Monday, November 17, 2008

ဒုလ္လဘတရားတော်-ရွှေဟင်္သာဆရာတော်ဘုရားကြီး


ဘုန်းကြီး ဒီအမေရိကန်နိုင်ငံမှာ လာရင်း ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံမှာ ရောက်နေတဲ့ သာသနာပြုနေကြတဲ့ ဆရာတော်တွေလဲ အားပေးရင်း ဒကာ ဒကာမတွေကိုလည်း ချီးမြှောက်ရင်း ဖြစ်ပါတယ်။

ဒကာ ဒကာမများ ကံကောင်းကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က မိမိတို့အမျိုးသားဖြစ်တဲ့ မြန်မာလူမျိုး ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရောက်လာတော့ အမေရိကန်နိုင်ငံမှာ သာသနာရောက်လာတာ အကြောင်းပြုပြီး ဘုရားပွင့်နေတုန်းပဲလို့ ဘုန်းကြီးက ဆိုချင်ပါတယ်။

ဘာကြောင့် ဘုရားပွင့်နေတုန်းပဲလို့ဆိုတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတုန်းက မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီးမှာ အရှင်အာနန္ဒာကို အမိန့်ရှိသွားတာ ရှိတယ်။

“ယော ခေါ အာနန္ဒာ၊ မယာဓမ္မောစ ဝိနိယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စေန သတ္တာ”
“အာနန္ဒာ၊ ငါဘုရား ၄၅-ဝါ ကာလပတ်လုံး အသက်ရှည်သမျှ ဟောပြောခဲ့တဲ့ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေဟာ၊ တနည်းအားဖြင့် သုတ္တန် ဝိနည်း အဘိဓမ္မာ တရားတွေဟာ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ငါဘုရားကိုယ်စား ဘုရားအဖြစ်နဲ့ တည်ရစ်ပေလိမ့်မယ်”လို့ မြတ်စွာဘုရားကိုယ်တော်တိုင် အမိန့်ရှိသွားတယ်။

ခု အမေရိကန်နိုင်ငံမှာလည်း ဆရာတော်ဦးဣန္ဒက အစရှိတဲ့ ဆရာတော်တွေရဲ့ သန္တာန်မှာ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတွေ ပါလာကြတယ်။ ပါလာတဲ့အတိုင်းပဲ ဒကာ ဒကာမတွေကို ဟောပြောပြသနေတော့ ဒကာ ဒကာမတွေမှာ ကုသိုလ်တရား ပွားများကြတယ်။ မြတ်စွာဘုရား တရားရောက်ရင် ဘုရားပွင့်တယ်။
ဘုရားပွင့်မှ တရားပွင့်တာ။

လောကမှာ ညအခါ လမသာရင်၊ နေ့အခါ နေမထွက်ရင် မှောင်မိုက်နေမယ်။
တောတောင်ရေမြေစတဲ့ အရာဝတ္ထုပစ္စည်းတွေဟာ ပကတိအားဖြင့် ထင်ရှားရှိပေမယ့် မမြင်နိုင်သလိုပဲ။
သူတော်ကောင်းတရားတွေဟာလည်း ပကတိအားဖြင့် ရှိနေပေမယ့် ဘုရားပွင့်မှ ဘုရားက ထုတ်ဖော်ဟောကြားပြသမှ အားလုံးသော လူနတ်ဗြဟ္မာ သတ္တဝါတွေဟာ သူတော်ကောင်းတရားကို ကြားရ နာရ သိကြရတယ်။
ဘုရားပွင့်မှ တရားပွင့်တယ်။
ဘုရားမပွင့်လျှင် တရားမပွင့်နိုင်ဘူး။

ဒီတော့ အမေရိကန်နိုင်ငံမှာ ဆရာတော် ဦးဣန္ဒက အမှူးရှိတဲ့ ဆရာတော် သံဃာတော် ရောက်လာပြီးတော့ တရားဟောတယ်ဆိုတော့ အမေရိကန်နိုင်ငံမှာ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေ အပြည့်အစုံ ရောက်လာတာဖြစ်တော့ မြတ်စွာဘုရားရောက်လာတာနဲ့ အတူတူပဲ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတာနဲ့ အတူတူပဲ။ အဲဒါကြောင့် အမေရိကန်နိုင်ငံမှာ အင်မတန် ကံကောင်းနေကြတယ်။ ဘုရားပွင့်တော်မူတဲ့အခါနဲ့ ကြုံနေတယ်။ ဘုရားပွင့်လို့ တရားပွင့်နေတဲ့အခါနဲ့ ကြုံတယ်။
ဘုန်းကြီးတို့ အစရှိသော သံဃာတော်များ ကြွရောက်တော်မူလို့ သံဃာတော်များ ဖူးမြော်ရတဲ့ ‘ဒဿနာနုဿတိ’ကုသိုလ်လဲ ရကြတယ်။ အင်မတန် ကံကောင်းနေကြတယ်။

ဒါကြောင့် ဘုရားပွင့်နေတဲ့အခါနဲ့ ကြုံတဲ့အခါ မမေ့မလျော့ကြနဲ့လို့ ဘုန်းကြီးက သတိပေးချင်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတုန်းက မြတ်စွာဘုရားနှင့်တကွ သံဃာတော်တွေ နေ့ဆွမ်းဘုဉ်းပေးပြီးတဲ့အချိန် မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓကုဋီတိုက်သို့ မဝင်မီ မကြွမီ ဂန္ဓကုဋီတိုက်ရဲ့ လှေခါးရင်း ခြေသုတ်တဲ့နေရာ၊ ခြေဆေးတဲ့နေရာ အခိုက်အတန့် ရပ်တန့်နေတဲ့ အချိန်လေးမှာ ရောက်လာတဲ့ ရဟန်းတော်များ အမှူးရှိတဲ့ ပရိသတ်တွေကို မြတ်စွာဘုရားက “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဘိက္ခဝေ-ရဟန်းတို့၊ တုမှေ-သင် ရဟန်းတို့သည်၊ အပ္ပမာဒေန-မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့်၊ သမ္ပာဒေထ-ပြည့်စုံကြပါစေ။ “ရဟန်းတို့ မမေ့ကြနဲ့၊ မပေါ့ကြနဲ့၊ အမှတ်တမဲ့ မနေကြနဲ့၊ အချိန်ကာလ မဖြုန်းကြနဲ့၊ ရတဲ့ဘဝ အရင်းမရှူံးကြစေနဲ့”ဆိုတဲ့ အဓိပ္ပာယ်နဲ့ နေ့စဉ် နေ့စဉ် သတိပေးတော်မူတယ်။ တရက်မဟုတ် နှစ်ရက်မဟုတ် နေ့စဉ် နေ့စဉ် သတိပေးတော်မူတယ်။

ဘာကြောင့် မြတ်စွာဘုရားက ဒီလောက် ကြောင့်ကြ၍ သတိပေးတော်မူသလဲဆိုတော့ “ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ” လောကသ္မိံ-လောက၌၊ ဗုဒ္ဓုပ္ပါဒေါ-ဘုရားပွင့်ခြင်းသည်၊ ဒုလ္လဘော-အင်မတန် ပွင့်ခဲတယ်။ ဘုရားတဆူ တဆူ ပွင့်ဖို့ဆိုတာ မလွယ်ဘူး။ အနည်းဆုံးအားဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်လို့ ပါရမီပြည့်ပြီးမှ ဘုရားအဖြစ်သို့ ရောက်တာ။

ပင်ကိုယ်က ရှိနေပေမယ်လို့ ဘုရားပွင့်လို့ ဘုရားကိုယ်တော်တိုင် သိတော်မူပြီး၊ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောမှ အထိုက်အလျောက် ဉာဏ်မီမှ ဉာဏ်ရှိသမျှ သိကြရတယ်။

အေး .. ဒါကြောင့် မြတ်စွာဘုရားက ဘုရားပွင့်နေတဲ့ အချိန်အခါနဲ့ ကြုံတယ်၊ တရားပွင့်နေတဲ့အခါနဲ့ ကြုံတယ်၊ အခု ဘုရားပွင့်လို့ တရားပွင့်လို့ နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း ဒါနသီလအစရှိသော ကောင်းမှုတို့ကို မရလိုက်ကြရင် အားမထုတ်ကြရင် ရဖို့အချိန်ကာလ မရှိကြဘူး။ အပါယ်လေးပါးကျနေလဲ မပြုနိုင်ကြဘူး။ နတ်ဖြစ်တောင် ဒီနေ့ ဒကာ ဒကာမတွေ ပြုတဲ့ကုသိုလ်မျိုး နတ်ပြည်မှာ မပြုနိုင်ဘူး။ လူ့ဘဝဆိုတာ ရခဲတယ်လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အင်မတန် ရခဲတယ်လို့ ဟောတော်မူတယ်။ နတ်အဖြစ် ရခဲတယ်လို့ ဟောတော်မမူဘူး။

အေး .. ဒါကြောင့် အင်မတန် ရခဲတဲ့ လူ့ဘဝကို ရတဲ့အခါ၊ ဘုရားလဲ ပွင့်နေတဲ့အခါ၊ တရားလဲ ပွင့်နေတဲ့အခါ မမေ့မလျော့ကြနဲ့လို့ မြတ်စွာဘုရားက နေ့စဉ် နေ့စဉ် သတိပေးတော်မူတယ်။

အမေရိကန်နိုင်ငံကိုလည်း အခုနက ဘုန်းကြီးပြောသလို သံဃာတော်တွေ ရောက်တော့ သံဃာတော်တွေက ဆောင်ရွက်လာတာဖြစ်တော့ မြတ်စွာဘုရား တရားတော်တွေ အမေရိကန်နိုင်ငံရောက်၊ တရားရောက်တော့ ဘုရားလည်းရောက်လာ ဘုရားလည်း ကြွလာတာနဲ့ အတူတူပဲ။

ဒါကြောင့် အမေရိကန်နိုင်ငံမှာ ဘုရားပွင့်တဲ့အခါနဲ့ ကြုံတယ်။ တရားပွင့်တဲ့အခါနဲ့ ကြုံတယ်။ ထိုနိုင်ငံမှာ အင်မတန်ရခဲ ရောက်ခဲ ရောက်လာတဲ့ သံဃာတော်တွေ ရောက်တဲ့အခါနဲ့ ကြုံတယ်။

ဒီလို ကြုံတဲ့ အခါကာလမှာ ရနိုင်တဲ့ ကုသိုလ် ယူကြလို့ မြတ်စွာဘုရားကိုယ်စား ဘုန်းကြီးက ဒကာ ဒကာမတွေကို သတိပေးချင်ပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးစက အရှင်မဟာကဿပ အရှင်အာနန္ဒာ အစရှိတဲ့ မထေရ်မြတ်ကြီးတွေ ငါးရာက မြတ်စွာဘုရားတရားတော်တွေ မပျောက်အောင်လို့ ပေါင်းဆုံ ရွတ်ဖတ်ပြီးတော့ မြတ်စွာဘုရားတရားတော်တွေ ဆောင်ကြတယ်။ ဒါကိုပဲ သံဂါယနာတင်တယ်လို့ ခေါ်တယ်။

အဲဒီ အရှင်မဟာကဿပ အရှင်အာနန္ဒာအမှူးရှိတဲ့ ရဟန္တာမထေရ်မြတ်ကြီးတွေက မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးစကတည်းက မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်တွေ မပျောက်အောင် ပေါင်းဆုံပြီးတော့ ပထမသံဂါယနာ တင်ခဲ့တယ်။

နောက် ဒုတိယအကြိမ် အရှင်ယသ အမှူးရှိတဲ့ ရဟန္တာမထေရ်မြတ်ကြီး ငါးရာက ဒီလိုပဲ မြတ်စွာဘုရားတရားတော်တွေ မပျောက်အောင် ဒုတိယသံဂါယနာတင် ဆောင်ရွက်ခဲ့ကြတယ်။

နောက်တတိယအကြိမ် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးရှိတဲ့ ရဟန္တာတစ်ထောင် မြတ်စွာဘုရား တရားတော်တွေ မပျောက်မပျက်အောင် ပေါင်းဆုံ ရွတ်ဖတ် သရဇ္ဈာယ်ပြီးတော့ ဆောင်ရွက်ခဲ့ကြတယ်။

နောက် သီဟိုဠ်ကျွန်းမှာ သံဃာတော်ငါးရာက မြတ်စွာဘုရားတရားတော်တွေကို မပျောက်မပျက်အောင် ပေါင်းဆုံ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ကြတယ်၊ ဆောင်ရွက်ခဲ့ကြတယ်။

နောက် ဘုန်းကြီးတို့ မြန်မာပြည်မှာ မန္တလေးမြို့ မင်းတုန်းမင်းကြီးလက်ထက်က (၂၅၀၀)သော သံဃာတော်တွေ မြတ်စွာဘုရားတရားတော်တွေ မပျောက်မပျက်အောင် ပေါင်းဆုံ ရွတ်ဖတ် သရဇ္ဈာယ်တော်မူခဲ့ကြတယ်။
နှုတ်နဲ့ ရွတ်ဖတ် သရဇ္ဈာယ်ရုံမဟုတ်ဘဲနဲ့ ကျောက်ထက်အက္ခရာတင်ထားတာ မြတ်စွာဘုရားတရားတော်တွေ ယခုအထိ မန္တလေးမြို့ မန္တလေးတောင်ခြေမှာ ကျောက်စာတွေ ရှိပါတယ်။

ထို့နောက် ရန်ကုန်မြို့မှာ (၂၅၀၀)သော သံဃာတော်တွေ ပေါင်းဆုံ ရွတ်ဖတ် သရဇ္ဈာယ်မူပြီးတော့ မြတ်စွာဘုရားတရားတော်တွေ မပျောက်မပျက်အောင် ဆောင်ရွက်ခဲ့ကြလို့ ဒီကနေ့အထိ မြတ်စွာဘုရားတရားတော်တွေ မြန်မာပြည်မှာ တည်ရှိနေတာ။ အဲဒီနောက်လည်းပဲ ထိုထိုမြို့ရွာတွေမှာ စာသင်တိုက်တွေ စာချဆရာတော်တွေက ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတွေ ပို့ချလို့၊ စာသင်သားတွေက ဆောင်ရွက်လို့ ယနေ့အထိ ဒီတရားတော်တွေ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတော်တွေကို သံဃာတော်တွေက အဆက်မပြတ် ဆောင်ရွက်ခဲ့ကြလို့ ဒီနေ့အထိ မြန်မာပြည်မှာ မြတ်စွာဘုရားရဲ့တရားတော်တွေ ထင်ရှားရှိနေတော့ မြန်မာပြည်မှာလည်း ဘုရားပွင့်နေတုန်းပဲလို့ ဆိုရပါတယ်။

မြန်မာပြည်က မြန်မာလူမျိုး ထေရဝါဒ သံဃာတော်တွေကတခါ ဒီတရားတော်တွေကို ဆောင်ပြီးတော့ အမေရိကန်နိုင်ငံယူလာတော့ အမေရိကန်နိုင်ငံမှာ ဒီနေ့အထိ ဘုရားပွင့်နေတုန်းပဲလို့ အခုနက ဘုန်းကြီးပြောတဲ့စကား ဆိုရပါတယ်။

ဘာကြောင့်လဲဆိုတော့ ကြွလာတဲ့ သံဃာတော်တွေ သန္တာန်မှာ မြတ်စွာဘုရားဟောတော်မူတဲ့ တရားတွေ ပါလာတယ်။ ပါလာတဲ့အတိုင်း ဟောပြောနေကြပါတယ်။
ထိုထိုမြို့ရွာမှာ ကံကောင်းတဲ့ ဒကာ ဒကာမတွေ နာရ ကြားရ၊ တရားအားထုတ်ကြရ၊ သူတော်ကောင်းတရား ကြားရ နာရတော့ “သဒ္ဓမ္မသဝနဒုလ္လဘ”နဲ့လဲ ကြုံကြရ ဆုံကြရ၊ ကိုယ်တိုင်လည်းပဲ အင်မတန် ခဲယဉ်းတဲ့ ပရိယတ် ပဋိပတ် တရားအားထုတ် ပွားများကြရ။

ဒါကြောင့် ဒကာ ဒကာမတွေဟာ ဘုရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
အမေရိကန်နိုင်ငံမှာ တရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
ကံအားလျော်စွာ တရားတော်တွေကို ဆောင်ရွက်နေကြတဲ့ သံဃာတော်များ ကြွရောက်လာပြီးတော့ ကိုယ်တိုင် ဟောပြောကြလို့ အထိုက်အလျောက် ကြားရ နာရလို့ အင်မတန် ကံကောင်းနေကြတယ်။

ဒီလို ကံကောင်းနေတဲ့ အခါကာလ ဒီလို ဘုရားပွင့်တဲ့ အခါကာလ၊ တရားပွင့်တဲ့ အခါကာလနဲ့ ကြုံတဲ့အခါမို့လို့ မမေ့မလျော့ မပေါ့မဆ စွမ်းနိုင်သမျှ သူတော်ကောင်းတရား ပွားများကြ၊ အားထုတ်ကြပါလို့ ဘုန်းကြီးက မြတ်စွာဘုရားရဲ့ကိုယ်စား သတိပေးပါတယ်။

ပြီးတော့ “ဗုဒ္ဓုပ္ပါဒဒုလ္လဘ” ဘုရားပွင့်တုန်း တရားပွင့်တုန်းသာ ကြားနာရလို့ ကိုယ်ကိုယ်တိုင်က လူဖြစ်နေလို့၊ လူတွေလဲမြင်နေလို့ လူ့အဖြစ်ရတာ လွယ်တယ် မထင်နဲ့။ အင်မတန် ရခဲလို့ “မနုဿတ္တ ဘာဝေါ ဒုလ္လဘော” လူ့အဖြစ် ရခဲတယ်လို့ မြတ်စွာဘုရားက ဉာဏ်တော်နဲ့ မြင်လို့ ဟောတော်မူတာ။

ဘုန်းကြီးတို့ဉာဏ်နဲ့ အထိုက်အလျောက် စဉ်းစားကြည့်မယ်ဆိုရင်ပေါ့လေ။ ဥပမာ-ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံမှာ တိရစ္ဆာန်တမျိုးတည်းကိုပဲ များလို့ မရေမတွက်နိုင်ဘူး။ တနိုင်ငံလုံးမှာ တကမ္ဘာလုံးမှာ ရှိတဲ့ သတ္တဝါတွေ မပြောနဲ့၊ ဒီကျောင်း တနေရာစာအတွင်းမှာ မြေကြီးပေါ်မှာ ရှိတဲ့ တိရစ္ဆာန်တွေ၊ မြေကြီးအတွင်းမှာ ရှိတဲ့ တိရစ္ဆာန်တွေ၊ ဒီကျောင်းနဲ့အမျှ ကောင်းကင်မှာ ရှိတဲ့ တိရစ္ဆာန်တွေ မရေမတွက်နိုင်ဘူး။ တနိုင်ငံလုံး တကမ္ဘာလုံးဆို ပြောစရာ မရှိတော့ဘူး။ အဲဒီလောက် များတဲ့ တိရစ္ဆာန်တွေ ကျော်လွန်ပြီးတော့ လူဖြစ်ရတဲ့ ကံဟာ သာမညကံ မဟုတ်ဘူး။

နောက် ငရဲဆိုကြပါစို့။ အနည်းဆုံးအားဖြင့် ငရဲကြီး (၈)ထပ်၊ ငရဲငယ် (၁၆)ထပ်ဆိုတာ ရှိတယ်။ အဲဒီ ငရဲငယ် တထပ် တထပ်မှာ ရှိတဲ့ ငရဲသူ ငရဲသားတွေ မရေမတွက်နိုင်ဘူး။ ငရဲကြီး (၈)ထပ်မှာ ရှိတဲ့ သတ္တဝါတွေဆို ပြောစရာ မရှိတော့ဘူး။ ဒါတွေကို ကျော်လွန်ပြီးတော့ လူဖြစ်ရတဲ့ ကံဟာ သာမညကံ မဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက “မနုဿတ္တဘာဝေါ ဒုလ္လဘော”လို့ ဟောတော်မူတာ။

ပြိတ္တာတို့ ထို့အတူ များလွန်လွန်းလို့ မရေမတွက်နိုင်ဘူး။ အသူရကာယ်ဘုံက သတ္တဝါတွေ များလွန်လွန်းလို့ မရေမတွက်နိုင်ဘူး။ အဲဒီလောက်များတဲ့ အပါယ်လေးဘုံက သတ္တဝါတွေ မဖြစ်ဘဲ ကျော်လွန်ပြီးတော့ လူဖြစ်လာရတဲ့ ကံဟာ ဘယ်လောက် ကံကောင်းသလဲလို့ ကိုယ့်ကိုယ်ကို ဒီလို တွက်ကြည့်ပြီးမှ ဘယ်လောက် ဝမ်းသာစရာ ကောင်းသလဲ၊ အားရှိစရာ ကောင်းသလဲ၊ ဂုဏ်ယူစရာ ကောင်းသလဲ။

လူဖြစ်ရပြန်တော့လဲ မြတ်စွာဘုရားသာသနာတော် မရှိတဲ့ နိုင်ငံတွေ အများကြီး ရှိတယ်။
ဘုရားမှန်း မသိ၊ တရားမှန်း မသိ၊ သံဃာမှန်း မသိ၊ ကုသိုလ်မှန်း မသိ၊ အကုသိုလ်မှန်း မသိတဲ့ နိုင်ငံတွေမှာ လူဖြစ်ရခြင်းထက် ဘုရားရှိ၊ တရားရှိ၊ သံဃာရှိတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ လူဖြစ်ရခြင်းဟာ အင်မတန် ရခဲတဲ့ လူ့ဘဝကို ငါတို့ ရကြတယ်လို့ ဒီလိုလဲ တွေးပြီးတော့ ဝမ်းသာစရာ ကောင်းတယ်။

လူ့ဘဝ ရရုံတင်မကဘဲနဲ့ ဘုရားကို ယုံကြည်တဲ့ သဒ္ဓါတရား၊
တရားကို ယုံကြည်တဲ့ သဒ္ဓါတရား၊
သံဃာကို ယုံကြည်တဲ့ သဒ္ဓါတရား၊
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား အဲဒီ သဒ္ဓါတရားတွေကလည်းပဲ အင်မတန် ဖြစ်ခဲတဲ့ တရားဖြစ်လို့ “ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ” သဒ္ဓါတရားနှင့် ပြည့်စုံခြင်းဟာလည်း ဒုလ္လဘတရားတခုပဲလို့ ဟောတော်မူခြင်း ဖြစ်တယ်။

ဒုလ္လဘ ဒုလ္လဘနဲ့ အရပ်က ပေါ့ပေါ့ သုံးနေကြတာ။
ရခဲလွန်းလို့ ဖြစ်ခဲလွန်းလို့ မြတ်စွာဘုရားက “ဒုလ္လဘ”လို့ ဟောတော်မူခြင်း ဖြစ်တယ်။

အေး .. ဒါကြောင့် အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဘုန်းကြီးတို့ မြန်မာပြည်သူ ပြည်သားအပေါင်းတွေဟာ အင်မတန် ကံကောင်းကြလို့ “ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ” ဘုရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
တရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
ပြီးတော့ ရခဲ ရောက်ခဲတဲ့ “မနုဿတ္တဘာဝ ဒုလ္လဘ” လူ့အဖြစ်ကိုလည်း ရကြတယ်။
လူဖြစ်ဦးတော့ ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်တို့ကို ယုံကြည်တဲ့ သဒ္ဓါတရား၊ ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ “ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ”ဆိုတဲ့ သဒ္ဓါတရားနှင့် ပြည့်စုံကြပြန်တယ်။ ဒါလည်း ခဲယဉ်းတဲ့ ဒုလ္လဘတခုပဲ။

နောက်တခုက “သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ” သူတော်ကောင်းတရား ကြားနာဖို့က သာ၍ ခဲယဉ်းတယ်။
သာ၍ ခဲယဉ်းတဲ့ သူတော်ကောင်းတရားတွေကို ဟောမယ့် သံဃာတော်များ အလိုလို မိမိတို့နေတဲ့ နိုင်ငံမှာ ရောက်လာကြတယ်။
မိမိတို့ နေတဲ့မြို့တွေမှာ ရောက်လာကြတယ်။
ဘယ်လောက် ကံကောင်းသလဲ။

ပြီးတော့ ဒုလ္လဘ (၅)ပါးမှာ မိမိတို့ကိုယ်တိုင် စဉ်းစားမယ်ဆိုရင် -
“ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ”နဲ့ ကြုံတယ်။
“မနုဿတ္တ ဒုလ္လဘ”နဲ့ ကြုံတယ်။
“သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ”နဲ့ ကြုံတယ်။
“သဒ္ဓမ္မဿဝန ဒုလ္လဘ”နဲ့ ကြုံတယ်။
ဒုလ္လဘငါးပါးမှာ လေးပါးနဲ့ ပြည့်စုံကြတယ်။
ဘယ်လောက် ကံကောင်းကြသလဲ။
အေး .. ဒီလို တွက်ကြည့်မှ ကိုယ်ရတဲ့ ဘဝရဲ့တန်ဖိုး သိလာတယ်။

ဒါကြောင့် မြတ်စွာဘုရားက “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ရဟန်းတို့ မမေ့ကြနဲ့၊ မပေါ့ကြနဲ့၊ အမှတ်မဲ့ မနေကြနဲ့လို့ တိုက်တွန်းတော်မူခြင်း ဖြစ်တယ်။

ဘုရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
တရားပွင့်တဲ့အခါနဲ့ ကြုံတယ်။
သံဃာပွင့်တဲ့အခါနဲ့ ကြုံတယ်။
ပြီးတော့ ရခဲတဲ့ လူ့အဖြစ်နဲ့လည်း ကြုံတယ်။
ဘုရားဂုဏ် တရားဂုဏ် သံဃာဂုဏ်ကို ယုံကြည်တဲ့ သဒ္ဓါသမ္ပတ္တိနဲ့လည်း ပြည့်စုံတယ်။
သူတော်ကောင်းတရားတွေလဲ ကြားနာနေရတယ်။

ဒီလောက် ဒုလ္လဘတွေနဲ့ ပြည့်စုံနေတဲ့အခါကာလနှင့် ကြုံလို့မှ ကုသိုလ်ကောင်းမှု မပြုလိုက်ကြရင်၊ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရား အားမထုတ်လိုက်ကြရရင်၊ အားထုတ်ဖို့အချိန် မရှိတော့ဘူး။ ကုသိုလ်ရဖို့အချိန် မရှိတော့ဘူး။

မြတ်စွာဘုရား သတိပေးတော်မူတဲ့အတိုင်း ဘုန်းကြီးကလဲ ယခု ရောက်လာတဲ့အခါ အမေရိကန်မှာ အကြောင်းအားလျော်စွာ နေကြတဲ့ မြန်မာပြည်သူပြည်သား ဒုလ္လဘတရား (၄)ပါးနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာ ဒကာ ဒကာမတွေဟာ မိမိတို့ ရရှိနေတဲ့ ဒုလ္လဘတွေရဲ့ တန်ဖိုးကို သိပြီးတော့ မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် ရနိုင်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ကို ရနိုင်တဲ့အချိန် ရနိုင်တဲ့အခါကာလမှာ ရသမျှ ယူသောအားဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရကြပါစေ ရောက်ကြပါစေလို့ ဘုန်းကြီးက သတိပေး တိုက်တွန်းပါတယ်။

ဘုန်းကြီးက သတိပေး တိုက်တွန်းတဲ့အတိုင်း အားလုံးသော ဒကာ ဒကာမတွေဟာ ရိုရိုသေသေ လေးလေးစားစားနဲ့ မိမိတို့အကျိုးပဲ၊ ငါတို့ အင်မတန် ပြည့်စုံခဲတဲ့ ရခဲတဲ့ ကြုံခဲတဲ့ ဒုလ္လဘတွေနဲ့ ကြုံကြပါလားလို့ မိမိဘဝရဲ့တန်ဖိုး သိပြီးတော့ ကြိုးစား ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။


(အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော်ကြီးတွင် ၁၃၅၄-ခုနှစ် ဝါဆိုလဆုတ် ၂-ရက်၊ ၁၉၉၂-ခုနှစ် ဇူလိုင်လ ၁၆-ရက်နေ့၌ ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ဘုရားကြီး ဟောကြားတော်မူသည်။)

No comments: