Thursday, March 6, 2014

၂၀၁၄-ခုနှစ် မြန်မာပြည်ခရီး (၁) - လောကချမ်းသာဆရာတော်

၂၀၁၄-ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့၌ မြန်မာနိုင်ငံသို့ ခရီးထွက်ခဲ့သည်။

တရုတ်လေကြောင်း(ချိုင်းနားအဲယားလိုင်း)နှင့် ဖြစ်သည်။ နယူးယောက်မှ ဂျပန်-အိုဆာကာ၊ အိုဆာကာမှ ထိုင်ပေ၊ ထိုင်ပေမှာ ညအိပ်ရသည်။ တည်းခိုခန်း(ဟော်တယ်)ပေးသည်။

မိမိအနေဖြင့် ခဏ ... ခဏ ... နားပြီးမှ ခရီးရှည်သွားရမှာကို ပိုပြီးကြိုက်သည်။ လူသက်သာသည်။

ရန်ကုန်သို့ နံနက် ၁၀-နာရီခွဲအချိန်၌ ရောက်ခဲ့သည်။

ရောက်ချိန်ကောင်းသောကြောင့် လေဆိပ်သို့ လာကြိုသူများမှာ အဆင်ပြေသည်။

ယခု လေယာဉ်ခရီးစဉ်၌ အထက်တန်း(ဘစ်ဇနက်ကလပ်စ်)က စီးခဲ့သည်။ လေယာဉ်ခကို မိမိက ဒေါ်လာ ၁၃၀၀၊ ကျန်ခရီးစရိတ်ကျသင့်ငွေကို ဂျိမ်းစ်နှင့်စုယန်း၊ အမေရိကန်အမျိုးသားနှင့်ကိုးရီးယားအမျိုးသမီး ဇနီးမောင်နှံတို့က လှူကြသည်။ အမေရိကန်အမျိုးသားနှင့်ကိုးရီးယားအမျိုးသမီး ဇနီးမောင်နှံမှာ မိမိ၏ ယောဂီဟောင်းများ ဖြစ်ကြသည်။ ကနေဒီလေဆိပ်သို့လည်း သူတို့နှစ်ဦး လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ လေယာဉ်အထက်တန်း(ဘစ်ဇနက်ကလပ်စ်)ကို ပထမဆုံး စီးဖူးခြင်း ဖြစ်သည်။

လေယာဉ်အထက်တန်းမှ စီးသူ ခရီးသည်များကို လေဆိပ်သီးသန့်ခန်းမှာ ထားပေးသည်။ ကြိုက်ရာ အစားအသောက်များကို မှာယူ စားသောက်နိုင်သည်။ ငွေထပ်ပေးစရာ မလိုပါ။ အစားကြိုက်သူ အစားကောင်းသူများအတွက် တန်ပါသည်။ မိမိအနေဖြင့် ဆီးချိုရောဂါရှိသောကြောင့် မြင်ရုံသာ မြင်ရ မကြင်ရသည့်သူ ဖြစ်နေသည်။

ဇန်နဝါရီလ ၁၁-ရက်နေ့မှာ ရန်ကုန်သို့ ရောက်သည်။

ထိုင်ပေမှ ရန်ကုန်သို့ လေးနာရီ စီးရသည်။ ယေယာဉ်ပေါ်မှာ နံနက်စာ ခေါက်ဆွဲ ကျွေးသည်။ ဆာနေသောကြောင့် အတော် အရသာရှိသည်။ ရန်ကုန်လေဆိပ်သို့ နံနက် ၁၀-နာရီခွဲ ရောက်၏။ မလိခမောင်စိုးထိုက်အောင်နှင့် ဦးဉာဏိဿရတို့ လေဆိပ်မှာ လာကြိုကြသည်။ လေဆိပ်မှ မဟာစည်ရိပ်သာသို့ တန်းပြီး ကားမောင်းသွားသည်။ ရိပ်သာ၌ မြရတနာ နာယကကျောင်းဆောင်မှာ မိမိအား နေရာပေးသည်။ နေ့ဆွမ်း ဆက်ကပ်ကြသည်။

မိမိအနေဖြင့် ထိုင်ပေမှာ ညအိပ်နားခဲ့ရသောကြောင့် ပင်ပန်းမှု သိပ်မရှိလှပါ။ နား .. နားပြီး လေယာဉ်စီးရသော အကျိုးပါပေ။ အသက်အရွယ်ကြီးသူများသည် ခရီးရှည်ကို နား,နားပြီး သွားခြင်းမှာ အကောင်းဆုံးဟု ထင်၏။

ရန်ကုန်မှာ (၃)ရက် နေပြီးနောက် ကားငှားပြီး မိမိ၏ဇာတိမြေ မြောင်းမြမြို့သို့ ဇန်နဝါရီလ ၁၄-ရက်နေ့၌ သွားခဲ့သည်။

အညာစုကျောင်းမှာ ညအိပ်ပြီးနောက် နံနက်ပိုင်းမှာ ၂၀၁၃-ခုက မိမိ ကူညီဆောက်လုပ် လှူဒါန်းခဲ့သည့် ဒိုးပတ်စက်ကုံးရွာ အလယ်တန်းတွဲဘက်ကျောင်းဆောင်ကို သွားရောက် ကြည့်ရှုခဲ့သည်။

မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ခြင်းအကြောင်းများတွင် ပညာဒါနပြုလုပ်ရန်နှင့် လူမှုတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တနိုင်တပိုင် ပြုလုပ်ရန်အတွက် ဖြစ်သည်။ ထေရဝဒါ ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လူမှုတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုလုပ်သင့်သည်ဟု ထင်ပါသည်။ ဥပမာအားဖြင့် ဆင်းရဲသော ရပ်ရွာ ဒေသများ၌ တနိုင်တပိုင် စာသင်ကျောင်းများ တည်ဆောက်ပေးခြင်း၊ ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း၊ ဆေးပေးခန်း ဆေးရုံကလေးများကို တည်ဆောက်ပေးခြင်း စသည့် လူမှုတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းများ ဖြစ်ပါသည်။ သီတဂူဆရာတော်ကြီး၏ လူမှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များသည် ရဟန်းရှင်လူများအတွက် အကျိုးရှိလှပါသည်။

မိမိသည် ၂၀၁၃-ခုနှစ်၌ မြောင်းမြမြို့နယ်၊ ပြင်ရွာနှင့် ဒရယ်ပေါက်ရွာ နှစ်ရွာအကြား ချောင်းပေါ်မှာ ပေတစ်ရာရှည်သော `လောကချမ်းသာ´ကွန်ကရစ်တံတားတစ်ခုကို ဆောက်လုပ် လှူဒါန်းခဲ့ရာ ထိုဒေသ၌ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေခဲ့ပါသည်။ အထူးအားဖြင့် အထက်တန်းကျောင်းသားများ၊ လူနာများသည် မြောင်းမြမြို့သို့ လွယ်ကူစွာ သွားရောက် ပညာသင်နိုင်ကြ ဆေးဝါးကုသနိုင်ကြပါသည်။

တောရွာကလေးများ၌လည်း မူလတန်းကျောင်းဆောင်ကလေးများကို ကူညီ ဆောက်လုပ်ပေးခဲ့ပါသည်။

လူတိုင်းသည် တိုင်းပြည်အတွက်၊ သာသနာအတွက်သာ ဖြစ်သင့်သည်။ တိုင်းပြည်နှင့် သာသနာတော်သည် မိမိအတွက်သာ မဖြစ်သင့်ဟုလည်း ခံယူပါသည်။

မြန်မာနိုင်ငံသို့ ပြန်ခြင်းသည် အပျော်ခရီးသဖွယ် သွားခြင်းထက် လူမှုတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတတ်နိုင်သလောက် ဆောင်ရွက်ရန်အတွက် အဓိက ဖြစ်သည်။

အညာစုကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့ နေ့လယ်တစ်နာရီအချိန်၌ ပုသိမ်မြို့သို့ ကားကလေးဖြင့် ခရီးဆက်ခဲ့ပြန်ပါသည်။

မိမိနှင့်အတူ ကားမောင်းသူ မောင်ဆန်းထွန်း၊ အရှင်ဉာဏိဿရ(ဦးမော်လူး)၊ မြေး နေမျိုးဦးတို့ ပါ၏။ ကားခ တစ်နေ့လျှင် ငါးသောင်း ပေးရ၏။ ကားကလည်း အသစ်၊ ကားဆရာကလည်း အတွေ့အကြုံ ရင့်သူဖြစ်၍ ချမ်းသာစွာ သွားခဲ့ရသည်။

ရန်ကုန်-မြောင်းမြ ကားလမ်းကို ကတ္တရာခင်းနေသောကြောင့် ဒီတခါ ကားစီးရသည်မှာ သိပ်မပင်ပန်းလှပါ။ ယခင်ကဆိုလျှင် ကားလမ်းကြမ်းလှသောကြောင့် ပုသိမ်-မြောင်းမြသင်္ဘော စီးခဲ့ရသည်။ မြောင်းမြကို သွားလျှင် တစ်နေ့ အချိန်ကုန်သည်။ ရန်ကုန်မှ နံနက်ငါးနာရီ ကားဖြင့် ထွက်လာလျှင် မြောင်းမြသို့ နေ့ဆွမ်းစားအမီ ရောက်သည်။ ငါးနာရီနှင့် ရောက်ပါသည်။ မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံကဲ့သို့ တပြည်လုံး ကားလမ်းများ ချောမွေ့နေအောင် အစိုးရအနေဖြင့် မဟာစီမံကိန်းချ ဆောင်ရွက်ပါလျှင် တိုင်းပြည်၏ စီးပွားရေးလည်း တိုးတက်လာမည်မှာ အမှန် ဖြစ်ပါသည်။ လျှပ်စစ်မီးနှင့် ရေကိုလည်း တတိုင်းပြည်လုံး အချိန်မရွေး အလွယ်တကူ သုံးစွဲနိုင်အောင် တိုင်းပြည်ဘဏ္ဍာငွေကို ဤစီမံကိန်းကြီးသုံးခုမှာ အသုံးပြုသွားမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပေမည်။

မြောင်းမြမြို့မှ ပုသိမ်မြို့သို့ ဒါးကလမ်းအတိုင်း သွားခဲ့ကြရာ (၃)နာရီအတွင်း ပုသိမ်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ပုသိမ်မြို့၌ ဘုန်းကြီး ဦးတေဇိန္ဒ၏ သဒ္ဓမ္မသီတဂူရိပ်သာမှာ တစ်ည အိပ်သည်။ ဤရိပ်သာသည် ဘိုးဘွားရိပ်သာနှင့် နီးသည်။ သွားလာရ လွယ်ကူသည်။ ထင်ရှားသည့် မဟာစည်သြဝါဒခံ ရိပ်သာကြီးတစ်ခု ဖြစ်သည်။

ပထမသဒ္ဓမ္မသီတဂူဆရာတော်ကြီးသည် အသံသြဇာလည်းကောင်း၊ တရားဟော-တရားပြလည်း ကောင်းလှသည်။ မဟာစည်သြဝါဒါစရိယဆရာတော်အဖြစ် ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းမှ တင်မြှောက်ခဲ့သော သက်တော်ရှည်ဆရာတော်ကြီး ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ဘုန်းကြီး ဦးတေဇိန္ဒအား ဤရိပ်သာကြီးကို လွှဲအပ်ထားခဲ့သဖြင့် ဘုန်းကြီး ဦးတေဇိန္ဒသည် သဒ္ဓမ္မသီတဂူရိပ်သာ၏ လက်ရှိဆရာတော် ဖြစ်ပါသည်။

ဘုန်းကြီး၏ ပြည်တွင်းသာသနာပြုလုပ်ငန်းများ တိုးတက်နေသည်ကို ကြားသိရသဖြင့် သာဓုခေါ်ရပါသည်။ ကျေးရွာများမှာ တရားစခန်းများ နှစ်စဉ် ဖွင့်ပေး၍ တောသူတောင်သားများအား သတိပဋ္ဌာန်တရား ဟောကြားပေးလျက် ရှိသည်။ မြောင်းမြမြို့ ဘိုးဘွားရိပ်သာ တိုးတက်အောင်လည်း တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

မိမိစွမ်းနိုင်ရာမှာ သာသနာတော်နှင့် လောကတိုးတက်ကြီးပွားရေး ထမ်းဆောင်ကြသည့် သံဃာတော်များ အားကောင်းနေပါလျှင် တိုင်းပြည် အေးချမ်းသာယာမည် အမှန်ဖြစ်ပါသည်။ လေးသိမ်းမျှရှိသော ရဟန်းတော်များသည် တာဝန်သိသိ တက်တက်ကြွကြွ သာသနာပြုကြမှသာလျှင် မြန်မာနိုင်ငံ၌ သာသနာတော်ကြီး အရှည်ခန့်၍ တည်တံ့နိုင်ပေလိမ့်မည်။

ဘုန်းကြီး ဦးတေဇိန္ဒသည် မိမိကဲ့သို့ပင် မြောင်းမြမြို့ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်တိုက်မှာ စာပေသင်ခဲ့သောကြောင့်လည်းကောင်း၊ မဟာစည်ကမ္မဋ္ဌာန်းဆရာတစ်ပါးဖြစ်သောကြောင့်လည်းကောင်း မိမိနှင့် ရင်းနှီးခြင်း ဖြစ်ပါသည်။ မိမိအနေဖြင့် ဆရာတော်အား တရားဟော-တရားပြရန် အမေရိကန်သို့ အကြိမ်ကြိမ် ပင့်ခဲ့သော်လည်း အမေရိကန်ကြွဖို့ ကံဇာတာပါပုံ မရပါ။ သူ၏ ဗီဇာကို အမေရိကန်သံရုံးမှ အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါသည်။

ပုသိမ်မှာ ညအိပ်ခဲ့သော်လည်း ဘုန်းကြီး ဦးတေဇိန္ဒမှာ သူ့ရွာ၌ တရားစခန်း ပြုလုပ်နေသောကြောင့် မတွေ့ခဲ့ရပါ။ တယ်လီဖုန်းနှင့်ပဲ စကားပြောခဲ့ရသည်။

ဇန်နဝါရီလ (၁၇)ရက်နေ့မှာ မန္တလေးကို ခရီးဆက်ရမည် ဖြစ်၍ ပုသိမ်မြို့မှ (၁၆)ရက်နေ့ နံနက် ၇-နာရီတွင် ရန်ကုန်သို့ ထွက်လာခဲ့ပါသည်။ ရန်ကုန်သို့ နံနက် ၁၀-နာရီအချိန်တွင် ရောက်ရှိပြီး ဓနုဖြူဆွမ်းဆိုင်မှာ ငါးရံ့အူဆီပျံဟင်းဖြင့် နေ့ဆွမ်း ဆက်ကပ်ကြ၏။

ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက် ၈-နာရီအချိန်၌ ဂိုးလ်ဒင်းအဲယားဖြင့် မန္တလေးခရီးကို ဆက်ခဲ့ပြန်ပါသည်။

ဂိုးလ်ဒင်းအဲယားသည် ပြည်ပလေယာဉ်အဆင့်ကို မှီသည်ဟု ဆိုနိုင်သည်။ လူတစ်ရာကျော် ပါသည်။ ဝန်ဆောင်မှုလည်း ကောင်းသည်။ မန္တလေးကို တိုက်ရိုက် ပျံသန်းသောကြောင့် တစ်နာရီကျော်သာ စီးရသည်။ လေယာဉ်ခ မြန်မာငွေ သုံးသောင်းကျော် ပေးရသည်။ ဦးဉာဏိဿရ၏ ဒကာ ဒုဗိုလ်မှူးကြီးမင်းနိုင်(ငြိမ်း)နှင့်ဇနီးဆရာမတို့က ဤခရီးအဆင်ပြေအောင် စီစဉ်ပေးကြ၍ ကျေးဇူးတင်ပါသည်။

မန္တလေးခရီးစဉ်သည် မိမိ၏ တတိယမြောက် ခရီးစဉ် ဖြစ်ပါသည်။

ဒီတစ်ခေါက် မြန်မာနိုင်ငံကို ပြန်ခြင်းသည် မြောင်းမြ၊ ပုသိမ်နှင့် မန္တလေး၊ မေမြို့တို့ကို သွားရန် ဖြစ်ပါသည်။

အထူးအားဖြင့် မေမြို့၊ ဂန့်ဂေါ်တစ်ထောင်ကျောင်းတိုက်၌ သီတင်းသုံးနေသော အောင်မြေဘုံကျော်ဘုန်းကြီး ဦးကေသဝါဘိဝံသနှင့် တွေ့ရန် ဖြစ်ပါသည်။ ဘုန်းကြီးသည် ယခင်က ရန်ကုန်မြို့။ ရွှေတိဂုံဘုရား အရှေ့မုခ်ရှိ အောင်မြေဘုံကျော်စာသင်တိုက်၌ နှစ်ပေါင်းများစွာ စာချ၍ တိုက်အုပ်ချုပ်ရေးတာဝန်ယူ နေထိုင် သီတင်းသုံးခဲ့ပါသည်။ ယခုအခါတွင် မေမြို့၌ သူ၏နောင်တော် ဆရာတော်ကြီး ဦးအဂ္ဂ၏ ဂန့်ဂေါ်တစ်ထောင်သာသနာပြုကျောင်းတိုက်မှာ နေထိုင် သီတင်းသုံးပါသည်။

မန္တလေးမှာ ဆရာတော်ကြီး ဦးအဂ္ဂသည် ရွှေဆားတောင်ပွဲရုံ၌ ခေတ္တ တည်းခိုကာ ဆေးလာကုနေသည်ဟု ကြားရ၍ ဆရာတော်အား သွားရောက်ဖူးပြီးမှ မေမြို့သို့ သွားရန် စီစဉ်ခဲ့ပါသည်။ ပွဲရုံပိုင်ရှင် ဒကာ ဦးအောင်မင်းအိမ်မှာ နေ့ဆွမ်းစားပြီးနောက် ဆရာတော်၏ဒကာ မောင်ကျော်ကျော်က သူ့ကားဖြင့် မေမြို့သို့ လိုက်ပို့ပေးခဲ့ပါသည်။ ဆရာတော်များ၏ ဘုန်းကံကြောင့် မေမြို့သို့ ချမ်းချမ်းသာသာ ရောက်ရှိခဲ့ပါသည်။ မိမိနှင့် ဘုန်းကြီး ဦးကေသဝါဘိဝံသတို့သည် ဆယ်နှစ်ကြာပြီးမှ ပြန်လည် တွေ့ဆုံကြရသောကြောင့် အထူးဝမ်းသာမိကြပါသည်။

ပြင်ဦးလွင်မေမြို့က မိမိတို့အား ဆောင်းလေအေးနှင့် ကြိုဆိုနေပါသည်။

ဂန့်ဂေါ်တစ်ထောင်ကျောင်းတိုက်ကြီးကို ၂၀၀၃-ခုနှစ်က ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ထိုစဉ်က ကျောင်းတိုက်စည်ကားမှု မရှိသေးပါ။

ယခုအခါမှာတော့ နိုင်ငံခြားသားများပင် လာရောက် ကြည့်ရှုရသည့် ထင်ရှားသော ကျောင်းတိုက်ကြီး ဖြစ်နေပါပြီ။

သာသနာငါးထောင်ဘုရားကြီးကလည်း ပုဂံသဗ္ဗညုဘုရားကြီးကဲ့သို့ ကြီးမား ခန့်ထည် ကြည်ညိုစရာ ကောင်းလှသည်။ ဘုရားပေါ်မှ ကြည့်လျှင် မေမြို့တစ်မြို့လုံးနီးပါးကို တွေ့မြင်ရသည်။

ကျောင်းဒီဇိုင်း ဘုရားဒီဇိုင်းအားလုံးကို ဆရာတော်ကြီး ဦးအဂ္ဂကိုယ်တိုင် ရေးဆွဲသည်ဟု ဆို၏။

ဆရာတော်နှင့် ဗောဓိတစ်ထောင်ဆရာတော်ကြီးတို့သည် လက်တွဲ သာသနာပြုခဲ့ကြရာ ဘုရားတည်မှုကိစ္စများကို ဆရာတော်က တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။

လောကချမ်းသာဆရာတော်

No comments: