Tuesday, April 1, 2008

ပါရမီမျိုးစေ့ - အရှင်ပညာသီဟ


“အရှင်ဘုရား .. နယူးဂျာစီကျောင်းမှာ တရားစခန်းကျင်းပတာ မရှိဘူးလား ဘုရာ့”

“နေရာထိုင်ခင်း မပြည့်စုံသေးလို့ တရားစခန်း သတ်သတ်မှတ်မှတ် ကျင်းပဖို့ အစီအစဉ် မရှိသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တရားစခန်းတခု စမ်းပြီး လုပ်ခဲ့တယ်။ ဒါပေမယ့် အိမ်သာ ရေချိုးခန်းက မပြည့်စုံတော့ အဆင်မပြေဘူး။ နောက်ပြီး စားရေးသောက်ရေးအတွက် နေရာကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း မရှိတော့ တရားအားထုတ်သူတွေကို အားနာစရာကောင်းတယ်။

အဲဒီလို အဆင်မပြေမှုလေးတွေကြောင့် တရားစခန်းရယ်လို့ သတ်သတ်မှတ်မှတ် မကျင်းပဖြစ်ပေမယ့် သဘောတူတဲ့ပုဂ္ဂိုလ်တွေ စုပေါင်းပြီး လာရောက် တရားအားထုတ်ကြပါတယ်။

အထူးသဖြင့် ရုံးပိတ်ရက်ရှည်လဲဖြစ် နွေရာသီလဲဖြစ်တဲ့ အချိန်မျိုးတွေမှာ လာရောက်ပြီး တရားအားထုတ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းကတောင် အမျိုးသမီးသုံးယောက် သီလရှင်ဝတ်ပြီး ဆယ်ရက်တရားအားထုတ်ကြတယ်။

ဒကာကြီး ဒကာမကြီးတို့လဲ အဲဒီလို အဖော်ညှိပြီး နယူးဂျာစီကို လာရောက် တရားအားထုတ်ရင် ဖြစ်နိုင်ပါတယ်။

တရားစခန်းကျင်းပမှ တရားအားထုတ်နိုင်တယ် တရားအားထုတ်လာကြမယ်လို့ သဘောမထားသင့်ပါဘူး”

“သီလရှင်ဝတ်တယ်၊ ဘယ်အရွယ်တွေလဲ ဘုရာ့၊ သီလရှင်ဝတ်တော့ ဆံပင်ဖြတ်ရမှာပေါ့နော်၊ သီလရှင်ဘဝကနေ လူ့ဘဝပြန်ရောက်တဲ့အခါ ဆံပင်တိုတို ခေါင်းပြောင်ပြောင်နဲ့နေရမှာ အတော်ခက်မှာပဲ”

“ဟုတ်တယ် ဒကာကြီး၊ သူတို့ထက် ဆံပင်တိုတိုထားလေ့ရှိတဲ့ အမျိုးသားလေးတွေတောင် ခေါင်းပြောင်ပြောင် ဆံပင်တိုတိုနဲ့ နေရမှာ ရှက်လို့၊ ဆံပင်ကို နှမြောလို့ သင်္ကန်းဝတ်ဖို့ အတော်ခက်ခဲတယ်၊ တချို့ကလေးတွေဆို ကိုရင်ဝတ်ဖို့ မနည်း တိုက်တွန်းယူရတယ်”

“ဘယ်သူတွေ သီလရှင်ဝတ်တာလဲ ဘုရာ့”

“တယောက်က ဒေါ်ခင်တဲ့၊ ဘရုတ်ကလင်ကျောင်းမှာ စေတနာ့ဝန်ထမ်း အမြဲတမ်း ဝေယျာဝစ္စဆောင်ရွက်ပေးနေတဲ့ ဒကာမကြီးပဲ၊ နောက်တယောက်က ဒေါ်အေးအေးသန်းတဲ့၊ ဆရာဝန်ဦးအောင်ဇေယျဇနီးပေါ့၊ နောက်တယောက်ကတော့ ဌေးဌေးကြည်တဲ့၊ ပြီးခဲ့တဲ့နှစ်ကလဲ ဆယ်ရက်သီလရှင်ဝတ်ပြီး တရားအားထုတ်တယ်၊ သူ့သူငယ်ချင်း မြတ်မြတ်မွန် (ခေါ်) သီတာအောင်ဆိုတဲ့ ဒကာမလေးနဲ့ပေါ့၊ ဒီနှစ်တော့ သီတာအောင်က အလုပ်ကခွင့်မရလို့ သီလရှင်မဝတ်နိုင်ဘူး၊ ဒါ့ကြောင့် ဌေးဌေးကြည်အနေနဲ့ အဖော်မရှိတော့ ဒီနှစ် သီလရှင်ဝတ်ဖို့ ခက်နေတယ်၊ တယောက်တည်း သီလရှင်ဝတ်ပြီး ဘုန်းကြီးကျောင်းမှာ နေရင် မသင့်တော်ဘူးမဟုတ်လား။

ဒါပေမယ့် အရင်နှစ် သူသီလရှင်ဝတ်တုန်းက သင်္ကြန်အတွင်းမှာ ဥပုသ်စောင့်လာတဲ့ ဒကာမကြီးဒေါ်ခင်ကို သူ့ရဲ့အခက်အခဲ ပြောပြတော့ ဒေါ်ခင်က ပါရမီဖြည့်တဲ့အနေနဲ့ သူလဲ သီလရှင်ဝတ်မယ်လို့ ကတိပြုလိုက်တယ်။

ဒေါ်အေးအေးသန်းကတော့ သူတို့သီလရှင်ဝတ် တရားအားထုတ်မယ့် သတင်းကြားပြီး သဒ္ဓါတရားပေါက်လို့ သီလရှင်ဝတ်တာ ဖြစ်တယ်။

ဒါကြောင့် ဒီနှစ် ၂၀၀၂-ခုနှစ် သင်္ကြန်မှာတော့ သီလရှင်သုံးပါးနဲ့ ဒကာမကြီးဒေါ်ခင်မြတို့ နယူးဂျာစီကျောင်းကို လာရောက်ပြီး တရားအားထုတ်ကြတယ်”

“သင်္ကြန်တွင်းမှာ သီလရှင်ဝတ်ပြီး တရားအားထုတ်ကြတာ (၂)နှစ်ရှိပြီဆိုတော့ သင်္ကြန်တွင်းကို သီလရှင်ဝတ်တဲ့အလေ့အထ၊ သီလရှင်ဝတ်ပွဲ ကျင်းပရရင် ကောင်းမလားလို့ စိတ်ကူးမိတယ်၊ ဘုန်းဘုန်း ဒီနှစ် မြန်မာပြည်ပြန်တုန်းက မဟာစည်ရိပ်သာကြီးထဲမှာ ကျောင်းသားကျောင်းသူတွေ ဘာသာရေးလေ့လာဖို့ တရားအားထုတ်ဖို့ နွေရာသီကျောင်းပိတ်ရက်အတွင်း ကိုရင် သီလရှင်ဝတ်နေကြတာကို တွေ့ရတာ ဝမ်းသာကြည်နူးမိတယ်၊ ဒီအမေရိကားမှာလဲ ဒီလိုလုပ်ရရင် ကောင်းမလားလို့ စိတ်ကူးမိတယ်၊ ဒါပေမယ့် သင်္ကြန်တွင်းအချိန် အမေရိကားမှာ ကျောင်းမပိတ်သေးတော့ ကလေးမလေးတွေအတွက် ဖြစ်မယ်မထင်ပါဘူး၊ စိတ်ဝင်စားတဲ့အမျိုးသမီးတွေအနေနဲ့တော့ ကြိုတင်ခွင့်ယူပြီး စီစဉ်ရင် ဖြစ်နိုင်တယ်”

“သီလရှင်ဝတ်ပြီး ဘာလုပ်ကြသလဲ ဘုရာ့”

“သီလရှင်ဝတ်ပြီးရင် တရားအားထုတ်ရပါတယ်၊ အမျိုးသမီးတွေ သီလရှင်ဘဝ ကူးပြောင်းတာကို ပြောင်လှောင်တဲ့အနေနဲ့ (သားသေ၊ လင်ဆုံး၊ ကုန်ရှုံး၊ ကြွေးတင်၊ လိုအင်မရ မယ်သီလ လို့) ပြောတာမျိုးကို မဖြစ်စေရဘဲ သမာဓိရှိတဲ့ သမာဓိရှင်၊ ဝိပဿနာအသိဉာဏ်ရှိတဲ့ ပညာရှင်တွေဖြစ်အောင် တရားအားထုတ်ရပါတယ်”

“သီလရှင်ဝတ်နဲ့ တရားအားထုတ်တာ ဘာထူးခြားပါသလဲ ဘုရာ့၊ ရိုးရိုး လူဝတ်အနေနဲ့ကော တရားအားထုတ်လို့ မရဘူးလား”

“ဘာဝတ်နဲ့ပဲဖြစ်ဖြစ် တရားအားထုတ်ဖို့က အဓိကပါပဲ၊ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဘိက္ခူနီသာသနာ (အမျိုးသမီးရဟန်း) ကွယ်ပြီးတဲ့နောက် ရဟန်းဝတ်ဖို့ အခွင့်မရကြတော့ဘူး၊ ဒါကြောင့် အမျိုးသမီးတွေဟာ ရဟန်းအဖြစ်ကို တောင့်တပြီး အမျိုးသမီးရဟန်းနဲ့ အသွင်တူတဲ့ သီလရှင်ပဲ ဝတ်ကြရတယ်၊ လူဝတ်ကြောင်ဘဝကို စွန့်လွှတ်ပြီး တရားအားထုတ်လို့ ခုဘဝမှာ တရားထူးရပြီး ကျွတ်တမ်းဝင်ချင်ဝင်၊ မဝင်ရင်တောင်မှ နောက်ဘုရားသာသနာမှာ ရဟန်း ဒါမှမဟုတ် ရဟန်းမ ဖြစ်နိုင်တဲ့ ပါရမီမျိုးစေ့တော့ ပါသွားနိုင်ပါတယ်”

တရားအားထုတ်ဖို့ ကျောင်းကို လာပြီဆိုကတည်းက လက်ချည်းလာတာမဟုတ်ဘဲ လှူဖို့ လှူစရာပစ္စည်းတွေ ယူလာခဲ့တယ်။ အဲဒီကတည်းက ကုသိုလ်စိတ်တွေ ဖြစ်နေပြီး တကယ်လှူတဲ့အခါကျတော့ ဒါနပါရမီကို ဖြည့်ဆည်းပြီး ဖြစ်တယ်။

တရားအားထုတ်တဲ့ရက်အတွင်းမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလ စောင့်ထိန်းရတယ်။ ဒါ့အပြင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ တံခါးခြောက်ပေါက်ကိုလဲ ကိလေသာတွေ မဝင်အောင် စောင့်ထိန်းရတယ်။ နောက်ပြီး သီလရှင်ဝတ်နဲ့ဆိုတော့ ဣနြေ္ဒကို ပိုပြီး ထိန်းသိမ်းရတယ်။ ဒါဟာ သီလပါရမီကို ဖြည့်ကျင့်တာပဲ။

တရားအားထုတ်တယ်ဆိုတာ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်မှု၊ နှိပ်စက်ညှင်းပန်းလိုမှု၊ ပျက်စီးစေလိုမှုဆိုတဲ့ အလိုဆိုးတွေက ထွက်မြောက်အောင် လုပ်နေရတာ၊ ဒါကြောင့် တရားအားထုတ်နေတဲ့အခါမှာ နေက္ခမ္မပါရမီနဲ့ ပြည့်စုံတယ်။

တရားအားထုတ်တဲ့အခါမှာ ဝီရိယဓာတ် အများကြီး လိုပါတယ်။ အများကြီး ကြိုးစားရတယ်။ မနက်လေးနာရီက စပြီး ညကိုးနာရီအထိ စားချိန်သောက်ချိန် ကိုယ်လက်သန့်စင်ချိန်မှအပ တနေ့လုံး တရားအားထုတ်ရတယ်။ အားထုတ်တဲ့အခါမှာလဲ ပျင်းပျင်းရိရိအားထုတ်မယ်ဆိုရင် ကိလေသာရင်လဲ ဝင်မယ်၊ အိပ်ပျော်ချင်လဲ အိပ်ပျော်သွားမယ်။ ဒီလို မဖြစ်ရအောင် အမှတ်ကို စိပ်နိုင်သမျှ စိပ်အောင် ဝီရိယထားပြီး ရှုမှတ်အားထုတ်ရတယ်။ ဒါကြောင့် ဝီရိယပါရမီကို ဖြည့်ဆည်းရာ ရောက်တယ်။

