Monday, April 21, 2008

သန့်ရှင်းရေးလုပ်အားပေးပွဲ - ၂၀၀၈ ဧပြီ (၁၉)



“မောင်အေးခိုင်လေးလဲ မလိုက်ဖြစ်ဘူး၊ ကဖိုးထိန်လဲ မလိုက်ဘူး၊ ညနေ သင်္ကြန်ပွဲအတွက် ပြင်ဆင်ကြရမယ့်သူတွေလဲ များတော့ ဒီနေ့ လုပ်အားပေး လာမယ့်သူ များမယ် မထင်ဘူး” ဟု ဆရာစောက ဆိုသည်။

ဆရာစောနှင့်အတူ ဒေါ်ထားကြည်၊ လော်ရင်းတို့သာ လိုက်ပါလာသည်။

ဆရာတော် လမ်းလျှောက်ထွက်နေသဖြင့် လောကချမ်းသာဘုရားကျောင်း အလယ်ထပ်သို့ တက်ခဲ့ကြသည်။

မိမိတို့ရောက်ရှိနေကြောင်း အသံပြု၍ အခန်းတွင်းသို့ ဝင်သွားသောအခါ အရှင်ဇဝန၏ အသံသွင်းတရားခွေကို နာနေကြသော ဦးဝဏ္ဏိတနှင့် ဦးသောဘနတို့ကို တွေ့ရသည်။

ဦးဝဏ္ဏိတက ဆရာတော်ပေးထားခဲ့သော နယူးဂျာစီကျောင်းအတွက် ချက်လက်မှတ်များကို ထုတ်ပေးသည်။

ဆရာစောက ဘုရားပွဲတော်ဖိတ်စာ ပို့ရာတွင် အသုံးပြုမည့် လိပ်စာများ ရိုက်နှိပ်ရန်ကိစ္စနှင့် ပတ်သက်၍ ဦးဝဏ္ဏိတအား မေးလျှောက်သည်။

“အရှင်ဘုရား လိပ်စာတွေရိုက်ပေးဖို့ကိစ္စ ကိုရန်နောင်ဆီက ဘာကြားသေးသလဲ ဘုရာ့”

“သူ့ဆီ လိပ်စာတွေ ပို့တောင်ပို့လိုက်ပြီ ဒကာကြီး”

ကိုရန်နောင်မှာ ကွန်ပျူတာအတတ်ပညာရှင်တဦး ဖြစ်သည်။ အလုပ်ကိစ္စကြောင့် ဗာဂျီးနီးယားပြည်နယ်သို့ ပြောင်းရွှေ့သွားရာ အေဘီဘီအေနှင့်ပတ်သက်ပြီး တတ်နိုင်သမျှ အကူအညီ ဆက်လက် ပေးနေဆဲ ဖြစ်သည်။

ဦးသောဘနအား နယူးဂျာစီသန့်ရှင်းရေးလုပ်အားပေးပွဲသို့ လိုက်မလားဟု မေးလျှောက်ရာ ဆွမ်းအလှူရှိနေ၍ မလိုက်နိုင်ကြောင်း ဖြေကြား၏။

အခြား လိုက်ပါမည့်သူများလည်း မရှိတော့သဖြင့် ကိုအောင်ဝင်းကို သူ့ဘာသာ နယူးဂျာစီသို့ လိုက်လာရန် မှာကြား၍ နံနက် ၉-နာရီခန့်တွင် နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာကျောင်းသို့ ထွက်လာကြလေသည်။

နယူးဂျာစီသို့ နံနက် ၁၀-နာရီ သာသာတွင် ရောက်၏။

ကိုကျော်သူမြတ်နှင့် အဖွဲ့ ရောက်နေကြပြီး မြက်ရိတ်သူပင် ရိတ်နေ၏။





K & R Sitework မှ သစ်ပင်သစ်ကိုင်းများ ဖြတ်တောက်ထစ်ခွဲရန် စက်ကြီးကို အသုံးပြုရန် အကူအညီပေးသည့်အပြင် စက်အသုံးပြုနည်းကို မနက်က လာရောက် ပြသသွားကြောင်း ကိုကျော်က ပြောပြ၏။

ဆရာတော်ဦးပညာသီဟအား ဒန်ပေါက်ဆွမ်းကပ်ရန် ရောက်ရှိနေကြသော မာမာအောင်တို့ကလည်း သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်ရှိကြောင်း မသိသဖြင့်၊ လိုအပ်ပါက သန့်ရှင်းရေးလုပ်အားပေးများအတွက် ဒန်ပေါက်ကို အိမ်ပြန်ယူပေးမည့်အကြောင်း ပြောသည်။

လော်ရင်းနှင့်အဖွဲ့မှ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်၊ ပုစွန်စာရွက်ကြော် စသည် အကြော်စုံဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်၍ မလိုအပ်တော့ကြောင်း ဆရာစောမှ အားနာပါးနာ ငြင်းယူရသည်။

ကျောင်းထဲရောက်သောအခါ ထမင်းစားပွဲပေါ်တွင် ဆရာတော်ဦးပညာ ထားရစ်ခဲ့သော အမှာစာလေး တွေ့ရ၏။

ဆရာတော်ဦးပညာမှာ အပြင်မှ ဆွမ်းစားပင့်သဖြင့် မာမာအောင်တို့၏ ဒန်ပေါက်ဆွမ်းများကို သန့်ရှင်းရေးလုပ်အားပေးများအား ကျွေးမွေးနိုင်ကြောင်း မှာကြားထားခဲ့ခြင်း ဖြစ်သည်။

မနက်အစောကြီးကတည်းက ရောက်ရှိနေကြသော ကိုကျော်သူမြတ်၊ ကိုထွန်းထွန်းတို့အဖွဲ့မှာလည်း အတော်လေး ဗိုက်ဆာနေကြပြီ။

အကြော်စုံနှင့် ပဲထမင်းမှာလည်း တော်ရုံနှင့် အဆင်သင့်ဖြစ်ဦးမှာ မဟုတ်၍ ဒန်ပေါက်အလှူရှင် မာမာအောင်တို့အား ကျေးဇူးအထူးတင်ရလေသည်။

လော်ရင်းက မြန်မာနှစ်သစ်ကူးပွဲတွင် ပိုပိုလျှံလျှံ ချက်ထားခဲ့သော အမဲနှပ်များကို ချကျွေး၏။

ဒေါ်ထားကြည်က ကြောင်လျှာသီးသုတ် ကျွေး၏။

ဒေါက်တာခင်မောင်တို့ မိသားစုလဲ အချိန်မီရောက်လာသဖြင့် တခါတည်း နံနက်စာ ဝင်စားခိုင်းလိုက်သည်။

ခဏအကြာ ဦးကျော်တင့်မိသားစု ရောက်လာပြန်၏။ ကောက်ညှင်းပေါင်းများ ပါလာ၏။

ဦးအောင်ကျော်မိုး-ဒေါ်ဌေးမိသားစုလည်း ကြာဆံကြော်၊ တို့ဟူးသုတ်များနှင့် ရောက်လာကြ၏။

နယူးဂျာစီမှ အန်တီမွှေးမိသားစု၊ ဦးမောင်မောင်-ဒေါ်မြတ်မြတ်၊ အန်တီပြုံးတို့နှင့် အခြားလုပ်အားပေးကြမည့်သူများ တဖွဲဖွဲ ရောက်လာကြ၏။

ဇီးကုန်းဦးခင်မောင်ဝင်းနှင့် အဖွဲ့မှာ ပါလာနေကျ ဘုရားပန်းများ၊ တံခွန်ကုက္ကားများ၊ သစ်သီးများဖြင့် ရောက်ရှိလာကြပြန်သည်။

ကျောင်းဝင်းအတွင်း ယခင်လုပ်အားပေးရက်များတွင် စုပုံထားခဲ့သော သစ်ပင်၊ သစ်ကိုင်း၊ ဆူးခက် ချုံနွယ်များအားလုံးနီးနီး (ဓမ္မာရုံနောက်ဘက်မှ လွဲ၍) ရှင်းသွားအောင် ညနေ ၄-နာရီကျော်ထိ တနေကုန် လုပ်အားပေးကြလေသည်။

မေလ ၂၅-ရက် ဘုရားပွဲမတိုင်မီ မေလ ၁၁-ရက် တနင်္ဂနွေနေ့တွင် ဘုရားပရိဝုဏ်နှင့် ရိပ်သာကျောင်းဝင်းအတွင်း အချောသတ် သန့်ရှင်းရေး လုပ်အားပေးကြရန် စီစဉ်ထားရာ ကုသိုလ်ယူနိုင်ကြပါဦးမည်။














No comments: