Thursday, April 17, 2008

ကြိုတင်ပြင်ဆင်မှု - အရှင်ပညာသီဟ


လုပ်ငန်းတခုကို မလုပ်ဆောင်မီ မိမိ၏လုပ်ငန်း အောင်မြင်ရေးအတွက် စနစ်တကျ အကွက်ချ၍ ကြိုတင်ပြင်ဆင်လျှင် ထိုလုပ်ငန်းသည် သက်သာ လွယ်ကူစွာဖြင့် အောင်မြင်ပြီးစီး၍ ပျော်ရွှင်ချမ်းသာမှုကို ပေးသည်။

ကြိုတင်ပြင်ဆင်မှု မပြုဘဲ လုပ်ငန်းတခုကို လုပ်ဆောင်ပါက ထိုလုပ်ငန်းသည် အောင်မြင်ချင်မှ အောင်မြင်မည်။ အောင်မြင်မှု နှောင့်နှေးခြင်းသော်လည်း ဖြစ်နိုင်သည်။

မိမိတို့ကဲ့သို့ လူသာမန်များ မဆိုထားဘိ သုံးလောကထွဋ်ထား မြတ်စွာဘုရားသည်ပင်လျှင် ဘုရားအဖြစ်သို့ရောက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရ၏။

တဘဝတည်း တထိုင်တည်းနှင့် ဘုရားအဖြစ်ကို ရသည် မဟုတ်။

ဒီပင်္ကရာမြတ်ဘုရား ခြေတော်ရင်း၌ ဘုရားဖြစ်ရန် ဗျာဒိတ်ပန်ခဲ့စဉ်မှ စ၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ပြုလုပ်ခဲ့ခြင်းသည် ဘုရားဖြစ်ရန် ကြိုတင် ပြင်ဆင်ခဲ့ရခြင်းပင် ဖြစ်သည်။

ထို ကြိုတင်ပြင်မှုကောင်းများ၏ ရလဒ်ကြောင့် ကိုယ်တော်တိုင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိကာ နိဗ္ဗာန်ချမ်းသာကို တွေ့ရှိ ရယူတော်မူနိုင်ခဲ့သည်။

ဝေနေယျသတ္တဝါများ၏ ကောင်းစားချမ်းသာရေးအတွက်လည်း တရားရေအေးကို တိုက်ကျွေးနိုင်ပြီး ချမ်းသာရာကို ရစေသည်။

ဤသည်မှာ ကြိုတင်ပြင်ဆင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြည့်စုံမှု၏ ရလဒ်များ ဖြစ်သည်။

ပြင်ဆင်မှုနှစ်မျိုး

ယေဘုယျအားဖြင့် လူ့ဘဝကို ရလာပြီးနောက် လူသည် ပြင်ဆင်မှုနှစ်မျိုးကို မဖြစ်မနေ ပြုလုပ်ရတော့၏။

ထိုပြင်ဆင်မှုနှစ်မျိုးမှာ နေဖို့အတွက် ပြင်ဆင်မှုနှင့် သေဖို့အတွက် ပြင်ဆင်မှုများပင် ဖြစ်သည်။

နေဖို့ပြင်ဆင်ရာ၌ အသက်အရွယ် ငယ်သေးသည့်အချိန်တွင် မိဘများကို မှီခို၍ ပညာကို စတင် သင်ယူရ၏။ ထို့နောက် မိမိ ဝါသနာအလျောက် မိမိနှင့် သင့်တော်မည့် အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခုကို ရွေးချယ်ကာ ဆုံးခန်းတိုင် လေ့လာဆည်းပူးရ၏။ ပညာပြည့်စုံသောအခါ မိမိဘဝကို ရပ်တည်နိုင်ရန် ထိုပညာဖြင့် ဝင်ငွေရအောင် ရှာရ၏။ ထို့အပြင် လူသည် အဖော်ခင်သော သတ္တဝါဖြစ်သည်အားလျော်စွာ တယောက်တည်းနေ၍ ငြီးငွေ့သောအခါ ဘဝ၌ အကောင်းဆုံးဖြစ်သော အဖော်မွန်ကို ရှာသည့်အနေဖြင့် အိမ်ထောင်ဖက်ကို ရှာဖွေ ရွေးချယ်၏။ လက်ထပ်ထိမ်းမြားမှု ပြုရ၏။ အတည်တကျ ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ရန် အိုးအိမ်ထူထောင်ရ၏။ ဝင်ငွေတိုးအောင် ကြံဆောင်ရ၏။ မိမိ၏မျိုးနွယ်ဆက် မပျက်သုံးစေရန် မိမိရှာဖွေ စုဆောင်းထားသော ပစ္စည်းဥစ္စာတို့ကို အမွေစား အမွေခံအဖြစ် ထားခဲ့ရန် သားသမီးရရှိရေးကို မိမိအခြေအနေနှင့်လျော်ညီစွာ စီမံရ၏။ ထိုသို့ ပြင်ဆင်ရင်းဖြင့်ပင် ဘဝ၌ နေထိုင်မှုသည် တည်ငြိမ်အခြေကျလာပြီဖြစ်သောကြောင့် နေဖို့အတွက် ပြင်ဆင်မှုသည် ပြည့်စုံလုံလောက်ပြီးမြောက်သကဲ့သို့ ဖြစ်သွား၏။

နေဖို့အတွက် ပြင်ဆင်ပြီးနောက် မိမိ၏ဘဝသက်တမ်းကို ပြန်စစ်ကြည့်လျှင် သက်တမ်းထက်ဝက်ကျော်သည့်အနေအထား၌ ရောက်ရှိနေသည်ကို သတိပြုမိမည် ဖြစ်၏။ ထို့ကြောင့် မိမိ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိထားသည့် ပစ္စည်းဥစ္စာတို့ကို သုံးဆောင်ခံစား၍ သားသမီးတာဝန် ဇနီးမယားတာဝန် လင်ယောက်ျားတာဝန်များကို ထမ်းဆောင်ရင်း အတွေးတခု ဝင်ကောင်းဝင်လာနိုင်၏။ ထိုအတွေးမှာ သေဖို့အတွက် ပြင်ဆင်ရန်ပင် ဖြစ်၏။

သေဖို့ ပြင်ဆင်ရာ၌ မိမိအတွက်နှင့် သူတပါးအတွက်ဟု နှစ်မျိုးခွဲခြားနိုင်သေးသည်။

ဘာသာရေးလေးစား၍ နောက်ဘဝ နောက်သံသရာရှိသေးသည်ဟု ယူဆသူတို့က နောက်ဘဝ၌ ကောင်းကျိုးချမ်းသာကို ရရန် မျှော်လင့်၍ ပေးကမ်းစွန့်ကြဲမှု၊ အကျင့်စာရိတ္တကောင်းမွန်အောင် မိမိကိုယ်ကို စောင့်ထိန်းမှု၊ စိတ်ဓာတ်ဖြူစင်မြင့်မြတ်စေရန် ကြိုးစားအားထုတ်မှုစသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်၏။ တချို့ကမူ မိမိသေပြီးသည့်နောက် မိမိ၏ ရုပ်အလောင်းအတွက် စီမံမှုများ ပြုလုပ်တတ်၏။ မိမိရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရန်သော်လည်းကောင်း၊ ဂူသွင်းရန်သော်လည်းကောင်း၊ ဆေးရုံစသည်သို့ လှူရန်သော်လည်းကောင်း စီမံထားတတ်ကြ၏။

သူတပါးအတွက် ပြင်ဆင်မှုများမှာ မိမိ၏အမွေကို ခံယူထိုက်သော သားသမီးများ၊ အလှမွေးထားသော အိမ်မွေးတိရစ္ဆာန်များနှင့် အများပြည်သူတို့အတွက် ဖြစ်သည်။