တရားအားထုတ်ရင် အရင်က မသိရသေးတဲ့ အသိဉာဏ်တွေ တရားအတွေ့အကြုံတွေ ရမှာ မလွဲဘူး။ အဲဒီ အသိဉာဏ်ထူးတွေကို ရတာဟာ ပညာပါရမီနဲ့ သက်ဆိုင်တယ်။

တရားအားထုတ်တဲ့အခါ ညောင်းတာ နာတာ ပူတာ ကိုက်ခဲတာ အနေခက်တာတွေကို တွေ့ရမယ်။ ဒါတွေကို သည်းခံရတယ်။ နောက်ပြီး သီလစောင့်ထားလို့ ညစာမစားရတဲ့အခါ ဆာလောင်မယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာလို နေရထိုင်ရတာ အဆင်ပြေချင်မှ ပြေမယ်။ ဒါတွေကိုလဲ သည်းခံရတာပဲ။ အဲဒီအခါမှာ ခန္တီပါရမီနဲ့ ပြည့်စုံတယ်။

တရားအားထုတ်တယ်ဆိုတာ အမှန်တရားကို ရှာဖွေတာ၊ သစ္စာတရားကို ရှာဖွေတာ။ အားထုတ်တဲ့အခါ ရုပ်တရား နာမ်တရားတွေကို ကွဲကွဲပြားပြား သိလာတယ်။ အဲဒီ ရုပ်နာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုအမှန်တွေကို သိလာတယ်။ အဲဒီလို အမှန်တရားတွေကို သိလာရင်းနဲ့ပဲ ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း ဖြစ်ကြောင်းအမှန်တရား (သမုဒယသစ္စာ)၊ ဆင်းရဲချုပ်ရာအမှန်တရား (နိရောဓသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအမှန်တရား (မဂ္ဂသစ္စာ)တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ သိသွားမယ်။ ဒီတော့ တရားအားထုတ်ခြင်းဖြင့် သစ္စာပါရမီကို ရင့်သန်စေတယ်။

တရားအားထုတ်တဲ့အခါ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရတယ်။ တနာရီထိုင်မယ်လို့ စိတ်ဆုံးဖြတ်ထားရင် တနာရီအပြည့်ထိုင်ရတယ်။ တနာရီမပြည့်မချင်း မထဘူး။ အရှုမှတ်ခံ အာရုံနဲ့ ရှုမှတ်တဲ့ စိတ် တထပ်တည်းကျနေအောင် ရှုမှတ်မယ်လို့ ဆုံးဖြတ်ချက် ချတယ်။ ဒီလိုဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အဓိဋ္ဌာန်ပါရမီနဲ့လဲ ပြည့်စုံတယ်။

တရားအားထုတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို မေတ္တာရှိလို့ မေတ္တာထားပြီး ပြုလုပ်တာဖြစ်တယ်။ ရှုမှတ်နေတဲ့အခါမှာလဲ စိတ်ထဲ လိုချင်မှု (လောဘ)၊ စိတ်ဆိုး အမျက်ထွက်မှု (ဒေါသ)၊ မသိမိုက်မဲမှု (မောဟ)ဆိုတဲ့ မကောင်းတဲ့သဘောတွေ ဝင်မလာဘူး။ ဒေါသမဖြစ်ဘူးဆိုရင် အဒေါသ (မေတ္တာ) ဖြစ်နေတာပေါ့။ တရားအားထုတ်နေချိန်မှာ သူတပါးကို နှိပ်စက်ညှင်းပန်းလိုတဲ့စိတ်၊ ပျက်စီးစေလိုတဲ့စိတ်တွေ ဝင်လာရင်လဲ ရှုမှတ်ပြီး ပယ်ထုတ်ပစ်တယ်။ အဲဒီအခါမှာ အဒေါသ (မေတ္တာ) ဓာတ်တွေ အစားဝင်လာလို့ မေတ္တာပါရမီနဲ့ ပြည့်စုံနေတယ်။

တရားအားထုတ်တဲ့အခါ ကောင်းတဲ့ ချမ်းသာတဲ့ အတွေ့တွေလဲ တွေ့ရမယ်။ စိတ်ထဲမှာ ကြည်နူးနှစ်သိမ့်တာတွေလဲ တွေ့ရမယ်။ မကောင်းတဲ့ ဆင်းရဲတဲ့ အနေခံခက်တဲ့ အတွေ့တွေလဲ တွေ့ရမယ်။ ဒီလိုတွေ့ပေမယ့် အကောင်းအဆိုး နှစ်မျိုးစလုံးအတွက် ဘယ်ဖက်မှ မလိုက်ဘဲ သည်းခံရတယ်။ ဝိပဿနာဉာဏ် ရင့်သန်လို့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုက်ရောက်ပြီဆိုရင်တော့ သင်္ခါရတရားတွေ ဖောက်ပြန်ပြောင်းလဲတာကို ဘယ်လိုပဲတွေ့တွေ့ စိတ်လှုပ်ရှားမှု မဖြစ်တော့ဘဲ စိတ်ကို အညီအမျှထားတော့တယ်။ ဒါကြောင့် ဥပေက္ခာပါရမီနဲ့ ပြည့်စုံတယ်။

“ဒီလို ပါရမီဆယ်ပါးကို အပြည့်အစုံ ဆည်းပူးနိုင်ခွင့်ရတာမို့ တရားအားထုတ်တာဟာ အလွန် အင်မတန် အကျိုးများတယ်။ ဒီဘဝမှာ မဂ်ဖိုလ်မရသေးတောင် စိတ်ငြိမ်းအေးမှုကို ဖြစ်စေနိုင်တယ်။ တကယ်ကြိုးစားအားထုတ်မယ်ဆိုရင် ဝိပဿနာဉာဏ်တမျိုးမျိုးကို ဆိုက်ရောက်မှာပါပဲ။ ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်ပြီဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ဟာ မဝေးတော့ပါဘူး။ ဒါကြောင့် ဒကာကြီး ဒကာမကြီးတို့လဲ အပူဓာတ်ကင်းဝေးပြီး ငြိမ်းအေးမှု အစစ်အမှန်ကို ရနိုင်ဖို့အတွက် နယူးယောက် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်းတွေကို လာရောက်ပြီး ဝိပဿနာတရား ပွားများအားထုတ်သင့်တယ်”

“မှန်ပါ၊ တရားတော့ အားထုတ်ချင်ပါတယ် ဘုရား၊ တရားအားထုတ်တာ ကောင်းတယ်ဆိုတာလဲ လက်ခံပါတယ်၊ ဒါပေမယ့် တပည့်တော်တို့မှာ စားဝတ်နေရေးအတွက် လုပ်ဆောင်နေရလို့ အချိန်မရဘူး ဘုရာ့”

“နယူးယောက် နယူးဂျာစီကျောင်းတွေမှာ အချိန်ပိုင်းနဲ့ ပုံမှန်လာရောက်ပြီး တရားအားထုတ်နေကြတဲ့ နိုင်ငံခြားသားတွေ ရှိနေပါတယ်။ သူတို့လဲ သားနဲ့ သမီးနဲ့ စီးပွားရှာနေကြတဲ့သူတွေပါပဲ။ ပြောမယ်ဆိုရင်တော့ သူတို့လဲ ဘယ်အချိန်ရပါ့မလဲ။ ဒါပေမယ့် You will never find time for anything. If you want time you must make it. လို့ အင်္ဂလိပ်စာရေးဆရာ Charles Buxton ဆိုတဲ့အတိုင်း သူတို့အချိန်ယူပြီး တရားအားထုတ်ကြတာပါပဲ။ ဘာသာခြားတွေက အလုပ်မသွားခင် မနက် (၅)နာရီအချိန်မှာ ကျောင်းကို လာပြီး တရားအားထုတ်တယ်ဆိုတော့ တော်ရုံတန်ရုံ သဒ္ဓါတရား လုံ့လဝီရိယနဲ့ မလုပ်နိုင်ဘူးဆိုတာ ခန့်မှန်းနိုင်လောက်ပါတယ်။ တရားအားထုတ်ချင်တယ်ဆိုရင်တော့ အချိန်ကို မရ,ရအောင် ယူရမှာပါပဲ”

“မှန်ပါဘုရား၊ တပည့်တော်တို့ ကြိုးစားပါ့မယ်”

“သာဓု သာဓု သာဓု၊ ဝိပဿနာတရားကို အချိန်ယူ၍ ကြိုးစား ပွားများ အားထုတ်နိုင်ကြပါစေ”


အရှင်ပညာသီဟ

No comments: