ပုဂ္ဂိုလ်စွဲကြည်ညိုသူသည် အထူးအားဖြင့် မိမိ၏ဆရာသမားကို ပုဂ္ဂိုလ်စွဲ ကြည်ညိုတတ်၏။
ကိုယ့်ဆရာမှ ကိုယ့်ဆရာ၊ အခြားဆရာသမားများကို အထင်မကြီးတတ်။ ထိုသူမျိုးမှာ ပညာအသိဉာဏ် တိုးတက်မှု ပိတ်နေတတ်တော့၏။ ကုသိုလ်ရဖို့အခွင့်လည်း နည်းပါးတတ်၏။
အသိဉာဏ်ပညာ ပြည့်စုံသည့် တစ်ဦးတည်းသော ဆရာမှာ မြတ်စွာဘုရားသာ ရှိ၏။
အခြား ဆရာသမားများသည် တစ်ခုကောင်း နှစ်ခုကောင်းလောက်သာ တော်နိုင်၏။ အဖက်ဖက်မှ မပြည့်စုံနိုင်ပါ။ ထို့ကြောင့် ဆရာစွဲကြီးလျှင် အသိဉာဏ်တိုးတက်ရေးကို အားနည်းစေမှာ အမှန်ပင် ဖြစ်၏။
မိမိသည် ငယ်စဉ်က ဆရာစွဲကြီးခဲ့သူတစ်ဦး ဖြစ်၏။ စာသင်တိုက်ကြီးတစ်တိုက်မှာ စာသင်သားလေးဘဝ၊ တိုက်အုပ်ဆရာတော်ထံမှာ အခြေခံပါဠိစာပေများကို စပြီး သင်ရ၏။ `တို့ရဲ့ဆရာတော်က လောကီလောကုတ္တရာပညာအရာမှာ နိုးတူး၊ နှစ်ပါးမရှိဘူး´ဟု အလွန် အထင်ကြီး၏။ ဆရာတော်အနေဖြင့်လည်း တိုက်တွင်းမှာတော့ ပညာအတော်ဆုံး ဆရာတော် ဖြစ်၏။ အခြား စာချဆရာတော်များ၏ ဆရာလည်း ဖြစ်၏။
မိမိ၏ ပညာသင်မှုသည် ဤတိုက်မှာပင် ရပ်နားခဲ့၏။ အခြားကျောင်းတိုက်များမှာ ဆက်လက်ပြီး ပညာမဆည်းပူးဖြစ်တော့ပါ။ တစ်တိုက်တည်းမှ ရသော အသိပညာဖြင့်သာ တင်းတိမ်ခဲ့ခြင်း ဖြစ်၏။
မိမိ၏မိတ်ဆွေ အရှင်ကုဏ္ဍလသည် သူ၏ဆရာတော်မှ စာဝါကြီးတွေကို သင်ယူရန် စေလွှတ်ခဲ့သဖြင့် ပခုက္ကျြူမို့၊ မဟာဝိသုတာရာမတိုက်ကြီးကို ပြောင်းရွှေ့သွားခဲ့၏။
သူနှင့်တွေ့သောအခါမှာ ပခုက္ကူမှာ စာဝါကြီးတွေကို ဆက်လက် သင်ယူမှသာ ပိဋကတ်အသိဉာဏ်တွေ ပိုပြီး တိုးတက်မည်ဟု စေတနာဖြင့် ပြောပြ၏။
ကိုယ့်ဆရာတော်နားမှ မခွာနိုင်ခဲ့သဖြင့် ပိဋကတ်စာပေဗဟုသုတဘက်မှာ သူ့လို အားမကောင်းခဲ့ပါ။ ဒါကတော့ ကိုယ်တွေ့ ဆရာစွဲအမှားလို့ ဆိုရမည် ထင်၏။
ဆရာစွဲအားကြီးသူတွေကို မကြာခဏ တွေ့ရ၏။ အထူးအားဖြင့် တရားသမားတွေထဲက ဖြစ်၏။ ကိုယ့်ဆရာကို ရဟန္တာဟု ထင်ပြီး အခြားကမ္မဋ္ဌာန်းဆရာတော်ကြီးများကိုပင် မလေးမစား ဖြစ်လာတတ်၏။ သူ့ဆရာ၏ ဟာကွက် ပျော့ကွက်များကို ထောက်ပြလျှင် လုံးဝ လက်မခံနိုင်။ `အခြား ကမ္မဋ္ဌာန်းဆရာများ၏ အတုယူစရာများကို ဆွေးနွေးလျှင်လည်း သူ့ဆရာရဲ့တရားမှတပါး မည်သူ့တရားမှ မနာဘူး´ဟု ပုတ်ထုတ်တော့၏။ တခါတရံ စိတ်ပင် ဆိုးလာတတ်၏။
ပုဂ္ဂိုလ်စွဲကြီးသူများ သတိထားရန် မြတ်စွာဘုရားသည် အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်တွင် ဆုံးမတော်မူထား၏။
၂၅၀။ တစ်ပါးပါးသော ပုဂ္ဂိုလ်အပေါ်၌ ပုဂ္ဂိုလ်စွဲဖြင့် ကြည်ညိုသူမှာ အပြစ်ငါးပါး ဖြစ်နိုင်၏။ အပြစ်ငါးပါးကား -
(၁) မိမိကြည်ညိုသောပုဂ္ဂိုလ်ကို အပြစ်ရှိ၍ သံဃာက နှင်ထုတ်လျှင် သံဃာအပေါ်၌ မကြည်ညိုမှု ဖြစ်၍ တစ်ပါးသော ရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။
(၂) မိမိကြည်ညိုသောပုဂ္ဂိုလ်ကို အပြစ်ရှိ၍ သံဃာက အစွန်အဖျား၌ ထိုင်ရန် နေရာပေးထားလျှင် ထိုသံဃာအပေါ်၌ မကြည်ညိုမှုဖြစ်၍ တပါးသော ရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။
(၃) မိမိကြည်ညိုသောပုဂ္ဂိုလ် အရပ်တပါးသို့ ထွက်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။
(၄) မိမိကြည်ညိုသောပုဂ္ဂိုလ် လူထွက်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။
(၅) မိမိကြည်ညိုသောပုဂ္ဂိုလ် ကွယ်လွန်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း ဖြစ်၏ဟု ဟောကြားပါသည်။
ဆရာတစ်ဦးတည်း၊ ပုဂ္ဂိုလ်စွဲ၊ အမြဲမထားရာ။
အပြစ်ငါးပါး၊ မြတ်ဘုရား၊ ဟောကြားတော်မူပါ။
No comments:
Post a Comment