မိမိ မသေခင်တွင် သားသမီးတို့အား မိမိပိုင်ဆိုင်သည့် ပစ္စည်းများကို မိမိသေပြီးနောက် မည်သို့မည်ပုံ ခွဲဝေယူရန် သေတမ်းစာ ရေးထားတတ်ကြ၏။

တခါတရံ မိမိမွေးထားသော တိရစ္ဆာန်များကို သံယောဇဉ်ကြီးမားလှသဖြင့် မိမိသေပြီးနောက် ကျွေးမွေးစောင့်ရှောက်ရန် ၎င်းတို့အတွက် ပစ္စည်းဥစ္စာများကို သေတမ်းစာ ရေး၍ ပေးထားခဲ့ကြ၏။

အများပြည်သူတို့၏ အကျိုးပြုလုပ်ငန်းအတွက် သုံးစွဲရန် သေတမ်းစာ ရေး၍ မိမိပိုင် ပစ္စည်းများကို လှူဒါန်းခဲ့ကြ၏။

ထို့အပြင် မမျှော်လင့်သော ဘေးအန္တရာယ်ကြောင့် ရုတ်တရက် သေဆုံးသည်မဟုတ်ဘဲ အသက်အရွယ် အိုမင်းမှုကြောင့်လည်းကောင်း၊ ရောဂါဝေဒနာဖိစီးမှုကြောင့်လည်းကောင်း သေဆုံးလျှင် မိမိအသက် ဆက်လက်၍ ရှင်နိုင်စွမ်းမရှိတော့ဟု ယူဆသည့်အချိန်တွင် မိမိ အလွန်ချစ်မြတ်နိုးသူ အလွန်ခင်မင်ရင်းနှီးသူတို့အား အရေးကြီးသော စကားများကို မှာကြားသွားတတ်သည်။ အမှာကြားခံရသူများသည် သေဆုံးသူအား လေးစားမြတ်နိုးသောအားဖြင့် ထိုနောက်ဆုံးမှာကြားချက်ကို တသက်ပတ်လုံး အရေးတယူ လိုက်နာ၍ ပြုလုပ်ဆောင်ရွက်လေ့ရှိသည်။

ထိုသဘာဝအားလျော်စွာ ဘုရားရှင်သည်လည်း ပရိနိဗ္ဗာန်စံခါနီး(သေခါနီး)အချိန်တွင် အရေးကြီးသော မှာကြားချက်တခုကို ပြုခဲ့သည်။

ဘုရားရှင်သည် သတ္တဝါအားလုံးအပေါ် အညီအမျှ သနားကရုဏာထားရှိသဖြင့် လက်ရွေးစင်ပုဂ္ဂိုလ်၊ လက်ရွေးစင်အသင်းအဖွဲ့တခုကိုသာ အရေးကြီးသောစကားကို မှာကြားခဲ့သည် မဟုတ်။ လူအားလုံးနှင့်သက်ဆိုင်သော အရေးကြီးသည့်စကားတခွန်းကို နောက်ဆုံးမှာကြားခဲ့သည်။

ထိုစကားမှာ “ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟူသော အဆုံးအမ ဖြစ်သည်။

အပ္ပမာဒတရား (သတိထား)

ဘုရားရှင်သည် အဘယ်ကြောင့် ဤသို့ အပ္ပမာဒတရားကို ပွားများရန် မှာကြားခဲ့သနည်း။

ထိုအပ္ပမာဒတရား(မမေ့လျော့ခြင်း)သည် မျက်မှောက်အကျိုး၊ တမလွန်အကျိုးဟူသော အကျိုးနှစ်မျိုးကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

အခါတပါးတွင် ကောသလမင်းကြီးက ဘုရားရှင်ထံ ချဉ်းကပ်၍ “အရှင်ဘုရား၊ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးကို သည်ပိုးနိုင်သော တခုတည်းသော တရားဆိုတာ ရှိပါသလား”ဟု မေးလျှောက်သည်။

ထိုအခါ ဘုရားရှင်က “ရှိပါပေ၏”ဟု ပြန်လည် ဖြေကြား၏။

“အဘယ်တရားပါလဲ ဘုရား”ဟု ထပ်မံ၍ မေးလျှောက်သောအခါ -

ဘုရားရှင်က “မင်းကြီး၊ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို သည်ပိုးနိုင်သော တရားဆိုသည်မှာ မမေ့လျော့ခြင်း(အပ္ပမာဒ)ပင် ဖြစ်၏။

ဥပမာ-ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှတို့သည် ဆင်၏ခြေရာအတွင်းသို့ ဝင်ရောက်ကုန်သကဲ့သို့ ထို့အတူ မမေ့လျော့ခြင်းသည် မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကို လွှမ်းခြုံ၍ တည်၏။

ထိုအကျိုးနှစ်မျိုးလုံးကို သည်ပိုးနိုင်၏။

အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း၊ လူနှင့်နတ်တို့၌ဖြစ်သော စည်းစိမ်ကို ရခြင်း၊ အမျိုးမြတ်ခြင်း၊ မွေ့လျော်ခြင်းစသော ချမ်းသာအမျိုးမျိုးကို လိုလားတောင့်တသူသည် မမေ့လျော့ခြင်းကို ပြုအပ်၏။

ပညာရှိတို့သည် ကောင်းမှု၏တည်ရာအကြောင်းတို့၌ မမေ့လျော့ခြင်းကို ချီးမွမ်းကြကုန်၏။

မမေ့လျော့သော ပညာရှိသည် မျက်မှောက်၌ဖြစ်သော ကောင်းကျိုး၊ တမလွန်၌ဖြစ်သော ကောင်းကျိုးအားလုံးကို သိမ်းယူနိုင်၏။

ထိုသို့ အကျိုးနှစ်ပါးကို ရခြင်းကြောင့် ထိုသူကို ပညာရှိဟု ဆိုအပ်၏” ဟု ဖြေကြားတော်မူသည်။

အပ္ပမာဒကို မမေ့လျော့ခြင်းဟု ဘာသာပြန်၏။

မမေ့လျော့ခြင်းဟူသည် သတိရှိနေခြင်းပင် ဖြစ်၏။

သတိရှိနေခြင်း၊ သတိထားနေခြင်းသည် မလိုလားအပ်သော မကောင်းကျိုးမှုများ၊ မကောင်းကျိုးများ မဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ခြင်းပင် ဖြစ်၏။

ခန္ဓာကိုယ်၌ ထိခိုက်အနာတရ မဖြစ်အောင်၊ ကျန်းမာသန်စွမ်းအောင် အစားအသောက် အနေအထိုင် အသွားအလာ စသည်ကို သတိထား၍ ပြုလုပ်ဆောင်ရွက်ရ၏။

ခန္ဓာကိုယ်ကို သတိထား၍ စောင့်ရှောက်သည့်နည်းတူ စိတ်ကို ထိခိုက်အနာတရ မဖြစ်အောင်လည်း သတိထား၍ စောင့်ရှောက်သင့်၏။

စိတ်ကို ထိခိုက်အနာတရဖြစ်စေသော အရာများကား အဘယ်နည်း။

စည်းစိမ်ဥစ္စာ ရခြင်း, မရခြင်း၊

အခြံအရံပေါများခြင်း, နည်းပါးခြင်း၊

နာမည်ကျော်ကြားခြင်း, နာမည်မကျော်ကြားခြင်း၊ အချီးမွမ်းခံရခြင်း, အကဲ့ရဲ့ခံရခြင်း၊

ချမ်းသာခြင်း, ဆင်းရဲခြင်း ဆိုသည့် လောကဓံရှစ်ပါးပင် ဖြစ်သည်။

ထိုရှစ်ပါးတွင် အကောင်းလောကဓံနှင့် အဆိုးလောကဓံဟု နှစ်မျိုးရှိရာ အကောင်းလောကဓံများနှင့် တွေ့ကြုံသောအခါ မာနတရားက စိတ်ကို အနာတရ ဖြစ်စေနိုင်သည်။

လိုချင်တိုင်းမရသောအခါ ဒေါသက စိတ်ကို အနာတရ ဖြစ်စေနိုင်ပြန်သည်။

ထိုအကောင်းလောကဓံများကို တပ်မက်မှုများသောအခါ လောဘက စိတ်ကို အနာတရ ဖြစ်စေနိုင်သည်။

လိုချင်တိုင်းမရပြန်သောအခါ ဒေါသက စိတ်ကို အနာတရ ဖြစ်စေနိုင်ပြန်သည်။

အဆိုးလောကဓံနှင့် တွေ့ကြုံသောအခါ ဝမ်းနည်းမှု ပူဆွေးမှု ငိုကြွေးမှု စသည်တို့က စိတ်ကို အနာတရ ဖြစ်စေနိုင်သည်။

ထို့ကြောင့် အကောင်းအဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံသောအခါ စိတ်ကို အနာတရ မဖြစ်အောင်၊ စိတ်ကို မထိခိုက်အောင် သတိထား၍ စောင့်ရှောက်ရပေမည်။

ထားရမည့် သတိကား မိမိ၏ ခန္ဓာကိုယ်နှင့် စိတ်အပေါ်၌ ဖြစ်ပေါ်ပြောင်းလဲနေသမျှ သဘာဝအခြေအနေများကို စောင့်ကြည့်၍ မကောင်းသော အတွေးအကြံ အပြုအမူများ ဝင်မလာအောင် တားဆီးနေခြင်းသာ ဖြစ်၏။

သတိထား၍ ကောင်းစွာ စောင့်ရှောက်ပြီးဖြစ်သည့် ဘုရား ရဟန္တာတို့၏ စိတ်သည် ကြည်လင် အေးမြနေ၏။

မည်သည့် လောကဓံတရားကမှ အနာတရ မဖြစ်စေနိုင်တော့။

ဤသည်မှာ အပ္ပမာဒတရားကို လက်ကိုင်ထား၍ ကျင့်သုံးမှု၏ အကျိုးတရားပင် ဖြစ်သည်။

ထိုအပ္ပမာဒလမ်းစဉ်ကို နည်းယူ၍ လိုက်နာကျင့်သုံး ပွားများနိုင်ရန် အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက တည်ထောင်ထားသော နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းနှင့် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတော်များသို့ အချိန်ယူ၍ လာရောက်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားပါသည်။

ထို့အပြင် မိမိတို့ ဘဝရပ်တည်နိုင်ရန် နေဖို့အတွက် ကြိုတင်ပြင်ဆင်ရင်း သေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်နိုင်စေရန် စိတ်ရည်သန်၍ ပထမ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ တရားလင်္ကာကို လက်ဆောင်ပါးရင်း ဒါန သီလ ဘာဝနာတရားများကို ပွားများ အားထုတ်နိုင်ကြပါစေဟု တိုက်တွန်းလိုက်ရပါတော့သည်။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့

ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း

တဖုံဆင်ကွဲ သူတနဲဖြင့်

ဖောက်လွဲတတ်စွာ ဓမ္မတာကို

ပညာစက္ခု မျှော်ထောက်ရှု၍

ယခုပင်လျှင် မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင် မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ယခုပင်လျှင် မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ရတုချိန်ထောက် ဤခါရောက်မှ

ချုပ်ပျောက်ခန္ဓာ သေပိမ့်ငှါဟု

သတ္တဝါခပင်း ရှင်သေမင်းနှင့်

မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင်

တစက်ကမှ မရှိကြဘူး

“အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”

ဘုရာ့စကား လိုက်နာပွားသည်

တရားလက်မလွတ်ကြစေနှင့်။

သာဓု ... သာဓု ... သာဓု ...။



အရှင်ပညာသီဟ


No comments: