Thursday, October 25, 2012

အဘိညာဉ်ရတဲ့ မာတိကမာတာ ဒကာမကြီး - မဟာစည်ဆရာတော်ဘုရားကြီး

ကိုယ့်စိတ်ကို သူများသိမှာ ရှက်စရာ - ဦးသုခ

အညတရဘိက္ခုဝတ္ထု၊ ကမ္မစတုက္ကနှင့် `ဧည့်သည်ပြန်ချိန် နီးပြီဘုရာ့´

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၀-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်မြဲ ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ စုပေါင်း တရားရှုမှတ်ခြင်း အစီအစဉ်ဝယ် လောကချမ်းသာဆရာတော်က တရားရှုမှတ်ခြင်းဆိုင်ရာ သြဝါဒတရား မိန့်ကြား ချီးမြှင့်၏။

+++++

မွန်းလွဲ ၃း၁၅ မှ ၄း၁၅ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ (၃၅) အညတရဘိက္ခုဝတ္ထုအကြောင်း သင်ပြ၏။

+++++

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိထိမုတ်ပိုင်း၊ ကမ္မစတုက္က ရှင်းပြ သင်ကြား၏။

+++++

ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ဧည့်သည်ပြန်ချိန် နီးပြီဘုရာ့´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Monday, October 22, 2012

စိတ်ကို စိတ်နဲ့တိုက် - ဦးသုခ

မေဃိယမထေရ်ဝတ္ထု၊ ဘုံပိုင်းနှင့် `ကိုယ်ဖြစ်ချင်သည့်အတိုင်း´

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများနှင့် တရားပွဲတွင် လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားမထိုင်မီနှင့် ထိုင်နေစဉ်အတွင်း တရားအားထုတ်ခြင်းဆိုင်ရာ သြဝါဒကို ဟောကြား ချီးမြှင့်၏။

+++++

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ (၃၃-၃၄) မေဃိယမထေရ်ဝတ္ထုကို ဟောကြား သင်ပြ၏။

+++++

မွန်းလွဲ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ဝီထိမုတ်ပိုင်းကို ရှင်းလင်း သင်ကြားပေး၏။

+++++

ညနေ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `ကိုယ်ဖြစ်ချင့်သည့်အတိုင်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် တနေ့တာ ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

Wednesday, October 17, 2012

ဝိပဿနာကို ဘယ်လို အားထုတ်မလဲ? - ဆုထူးပန်ဆရာတော် ဦးနာဒရ

ဝိပဿနာကို ဘယ်လို အားထုတ်မလဲ?

ဒီအမေးအတွက် ခန္ဓဝဂ္ဂသံယုတ်သီလဝန္တသုတ်တော်ကို မှီးပြီး အကျဉ်းနည်းအားဖြင့် ဖြေပါ့မယ်။

၎င်းသုတ်တော်ကို ပါဠိတော့ မဖော်ပြတော့ဘူး။ သဘောပဲ ဟောပါမယ်။ ဝိပဿနာဆိုတာ `မှားနေတာကို အမှန်မြင်အောင် လုပ်တဲ့ အလုပ်´ပါပဲ။ သတ္တဝါတွေဟာ ဘယ်အပေါ်မှာ မှားနေသလဲဆိုတာ စစ်ဆေးကြည့်ရင် ခန္ဓာငါးပါးအပေါ်မှာ မှားနေတယ်။ ခန္ဓာငါးပါးဆိုရာမှာလည်း မိမိခန္ဓာက စပြီး တလောကလုံး ရှိရှိသမျှ ခန္ဓာငါးပါးအပေါ်မှာ မှားတယ်။ ဒါပေမယ့် မိမိခန္ဓာငါးပါးသာလျှင် မှားခြင်းရဲ့ အစမူလဖြစ်တဲ့အတွက် အမှန်မြင်ချင်ရင် မိမိခန္ဓာကိုယ်ကို အလျင်မြင်ရမယ်။

ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက - `ဝိပဿနာဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း?၊ စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာ ရှု၍ဖြစ်သတည်း´လို့ ဆောင်ပုဒ်လေး စီထားပါတယ်။

သတိနဲ့ ဘာကြောင့် ရှုမှတ်ရသလဲ?

ခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းနေတယ်။ မှားနေတယ်။

ဒီအမှားကို ပျောက်အောင် ဒီခန္ဓာငါးပါးကိုပင် ပြန်ပြီး ရှုရမယ်။

ဘာနဲ့ ရှုရမလဲ?

သတိနဲ့ ရှုရမယ်။

ဒီနေရာမှာ ဝိပဿနာဆိုတာ ပညာအရာဖြစ်ပါလျက် ဘာကြောင့် သတိနှင့် ရှုရမယ်လို့ ဆိုပါသလဲ?

ပညာနှင့် စပြီး ရှုပါတော့လားလို့ မေးခွင့်ကြုံပါတယ်။

အဲဒါကို သဘာဝရော အာဂမပါ ပြည့်စုံအောင် အကျဉ်းအားဖြင့် ဖြေပြပါ့မယ်။

ဝိပဿနာပညာဆိုတာ အတက္ကာဝစရောဆိုတဲ့အတိုင်း ကြံစည်ပြီး သိတဲ့ တက္ကပညာ မဟုတ်ပါဘူး။

ထိုးထွင်းသိတဲ့ ပဋိဝေဓပညာ ဖြစ်ပါတယ်။

ယနေ့ သူသူငါငါမှာ ရှိနေကြတဲ့ ပညာဟာ သုတပညာ၊ တက္ကပညာတွေသာ ဖြစ်ပါတယ်။

အဲဒီပညာတွေနှင့် ဝိပဿနာပညာ မဖြစ်နိုင်လို့ ဝိပဿနာဖြစ်နိုင်ဖို့အတွက် နည်းလမ်းကို ရှာရပါတယ်။ အဲဒါကို ဘုရားရှင်က သတိကို သုံးပါလို့ နည်းပေးတော်မူပါတယ်။

သတိကို သုံးပါဆိုတာ သတိရှိရင် ပညာပေါ်တယ်။ `အပ်သွား ချည်ပါ´ဆိုသလို သတိရှေ့သွားရင် ပညာနောက်က ပါလာပါတယ်။

`သတိမမူ ဂူမမြင်၊ သတိမူတော့ မြူကိုပင် မြင်´ဆိုတဲ့ လောကစကားပုံများလို သတိသာ မူလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ အမှန်သဘာဝတွေကို မြင်လာပါလိမ့်မယ်။

ဒီပညာသာလျှင် တက္ကပညာမဟုတ်သော ပဋိဝေဓပညာ ဖြစ်ပါတယ်။

ဒါက သဘာဝအားဖြင့် ရှင်းပြခြင်း ဖြစ်ပါတယ်။

အာဂမအားဖြင့်ဆိုရင် မဟာဝါ သတိပဋ္ဌာနသုတ်ပါဠိတော်ကို ဖွင့်တဲ့ အဋ္ဌကထာမှာ -

`န ဟိ ကဒါစိ သတိရဟိတာ အနုပဿနာနာမ အတ္ထိ။´

သတိကင်းလို့ ဝိပဿနာရှုခြင်းဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ အဲဒါကို စကားပြန်လိုက်ရင် သတိမကင်းရင် ဝိပဿနာရှုခြင်းဆိုတဲ့ ပညာပေါ်လာပါလိမ်မယ်လို့ ဆိုလိုပါတယ်။

ပြီးတော့ -

`သတာရက္ခေန စေတသာ သမန္နာဂတော ဝိဟရေယျ၊ အယံ ဝေါ အမှာကံ အနုသာသနီ။´

သတာရက္ခေန စေတသာ - သတိစောင့်သော စိတ်နှင့်။

သမန္နာဂတော - ပြည့်စုံ၍။

ဝိဟရေယျ - နေရာ၏။

အယံ ခေါ - ဤသည်ပင်လျှင်။

ဝေါ - သင်ချစ်သား ချစ်သမီးတို့အတွက်။

အမှာကံ - ငါတို့၏။

အနုသာသနီ - အဆုံးအမပါပေတည်း တဲ့။

ဒီပါဠိတော် အဋ္ဌကထာ သဘာဝတွေနှင့်ပဲ သတိဖြင့် စပြီး ရှုရင် ပညာပေါ်မယ်ဆိုတာ ခိုင်လုံပါပြီ။

သတိဖြင့် ဘယ်လို ရှုရမလဲဆိုရင် -

ခန္ဓာငါးပါးဟာ အမြဲ ဖြစ်ပျက်နေတယ်။

သူတို့ ဖြစ်ပျက်နေတယ်ဆိုတာဟာလည်း ပစ္စုပ္ပန် ခဏမှာပဲ ဖြစ်ပျက်နေတယ်။ ဒါကြောင့် သူတို့ဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးမှာ သတိနှင့် ရှုနေရမယ်။ ရှုနေရမယ်ဆိုတာက ခန္ဓာကိုယ်မှာ ဖြစ်နေတယ်၊ ပျက်နေတယ်၊ အစိုးမရဘူးလို့ ယောဂီက ကိုယ်သိချင်ရာ ဆွဲပြီး ရှုနေရမှာ မဟုတ်ဘူး။ သူဖြစ်နေတာကို လိုက်ပြီး ရှုနေရုံပဲ။ ဒီလိုကြည့်တော့ ခန္ဓာကိုယ်က သူ့ဟာသူ တရားပြသွားပါလိမ့်မည်။ သူပြသွားတာကို ကိုယ်က လိုက်ကြည့်ရုံပဲ။

ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်ထဲမှာ `ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှု အစဉ်ထား´လို့ မြန်မာလင်္ကာဖြင့် နည်းပေးတော်မူပါတယ်။

အဓိပ္ပာယ်ကတော့ ကိုယ်ထဲမှာ ဘယ်နေရာက ဘာတွေ ထင်ထင်ရှားရှား သိသိသာသာကြီး ပေါ်နေသလဲ။ အဲဒီ ပေါ်နေရာကို သတိနှင့် လိုက်ကြည့်ပါလို့ ဆိုလိုပါတယ်။

လိုက်ကြည့်ရာမှာလည်း ပစ္စုပ္ပန်အခိုက် ဖြစ်ပါစေ။

အဲဒါဟာ သတိဖြင့် စောင့်ကြည့်နေတဲ့ လုပ်ငန်းအစပါပဲ။

အကျင့်ရသွားရင် ပညတ်တွေ ကွာပြီး ပရမတ်သက်သက် အပေါ်မှာသာ ဉာဏ်ကလေး ရောက်လာပါလိမ့်မယ်။

အစတော့ ပညတ်ပေါ်မှာပဲ တင်ပြီး နေပါလိမ့်မယ်။

နောက်မှ ပညတ်မရော ပရမတ်သက်သက်သဘောလေးတွေ မြင်လာတော့မှ ဝိပဿနာဉာဏ်အခြေခံ ရလာပြီလို့ ဝမ်းမြောက်ပြီး ရှေ့ကို ဆက်၍ သတိဖြင့် ရှုပါ။

နနု တဇ္ဇာ ပညတ္တိဝသေန သဘာဝဓမ္မော ဂယှတီတိ သစ္စံ ဂယှတိ ပုဗ္ဗဘာဂေ။

ဘာဝနာယ ပန ဝဍ္ဎမာနာယ ပညတ္တိံ သမတိက္ကမိတွာ သဘာဝေယေဝ စိတ္တံ တိဋ္ဌတိ။

(ဝိသုဒ္ဓိမဂ်မဟာဋီကာ)

တဇ္ဇာပညတ္တိဝသေန - ပရမတ်ကို အမည်တပ်၍ခေါ်သော ပညတ်၏ အစွမ်းဖြင့်။

သဘာဝဓမ္မော - ပရမတ်သဘာဝကို။

ဂယှတိနနု - ယူအပ်သည် မဟုတ်လော။

ပုဗ္ဗဘာဂေ - ဘာဝနာမရင့်မီ ရှေးအဖို့၌။

သစ္စံဂယှတိ - အကယ်၍ကား ယူအပ်ပေ၏။

ပန တထာပိ - သို့သော်လည်း။

ဘာဝနာယ ဝဍ္ဎမာနာယ - ဘာဝနာရင့်လာသောအခါ၌။

ပညတ္တိံ သမတိက္ကမိတွာ - ပညတ်ကို လွန်၍။

သဘာဝေယေဝ - ပရမတ်သဘာဝ၌သာလျှင်။

တိဋ္ဌတိ - တည်တော့၏။

ဘာမှ တွေးကြံ ဆွဲဆောင်ပြီး မမြဲလို့ ငါရှုလိုက်မယ်။ ဆင်းရဲမှု အစိုးမရလို့ ရှုလိုက်မယ်ဆိုပြီး ကိုယ်သိချင်ရာ ဆွဲမနေနဲ့။ ဝိပဿနာဆိုတာ ခန္ဓာက ပြတာကို ကိုယ်က အလိုက်သင့်ကလေး ကြည့်ရတာ။ တဖြည်းဖြည်း ရင့်ကျက်ပြီး တက်လာလို့ မဂ်ဖိုလ်ဝင်သွားပါလိမ့်မည်။

ယောဂီရဲ့ အလုပ်ကတော့ ခန္ဓာက ပြတာကို အလိုက်သင့်ကလေး သတိဖြင့် ရှုနေရုံပါပဲ။

ယခု ဟောခဲ့တာက ဝိပဿနာအလုပ် အားထုတ်နည်းပါပဲ။

အထက် မဂ်ဖိုလ်တွေအတွက်လည်း ဒီအတိုင်းပဲ အားထုတ်ကြပါတယ်။ အခြားနည်းရယ်လို့ မရှိပါဘူး။

သတိနှင့် ရှုကြည့်တဲ့နည်းပဲ ရှိတယ်။

ဗုဒ္ဓဘာသာတွေမှာ -

(၁) အပါယ်မကျရေး၊

(၂) သုဂတိဘဝမှာ အထက်တန်းကျကျ တည်တံ့နေရေး၊

(၃) နိဗ္ဗာန်ဝင်ရေး၊

ဒီ ၃-ချက်ဟာ အရေးအကြီးဆုံး ဖြစ်တယ်။

ဒီ ၃-ချက်ကို တိတိကျကျ အာမခံပေးနိုင်တာ ဝိပဿနာလုပ်ငန်းသာ ဖြစ်တယ်။

အခြား ကုသိုလ်တွေက တိကျတဲ့အဖြေ မပေးနိုင်ပါဘူး။

ဒါကြောင့် ဝိပဿနာအလုပ်ကို တကယ်အားထုတ်ဖို့ရာ အရေးကြီးကြောင်း ဟောတော်မူတဲ့ ဟောဒီဂါထာကို ရွတ်ပြီး နိဂုံးသတ်ပါမယ်။

သတ္တိယာဝိယ သြမဋ္ဌော၊

ဒယှမာနောဝ မတ္ထကေ။

သက္ကာယဒိဋ္ဌိံ ပဟာနာယ၊

သတော ဘိက္ခု ပရိဗ္ဗဇေ။

(ဒေဝတာသံယုတ်)

သတ္တိယာ - အသွားထက်လှ သံလှံမကြီးဖြင့်။

သြမဋ္ဌောဝိယ - ရင်ကို စူးစိုက် အထိုးခံလိုက်ရသကဲ့သို့လည်းကောင်း။

မတ္ထကေ - ဦးခေါင်းထက်၌။

ဒယှမာနောဝ - ဟူးဟူးပြောင်ပြောင်၊ မီးလောင်သည့်ဘေး၊ အလွန်လျှင် အရေးကြီးသကဲ့သို့လည်းကောင်း။

သတောဘိက္ခု - သတိ ပညာ ထင်စွာပြုတတ် ရဟန်းမြတ်သည်။

သက္ကယဒိဋ္ဌိံ - ဘဝများစွာ သံသရာတခွင် သူစူးဝင်လျက် လေးခွင်ပါယ်ရပ် ကျစေတတ်ရေး ဒိဋ္ဌိဘေးဆိုးကြီးကို။

ပဟာနာယ - မြတ်သောတာပန် အဖြစ်မွန်ဖြင့်၊ အမြန်ပယ်နှုတ် အမြစ်ပြုတ်ခြင်းငှာ။

ပရိဗ္ဗဇေ - အပျင်းတွေဖြုတ် မဟုတ်တာတွေကို ဟိုနှယ်ဒီနှယ် အငြင်းမသန်နှင့်တော့ဘဲ မြန်မြန်ကြီး အားထုတ်လိုက်ကြကုန်ရာသတည်း။

ဆုထူးပန်ဆရာတော် ဦးနာဒရ

Monday, October 15, 2012

နိဂမဝါသီတိဿမထေရ်ဝတ္ထုနှင့် ဘုံပိုင်း

နိဂမဝါသီမထေရ်ဝတ္ထု

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နိဂုံးသားတစ်ယောက်သည် မြတ်စွာဘုရားထံတော်ဝယ် ရဟန်းပြု၏။ သူ၏ အမည်ရင်းမှာ တိဿ ဖြစ်၏။ သူသည် ဇေတဝန်ကျောင်းတော်၌ပင် ၅-နှစ်ကြာ ပရိယတ္တိ သင်ယူပြီး မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားတောင်းယူကာ မွေးရပ်မြေ နိဂုံးသို့ ပြန်သီတင်းသုံး တရားအားထုတ်၏။ ထိုအချိန်မှ စ၍ သူသည် ဘုရားတစ်ဆူ တစ်ဆူ၏ လက်ထက်တော်၌ တစ်ကြိမ်သာ ပေါ်ပေါက်သော ကောသလမင်းကြီး၏ အသဒိသအလှူကြီးသို့ပင် မကြွရောက်တော့ဘဲ မွေးရပ်မြေ တောရွာလေး၌သာ သီတင်းသုံးနေတော့၏။ ထို့ကြောင့် သူ့အမည်မှာ နိဂမဝါသီ=နိဂုံး၌နေသူဟု ဘွဲ့တိုးကာ နိဂမဝါသီတိဿမထေရ်ဟု တွင်၏။

သူ့ကို အခြားရဟန်းများက ဇာတိမြေနှင့် ဆွေမျိုးများကို တွယ်တာ သံယောဇဉ်ဖြစ်လွန်းသူဟု ထင်မြင်ကြ၏။

အမှန်မှာ နိဂမဝါသီတိဿမထေရ်သည် အလိုနည်း၏။ ရောင့်ရဲလွယ်၏။ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏။ အားထုတ်အပ်သော လုံ့လဝိရိယ ရှိ၏။

အသိမရင့်ကျက်သော အခြားရဟန်းများက တိဿမထေရ်အား ဇာတိမြေနှင့် ဆွေမျိုးများအပေါ် သံယောဇဉ်ကြီးသူအဖြစ် စွပ်စွဲ၍ မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားကား တိဿမထေရ်၏ ခံယူချက်ကို သိတော်မူသော်ငြားလည်း အများ သံသယရှင်းစိမ့်သောငှာ တိဿမထေရ်ကို ခေါ်တော်မူ၍ မေးမြန်း၏။ ထိုအခါ တိဿမထေရ်က ဖြစ်ရပ် အစုံအလင်ကို အများ၏ ရှေ့မှောက်၌ မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက သာဓု ခေါ်တော်မူပြီး မိမိလည်း တိဿမထေရ်လိုပင် မိမိ မှီတင်းနေထိုင်ရာ ဒေသအပေါ် ကျေးဇူးဆပ်ခဲ့ဖူးကြောင်း နဝကနိပါတ်၊ သုဝဇာတ်ကို ဟောကြားတော်မူ၏။

+++++

သုဝဇာတ်

လွန်လေပြီးသောအခါက ဟိမဝန္တာရှိ ဂင်္ဂါမြစ်ကမ်း၌ ရေသဖန်းပင် တစ်ပင် ရှိ၏။ ထိုရေသဖန်းပင်ကို မှီ၍ များစွာသော ကျေးတို့ မှီတင်း နေထိုင်ကြ၏။

ဘုရားလောင်းသည် ကျေးမင်း ဖြစ်၏။ ရေသဖန်းသီးတို့ ကုန်လေသောအခါ ကျေးတို့သည် အခြားဒေသသို့ ပျံသွားကြကုန်၏။ ကျေးမင်းကား မပျံဘဲ နေရစ်ခဲ့၏။ သဖန်းသီးကုန်သောအခါ သဖန်းညွှန့်၊ သဖန်းညွန့်ကုန်သောအခါ သဖန်းရွက်၊ သဖန်းရွက်ကုန်သောအခါ သဖန်းခေါက်တို့ကို စား၍ ဂင်္ဂါမြစ်ရေကို သောက်ကာ နေ၏။

ထိုအခါ အာနန္ဒာလောင်းဖြစ်သော သိကြားမင်းသည် ဘုရားလောင်းကျေးမင်း၏ စိတ်ဓာတ်ကို စူးစမ်းလို၏။ ထို့ကြောင့် သိကြားမင်းသည် ရေသဖန်းပင်ကို ခြောက်သွေ့အောင် လုပ်၏။ ကျေးမင်းသည် အခြောက်ကို စား၏။ ခွာ၍ မသွား။ ထိုနောက် သိကြားမင်းသည် အခြောက်ကို အမှုန့်ဖြစ်အောင် လုပ်ပြန်၏။ ကျေးမင်းသည် အမှုန့်ကိုပင် စား၏။ ခွာ၍ မသွား။ လေတိုက်သည်ကိုလည်းကောင်း၊ နေပူသည်ကိုလည်းကောင်း မမှုဘဲ ရေသဖန်းပင် ငုတ်တို၌သာ နေ၏။ အခြားသို့ မသွား။

ထိုအခါ သိကြားမင်းသည် ဟင်္သာအသွင် ဖန်ဆင်းပြီး ကျေးမင်းထံ လာရောက်၍ ဤသို့ ပြောဆို၏။

`ကျေးမင်း၊ ဤတော၌ စိမ်းစိုသော အရွက်ရှိသော အပင်တို့သည်လည်းကောင်း၊ များသောအသီးရှိသော အပင်တို့သည်လည်းကောင်း ရှိကြကုန်၏။ သို့ပါလျက် ဤရေသဖန်းပင် ငုတ်တို၌ ကျေးမင်း၏စိတ်သည် ဘာကြောင့် မွေ့လျော်ဘိသနည်း´

ထိုအခါ ကျေးမင်းက - `ဤရေသဖန်းပင်သည် စည်ပင်ဝေဖြာ ကြီးပွားသောအခါ၌ ငါတို့သည် ပျော်ရွှင်မြူးစွာ စားသောက်လာခဲ့ကြ၏။ ငါတို့ကြောင့်ပင် ဤရေသဖန်းပင်သည် သီးနှံကင်းပ ခြောက်သွေ့ရ၏။ ထိုအခါ ရေသဖန်းပင်ကို စွန့်ပစ်၍ သွားမည်ဆိုလျှင် ရေသဖန်းပင်အပေါ် ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် ငါ့အတွက် အာဟာရတို့ကို မျှတအောင် ရရှိ သုံးဆောင်နိုင်သေးသရွေ့ ကာလပတ်လုံး ဤရေသဖန်းပင်ကို ငါ စွန့်မည် မဟုတ်´ဟု ဟင်္သာအား ပြန်ပြော၏။

မိမိ မှီတင်းနေထိုင်ရာ သက်မဲ့ဝတ္ထုများ၌ပင် ဥပနိဿယပစ္စည်းသဘောအရ အဆွေခင်ပွန်းအနေဖြင့် ကျေးဇူးသိအပ်ကြောင်း ပြောဆိုသော ကျေးမင်း၌ ကြည်ညို၍ သိကြားမင်းသည် ရေသဖန်းပင်ကို မူလအတိုင်း အရွက် အသီးများ ရှိလာအောင် အားထုတ်ပြီးမှ တာဝတိံသာသို့ ပြန်လေ၏။

မြတ်စွာဘုရားသည် ဤသို့ နဝကနိပါတ် သုဝဇာတ်ကို ဟောကြားတော်မူပြီးနောက် ဆက်လက်၍ အောက်ပါ ဂါထာကို ဟောကြားတော်မူ၏။

- အပ္ပမာဒတရား၌ မွေ့လျော်သော၊ ပမာဒတရား၌ `ဘေး´ဟူ၍ မြင်လေ့ရှိသော ရဟန်းသည်၊

- သမထနှင့် ဝိပဿနာတို့မှ ဆုတ်ယုတ်ခြင်းငှာ မထိုက်။ အမှန်အားဖြင့် နိဗ္ဗာန်၏ အနီး၌သာ ရှိ၏။

ဤလောက၌ နေထိုင်ကြသူများသည် အများစုမှာ ပုထုဇဉ်များ ဖြစ်ကြ၏။ ပုထုဇဉ်များ ဖြစ်ကြသည့်အားလျော်စွာ `လောဘ´လည်း ဖြစ်ကြ၏။ `ဒေါသ´လည်း ဖြစ်ကြ၏။ အခြား အကုသိုလ်များလည်း ဖြစ်ကြ၏။ ဤသည်မှာ ဓမ္မတာဖြစ်၏။

သို့ရာတွင် ဖြစ်လာသော `လောဘ´ကို `လောဘ´အတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။

ထိုနည်းအတူ ဖြစ်လာသော `ဒေါသ´ကို `ဒေါသ´အတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။

အခြား အကုသိုလ်များ ဖြစ်လာကြပါကလည်း ထိုအကုသိုလ်များကို အကုသိုလ်များအတိုင်း ထား၍ မဖြစ်။ ပယ်သတ်နိုင်အောင် အားထုတ်ဖို့ လို၏။

ဖြစ်လာသော အကုသိုလ်များကို ပတ်သတ်သည့်နည်းမှာ ဗုဒ္ဓဒေသနာတော်၌ ရှိ၏။

ထိုနည်းကား စိတ္တာနုပဿနာနည်း ဖြစ်၏။

စိတ္တာနုပဿနာသည် သတိပဋ္ဌာန်ဒေသနာ၌ လာ၏။

သတိပဋ္ဌာန်ဟူသော အမည်အတိုင်း `သတိ´ပြဋ္ဌာန်း၏။

`သတိ´ကို `အပ္ပမာဒ´ဟူ၍ ဆို၏။ သို့ရာတွင် `သတိ´တိုင်း `အပ္ပမာဒ´အမည်ကို မရ။ ဗောဓိပက္ခိယအုပ်စုသို့ ဝင်သော `သတိ´မှသာ အပ္ပမာဒ အမည်ကို ရ၏။ ဗောဓိပက္ခိယဟူသည်မှာ မဂ်ဖိုလ်ကို ရလိုသော ကုသိုလ်အုပ်စု ဟူ၍ ဖြစ်၏။

၃၁-ဘုံ၌ မွေ့လျော်ပြီး လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို ရလိုသော သာမန် ကာမာဝစရကုသိုလ်အုပ်စု မဟုတ်။

စိတ္တာနုပဿနာအရ ဖြစ်လာသော အကုသိုလ်များကို ပယ်သတ်နိုင်ရန် ရှေးဦးစွာ အပ္ပမာဒ ခေါ် သတိရှိနေဖို့ လို၏။

သတိသာ ရှိနေပါက၊ သတိသာ ပြဋ္ဌာန်းနေပါက `လောဘ´ဖြစ်လျှင်လည်း `လောဘ´ဖြစ်မှန်း သိ၏။ `ဒေါသ´ဖြစ်လျှင်လည်း `ဒေါသ´ဖြစ်မှန်း သိ၏။ အခြား အကုသိုလ် တစ်မျိုးမျိုး ဖြစ်ပါကလည်း အခြား အကုသိုလ် တစ်မျိုးမျိုး ဖြစ်မှန်းကို သိ၏။ ဤသို့ သိခြင်းကို ယထာဘူတဉာဏ်ဟု ခေါ်၏။

အကယ်၍ အပ္ပမာဒ ခေါ် သတိသာ ရှိမနေပါက၊ သတိသာ ပြဋ္ဌာန်းမနေပါက အကုသိုလ်ဖြစ်သည်ကိုလည်း အကုသိုလ်ဖြစ်မှန်း မသိ။ တခါတရံ အကုသိုလ်ကိုပင် ကုသိုလ်ဟူ၍ ထင်မှတ် မှားတတ်သေး၏။ ထိုသို့ဆိုလျှင် ယထာဘူတဉာဏ်သည် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည် မဟုတ်။

ထို့ကြောင့် မိမိသန္တာန်၌ ဖြစ်လာသော အကုသိုလ်များကို အပ္ပမာဒ ခေါ် သတိပြဋ္ဌာန်းမှုဖြင့် အကုသိုလ်များ ဖြစ်မှန်းသိအောင် အားထုတ်အပ်၏။

ဤသည်မှာ စိတ္တာနုပဿနာသတိပဋ္ဌာန်အရ ယထာဘူတဉာဏ်အဆင့် ဖြစ်၏။

ထို့နောက် ဖြစ်ပျက်ရှုသောအဆင့် လာ၏။

အကုသိုလ်များသည်လည်း သင်္ခါရတရားများပင် ဖြစ်သဖြင့် ဖြစ်ပျက်ရှု၍ ရ၏။

ဖြစ်ပျက်ကို မြင်လျှင်ပင် `ကုသိုလ်´ဟူသော ဝိသေသအမည်မှ `သင်္ခါရ´ဟူသော သာမညအမည်သို့ ပြောင်းသွားရ၏။

အမည်ပြောင်းခြင်းသည် အကုသိုလ်ပျောက်ခြင်း၏အစ ဖြစ်လေ၏။

ဖြစ်ပျက်ကို မြင်ဖန်များလျှင် ဖြစ်ပျက်၌ ငြီးငွေ့၏။

ထို့နောက် ဖြစ်ပျက်၏အဆုံးကို မြင်လေ၏။

ဖြစ်ပျက်၏အဆုံးဟူသည်ကား နိဗ္ဗာန် ဖြစ်၏။

အမှန်အားဖြင့် အပ္ပမာဒ ခေါ် သတိသည် သီလသိက္ခာကိုလည်း စောင့်ထိန်း၏။

သမာဓိသိက္ခာကိုလည်း စောင့်ထိန်း၏။

ပညာသိက္ခာကိုလည်း စောင့်ထိန်း၏။

သိက္ခာသုံးပါးကိုပင် စောင့်ထိန်း၏။

ထို့ကြောင့် မြတ်စွာဘုရား၏ ဒေသနာတော်၌ အပ္ပမာဒတရားကို အလေးထား၍ ဟောကြားတော်မူခြင်း ဖြစ်၏။

အကယ်၍ အပ္ပမာဒတရား၌ မမွေ့လျော်ဘဲ မေ့လျော့ခြင်း ပမာဒတရား၌သာ မွေ့လျော်မည်ဆိုလျှင် ဖြစ်လာသည့် အကုသိုလ်တရားများကို ပယ်သတ်နိုင်ခြင်း မရှိဘဲ အကုသိုလ်တရားများ၏ အကျိုးပေးမှုအလိုက် မကောင်းသော အကျိုးများကိုသာ ခံစားရမည် ဖြစ်၏။

ဤသည်မှာ ကမ္မနိယာမအရ ဖြစ်ပါ၏။

အပ္ပမာဒသည် အကုသိုလ်ကို ပယ်သတ်ပြီး နိဗ္ဗာန်ကို ရစေနိုင်၍၊ ပမာဒသည် အကုသိုလ်ကို ပွားစေပြီး ဆင်းရဲကို ရစေနိုင်၏။

ထိုသို့ဖြစ်ရခြင်းမှာ အပ္ပမာဒသည် ဖြစ်လာသမျှသော အကုသိုလ်များကို ပယ်သတ်နိုင်ပြီး၊ ပမာဒသည် ဖြစ်လာသော အကုသိုလ်များကို တိုးပွားစေနိုင်သောကြောင့် ဖြစ်ပါ၏။

သို့ဖြစ်လေရာ အပ္ပမာဒတရား၌ မွေ့လျော်ပြီး ပမာဒတရား၌ `ဘေး´ဟူ၍ ရှုမြင်လေ့ရှိသူသည် မလွဲမသွေ တရားအားထုတ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် ဖြစ်ပါ၏။

ထိုသို့ နိဗ္ဗာန်ကို မျက်မှောက်ပြုရအောင် အားထုတ်ခြင်းသည် မြင့်မြတ်သူများအနေဖြင့် မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန် ဖြစ်၏။

ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းသည် မိမိနှင့်ပတ်သက်ရာ လောကကို ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။

မိမိနှင့်ပတ်သက်ရာ လောကဟူသည်မှာ မိမိ၏ ဘဝခန္ဓာ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် မိမိအပေါ် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုကြသော ပုဂ္ဂိုလ်များ၊ ရာသီဥတုများ၊ အစာအာဟာရများ၊ နေရာဒေသများ ဖြစ်ကြ၏။

ဤသည်မှာ ဖော်ပြပါ ဂါထာ၏ ဆိုလိုရင်း ဖြစ်၏။

ဂါထာ၏အဆုံး၌ နိဂမဝါသီတိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်၏။

အခြားသော တရားနာပရိသတ်များထဲတွင်လည်း အရိယာဖြစ်သူက ဖြစ်၍ ဒေသနာကုသိုလ် ရသူက ရကြလေသည်။

ထို့ကြောင့် လူတို့သည် မိမိတို့၏ ဘဝခန္ဓာအပေါ် ကျေးဇူးများကြသော သက်ရှိ သက်မဲ့များအပေါ် ပြန်လည် ကျေးဇူးဆပ်သောအနေဖြင့် မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ပြီး ထိုသို့ ထမ်းရွက်ခြင်းအားဖြင့် နိဗ္ဗာန်ကို ရအောင် အားထုတ်အပ်ကြောင်း မှတ်သားအပ်ပါ၏။ မှတ်သားသည့်အတိုင်းလည်း လိုက်နာ ကျင့်သုံးအပ်ပါ၏။

(ဦးရွှေအောင်၏ `ဓမ္မပဒ´ မှ)

+++++

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ်ကြ၏။

ထိုနေ့တွင် လောကချမ်းသာဆရာတော်မှာ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့အတွက် အပြင်သို့ ကြွရောက်ရရာ အနည်းငယ် ပင်ပန်းနေသဖြင့် ၅-မိနစ်တရား မဟောကြားနိုင်ပေ။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဂါထာ ၃၂ - နိဂမဝါသီတိဿမထေရ်အကြောင်း ဟောကြား သင်ပြ၏။

+++++

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ဝီထိမုတ် (ဘုံပိုင်း) သင်ခန်းစာများကို ရှင်းပြ သင်ကြားပေး၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် သင်တန်းသား အများစုမှာ အကြောင်းကိစ္စ အသီးသီး ရှိနေကြ၍ လောကချမ်းသာ ဆည်းဆာတရားပွဲကို မပြုလုပ်ဖြစ်တော့ပါ။

Thursday, October 11, 2012

ပုဂ္ဂိုလ်စွဲကြည်ညိုမှု သတိပြု - လောကချမ်းသာဆရာတော်

ပုဂ္ဂိုလ်စွဲကြည်ညိုသူသည် အထူးအားဖြင့် မိမိ၏ဆရာသမားကို ပုဂ္ဂိုလ်စွဲ ကြည်ညိုတတ်၏။

ကိုယ့်ဆရာမှ ကိုယ့်ဆရာ၊ အခြားဆရာသမားများကို အထင်မကြီးတတ်။ ထိုသူမျိုးမှာ ပညာအသိဉာဏ် တိုးတက်မှု ပိတ်နေတတ်တော့၏။ ကုသိုလ်ရဖို့အခွင့်လည်း နည်းပါးတတ်၏။

အသိဉာဏ်ပညာ ပြည့်စုံသည့် တစ်ဦးတည်းသော ဆရာမှာ မြတ်စွာဘုရားသာ ရှိ၏။

အခြား ဆရာသမားများသည် တစ်ခုကောင်း နှစ်ခုကောင်းလောက်သာ တော်နိုင်၏။ အဖက်ဖက်မှ မပြည့်စုံနိုင်ပါ။ ထို့ကြောင့် ဆရာစွဲကြီးလျှင် အသိဉာဏ်တိုးတက်ရေးကို အားနည်းစေမှာ အမှန်ပင် ဖြစ်၏။

မိမိသည် ငယ်စဉ်က ဆရာစွဲကြီးခဲ့သူတစ်ဦး ဖြစ်၏။ စာသင်တိုက်ကြီးတစ်တိုက်မှာ စာသင်သားလေးဘဝ၊ တိုက်အုပ်ဆရာတော်ထံမှာ အခြေခံပါဠိစာပေများကို စပြီး သင်ရ၏။ `တို့ရဲ့ဆရာတော်က လောကီလောကုတ္တရာပညာအရာမှာ နိုးတူး၊ နှစ်ပါးမရှိဘူး´ဟု အလွန် အထင်ကြီး၏။ ဆရာတော်အနေဖြင့်လည်း တိုက်တွင်းမှာတော့ ပညာအတော်ဆုံး ဆရာတော် ဖြစ်၏။ အခြား စာချဆရာတော်များ၏ ဆရာလည်း ဖြစ်၏။

မိမိ၏ ပညာသင်မှုသည် ဤတိုက်မှာပင် ရပ်နားခဲ့၏။ အခြားကျောင်းတိုက်များမှာ ဆက်လက်ပြီး ပညာမဆည်းပူးဖြစ်တော့ပါ။ တစ်တိုက်တည်းမှ ရသော အသိပညာဖြင့်သာ တင်းတိမ်ခဲ့ခြင်း ဖြစ်၏။

မိမိ၏မိတ်ဆွေ အရှင်ကုဏ္ဍလသည် သူ၏ဆရာတော်မှ စာဝါကြီးတွေကို သင်ယူရန် စေလွှတ်ခဲ့သဖြင့် ပခုက္ကျြူမို့၊ မဟာဝိသုတာရာမတိုက်ကြီးကို ပြောင်းရွှေ့သွားခဲ့၏။

သူနှင့်တွေ့သောအခါမှာ ပခုက္ကူမှာ စာဝါကြီးတွေကို ဆက်လက် သင်ယူမှသာ ပိဋကတ်အသိဉာဏ်တွေ ပိုပြီး တိုးတက်မည်ဟု စေတနာဖြင့် ပြောပြ၏။

ကိုယ့်ဆရာတော်နားမှ မခွာနိုင်ခဲ့သဖြင့် ပိဋကတ်စာပေဗဟုသုတဘက်မှာ သူ့လို အားမကောင်းခဲ့ပါ။ ဒါကတော့ ကိုယ်တွေ့ ဆရာစွဲအမှားလို့ ဆိုရမည် ထင်၏။

ဆရာစွဲအားကြီးသူတွေကို မကြာခဏ တွေ့ရ၏။ အထူးအားဖြင့် တရားသမားတွေထဲက ဖြစ်၏။ ကိုယ့်ဆရာကို ရဟန္တာဟု ထင်ပြီး အခြားကမ္မဋ္ဌာန်းဆရာတော်ကြီးများကိုပင် မလေးမစား ဖြစ်လာတတ်၏။ သူ့ဆရာ၏ ဟာကွက် ပျော့ကွက်များကို ထောက်ပြလျှင် လုံးဝ လက်မခံနိုင်။ `အခြား ကမ္မဋ္ဌာန်းဆရာများ၏ အတုယူစရာများကို ဆွေးနွေးလျှင်လည်း သူ့ဆရာရဲ့တရားမှတပါး မည်သူ့တရားမှ မနာဘူး´ဟု ပုတ်ထုတ်တော့၏။ တခါတရံ စိတ်ပင် ဆိုးလာတတ်၏။

ပုဂ္ဂိုလ်စွဲကြီးသူများ သတိထားရန် မြတ်စွာဘုရားသည် အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်တွင် ဆုံးမတော်မူထား၏။

၂၅၀။ တစ်ပါးပါးသော ပုဂ္ဂိုလ်အပေါ်၌ ပုဂ္ဂိုလ်စွဲဖြင့် ကြည်ညိုသူမှာ အပြစ်ငါးပါး ဖြစ်နိုင်၏။ အပြစ်ငါးပါးကား -

(၁) မိမိကြည်ညိုသောပုဂ္ဂိုလ်ကို အပြစ်ရှိ၍ သံဃာက နှင်ထုတ်လျှင် သံဃာအပေါ်၌ မကြည်ညိုမှု ဖြစ်၍ တစ်ပါးသော ရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။

(၂) မိမိကြည်ညိုသောပုဂ္ဂိုလ်ကို အပြစ်ရှိ၍ သံဃာက အစွန်အဖျား၌ ထိုင်ရန် နေရာပေးထားလျှင် ထိုသံဃာအပေါ်၌ မကြည်ညိုမှုဖြစ်၍ တပါးသော ရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။

(၃) မိမိကြည်ညိုသောပုဂ္ဂိုလ် အရပ်တပါးသို့ ထွက်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။

(၄) မိမိကြည်ညိုသောပုဂ္ဂိုလ် လူထွက်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း။

(၅) မိမိကြည်ညိုသောပုဂ္ဂိုလ် ကွယ်လွန်သွားလျှင် တပါးသောရဟန်းတို့ကို မဆည်းကပ်သဖြင့် သူတော်ကောင်းတရားမှ ဆုတ်ယုတ်ခြင်း ဖြစ်၏ဟု ဟောကြားပါသည်။

ဆရာတစ်ဦးတည်း၊ ပုဂ္ဂိုလ်စွဲ၊ အမြဲမထားရာ။

အပြစ်ငါးပါး၊ မြတ်ဘုရား၊ ဟောကြားတော်မူပါ။

သာသနာပြုစိတ်ဓာတ် သာသနာပြုအရည်အချင်း - လောကချမ်းသာဆရာတော်

သာသနာပြုစိတ်ဓာတ်

သာသနာပြုစိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။

ဗုဒ္ဓသာသနာတော် ကြီးပွားတိုးတက်ရန်အတွက် သာသနာပြုစိတ်ဓာတ်ထက်သန်သည့် ဗုဒ္ဓဘာသာဝင်များအပေါ်မှာ များစွာ မူတည်ပါတယ်။ သာသနာပြုစိတ်ဓာတ်ရှိဖို့ကလည်း မိမိဘာသာ၏ အနှစ်သာရများကို ကောင်းစွာ သိနားလည်မှုအပေါ်မှာ မူတည်ပြန်ပါတယ်။

ဤသို့ သိဖို့ရန် ဗုဒ္ဓ၏ အဆို အဆုံးအမ တရားတော်များကို စာတွေ့လက်တွေ့အားဖြင့် လေ့လာလိုက်စားဖို့ လိုပါတယ်။

ဘာသာတရား တတ်သိနားလည်သူ ပညာရှိများထံမှာ ဆည်းကပ်ပြီး ဆွေးနွေး မေးမြန်း၍ ဘာသာရေးစာပေများကို ဖတ်ရှု လေ့လာရမှာ ဖြစ်ပါတယ်။

မိမိသည် သာသနာပြုစိတ်ဓာတ်မျိုးစေ့ကို အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အနာဂတ်သာသနာရေး၊ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ဘာသာသွေး စာအုပ်များကို ဖတ်ရှုရာမှ ရရှိခဲ့ပါတယ်။ ယင်းစာအုပ်များကို ဖတ်ရှုခြင်းဖြင့် ဘာသာရေးအသိဉာဏ်များ တိုးတက်နိုင်သည့်အပြင် ဗုဒ္ဓသာသနာပြုစိတ်ဓာတ်များလည်း တိုးတက် ဖြစ်ပေါ်နိုင်ပါတယ်။

သာသနာပြုစိတ်ဓာတ်ရှိလျှင် ကိုယ်ကျိုးကို မငဲ့ဘဲ သာသနာတော်အကျိုးကိုသာ ရှေ့တန်းတင် အနစ်နာခံ၍ စွန့်စွန့်စားစား သာသနာပြုပါတယ်။

မိမိကိုယ်ကို အရင်သာသနာပြုပြီးမှ သူတပါးအား သာသနာပြုရမည်ဟူသော မြတ်စွာဘုရား ဆုံးမထားချက်ကိုလည်း လေးစားလိုက်နာရပါမယ်။

``အတ္တာနမေဝ ပဌမံ၊ ပဋိရူပေ နိဝေသယေ

အထည မနုသာသေယျ၊ န ကိလမသေယျ ပဏ္ဍိတော။´´

အတ္တာနမေဝ - သူတပါးအား၊ ညွှန်ကြားပြောလို၊ မိမိကိုယ်ကိုသာလျှင်။

ပဌမံ - သူတပါးအား၊ မညွှန်ကြားခင်၊ ကြိုတင်လျက်သာ၊ ရှေ့ဦးစွာ။

ပတိရူပေ - သင့်တော်လျောက်ပတ်၊ ညွှန်ကြားလိုသော ဂုဏ်ကျင့်ဝတ်၌။

နိဝေသယေ - သွင်းထားကောင်းစွာ၊ တည်နေစေရာ၏။

အထ - ကိုယ်ကလောက်လုံ၊ ဂုဏ်ပြည့်စုံမှ၊ နောက်ကာလ၌၊

အညံ - ကိုယ်ညွှန်ကြားလို၊ တပါးသောပုဂ္ဂိုလ်ကို။

အနုသာသေယျ - ကိုယ်ကကျင့်ထား၊ အကျင့်များဖြင့်၊ သနားငဲ့ညှာ၊ ညွှန်ကြားဆုံးမရာ၏။

ပဏ္ဍိတော - သာသနာတော်အရေး၊ လောကရေးကို၊ မြော်တွေးမြင်သိ၊ ပညာရှိသည်။

န ကိလမသေယျ - သူကဲ့ရဲ့ခြင်း၊ လွတ်ကင်းရှင်း၍၊ စိတ်တွင်အထူး၊ မညစ်ညူး မပင်ပန်းရတော့ပေ။

+++++

သာသနာပြုအရည်အချင်း

သာသနာပြုပုဂ္ဂိုလ်သည် အရာရာမှာ ခေါင်းဆောင်ပြီး ပြုလုပ်ရသောကြောင့် လိုအပ်သည့် အရည်အချင်းများနှင့် ပြည့်စုံရပါမည်။

သို့မှသာ အောင်မြင်စွာ သာသနာပြုနိုင်ပါမည်။

ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်းရန်အတွက် အရည်အချင်းရှိသည့် သာသနာပြုပုဂ္ဂိုလ်တွေ များစွာ လိုအပ်လှပါသည်။

သာသနာပြုအရည်အချင်းတွေကတော့ များစွာ ရှိပါသည်။ သို့သော် အဓိကဖြစ်သော အရည်အချင်းနှင့်ပြည့်စုံလျှင် သာသနာပြုနိုင်ပါပြီ။ အဓိကရှိအပ်သော အရည်အချင်းတစ်ခုကတော့ ကာလ ဒေသ ပုဂ္ဂလကို ကြည့်၍ သင့်တော်သည့်တရားကို ဟောပြောတတ်ရပါမည်။

တရားဟောရာမှာလည်း ပရိသတ်နားလည်အောင် ဟောပြောနိုင်ဖို့ စေတနာဖြင့် ဟောဖို့ အရေးကြီးပါသည်။

အသံသြဇာနှင့်ပြည့်စုံလျှင် ပိုပြီး အောင်မြင်နိုင်ပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားများကို ယနေ့အထိ ရဟန်းရှင်လူတွေ စိတ်ဝင်တစား နာယူနေကြခြင်းသည် တရားကို မေတ္တာ ကရုဏာကြီးမားစွာဖြင့် နားလည်အောင် ဟောပြောသောကြောင့် ဖြစ်ပါသည်။

ပရိသတ်အပေါ်မှာ သိနားလည်စေလိုသော မေတ္တာစိတ်သည် တရားဟောရာ၌ အောင်မြင်ခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရားပြခြင်းသည်လည်း သာသနာပြုတာပါပဲ။

တရားပြပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းဆရာ အရည်အချင်းနှင့် ပြည့်စုံရပါမည်။ တရားအပေါ်၌ စိတ်ကျေနပ်သည်အထိ တရားအားထုတ်ထားရပါမည်။ ယောဂီများအား တရားစစ်မှု တရားဟောမှုမှာ စွမ်းနိုင်ရမည်၊ စေတနာပါရမည်။

ဘုရားတည်တဲ့ ဘုန်းကြီးမှ သာသနာပြုဘုန်းကြီးဟု အများက နားလည်နေကြသည်။ ကျေးရွာကျောင်းထိုင်ဘုန်းကြီးများလည်း သာသနာပြုဘုန်းကြီးများပါပဲ။ သာသနာ အရှည်တည်တန့် စည်ပင်ရန်မှာ ကျေးရွာဘုန်းတော်ကြီးများအပေါ်၌ များစွာ တည်နေပါသည်။ သာသနာ့ဘောင်မှာ စားလိုက် အိပ်လိုက် ထီးထမ်းလမ်းလျှောက်လုပ်နေသော ရဟန်းတော်များအား ဘုရားချီးမွမ်းတော်မမူပါ။ စာပေကျမ်းဂန်ကို တတ်သိ ကျွမ်းကျင်အောင် မိမိကိုယ်တိုင် သင်ယူခြင်း၊ သူတပါးအား သင်ကြား ပို့ချပေးခြင်း၊ တရားဘာဝနာ ကျင့်ကြံခြင်းအလုပ် အားထုတ်သည့် ရဟန်းသည် ဘုရားလည်း ချီးမွမ်း၊ လူအများလည်း ကြည်ညိုကြ၍ သာသနာပြုပုဂ္ဂိုလ်အစစ် ဖြစ်ပါသည်။

သာသနာ့ဝန်ထမ်း၊ မြတ်ရဟန်း၊ ကြိုးပမ်း သာသနာပြုရမည်။

စေတနာထား၊ မေတ္တာပွား၊ တရားဟောရမည်။

Tuesday, October 2, 2012

ပညာဘူမိ၊ အညတရဘိက္ခုဝတ္ထုနှင့် ဘုံပိုင်း

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်နာရီ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ်ရာ လောကချမ်းသာငါးမိနစ်တရားအဖြစ် လောကချမ်းသာဆရာတော်က ပညာဘူမိရောက်အောင် ကြိုးစား အားထုတ်ကြရန် မိန့်ကြား၏။

+++++

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ၊ ဓမ္မပဒသင်တန်းတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အပ္ပမာဒဝဂ်၊ ဂါထာ (၃၁) အညတရဘိက္ခုဝတ္ထုအကြောင်း သင်ကြားပေး၏။

+++++

ညနေ ၄ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဘုံပိုင်း (ဝီထိမုတ်ပိုင်း)ကို ရှင်းပြ သင်ကြားပေး၏။

+++++

ယခုအပတ်တွင် သင်တန်းသား သင်တန်းသူ အချို့မှာ နံနက်စောစောပိုင်းမှ စ၍ အိမ်မှ ထွက်လာခဲ့ကြရာ ပင်ပန်းနေကြသဖြင့် လောကချမ်းသာ ဆည်းဆာတရားပွဲ မပြုလုပ်ဖြစ်ပေ။

Monday, October 1, 2012

`မျက်စောင်းလည်း မထိုးနဲ့၊ မျက်စလည်း မပစ်နဲ့´ - ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မင်္ဂလာတိုက် မိုးကုတ်ဝိပဿနာရိပ်သာနှင့် ဗုဒ္ဓသာသနအကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလဖောင်ဒေးရှင်း၏ ဦးစီးနာယကဖြစ်သော ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)သည် အမေရိကန် အရှေ့ပိုင်းသို့ ရောက်ရှိခိုက် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁-ရက် သောကြာနေ့ ညနေ၌ `မျက်စောင်းလည်း မထိုးနဲ့၊ မျက်စလည်း မပစ်နဲ့´တရားတော်ကို ဓမ္မဒါနပြု ဟောကြားခဲ့၏။