Friday, March 25, 2011

အခွင့်ခါကောင်း၌ အရေးကြီးဆုံး အလုပ်

မြတ်စွာဘုရား၏ သာသနာတော်၌ တွေ့ကြုံနေရတဲ့အခါမှာ အရေးအကြီးဆုံး လုပ်ငန်းက မိမိတို့သန္တာန်မှာ ‘သီလ’, ‘သမာဓိ’, ‘ပညာ’ ဆိုတဲ့ ဒီအကျင့်သုံးခု ပြည့်စုံအောင် အားထုတ်ဖို့ဟာ အရေးကြီးဆုံးပဲ။

သီလလည်း ပြည့်စုံရမယ်။
သမာဓိလည်း ပြည့်စုံရမယ်။
ပညာလည်း ပြည့်စုံရမယ်။

‘သီလ’ဆိုတာ ဘာလဲဆိုလို့ရှိရင် လူများမှာ အောက်ထစ်ဆုံးအားဖြင့် ‘ငါးပါးသီလ’ (အာဇီဝဋ္ဌမကသီလ) ပြည့်စုံရမယ်။
ရဟန်းများမှာတော့ ပါတိမောက်သီလ ပြည့်စုံရမယ်။
ဒီသီလ ပြည့်စုံတယ်ဆိုရင် လူ့ဘဝ နတ်ဘဝ ကောင်းရာဘဝတွေ ရောက်ပြီးတော့ ကောင်းစား ချမ်းသာသွားနိုင်တယ်။

ဒါပေမယ့် ဒီလောကီသီလလောက်နဲ့တော့ အပါယ်ဘေးက လုံးဝလွတ်ပြီလို့ စိတ်မချရသေးဘူး။

ဒါကြောင့် လောကုတ္တရာသီလနဲ့လည်း ပြည့်စုံအောင် အားထုတ်ရမယ်။
‘လောကုတ္တရာသီလ’ဆိုတာ မဂ်သီလ, ဖိုလ်သီလပဲ။
ဒီ မဂ်သီလ, ဖိုလ်သီလနဲ့ ပြည့်စုံသွားရင်တော့ အပါယ်လေးပါးကို ဘယ်တော့မှ မကျတော့ဘူး။
လူ့ဘဝ နတ်ဘဝဆိုတဲ့ ဘဝကောင်းတွေမှာချည်း ဖြစ်ပြီး အစဉ် ထာဝရ ကောင်းစား ချမ်းသာသွားတော့တာပဲ။

ဒါကြောင့် မိမိတို့သန္တာန်မှာ အဲဒီ မဂ်သီလ, ဖိုလ်သီလတွေနဲ့ ပြည့်စုံအောင် အားထုတ်ကြရမယ်။
တကယ်တမ်း အားထုတ်ရင် ပြည့်စုံလည်း ပြည့်စုံနိုင်ပါတယ်။
ဒီလို အခါကောင်းကြီးထဲမှာ အားမထုတ်မိဘဲ အဲဒီ မဂ်ဖိုလ်သီလထူးတွေနဲ့ လွဲသွားရမယ်ဆိုရင် အများကြီးပဲ ဝမ်းနည်းစရာ ကောင်းတယ်။
အကုသိုလ်ကံတွေက အခွင့်ရတိုင်း အကျိုးပေးပြီး အပါယ်လေးပါးကို ပစ်ချလိမ့်ဦးမယ်။
ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံတွေကို ရောက်ရောက်ပြီးတော့ အနှစ်သိန်းပေါင်းများစွာ သန်းပေါင်းများစွာ ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံခံစားသွားရလိမ့်ဦးမယ်။

ဒါကြောင့် ယခုလို ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေရတဲ့အခါဟာ အဲဒီ လောကုတ္တရာ မဂ်ဖိုလ်သီလနဲ့ ပြည့်စုံအောင် အားထုတ်ဖို့ အချိန်ပဲ။

ပြီးတော့ ဒီ ‘မဂ်ဖိုလ်သီလ’ဆိုတာကလည်း သူ့ချည်းသက်သက် အားထုတ်လို့ဖြစ်တာ မဟုတ်ဘူး။
သမာဓိကိုလည်း အားထုတ်ရသေးတယ်။

‘သမာဓိ’ဆိုတာက ဘာလဲဆိုလို့ရှိရင် စိတ်တည်ကြည်မှု၊ စိတ်ငြိမ်သက်မှုပါပဲ။
ပကတိစိတ်တွေက သွားချင်တိုင်း သွားနေတယ်။ ထိန်းထားလို့ကို မရနိုင်ဘူး။
သူ့ဟာသူ သွားချင်ရာ သွား၊ ရောက်ချင်ရာ ရောက်၊ စိတ်ကူးချင်ရာ ကူးနေတယ်။
အဲဒီလို စိတ်ကလေးတွေ သွားချင်တိုင်း မသွားနိုင်အောင် သမာဓိအာရုံတစ်ခုခုကို စူးစိုက်ပြီး အဖန်ဖန် နှလုံးသွင်းနေရမယ်။
ဒီလို နှလုံးသွင်းဖန်များတော့ စိတ်ကလေးက ကိုယ်နှလုံးသွင်းတဲ့ အာရုံထဲမှာသာ ငြိမ်ဝပ် ရပ်တည်နေပြီး နေတယ်။
အဲဒါဟာ သမာဓိပဲ။

ဒီသမာဓိကလည်း လောကီနဲ့ လောကုတ္တရာ နှစ်မျိုး ရှိတယ်။
ဒီနှစ်မျိုးထဲမှာ သမထဘာဝနာကို အားထုတ်ရင် ‘ရူပဈာန်, အရူပဈာန်’ဆိုတဲ့ လောကီဈာန် သမာဓိတွေကို ရသွားနိုင်တယ်။
ဒီဈာန်သမာဓိတွေနဲ့ ပြည့်စုံရင် အင်မတန် အသက်တမ်းရှည်တဲ့ ဗြဟ္မာ့ဘုံတွေကို ရောက်သွားနိုင်တယ်။
အဲဒီမှာ ရောက်ပြီးတော့ တစ်ကမ္ဘာ, နှစ်ကမ္ဘာ, လေးကမ္ဘာ, ရှစ်ကမ္ဘာ စသည်ဖြင့် ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အသက်ရှည်ပြီး တည်နေနိုင်တယ်။
ဒါပေမယ့် အသက်တမ်းကုန်တဲ့အခါကျတော့ အဲဒီဗြဟ္မာ့ဘဝက သေရပြန်တာပဲ။
သေပြီးတော့ လူ့ပြည် နတ်ပြည်ကို ပြန်ရောက်လာတယ်။
ဒီလို ရောက်လာတဲ့အခါမှာလည်း ကောင်းကောင်းမွန်မွန်ချည်း နေသွားမယ်ဆိုရင်တော့ ဘဝကောင်းတွေချည်း ဖြစ်သွားဖို့ပါပဲ။
ဒါပေမယ့် ကိလေသာက မကင်းသေးတော့ မကောင်းမှုကိုလည်း သူပြုမိဦးမှာပဲ။
ဒီတော့ အဲဒီမကောင်းမှုက အကျိုးပေးပြီး အပါယ်လေးပါးသို့လည်း ကျရောက်သွားနိုင်သေးတာပဲ။
ဒါကြောင့် ဒီလောကီ သမာဓိလောက်နဲ့ စိတ်မချရသေးဘူး။
လောကုတ္တရာသမာဓိနဲ့လည်း ပြည့်စုံအောင် အားထုတ်ရဦးမယ်။

‘လောကုတ္တရာသမာဓိ’ဆိုတာ မဂ်သမာဓိ, ဖိုလ်သမာဓိပဲ။
ဒီသမာဓိကလည်း ‘ပညာ’ပါ ပြည့်စုံမှ သူကလည်း ပြည့်စုံတာ။
ဒါကြောင့် ပညာကိုလည်း ပြည့်စုံအောင် အားထုတ်ရသေးတယ်။

ဒီပညာကလည်း လောကီနဲ့ လောကုတ္တရာ နှစ်မျိုး ရှိတာပဲ။
ယခုကာလမှာ လက်မှုပညာ, နှုတ်မှုပညာ အစရှိတဲ့ လောကရေးရာ အသိအလိမ္မာပညာတွေကိုလည်း လောကီပညာလို့ပဲ ခေါ်နေရတယ်။

ဒါပေမယ့် ဒီပညာမျိုးတွေကတော့ ဘာဝနာနဲ့လည်း မဆိုင်ဘူး။
ကုသိုလ်တရားရယ်လို့လည်း မုချ ကိန်းသေ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုရင်တော့ ယခု သတ္တဝါတွေ အမြောက်အမြား သေကြေ ပျက်စီးအောင် လုပ်နေကြတာဟာ ဒီပညာတွေနဲ့ လုပ်နေကြတာပဲ။
လောဘ ဒေါသ အကုသိုလ်တွေနဲ့ လုပ်နေကြတာပဲ။

‘ပညာအစစ်’ဆိုတာကတော့ အကုသိုလ်ရယ်လို့ မရှိဘူး။ ကုသိုလ်ချည်းပဲ။

ဒါကြောင့် ‘လောကီပညာအစစ်’ဆိုတာကတော့ သတ္တဝါအများ ကောင်းစား ချမ်းသာရေးကို ကြံစည် သိမြင်တာရယ်၊ တရားကျမ်းဂန်အရာတို့မှာ သဘာဝကျကျ သိမြင်တာရယ်၊ ဝိပဿနာပညာရယ်၊ ဒီ သုတမယ, စိန္တာမယ, ဘာဝနာမယ အသိဉာဏ်ပညာတွေဟာ လောကီပညာအစစ်တွေပဲ။
ဒီလောကီပညာတွေနဲ့ ပြည့်စုံရင်လည်း ကုသိုလ်တွေ ဖြစ်ပွားပြီး ကောင်းစား ချမ်းသာသွားနိုင်တယ်။
ဒါပေမယ့် ဒီလောကီပညာလောက်နဲ့လည်း အပါယ်လေးပါးကတော့ လုံးဝလွတ်ပြီလို့ မဆိုနိုင်သေးဘူး။
ဒါကြောင့် အပါယ်ဘေးက လုံးဝ လွတ်မြောက်ချင်ရင် ‘လောကုတ္တရာပညာ’နဲ့လည်း ပြည့်စုံအောင် အားထုတ်ရဦးမယ်။

‘လောကုတ္တရာပညာ’ဆိုတာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ပဲ။
ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ရအောင် ဘာကို အားထုတ်ရမလဲဆိုလို့ရှိရင် သီလ, သမာဓိ, ပညာဆိုတဲ့ ဒီအကျင့်သုံးမျိုးထဲမှာ ပညာအကျင့်ဆိုတဲ့ ဝိပဿနာဘာဝနာကို အားထုတ်ရမယ်။
ဒီပညာဘာဝနာက ပြည့်စုံသွားရင်တော့ သီလရော၊ သမာဓိရော၊ ပညာရော အကုန်လုံး တပါတည်း ပြည့်စုံသွားတော့တာပဲ။

ဒီပညာဘာဝနာက ဘယ်လိုအားထုတ်ရတာလဲ ဆိုလို့ရှိရင် မိမိသန္တာန်မှာ ထင်ရှားရှိတဲ့ ရုပ်တရား, နာမ်တရားတွေကို အမှန်အတိုင်း သိအောင် ခွဲစိတ်ပြီး ရှုရတာပါပဲ။

+++++
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိပဿနာအလုပ်ပေးတရားတော်” မှ

No comments: