Wednesday, June 18, 2014
စဉ်းစားဝေဖန် အသိဉာဏ် အမှန်ကိုယ့်တွက်သာ - ဘုန်းဘုန်းဦးပညာ(နယူးဂျာစီ)
ဒါပေမယ့် မိမိမှာ အကုသိုလ်တရား မဖြစ်ပွားအောင်တော့ သတိထားရမှာ ဖြစ်တယ်။ အကြောင်းကတော့ ဖြစ်ပေါ်တဲ့ ကိစ္စတိုင်းမှာ ဟုတ်တယ် .. မဟုတ်ဘူး၊ မှန်တယ် .. မမှန်ဘူး ဆိုတာကို ကာယကံရှင်တွေပဲ သိမှာပါ။ တဆင့်စကား ကြားရသူတွေအဖို့ အတိအကျ သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။
ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို ကြားရတဲ့အခါ `ဟုတ်လား´လို့ မိမိစိတ်ထဲ ဖြစ်ပေါ်လာခြင်းဟာ သတင်းစကားအပေါ် အခြေခံပြီး သံသယစိတ် စတင် ယိုဖိတ်မှု-ဝိစိကိစ္ဆာနဲ့ အမှားအမှန်ကို ဝေဖန်နိုင်စွမ်း မရှိမှု-အဝိဇ္ဇာတို့ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
`တော်တော်ဆိုးတာပေါ့´လို့ ဆုံးဖြတ်ချက် ချမိရင် တဖက်သားကို တော်တော်ဆိုးတယ်လို့ အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို တစ်စုံတစ်ယောက်အပေါ် အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း ပြုတဲ့အခါ မိမိမှာ ဒေါသစိတ်၊ ဒေါမနဿ စိတ် (တနည်း) တစ်ယောက်ယောက်အပေါါ် မကျေနပ်စိတ် ဖြစ်ပါတော့တယ်။ အဲဒီ မကျေနပ်စိတ်၊ ဒေါသစိတ်တွေနဲ့ မပြစ်မှားသင့်သူကို ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိရင် ကာယကံရှင်တို့၏ကိုယ်စား မိမိမှာ အကုသိုလ်များပါတော့တယ်။
မိမိကိုယ်တိုင် သေသေချာချာ မသိတဲ့ကိစ္စမှာ မိမိ ခင်မင်နှစ်သက်သူ၊ အထင်ကြီးသူအပေါ် `သနားစရာကောင်းတယ်´လို့ဆိုရင် ဆန္ဒာဂတိနဲ့လည်း ကပ်ငြိဖွယ် ရှိပြန်တယ်။ `ဒါကတော့ ဘယ်တရားမလဲ´လို့ ဆုံးဖြတ်လိုက်ရင် ဒေါသာဂတိဟာ မိမိရင်မှာ ငြိလာပြန်တယ်။ အဲဒီနောက် ကိုယ်တိုင် သေသေချာချာ မသိတဲ့ကိစ္စကို တဆင့်တဆင့် ဖြန့်ဝေမိရင်လည်း အများပြည်သူကို ကိုယ်က အကုသိုလ်ကို လက်ဆင့်ကမ်းပေးရာ ရောက်ပြန်တယ်။
ဟုတ်တယ် မဟုတ်ဘူး၊ မှန်တယ် မမှန်ဘူးဆိုတာကို ကာယကံရှင်တွေပဲ သိနိုင်ပါတယ်။
ဒါပေမယ့် အဲဒီကာယကံရှင်တွေမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန အတ္တတွေ ဖုံးလွှမ်းနေရင် အဖြစ်မှန်ကို အမှန်ကြားရဖို့ ခက်နေပြန်သေးတယ်။
အဲဒီတော့ `စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ´ဆိုတဲ့အတိုင်းပဲ ပြောကြဆိုကြ ဝေဖန်ကြ လွှင့်ထုတ်နေကြသူတွေရဲ့ စကားအသွားအလာကို သေသေချာချာ နားထောင်ပြီး အဖြစ်အပျက်တစ်ခုကို ဆန်းစစ်ဝေဖန်တတ်တဲ့ အသိဉာဏ်နဲ့ ရှုမြင်နိုင်ရင် အမှားမြင်မှု နည်းပါးမှာ ဖြစ်ပါတယ်။
မြန်မာပြည်ရောက်ခဲ့စဉ်က ယိုးဒယားကလာတဲ့ အစက်ချဆေးဆိုတဲ့ ဆေးတစ်မျိုးကို ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်တယ်၊ ကင်ဆာပျောက်တယ်လို့ ယုံကြည်ပြီး တောရောမြို့ပါ ရဟန်းရော လူရော အတော်များများ အသုံးပြုနေကြတာကို တွေ့ခဲ့ရတယ်။ မိမိနဲ့ ရင်းနှီးသူတွေကို `ဟုတ်လောက်တယ်၊ မဟုတ်လောက်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး´လို့ ဆင်ခြင်စဉ်းစားပြီးမှ အသုံးပြုရန် ပြောခဲ့ရသေးတယ်။
တတ်သိပညာရှင်တစ်ဦးက အဲဒီဆေးဟာ ဘာမှ ထူးထူးခြားခြား အာနိသင်မရှိကြောင်း ဆောင်းပါးရေးပြီး အသိပေးပေမယ့် သိပ်ထိရောက်မှု မရှိလှဘူး။ စာမဖတ်ဘဲ တဆင့်စကား တဆင့်နားနဲ့ `ကောင်းတယ် ကောင်းတယ်´လို့ ကြားသိရတာကို အခြေခံကာ ငွေကုန်ခံပြီး ဆက်လက် သောက်သုံးနေကြတာကို အံ့သြစရာ တွေ့ခဲ့ရပါတယ်။
ဆန်းစစ်ဝေဖန်တတ်တဲ့ ဉာဏ်မရှိလို့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို မစဉ်းစားဘဲ `ယုန်ပျိုရဲ့ မြေပြိုပြီဗျို့´လို့ အော်သံကို ယုံကြည်လို့ ကြောက်လန့်တကြား ပြေးလွှားကြတဲ့ တိရစ္ဆာန်အားလုံး ဒုက္ခရောက်ကြရတာကို ကြားဖူးနားဝ ရှိကြလိမ့်မယ် ထင်ပါတယ်။ ဆင်ခြင်စဉ်းစားတတ်တဲ့ ဘုရားအလောင်းတော်က အဖြစ်အပျက်ကို စုံစမ်းထောက်လှမ်းပြီး ယုန်ငယ်ကို သေသေချာချာ မေးတဲ့အခါ ယုန်ငယ်ကလည်း `သူအိပ်နေတုန်း ဝုန်းကနဲ အသံကြားလို့ မြေပြိုပြီထင်တာနဲ့ ဒီလို ဒီလို အော်ပြီး ပြေးမိပါတယ်´လို့ ပြောမှ တိရစ္ဆာန်တွေအားလုံး ချမ်းသာရာရကြတယ်။
ဒီပုံပြင်ရဲ့ အသေးစိတ်ကိုတော့ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ဒုဒ္ဒုဘဇာတ်မှာ တွေ့နိုင်ပါတယ်။ စတုက္ကနိပါတ်မှာ ရှိပါတယ်။
`အကြင်သူသည် မပြစ်မှားထိုက်သူ အပြစ်ကင်းစင်သူတို့အား ပြစ်မှား၏။ လေညာ (သို့မဟုတ်) လေတိုက်ခတ်လာသည့်ဘက်သို့ ပစ်လွှင့်လိုက်သော ဖုံမှုန့်သည် ထိုပစ်လွှင့်သူအပေါ်သို့သာ ပြန်၍ ကျသကဲ့သို့ မကောင်းမှုသည် ထိုမပြစ်မှားထိုက်သူတို့ကို ပြစ်မှားသူထံသို့သာ ရှေးရှု ပြန်လာ၏´လို့ ဓမ္မပဒမှာ လာတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားပြီး `မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ကြားနေရတဲ့ သတင်းစကား၊ အဖျင်းစကားများကို စဉ်းစားဝေဖန် အသိဉာဏ်နဲ့ ရှုမြင်သုံးသပ်ကာ အကုသိုလ်တရား မဖြစ်ပွားရအောင် နေနိုင်ကြပါစေ´လို့သာ ....။
ဘုန်းဘုန်းဦးပညာ
နယူးဂျာစီ
Tuesday, June 17, 2014
ရာဓထေရ်နှင့် `လာမည့်ဘေး ပြေးတွေ့´
ဤအရှင်မြတ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ လက်ထက်တော်တွင် အမျိုးကောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။
တစ်နေ့တွင် ပဒုမုတ္တရဘုရားရှင်သည် ရဟန်းတစ်ပါးအား ဒေသနာဉာဏ်များ တိုးပွားလာအောင် စွမ်းဆောင်ရာတွင် အထူးမြတ်ဆုံးဖြစ်သော ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးတော်မူ၏။
ကုသိုလ်ပြုခဲ့
ဤအရှင်မြတ်လောင်းလျာ အမျိုးသားသည် ထိုရဟန်း ရယူပန်ဆင်ရသော ဧတဒဂ်ဆုထူးကို ရယူလိုသဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီးလျှင် ထိုဆုကို တောင်းကာ ဘဝပေါင်းများစွာတို့၌ ကုသိုလ်ကောင်းမှုများ ပြုခဲ့လေသည်။
သူသည် ဝိပဿီဘုရားရှင်၏ လက်ထက်တော်တွင်လည်း လူအဖြစ်ကို ရရှိပြန်ကာ ဆွမ်းခံကြွတော်မူနေသော ဝိပဿီဘုရားရှင်အား သရက်သီးမှည့်များ ဆက်ကပ် လှူဒါန်းခဲ့၏။
ပုဏ္ဏားအိုဘဝရောက်သော်
ဤငါတို့ ဂေါတမဘုရားရှင်၏ လက်ထက်တော်တွင်ကား ရာဇဂြိုဟ်မြို့တော်ရှိ ပုဏ္ဏားတစ်ယောက်၏ သားဖြစ်လာကာ ရာဓဟု အမည်တွင်ခဲ့လေသည်။ ရာဓသတို့သား အရွယ်ရောက်လတ်သော် အိမ်ရာတည်ထောင်၍ နေထိုင်၏။ အသက်အရွယ် အိုမင်းလာသောအခါတွင်ကား သားမယားများက သူ့ကို မကြည်ဖြူကြတော့ပေ။ နဂိုကတည်းက ထိုင်စားနိုင်လောက်သည့် ဥစ္စာပစ္စည်း အထုပ်အထည်မရှိ ဖြစ်နေရသည့် သူ့ဘဝကို ဘယ်သူက ကြင်နာကြပါမည်နည်း။ သားမယားများကလည်း သူ့ကို `လူအိုပေတုံး ထမင်းဖြုန်း´ဟုဆိုကာ အိမ်မှာ မထားလိုကြတော့ပေ။
အားကိုးရာမဲ့နေသည့် အဘိုးအို ရာဓသည် အရွယ်လွန်ကာမှ အားကိုးရာ ရှာမရ ဖြစ်နေတော့သည်။ သို့ဖြင့် သူသည် နောက်ဆုံးတွင် ရှင်ကြီးဂေါတမထံမှာပင် ရဟန်းပြုတော့မည်ဟု စဉ်းစားကာ ဝေဠုဝန်ကျောင်းတော်သို့ ဦးလှည့်လာသည်။ တွေ့သမျှ ရဟန်းများထံ ချဉ်းကပ်ကာ ရဟန်းပြုလိုကြောင်း တောင်းပန် လျှောက်ထားသည်။ ရဟန်းများကလည်း အရွယ်ကောင်းသူကိုသာ အလွယ်တကူ ရဟန်းပြုပေးချင်ကြသည်။ သည်လို လူအိုလူမင်း အဘိုးအိုရာဓအား ရဟန်းပြုပေးချင်သူမရှိ ဖြစ်နေသည်။ ရဟန်းများက အသက်အရွယ် ကြီးရင့်အိုမင်းသည့် ရာဓလို ပုဏ္ဏားအိုကြီးသည် သူတို့အတွက် ဝတ်ကြီးဝတ်ငယ်ကို ပြုပေးနိုင်မည့်သူ မဟုတ်သဖြင့် လက်မခံချင်ကြပေ။
ဤသို့လျှင် ရဟန်းအားလုံးက ပုဏ္ဏားအိုကြီးအား ရဟန်းပြုပေးရန် ငြင်းပယ်နေကြသည့်အတွက် အဘိုးအိုရာဓမှာ စိတ်သောက အကြီးအကျယ် ရောက်ရတော့သည်။ သူ့ခမျာ သူတကာပေးသမျှနှင့် မဝတဝ စားနေရပါသော်လည်း ထိုဆင်းရဲဒုက္ခသက်သက်ကြောင့် ရဟန်းပြုလိုခြင်း မဟုတ်။ ပါရမီသမ္ဘာအရှိန်ကလည်း ရင့်သန်လာသဖြင့် ကျန်သေးသမျှ သက်တမ်းကာလတွင် သာသနာတော်၏ အဆုံးအမဖြင့် နေထိုင်လိုသည့် ဆန္ဒက ပြင်းပြလာတော့သည်။ မိမိ၏ ဆန္ဒကို အကောင်အထည် မဖော်နိုင်သည့်အတွက် အဘိုးအိုရာဓခမျာ စိတ်ထောင်းကိုယ်ကျေ ဖြစ်ရတော့သည်။
အရှင်သာရိပုတ္တရာက ရဟန်းပြုပေးပြီ
သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ တစ်နေ့တွင် သူသည် ဘုရားရှင်နှင့် ဆုံတွေ့လိုက်ရသည်။ ဘုရားရှင်သည် ဤပုဏ္ဏားကြီးကား ရှေးက ပြုခဲ့ဖူးသော ကောင်းမှုနှင့် ပြည့်စုံသူဖြစ်ကြောင်း သိရှိတော်မူသဖြင့် ရဟန်းအပေါင်းကို စည်းဝေးစေတော်မူပြီးလျှင် ရဟန်းတို့ ... ရာဓပုဏ္ဏား ပြုခဲ့ဖူးသော ကျေးဇူးတရားကို သိရှိသော ရဟန်းရှိပါလျှင် ထိုရဟန်းသည် ရာဓပုဏ္ဏားအား ရဟန်းပြုပေးပါလော့ဟု မိန့်ကြားတော်မူ၏။
ထိုအခါ အရှင်သာရိပုတ္တရာမထေရ်က `အရှင်ဘုရား၊ ဤပုဏ္ဏားသည် တပည့်တော်အား ဆွမ်းတစ်ယောက်မစာမျှကို လောင်းလှူခဲ့ဖူးပါသည်။ ထိုကျေးဇူးကို ထောက်ထား၍ တပည့်တော် ရဟန်းပြုပေးပါမည် ဘုရား´ဟု လျှောက်ထား၏။
သာဓု .. သာဓု .. သာဓု သာရိပုတ္တရာ၊ သူ့ကျေးဇူးကို အထူး သိတတ်ပေစွဟု မိန့်ကြားတော်မူသည်။ ထို့နောက် ဆက်လက်၍ ဘုရားရှင်က `ရဟန်းတို့၊ ရှေးယခင်က သရဏဂုံသုံးပါးဖြင့် ရဟန်းပြုပေးခြင်းကို ငါဘုရား ခွင့်ပြုခဲ့သည်။ ယခု ငါဘုရားသည် ထိုခွင့်ပြုချက်ကို ပယ်ဖျက်လိုက်ပေပြီ။ ယနေ့မှ စ၍ ရဟန်းပြုခြင်းကိစ္စကို ဉ တ္တိစတုတ္ထကမ္မဝါစာဖြင့်သာ ရဟန်းပြုပေးရန် ငါဘုရား ခွင့်ပြုလိုက်ပေပြီ´ဟု မိန့်ကြားတော်မူသည်။
သို့ဖြင့် သာသနာတော်၏ သမိုင်းတွင် ပထမဆုံး ဉ တ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းဖြစ်လာရသူမှာ အရှင်ရာဓပင်ဖြစ်ကြောင်း မော်ကွန်းထိုးရပေတော့သည်။
ရဟန္တာဖြစ်ပြီ
ရဟန်းဖြစ်ပြီးနောက် အရှင်ရာဓသည် ဝိပဿ နာတရား ကြိုးစား အားထုတ်လေရာ မကြာမီမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
ဧတဒဂ်ရပြီ
ရဟန္တာအရှင်ရာဓသည် ဘုရားရှင်ထံတော်၌ပင် နေထိုင်ပြီး လေးနက်လှသော တရားဓမ္မများကို မေးလျှောက်သည်။ ထိုသို့ မေးလျှောက်သဖြင့်လည်း ဘုရားရှင်၏ ဒေသနာဉာဏ်တော်များ တဆင့်ပြီးတဆင့် တိုးပွားလာကာ တရားသဘော အမျိုးမျိုးဖြင့် ကျယ်ပြန့်လာသည့် ဒေသနာတော်များ ဖြစ်လာ၏။
ထို့ကြောင့် ဘုရားရှင်သည် ပရိသတ်လေးပါးအလယ်မှာ သီတင်းသုံးတော်မူကာ အသက်အရွယ် အိုမင်းခါမှ ရဟန်းပြုလာသော အရှင်ရာဓအား `ရဟန်းတို့၊ ငါဘုရားအား ဒေသနာဉာဏ်တော်များ တဆင့်ပြီးတဆင့် တိုးပွားလာအောင် စွမ်းဆောင်နိုင်ကြကုန်သော ငါ၏တပည့်တို့တွင် ရာဓသည် အထွတ်မြတ်ဆုံးပေတည်း´ဟု ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးတော်မူလေသည်။
အရှင်ရာဓထေရ် အပဒါန်ဝတ္ထု ပြီး၏။
(အရှင်ဓမ္မသာမီဘိဝံသ၏ ပုံတော်စုံ ထေရအပဒါန်ဝတ္ထုတော်ကြီး မှ)
+++++
၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာတရား ဟောကြား ချီးမြှင့်ပြီး၊ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပဏ္ဍိတဝဂ် ဂါထာ ၇၆-အရှင်ရာဓထေရ်ဝတ္ထုကို သင်ကြားပို့ချပေး၏။



ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက ထေရဂါထာလာ အရှင်ဥတ္တိယထေရ်၏ ဥဒါန်းကို `လာမည့်ဘေး ပြေးတွေ့´ဟူသောအမည်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။
