စာဆိုတာ ရေးစရာ အကြောင်းအရာပေါ်လာလို့ ရေးဖို့စိတ်ကူးရှိနေတုန်း ကောက်ရေးလိုက်ရင် စပြီး ရေးဖြစ်သွားတယ်။
စ,မရေးဖြစ်ဘူးဆိုရင် စာတပုဒ်ထွက်လာဖို့ မဖြစ်နိုင်ဘူး။
ဒါကြောင့် စ,ရေးမှ စာဖြစ်တယ်။
ဒါမှမဟုတ် စ,ရေးချ စာလို့ ပြောရမယ်။
တခါတရံကျတော့လဲ စထားတဲ့ အကြောင်းအရာကို အဆုံးသတ်နိုင်ဖို့ လုံးပန်းနေရတာလဲ ရှိသေးတယ်။ ဒါကိုတော့ စ,လုံးလို့ပဲ ဆိုလိုက်ကြပါစို့။
လူတွေ အများအားဖြင့် စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ဘုရားဟောဒေသနာမှာ ဖွေရှာစုဆောင်းပြီး၊ စာစီစာရိုက် စာအုပ်ပုံစံအဖြစ် ကွန်ပျူတာပေါ်မှာ ဖန်တီး၊ အစမ်းပုံနှိပ်၊ စာအုပ်ချုပ်၊ အဖုံးအတွက် စီစဉ်၊ ကြုံတဲ့လူကို စိတ်ဝင်စားဖို့ ကောင်း,မကောင်း၊ စာအုပ်အဖြစ် ထုတ်ဝေရင် အကျိုးရှိ,မရှိ စတာတွေကို စုံစမ်းပြီး၊ စာတအုပ်ဖြစ်အောင် ကိုယ်တိုင်စီစဉ်နေတာ အတော်လေး အချိန်ကြာသွားတယ်။ ပင်တော့ ပင်ပန်းတာပေါ့။
ပရိတ်ကြီး၊ ပဋ္ဌာန်း၊ ဗုဒ္ဓဘာသာအခြေခံသိမှတ်စရာ စတဲ့ စာအုပ်ကလေးတွေကို ကိုယ်တိုင် အစအဆုံးလုပ်ပြီး စာအုပ်စင်ပေါ် တင်ထားတဲ့အခါ လူကြိုက်များကြောင်း အကျိုးရှိကြောင်း တွေ့ရတော့ ပင်ပန်းရကျိုးနပ်ပါတယ်။
ကျောင်းရောက်လာရင် စာအုပ်တမျိုးမျိုးတော့ လိုချင်ရင် ရသွားပါစေဆိုတဲ့ ဆန္ဒနဲ့ အဲဒီစာအုပ်ကလေးတွေကို ပုံနှိပ်ချုပ်လုပ်တာပါ။ လောကီအကျိုးအမြတ် တခုခုကို လိုချင်လို့ မဟုတ်ပါဘူး။
တခါက ဒကာကြီးတယောက်က “အရှင်ဘုရား၊ အဲဒီစာအုပ်ကလေးတွေကို ရာနဲ့ချီပြီး ဘယ်မှာဝယ်လို့ရမလဲ၊ တပည့်တော် လူတွေကို လှူပြီး ကောင်းမှုပြုချင်လို့ပါ” လို့ မေးတယ်။
“ဒီလိုတော့ မရနိုင်ဘူး ဒကာကြီး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာအုပ်ကလေးတွေကို ကိုယ်တိုင်ချုပ်တာဆိုတော့ တခါတခါ တမျိုးကို ငါးဆယ်လောက်ပဲ ပုံနှိပ်ချုပ်လုပ်တယ်။ လူတွေ ယူသွားလို့ ကုန်တဲ့အခါမှ နောက်တခါ ပုံနှိပ်ချုပ်လုပ်တယ်” လို့ ပြောလိုက်ရတယ်။
သိပ်မကြာခင်မှာတော့ အဲဒီစာအုပ်ကလေးတွေကို အများအပြား ဝေငှပြီး အလှူလုပ်နိုင်တော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးလဲ ပင်ပန်းမှုကင်းစေ၊ စေတနာရှင်တွေလဲ အလှူပေးပြီး ဝေငှနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယူးဂျာစီမှ ကိုဟင်နရီ၊ မမီးမီး၊ သား ဖရက်ဒီ၊ သမီး ဂျက်ကလင်းတို့က အဲဒီစာအုပ်ကလေးတွေကို တအုပ်လျှင် ငါးထောင်စီ ထိုင်းမှာ ပုံနှိပ်ပြီး ကုန်ကျစရိတ်ကို လှူပါမယ်။ ‘သိမှတ်ဖွယ်ရာ အဘိဓမ္မာ’ကိုလဲ သူတို့ပဲ အုပ်ရေ သုံးထောင် လှူခဲ့ပါတယ်။
စာမရေးဖြစ်ပေမယ့်
အဲဒီလို အလုပ်တွေများနေတာနဲ့ စေတီတော်နဲ့ပတ်သက်ပြီး စ,မရေးချမိလို့ စာမဖြစ်တာ အတော်ကြာသွားတယ်။
ဒါပေမယ့် စေတီတော်တည်ဆောက်မှု အဆင့်ဆင့်၊ ကျောင်းဝင်းအနေအထား ပြုပြင်မှုအဆင့်ဆင့်တွေကို မှတ်တမ်းအဖြစ် ကျန်ရစ်ရအောင် ပြီးစီးခဲ့သမျှတွေကို ဓာတ်ပုံနဲ့တမျိုး၊ ဗွီဒီယိုကင်မရာနဲ့တသွယ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဆက်လက်ပြီး မှတ်တမ်းတင်နေဆဲလဲ ဖြစ်ပါတယ်။
နောက်ပြီး ဘုရားတည်ဆောက်ရာမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး စေတနာပါပါနဲ့ အခမဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အင်ဂျင်နီယာ ဒကာကြီးဦးမောင်မောင်က စေတီတော်တည်ဆောက်တဲ့နေရာကို နေ့စဉ်လာပြီး ကိုအခင်ဦးဆောင်တဲ့ အလုပ်သမားတွေ လုပ်တာကိုင်တာ အချိုးကျ မကျ၊ မှန် မမှန် မကြည့်နိုင်ပါဘူး။ ခရီးက အတော်ဝေးတော့ တနာရီကျော်ကျော်လောက် ကားမောင်းရတယ်။ တဖက်ကလဲ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ငန်းက ရှိနေသေးတယ်။ ဒါကြောင့် ဦးမောင်မောင်အနေနဲ့ ကိုအခင်တို့ လုပ်ပြီးသားကိစ္စတွေကို အိမ်ကနေ စာရေးသူရိုက်ပို့တဲ့ ကွန်ပျူတာကနေ ရတဲ့ ဓာတ်ပုံတွေကို ကြည့်ရှု စစ်ဆေးပြီး ကိုအခင်နဲ့ တိုင်ပင် လုပ်ကိုင်နိုင်အောင် ဓာတ်ပုံရိုက်ရတာလဲ အလုပ်တခု ဖြစ်နေပါတယ်။
လုပ်အားအလှူ မညည်းညူ
ဒကာကြီးဦးမောင်မောင်အနေနဲ့ မြေပြင်အနေအထား ပြုပြင်လုပ်ကိုင်တဲ့ ကေအင်န်အာရ်ကုမ္ပဏီ (K & R Sitework, Inc.)နဲ့လဲ ဒီအတိုင်းပဲ ဆက်သွယ်လုပ်ကိုင်ပါတယ်။
တခါတရံ အလွန်အရေးကြီးတဲ့ လုပ်ဆောင်စရာတွေ ကြည့်ရှုစစ်ဆေးစရာတွေ ရှိရင်တော့ ကျောင်းကိုလာပြီး ညအိပ်၊ နောက်နေ့မနက် အလုပ်သမားတွေ လုပ်တာကိုင်တာတွေကို ကြည့်ရှုစစ်ဆေး ပြောဆိုပြသပြီးမှ အလုပ်ခွင်ကို သွားလေ့ရှိတယ်။ ဒါ့အပြင် စေတီတော်အတွက် ငွေကြေးသုံးစွဲရမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် ပြီးရင်ပြီးရော့ဆိုတဲ့ သဘောထားမျိုးမဟုတ်ဘဲ ငွေကြေးကို မကုန်သင့်တာမကုန်အောင်၊ လုပ်ငန်းကို သပ်ရပ်တိကျနိုင်သမျှ သပ်ရပ်တိကျအောင် စေတနာအပြည့်ထားပြီး ဆောင်ရွက်ပါတယ်။
ဒါကြောင့် ဒါယကာကြီး ဦးမောင်မောင်ရဲ့ စေတနာနဲ့လုပ်အားဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ပြောပြလို့ မရနိုင်လောက်အောင်ပါပဲ။
အလုပ်သမားများ၊ လုပ်ငန်းဆိုင်ရာအလိုက် အကူအညီပေးနိုင်မယ့်သူများ၊ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၊ အသင်းအမှုဆောင်များနဲ့လဲ အဆင်ပြေနိုင်သမျှ အဆင်ပြေအောင် စိတ်ရှည် သည်းခံပြီး စေတီတော် အကောင်အထည်ပေါ်အောင် ဆောင်ရွက်နေပါတယ်။
ဘုရားစေတီ မတည်ဆောက်ဖူးသူ ဒကာကြီးရဲ့ ကြီးကြပ်မှုနဲ့ ဘုရားမတည်ဆောက်ဖူးသူ ကေအင်န်အာရ်ကုမ္ပဏီ၊ ကိုအခင်တို့က စေတီတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေကြတဲ့ သံဃာတော်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ဝေယျာဝစ္စဆောင်ရွက်သူများ၊ စေတနာရှင် အလှူရှင်များ၏ အကြံဉာဏ်အား အလှူငွေအားတို့ကို တတ်နိုင်သမျှ အလေအလွင့်မရှိရအောင် စေတီတော်နှင့် ကျောင်းဆောင်တို့ကို အကောင်အထည်ဖော်နေပါတယ်။
စေတီတော်တည်ဆောက်ရာတွင် စေတီတော်အုတ်မြစ်မှ ထီးတော်တင်နိုင်သည်အထိလည်းကောင်း၊ လှေခါးစောင်းတန်းများကိုလည်းကောင်း ကေအင်န်အာရ် ကုမ္ပဏီက အကြမ်းထည်ပြီးစီးအောင် ဆောက်လုပ်ပါတယ်။
ဒါကြောင့် စေတီတော် ပထမဆင့်ဌာပနာပိတ်ပွဲကို ၂၀၀၆-ခု ဧပြီလ ၃၀-ရက်နေ့တွင်လည်းကောင်း၊
ဒုတိယဆင့်ဌာပနာပိတ်ပွဲကို ၂၀၀၆-ခု စက်တင်ဘာလ ၁၇-ရက်နေ့တွင်လည်းကောင်း ကျင်းပနိုင်ခဲ့ပါတယ်။
ဌာပနာပိတ်ပွဲများ ကျင်းပပြီးစီး၍ စေတီတော်ကို ဆက်လက်တည်ဆောက်ရာ ၂၀၀၆-ခု ဒီဇင်ဘာလ ၄-ရက်တွင် ထီးတော်တင်နိုင်တဲ့ အမြင့်ဆုံးအထိ ပြီးအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းထည်ဖြစ်နေလို့ စေတီနဲ့မတူဘဲ ဒုံးပျံနဲ့တူနေပါတယ်။
စာရေးသူတောင် တခါတရံ ကြည့်ပြီး ဘယ်လိုဟာကြီးပါလိမ့်လို့ အတွေးပေါက်မိပါတယ်။
အဲဒီလို အတွေးပေါက်ရတဲ့ ပုံအခြေအနေမှာပဲ စေတီတော်ထီးတော်တင်ပွဲကို ၂၀၀၇-ခု မေလ ၂၆-ရက်နေ့တွင် ကျင်းပနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းရှိ လက်လှမ်းမှီသမျှ ပင့်ခဲ့တဲ့ သံဃာတော်အပါး ခြောက်ဆယ်ကျော်နဲ့ မြန်မာနိုင်ငံမှ ပင့်သံဃာလေးပါး၊ လူပရိသတ်နှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။
အလုပ်သမားအခက်အခဲ
ထီးတော်တင်ပွဲအမှီ စေတီတော်ကို အချောသတ် ပြီးနိုင်သမျှ ပြီးစီးအောင် စေတီတော်ရုပ်လုံးပေါ်အောင် ဆောင်ရွက်ရန် လုပ်ကိုင်ပေးနိုင်မယ့်သူကို ရှာဖွေရာ များစွာ အခက်အခဲ တွေ့ရပါတယ်။
မြန်မာပြည်မှ ဘုရားတည်ဆောက်ဖူးသူ ပန်းရံပညာရှင်များကို ခေါ်ဖို့ စီစဉ်ကြတဲ့အခါ ဗီဇာအခက်အခဲ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး လက်လျှော့ခဲ့ရပါတယ်။
ဒါကြောင့် အသင်းအနေနဲ့ အမေရိကန်နိုင်ငံတွင် ရောက်နေတဲ့ ပညာရှင်တဦးနဲ့ လုပ်ငန်းအတွက် စကားပြောဆိုပါတယ်။ အဲဒီပညာရှင်က ခု ဒကာ ဒကာမတွေ ဖူးတွေ့ရတဲ့ စေတီတော်ရဲ့ သပိတ်မှောက်နေရာအထိ လုပ်ဆောင်ရန် (နေစရိတ်၊ စားစရိတ်၊ ပစ္စည်းဖိုးမပါ) လုပ်ခသက်သက်အတွက် ဒေါ်လာတသိန်းကျော် တောင်းပါတယ်။ လုပ်ငန်းမစတင်မီမှာ စရံအဖြစ် ခြောက်သောင်းပေးရမယ်လို့ ဆိုလာပါတယ်။ စေတီတော် အမြန်ပြီးစီးလိုတဲ့ ဆန္ဒရှိပေမယ့် ငွေကြေးအဆမတန် များလွန်းလို့ အသင်းအနေနဲ့ အဲဒီပညာရှင်နဲ့ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနောက် အင်္ဂလန်နိုင်ငံရောက်နေတဲ့ ဘုရားတည်ဆောက်ဖူးသူ ဒကာကြီးတယောက်ကို အကူအညီတောင်းရာ နှစ်ပတ်ခန့် လာရောက်ကြည့်ရှုပြီး လုပ်ပုံလုပ်နည်းများကို လုပ်ဆောင်ပြသ အကြံဉာဏ်ပေးသွားပါတယ်။ လေယာဉ်စရိတ်အပြင် ဉာဏ်ပူဇော်ခ ဒေါ်လာနှစ်ထောင်ခန့် ချီးမြှင့်လိုက်ပါတယ်။
မဖြစ်မနေ လုပ်ဆောင်နေ
အလုပ်သမားအခက်အခဲကို ကျော်လွှားနိုင်ဖို့ အမျိုးမျိုး ကြိုးစားရာ နောက်ဆုံးတွင် အင်ဂျင်နီယာဦးမောင်မောင်က ကိုအခင်နဲ့ ညှိနှိုင်းတိုင်ပင်ကာ စေတီတော်ရဲ့ ငှက်ပျောဖူးကို အချောသတ်ပါတယ်။
ငှက်ပျောဖူးကို အချောသတ်ပြီးပြီးချင်း ထီးတော်ကို အစမ်း တင်ကြည့်ရပါတယ်။
ထီးတော် အပြီးတင်ပြီးတဲ့နောက် ငှက်ပျောဖူးအောက်ခြေရှိ ကြာမှောက်ကြာလှန်ကို ပြုလုပ်ပုံသွင်းဖို့ တပ်ဆင်ဖို့ ဦးမောင်မောင်က ကိုထွန်းထွန်းအပါအဝင် ကျော်သုံးကျော်ဖြစ်တဲ့ ကိုကျော်မင်း၊ ကိုကျော်သူမြတ်၊ ကိုအောင်ကျော်မိုးတို့နဲ့လည်းကောင်း၊ ကိုအခင်နဲ့လည်းကောင်း ညှိနှိုင်းတိုင်ပင်ကာ အကောင်အထည်ဖော်ခဲ့တယ်။
ဦးဝင်းမော်နဲ့ ကိုစောကြင်တို့ရဲ့ လုပ်အားအကူအညီကိုလဲ မေ့ထားလို့ မဖြစ်သေးဘူး။
ထီးတင်ထားပေမယ့် ထီးတော်ရဲ့ခေါင်းလောင်းတွေက ခေါင်းလောင်းဆွဲလဲသံ မထွက်ဘဲ တချပ်ချပ်အသံမြည်နေတာကို အရှင်သောဘနက စတင် ပြင်ဆင်တယ်။
ဒါက လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အခက်အခဲတော့ ရှိသပေါ့၊ ရှိနေဆဲပေါ့၊ ရှိနေဦးမှာပါ။
ဒါပေမယ့် စေတနာမပျက် ဆက်လက် လှူဒါန်းနေကြသူ ဘုရားဒကာ ဒကာမ၊ ကျောင်းဒကာ ကျောင်းအမတွေကြောင့် ခုလို အကောင်အထည်ပေါ်လာတာလဲ ဖြစ်ပါတယ်။
တတ်နိုင်သလောက် ဉာဏ်မီသလောက် လုပ်ဆောင်နေရတဲ့ အခက်အခဲတွေကို နားလည်အောင် ကြိုးစားပြီး သည်းခံစောင့်ကြည့်ဖို့တော့ လိုပါတယ်။
ဒါမှ ကိုယ်လှူထားတဲ့ အလှူငွေနဲ့ ပတ်သက်လို့ စေတနာ လျော့ကျမသွားဘဲ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကုသိုလ်တွေ တိုးနေမှာပါ။
ခက်ခဲလှတဲ့ ကြာမှောက်ကြာလှန်အပိုင်းကို အချိုးတကျ လှလှပပ အကောင်အထည်ဖော်နိုင်တာကို တွေ့ရတဲ့အခါ ကြာမှောက်ကြာလှန်အောက်ရှိ စေတီတော် အစိတ်အပိုင်းတို့ကို ထိုသူများပင် ဆက်လက်လုပ်ဆောင်နေရာ အလှူရှင်တို့ တွေ့မြင်ရတဲ့အတိုင်း စေတီတော်မှာ တင့်တယ်သပ္ပာယ်စွာ တစတစ ရုပ်လုံးပေါ်လာပြီ ဖြစ်ပါတယ်။
၂၀၀၈-ခုတွင် တိုးတက်မှု
၂၀၀၇-ခုနှစ် ဆောင်းတွင်းကာလတွင် ရပ်နားထားခဲ့ရတဲ့ စေတီတော်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၀၈-ခု ဧပြီလ ၂-ရက်နေ့မှာ ဦးမောင်မောင်နဲ့ ကိုအခင်တို့ စတင် လုပ်ကိုင်ပါတယ်။
စေတီတော်အောက်ပိုင်းရှိ ဖောင်းရစ်များကို စပြီး လုပ်ပါတယ်။
မြို့နယ်မြေထိန်းသိမ်းရေးဌာနမှ လာရောက် ကြည့်ရှုစစ်ဆေးရာ တချို့နေရာများတွင် အကာအကွယ်မဲ့ ထားသဖြင့် မြေများ ရေတိုက်စားခံနေရတာကို တွေ့သွားတယ်။
ဒါကြောင့် ဧပြီလ ၂၁-ရက်နေ့အတွင်း လိုအပ်ချက်များ ပြီးစီးအောင် ဆောင်ရွက်ဖို့ ညွှန်ကြားတဲ့အတွက် ကေအင်န်အာရ်ကုမ္ပဏီက ဧပြီလ ၉-ရက်နေ့မှာ အလုပ်စဝင်တယ်။
ငွေကြေးအကုန်အကျ မခံလိုသေးပေမယ့် ထုတ်ပြန်ထားတဲ့ စည်းကမ်းအရ မဖြစ်မနေ လုပ်ရမှာမို့ လူအများ မမြင်ရတဲ့ ကုန်ကျစရိတ်ကို စတင် အသုံးပြုရပြန်ပါတယ်။
စေတီပတ်ဝန်းကျင်တွင် အပြီးသတ် မြေညှိပြီး မြေသြဇာထည့်ကာ မြက်အစေ့ ကြဲချတယ်။
ဒီနောက် ကောက်ရိုးဖုံးကာ ကောက်ရိုးတွေ လေတိုက်တဲ့အခါ လွင့်ပါမသွားရအောင် ခပ်စေးစေး ဆေးရည်အစိမ်း ပက်ဖျန်းတယ်။
မြန်မာ့နည်းမြန်မာ့ဟန်အရ စေတီနဲ့ကျောင်းဆောင် ဆောက်ပြီးမှ မြေပြင်အလှပြုပြင်မှုကိစ္စများကို လိုအပ်သလို ပြုပြင်လုပ်ကိုင်မယ်လို့ ရည်ရွယ်ထားပေမယ့် မြေကို ထိုးဆွပြီးပါက မြက်ရင်လဲ စိုက်ရမယ်၊ ကောက်ရိုးရင်လဲ ခင်းထားရမယ်လို့ လေ့လာသိရှိရပါတယ်။
ဒါတွေကို ဒီနိုင်ငံမှာ အလုပ်လုပ်တဲ့ ဆောက်လုပ်ရေးပညာရှင်များအနေနဲ့ သိပြီးသားဖြစ်ပေမယ့် စာရေးသူလို အတွေ့အကြုံမရှိသူတွေ သိမှာ မဟုတ်သေးလို့ ထည့်ရေးလိုက်ရတာပါ။
ပန်းပုံဖော်ခြင်း၊ ပစ္စည်းစုဆောင်းခြင်း၊ တိုင်းတာခြင်းကိစ္စများကို စောစောပိုင်းကပင် ကြိုတင် စီစဉ်ထားပြီး ၂၀၀၈-ခု မတ်လ ၂၉-ရက်နေ့တွင် စေတီတော်၏ သပိတ်မှောက်အပိုင်းတွင် တပ်ဆင်ဖို့ ကျန်နေသေးတဲ့ ပန်းဆွဲများအတွက် ကိုအောင်ကျော်မိုးနဲ့ ကိုထွန်းထွန်းတို့ ပုံလောင်းရန် ရာဘာစေးနဲ့ ပုံစံလုပ်ကြတယ်။
ပုံစံရအပြီးတွင် ကိုအခင်က အင်္ဂတေဖြင့် ပုံလောင်းတဲ့အခါ အဆင်ပြေတာကို တွေ့ရတယ်။
ပန်းဆွဲတခုရဖို့ အချိန် သုံးရက် ကြာပါတယ်။
ဧပြီလ ၉-ရက်နေ့မှာပဲ စကျင်ကျောက် ခြင်္သေ့ရုပ်တုများကို ကေအင်န်အာရ်ကုမ္ပဏီရဲ့အကူအညီနဲ့ စောင်းတန်းလှေခါးထိပ်က ခုံတွေပေါ် တင်ပြီးခဲ့တယ်။
ခြင်္သေ့ရုပ်တု အောက်ခံခုံတွေ မညီလို့ မသပ်ရပ်လို့ ပြင်ဆင်ရပြန်ပါတယ်။
စေတီတော်အောက်ပိုင်းရှိ မျက်နှာပြင်ညီတဲ့ဘက်တွေမှာ ဖောင်းရစ်တွေ ထည့်ပြီးလို့ စေတီရဲ့အနောက်ဘက် အရပ်မျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးဖို့ စံကျောင်းဆောင်ကို ကိုအခင်နဲ့ ဦးမောင်မောင်တို့က အချိုးကျ မကျ သိရအောင် သစ်သားနဲ့ နမူနာ လုပ်ကြည့်တယ်။
ဧပြီလ ၁၀-ရက်နေ့မှာတော့ အင်္ဂတေနဲ့ ယာယီစံကျောင်းဆောင်အဖြစ် တည်ဆောက်ပြီး ပူဇော်ထားပါတယ်။
တရုတ်ပြည်ကို မှာထားတဲ့ ကျောက်ပြားရောက်လာတဲ့အခါကျမှ အတည်တကျ အပြီးသတ် တည်ဆောက်မှာပါ။
ဆင်းတုတော်ကို ဖုံမတက်အောင် မှန်အလုံပိတ်ကြည့်တဲ့အခါ အထဲမှာ ရေငွေ့ရိုက်နေတာ တွေ့ရလို့ အဆင်မပြေသေးဘူး။
ဒါတွေ ရေးပြနေရတာက အပြောလွယ်သလောက် အမြင်လွယ်သလောက် အလုပ်ခက်တယ်ဆိုတာကို သိဖို့ပါ။
ခုစာရေးနေတဲ့ ရက်ပိုင်းမှာ ကေအင်န်အာရ်ကုမ္ပဏီက စေတီတော်ပတ်ဝန်းကျင်မှာ လုပ်ရမယ့် လုပ်ဆောင်စရာများကို စနစ်တကျ လုပ်ဆောင်ပြီးသွားပါပြီ။
မေလ ၂၅-ရက်မှာ ကျင်းပမယ့် ဘုရားပွဲအမီ ဒကာဒကာမတွေ ပြည့်ပြည့်စုံစုံ မြင်ရပါစေဆိုတဲ့ ဆန္ဒနဲ့ အတတ်နိုင်ဆုံးလုပ်နေတာ ဧပြီလ ၁၇-ရက်နေ့တွင် ခေါင်းလောင်းတလုံးကို အစမ်း ချိတ်ကြည့်ပါတယ်။
အဆင်မပြေ အမြင်မလှသေးလို့ ပြင်ရပါဦးမယ်။
စာရေးသူရဲ့ စိတ်ကူးအရ နောက်ထပ်ပုံစံတမျိုးနဲ့ ဧပြီလ ၁၉-ရက်နေ့က ပိုမိုလှပအောင် အဆင်ပြေအောင် လုပ်ထားပါတယ်။
ဒါလဲ နမူနာပဲ ဖြစ်ပါသေးတယ်။
နောက်မှ သံမဏိတိုင်နဲ့ အခိုင်အခန့် လှလှပပ ပြုလုပ်မှာပါ။
အဲဒီနေ့မှာပဲ ဓမ္မာရုံရှေ့မှာ နှစ်ရှည်လများ ထားခဲ့ရတဲ့ ကျောက်ဆင်းတုတော်ကြီးကို ကိုအခင်က ကျောင်းဝင်းသန့်ရှင်းဖို့ လုပ်အားပေးလာကြသူတွေရဲ့ အကူအညီနဲ့ ဓမ္မာရုံထဲကို ပင့်ဆောင်ထားခဲ့ပါတယ်။
ကိုအခင်နဲ့ အလုပ်သမားတွေက စေတီတော်ရဲ့ ဖောင်းရစ်တွေကို ဆက်လက် လုပ်ဆောင်နေရာ မကြာမီ ပြီးပါတော့မယ်။
ပြီးရင် စေတီတော်ဟာ တော်တော်ရုပ်လုံးပေါ်လာပြီး ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတော့မှာပါ။
မြန်မာ ဒကာဒကာမတွေက ထီးတော်တင်ပွဲမှာ တွေ့ရတဲ့ ပုံစံနဲ့မတူ တမူတိုးတက်ပြီး စေတီတော်ပုံပေါ်လာတာကို ဝမ်းမြောက်ဝမ်းသာ ဖူးတွေ့ကြည်ညိုကြသလို ဗုဒ္ဓဘာသာမဟုတ်သူ လူမျိုးခြားတွေလဲ စေတီတော်ကို အဝေးကမြင်ပြီး ဘာပါလိမ့်လို့ တဖွဲဖွဲ လာရောက် ကြည့်နေကြပါတယ်။
ပြီးသွားတဲ့အခါမှာတော့ ဝင်လာမစဲ တသဲသဲ ဖြစ်မှာပေါ့။
(အနောက်ဘက်စောင်းတန်း)
(တောင်ဘက်စောင်းတန်း)
(မြောက်ဘက်စောင်းတန်း)
ပြီးဖို့ရန် ပန်းတင်ခုံ မွမ်းမံခြင်း၊ စေတီတော်လက်ရန်းများ တပ်ဆင်ခြင်း၊ လှေခါးလက်ကိုင်များ တပ်ဆင်ခြင်း စတဲ့ စတဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတာမို့ ငါတို့က ဒါတွေဒါတွေအတွက် ဒီလောက်ဒီလောက် လှူပြီးပြီမို့ လုံလောက်ပြီလို့ စိတ်မထားဘဲ စေတီတော်ကြီး အမြန်ပြီးစီးသွားအောင် သာသနာတော်ကြီးဝေစည်သွားအောင် ဒါမှ ငါတို့လူမျိုးရဲ့ ဂုဏ်ကျက်သရေဆောင်လို့ ဝင့်ကြွားပြောဆိုရအောင် မချို့တဲ့စေတနာတွေသာသာနဲ့ တိုးချဲ့၍ အခါခါ လှူလှည့်ကြပါအုံးလို့ ဖိတ်ခေါ် တိုက်တွန်းလိုက်ရပြန်ပါတယ်။
လှူဒါန်းနိုင်ကြပါစေ။
အရှင်ပညာသီဟ
၂၀၀၈-ဧပြီ-၁၉
No comments:
Post a Comment