်ဘုရားကြီးရဲ့ ‘ပရမတ္တစက္ခုကျမ်း’ ဆိုတဲ့ စာအုပ်ပဲဗျ။ စာအုပ်အကြောင်း မပြောခင် ဒီပဲရင်းဆရာတော်ဘုရားကြီးအကြောင်း နည်းနည်းတော့ ပြောချင်သေးတယ်ဗျ။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ တတိယရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးကို ပြောတာ မဟုတ်လားဗျ။

ကဖိုးထိန်။ ။ ဟုတ်တာပေါ့ဗျာ .. ဆားပုလင်းကိုခင်မောင်ဝင်းက ဆရာတော်ကြီးတွေအကြောင်း နှံ့နှံ့စပ်စပ် သိတဲ့လူပဲဗျ။ ကျနော်တို့ထက် ပိုသိမှာပေါ့ဗျာ။ ဟောဒီမှာ .. ကျနော် ‘ရွှေကျင်သံဃရာဇာ နှစ် ၁၀၀’ စာအုပ်ထဲမှာ ပါတဲ့ ဆရာတော်ကြီးအကြောင်း ရေးမှတ်လာသေးတယ်။



ဆရာတော်ကြီးကို မုံရွာခရိုင်၊ ဒီပဲရင်းမြို့နယ်၊ ထောက်ရှာရွာမှာ ခမည်းတော် ဦးရွှေဆေး-မယ်တော် ဒေါ်ရှိန်တို့ကနေ ၁၂၁၄-ခုနှစ် တော်သလင်းလဆုတ် (၁၀)ရက် အင်္ဂါနေ့မှာ မွေးဖွားခဲ့တယ်။ ငယ်နာမည်က ‘မောင်စံပေါ်’တဲ့။

၁၂၂၇-ခုနှစ်မှာ ထောက်ရှာရွာဆရာတော် ဦးဂန္ဓမာကို ဥပဇ္ဈာယ်ပြုပြီး ရှင်သာမဏေအဖြစ် ရောက်ခဲ့တယ်။ ဘွဲ့တော်က ‘ရှင်ဉာဏ’တဲ့။ နောက်မှ ‘စလင်းဆရာတော်’က ‘ဝရ’ပုဒ် တိုးဆင့် ချီးမြှောက်လို့ ‘ရှင်ဉာဏဝရ’ ဆိုပြီး တွင်တယ်။

အသက် (၂၀)ပြည့်တဲ့အခါမှာတော့ ထောက်ရှာရွာ တောရကျောင်းဆရာတော် ဦးဝိသုဒ္ဓကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းအဖြစ်သို့ ရောက်ခဲ့တယ်။

၁၂၆၅-ခုနှစ်မှာ အရှေ့မဟာဝိသုဒ္ဓါရုံတိုက်ရဲ့ နာယကဆရာတော်အဖြစ် အပ်နှင်းခြင်းခံရတယ်။

၁၂၇၈-ခုနှစ်မှာ အထက်မြန်မာနိုင်ငံအတွက် ‘ရွှေကျင်နိကာယဥက္ကဌမဟာနာယက’ အဖြစ် တင်မြှောက်ခံရတယ်။

၁၂၈၉-ခုနှစ် ပြာသိုလဆန်း (၅)ရက်နေ့မှာ တဘဝအတွက် ငြိမ်းတော်မူခဲ့တယ်။

ဒါကတော့ ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိအကျဉ်းပေါ့ဗျာ။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ‘မသိလျှင် တွယ်၊ သိလျှင် ပြယ်၊ တွယ်လျှင် ဘေး၊ ပြယ်လျှင် အေး’ ဆိုတာ ဆရာတော်ကြီးရဲ့ လူသိများတဲ့ လင်္ကာလေးပေါ့ဗျာ။ ဆရာတော်ကြီးက လင်္ကာအရေးကောင်းသလို သံခိပ်လဲ သိပ်နိုင်တယ်။ ဒီစာအုပ်ဖြစ်ပေါ်လာပုံအကြောင်းလေးလဲ စာအုပ်ထဲမှာ ပါမယ်နဲ့ တူတယ်။ ဖတ်ပြီးပြီဆိုရင် ပြောပြစမ်းပါအုန်း ကဖိုးထိန်။

ကဖိုးထိန်။ ။ ဖတ်ပြီးပါပြီဗျ။ ဒီပဲရင်း ကန်ဖျားရွာက ဦးဘိုးခန့်၊ ဦးဘိုးဆိုင်၊ ဦးဘိုးသန့်တို့ လျှောက်ထားတောင်းပန်တာကြောင့် ဆရာတော်ကြီး ရေးသားခဲ့တဲ့ ကျမ်းပေါ့ဗျာ။ ၁၂၇၅-ခုနှစ် (၁၉၁၃)၊ တပေါင်းလဆန်း (၈)ရက်နေ့မှာ ကျမ်းပြီးတယ်လို့ တွေ့ရတယ်။ ခုဆို ၉၅-နှစ်ကျော်တောင် ရှိသွားပြီပေါ့ဗျာ။ ကျမ်းရေးရတဲ့အကြောင်း ဆရာတော်ကြီးရေးထားတဲ့အတိုင်း ဖတ်ပြချင်တယ်။ စာတကြောင်းဆို တကြောင်း ကျစ်လစ်သိပ်သည်း ထိထိရောက်ရောက် အဓိပ္ပါယ်ပေါက်စေတဲ့ ဆရာတော်ကြီးရဲ့ စာအရေးအသားကို မြည်းစမ်းကြည့်ကြပေါ့ဗျာ။

“ပရမတ္တ သဘာဝကို အမှန်ကျ သိရမည့် အခွင့်အခါကို အလွန်ရခဲသည်။
ရပြန်ပါသော်လည်း အလွန်သိမ်မွေ့ အလွန်အသိခက်သည်။
အမှန်တကျ အဟုတ်သိ သိရပြန်ကလည်း နောင်ချမ်းသာဖို့ ဆင်းရဲကင်းဖို့ အားထုတ်ဖွယ် မရှိ။
အလုံးစုံ ကိစ္စပြီး၍ အေးကြီးအေးရသည်။
ရိပ်မိရုံ ရိပ်မိသော်လည်း အလွန်အကျိုးကြီးရသည်။
ဤလို ဟောပြောသည်များကို ကြားနာရဖူးပါသည်။”

“ဘုရားတပည့်တော်တို့လည်း အဟုတ်သိကြီးပင် မသိနိုင်သော်လည်း ရိပ်မိရုံမျှသော်လည်း ရိပ်မိ၍ သာသနာတွင်းခါ လူဖြစ်ကျိုးနပ်ပါရအောင် ပေါ်ထင် သိသာစွာ ကြံဖန်၍ ဟောပြတော်မူပါမည့်အကြောင်းနှင့် ဒီပဲရင်းတောင်လက် မင်းတည်းကုန်း ကန်ဖျားရွာ ဒကာ ငဘိုးခန့်၊ ဒကာ ငဘိုးဆိုင်၊ ဒကာ ငဘိုးသန့်တို့ လျှောက်ထားကြသည်ကို အရင်းပြုသဖြင့်
သိမ်မွေ့ မွန်မြတ်လှသော ပရမတ္ထသဘာဝကို သိလို ရိပ်မိလိုသော သမ္မာဆန္ဒရှိကြကုန်သော အမျိုးသား အမျိုးသမီးတို့
သိချင်သော ဆန္ဒ ဝီရိယရှိက မသိ မရှိစေရ
သင်္ဂြိုဟ်ကို မသင်ဖူးသော်လည်း လွယ်လွယ်နှင့် သိနိုင်အောင် ဝေါဟာရ ပရိယာယ် ကြံဖန်၍ ပေါ်ထင် ထိမိ သိသိသာသာ ရေးသား၍ ဟောပြပေအံ့” တဲ့။

ရိပ်မိရုံမျှ ရိပ်မိသော်လည်း အလွန်အကျိုးကြီးတဲ့
သာသနာတွင်းခါ လူဖြစ်ကျိုးနပ်တယ် ဆိုတဲ့ အဟုတ်ရှိသော တရားအကြောင်း ဆရာတော်ကြီး ရှင်းပြထားတာဗျ။

ပြီးတော့ ဆရာတော်ကြီး တိုက်တွန်းထားပါသေးတယ်။ နားထောင်ကြည့်ကြပါအုန်း။ ကျနော် ဖတ်ပြပါ့မယ်။

“ယခုအခါ အရပ်ဖြစ်ရှစ်ပါး ကင်းလွတ်၍ နဝမခေတ်အတွင်း စက်လေးပါးစုံ သမ္ပတ္တိကြုံ၍ လူ့ဘုံ၌ လူ့အဖြစ်ကို ရကြကုန်သော အမျိုးကောင်းသားတို့သည် -
- ဤဘဝတွင်သော်လည်း မဂ်ပေါက် ဖိုလ်ပေါက် အသိအဆုံးရောက်ဖို့ရန်သော်လည်းကောင်း၊
- အန္ဓပုထုဇဉ် အဖြစ်မှ လွတ်၍ ကလျာဏပုထုဇဉ် အတွင်းသို့ ဝင်နိုင်ရန်သော်လည်းကောင်း၊
- ရတနာသုံးပါးကို မှုန်မှုန်မွဲမွဲ သိနိုင် မြင်နိုင်၍ ပြုသမျှ ဒါန၊ သီလ၊ ဘာဝနာတို့ တုတ်ခိုင် သန်မြန်၍ နောင် မဂ်အခြေ ဖိုလ်အခြေ ဖြစ်နိုင်ဖို့ရန်သော်လည်းကောင်း၊
- ဝသီဆန္ဒ အသိပညာ ပါရမီမျိုး ဖြစ်စေရန်သော်လည်းကောင်း တချက်ချက်ကို ရည်သန်၍ အဟုတ်ရှိ တကယ်ရှိ ပရမတ်သဘောကို သိနိုင် မြင်နိုင်သော ပရမတ်မျက်စိအလင်းကို အခွင့်သာခိုက် ရမိအောင် ဆည်းပူးမှတ်သား သင်ကြားလေ့လာကြရမည်။
မှတ်ချင် ကြားချင် နာချင်သော ဆန္ဒအလေ့အလာ ရှိကြကုန်ရာသည်” တဲ့ဗျ။

ဆရာစော။ ။ ကောင်းလိုက်တဲ့ တိုက်တွန်းချက်ဗျာ။ အနိမ့်ဆုံးအဆင့်က ဘာတဲ့ . . ဗျာ၊ ဝသီဆန္ဒ အသိပညာ ပါရမီမျိုး ဖြစ်စေရန်တဲ့။ အခွင့်သာခိုက်မှာ ဆည်းပူးမှတ်သား သင်ကြားလေ့လာကြရမယ်တဲ့။ မှတ်ချင် ကြားချင် နာချင်တဲ့ ဆန္ဒ အလေ့အကျင့်လေးတွေ လုပ်ပေးပါတဲ့။ ဒုတိယ အနိမ့်ဆုံးအဆင့်မှာ ပြောထားတာလဲ ကြည့်ပါဦးဗျာ။ ‘ရတနာသုံးပါးကို မှုန်မှုန်မွဲမွဲ သိနိုင် မြင်နိုင်၍’ ဆိုတာလေး။ ကျနော်တောင် ကိုယ့်ကိုကိုယ် ချက်ချင်း ပြန်မေးကြည့်လိုက်တယ်။ ရတနာသုံးပါးကို ဘယ်လောက်သိပြီလဲလို့။ မှုန်မှုန်မွဲမွဲလေးတောင် သိပြီ မြင်ပြီလားလို့။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ အေး .. ဗျ။ ဆရာစော ပြန်မေးတဲ့ မေးခွန်းက အဖြေခက်တဲ့ မေးခွန်းဗျနော်။

ကဖိုးထိန်။ ။ ဟောဒီမှာဗျ ... နားထောင်လိုက်ကြပါဦး။

‘ပုထုဇဉ်တို့ အပြစ်ကို မြင်မှ ရတနာသုံးပါးတို့ဂုဏ် ပေါ်ထင် သိသာသည်ကို ပြခြင်း’ တဲ့။

“မောဟ-အမိုက်၊ တဏှာ-အရှုပ်၊ ကိလေသာ-အညစ်၊ နီဝရဏ-အနောက်၊ တစ်ဆယ့်တစ်ပါးသော မီးအပူ၊ ဤငါးခုမူ ရောဂါဆိုး
တရား ကိုးပါးဆေးအလား၊
ဘုရားကား ဆေးစား၍ ရောဂါကင်းပြီး ဆေးဆရာ၊
သံဃာမှာ ဆေးကု၍ ရောဂါစင်၊
ပုထုဇဉ်မှာ မိုက်-ရှုပ်-ညစ်-နောက် အပူရောက်၍ ပူလား ပင်လား ရောဂါသမား၊
ဉာဏ်အမြင်သန်လေလေ ပုထုဇဉ်တို့၏ အပြစ်ကိုမြင်လေလေ
ပုထုဇဉ်တို့ အပြစ်တွေကို မြင်လေလေ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတွေကို မြင်လေလေ ဖြစ်တတ်သည်။
ရတနာသုံးပါးဆိုသည်မှာ ဘယ်လိုဟာဟု ရိပ်မိခဲသည်။
ဘယ်လိုဟာဟု ရိပ်မိရမည်” တဲ့။

ဆရာစော။ ။ သာဓု .. သာဓု .. သာဓု ဗျာ။

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ သာဓု .. သာဓု .. သာဓု ဗျာ။

No comments: