ဒါပေမယ့် မိမိမှာ အကုသိုလ်တရား မဖြစ်ပွားအောင်တော့ သတိထားရမှာ ဖြစ်တယ်။ အကြောင်းကတော့ ဖြစ်ပေါ်တဲ့ ကိစ္စတိုင်းမှာ ဟုတ်တယ် .. မဟုတ်ဘူး၊ မှန်တယ် .. မမှန်ဘူး ဆိုတာကို ကာယကံရှင်တွေပဲ သိမှာပါ။ တဆင့်စကား ကြားရသူတွေအဖို့ အတိအကျ သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။
ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို ကြားရတဲ့အခါ `ဟုတ်လား´လို့ မိမိစိတ်ထဲ ဖြစ်ပေါ်လာခြင်းဟာ သတင်းစကားအပေါ် အခြေခံပြီး သံသယစိတ် စတင် ယိုဖိတ်မှု-ဝိစိကိစ္ဆာနဲ့ အမှားအမှန်ကို ဝေဖန်နိုင်စွမ်း မရှိမှု-အဝိဇ္ဇာတို့ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
`တော်တော်ဆိုးတာပေါ့´လို့ ဆုံးဖြတ်ချက် ချမိရင် တဖက်သားကို တော်တော်ဆိုးတယ်လို့ အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို တစ်စုံတစ်ယောက်အပေါ် အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း ပြုတဲ့အခါ မိမိမှာ ဒေါသစိတ်၊ ဒေါမနဿ စိတ် (တနည်း) တစ်ယောက်ယောက်အပေါါ် မကျေနပ်စိတ် ဖြစ်ပါတော့တယ်။ အဲဒီ မကျေနပ်စိတ်၊ ဒေါသစိတ်တွေနဲ့ မပြစ်မှားသင့်သူကို ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိရင် ကာယကံရှင်တို့၏ကိုယ်စား မိမိမှာ အကုသိုလ်များပါတော့တယ်။
မိမိကိုယ်တိုင် သေသေချာချာ မသိတဲ့ကိစ္စမှာ မိမိ ခင်မင်နှစ်သက်သူ၊ အထင်ကြီးသူအပေါ် `သနားစရာကောင်းတယ်´လို့ဆိုရင် ဆန္ဒာဂတိနဲ့လည်း ကပ်ငြိဖွယ် ရှိပြန်တယ်။ `ဒါကတော့ ဘယ်တရားမလဲ´လို့ ဆုံးဖြတ်လိုက်ရင် ဒေါသာဂတိဟာ မိမိရင်မှာ ငြိလာပြန်တယ်။ အဲဒီနောက် ကိုယ်တိုင် သေသေချာချာ မသိတဲ့ကိစ္စကို တဆင့်တဆင့် ဖြန့်ဝေမိရင်လည်း အများပြည်သူကို ကိုယ်က အကုသိုလ်ကို လက်ဆင့်ကမ်းပေးရာ ရောက်ပြန်တယ်။
ဟုတ်တယ် မဟုတ်ဘူး၊ မှန်တယ် မမှန်ဘူးဆိုတာကို ကာယကံရှင်တွေပဲ သိနိုင်ပါတယ်။
ဒါပေမယ့် အဲဒီကာယကံရှင်တွေမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန အတ္တတွေ ဖုံးလွှမ်းနေရင် အဖြစ်မှန်ကို အမှန်ကြားရဖို့ ခက်နေပြန်သေးတယ်။
အဲဒီတော့ `စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ´ဆိုတဲ့အတိုင်းပဲ ပြောကြဆိုကြ ဝေဖန်ကြ လွှင့်ထုတ်နေကြသူတွေရဲ့ စကားအသွားအလာကို သေသေချာချာ နားထောင်ပြီး အဖြစ်အပျက်တစ်ခုကို ဆန်းစစ်ဝေဖန်တတ်တဲ့ အသိဉာဏ်နဲ့ ရှုမြင်နိုင်ရင် အမှားမြင်မှု နည်းပါးမှာ ဖြစ်ပါတယ်။
မြန်မာပြည်ရောက်ခဲ့စဉ်က ယိုးဒယားကလာတဲ့ အစက်ချဆေးဆိုတဲ့ ဆေးတစ်မျိုးကို ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်တယ်၊ ကင်ဆာပျောက်တယ်လို့ ယုံကြည်ပြီး တောရောမြို့ပါ ရဟန်းရော လူရော အတော်များများ အသုံးပြုနေကြတာကို တွေ့ခဲ့ရတယ်။ မိမိနဲ့ ရင်းနှီးသူတွေကို `ဟုတ်လောက်တယ်၊ မဟုတ်လောက်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး´လို့ ဆင်ခြင်စဉ်းစားပြီးမှ အသုံးပြုရန် ပြောခဲ့ရသေးတယ်။
တတ်သိပညာရှင်တစ်ဦးက အဲဒီဆေးဟာ ဘာမှ ထူးထူးခြားခြား အာနိသင်မရှိကြောင်း ဆောင်းပါးရေးပြီး အသိပေးပေမယ့် သိပ်ထိရောက်မှု မရှိလှဘူး။ စာမဖတ်ဘဲ တဆင့်စကား တဆင့်နားနဲ့ `ကောင်းတယ် ကောင်းတယ်´လို့ ကြားသိရတာကို အခြေခံကာ ငွေကုန်ခံပြီး ဆက်လက် သောက်သုံးနေကြတာကို အံ့သြစရာ တွေ့ခဲ့ရပါတယ်။
ဆန်းစစ်ဝေဖန်တတ်တဲ့ ဉာဏ်မရှိလို့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို မစဉ်းစားဘဲ `ယုန်ပျိုရဲ့ မြေပြိုပြီဗျို့´လို့ အော်သံကို ယုံကြည်လို့ ကြောက်လန့်တကြား ပြေးလွှားကြတဲ့ တိရစ္ဆာန်အားလုံး ဒုက္ခရောက်ကြရတာကို ကြားဖူးနားဝ ရှိကြလိမ့်မယ် ထင်ပါတယ်။ ဆင်ခြင်စဉ်းစားတတ်တဲ့ ဘုရားအလောင်းတော်က အဖြစ်အပျက်ကို စုံစမ်းထောက်လှမ်းပြီး ယုန်ငယ်ကို သေသေချာချာ မေးတဲ့အခါ ယုန်ငယ်ကလည်း `သူအိပ်နေတုန်း ဝုန်းကနဲ အသံကြားလို့ မြေပြိုပြီထင်တာနဲ့ ဒီလို ဒီလို အော်ပြီး ပြေးမိပါတယ်´လို့ ပြောမှ တိရစ္ဆာန်တွေအားလုံး ချမ်းသာရာရကြတယ်။
ဒီပုံပြင်ရဲ့ အသေးစိတ်ကိုတော့ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ဒုဒ္ဒုဘဇာတ်မှာ တွေ့နိုင်ပါတယ်။ စတုက္ကနိပါတ်မှာ ရှိပါတယ်။
`အကြင်သူသည် မပြစ်မှားထိုက်သူ အပြစ်ကင်းစင်သူတို့အား ပြစ်မှား၏။ လေညာ (သို့မဟုတ်) လေတိုက်ခတ်လာသည့်ဘက်သို့ ပစ်လွှင့်လိုက်သော ဖုံမှုန့်သည် ထိုပစ်လွှင့်သူအပေါ်သို့သာ ပြန်၍ ကျသကဲ့သို့ မကောင်းမှုသည် ထိုမပြစ်မှားထိုက်သူတို့ကို ပြစ်မှားသူထံသို့သာ ရှေးရှု ပြန်လာ၏´လို့ ဓမ္မပဒမှာ လာတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားပြီး `မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ကြားနေရတဲ့ သတင်းစကား၊ အဖျင်းစကားများကို စဉ်းစားဝေဖန် အသိဉာဏ်နဲ့ ရှုမြင်သုံးသပ်ကာ အကုသိုလ်တရား မဖြစ်ပွားရအောင် နေနိုင်ကြပါစေ´လို့သာ ....။
ဘုန်းဘုန်းဦးပညာ
နယူးဂျာစီ
No comments:
Post a Comment