အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဝေယျာဝစ္စအဖွဲ့ကို ဦးဆောင်သူ ဒေါ်လော်ရင်းချင်းနှင့် အဖွဲ့က မတ်လ ၄ ရက် သောကြာနေ့ ညနေ အလုပ်ပြီးချိန်မှ စ၍ လောကချမ်းသာဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ထမနဲထိုးရန်အတွက် ကောက်ညှင်းဆန်များ ရေစိမ်ခြင်း၊ အုန်းသီးများ ခွဲ၍ လှီးခြင်း၊ ဂျင်းများ လှီးခြင်း စသော ကြိုတင် ပြင်ဆင်စရာရှိသည်များကို ပြုလုပ် ဆောင်ရွက်ထားကြ၏။
ဖီလာဒဲလ်ဖီးယားမှ ကိုဇော်ဦး၊ ကိုနေလင်း၊ ကိုထွန်းထွန်းဝင်းတို့လည်း သောကြာနေ့ညမှာပင် ရောက်ရှိလာကြပြီး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြ၏။
ထမနဲပွဲအလှူရှင်များဖြစ်ကြသော ဒေါ်ပြုံးပြုံးရည်နှင့် မိတ်ဆွေအချို့လည်း သောကြာနေ့ အလုပ်အပြီး လာရောက် ကူညီကြသေး၏။
ထိုကဲ့သို့ သောကြာနေ့ညကတည်းက ကြိုတင် ပြင်ဆင်ထားသဖြင့် မတ်လ ၅ ရက် စနေနေ့တွင် နေ့လယ် ၁၂ နာရီခွဲလောက်မှ စ၍ ထမနဲထိုးပွဲ ဆင်နွှဲနိုင်ကြ၏။
အေဘီဘီအေအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက လုပ်အားပေးမည့်သူများအတွက် နေ့လယ်စာအဖြစ် လှူဒါန်းသော ဆိတ်သားနှင့်ပဲဟင်း၊ ဝက်ခေါင်းသုပ်တို့မှာ အစပ်အဟပ်တည့်လှပြီး ထမနဲထိုးရန် အားအင်တိုးစေ၏။
ဒေါက်တာချိုညွန့်ဝေ၊ ဒေါက်တာဦးသိန်းကြည်၊ ဒေါက်တာသန်းသန်းဌေးတို့၏ ဒိန်ချဉ်မွှေးကလည်း လုပ်အားပေးများကို အမောပြေစေ၏။
ထမနဲထိုးပွဲသို့ အလှူရှင် မြန်မာဇာတိနွယ် ကုလသမဂ္ဂဝန်ထမ်းများ၊ မြန်မာလူမှုရေးအဖွဲ့(နယူးယောက်)သူ အဖွဲ့သားများ၊ မြန်မာဆရာဝန်များ၊ နှစ်စဉ် လာရောက် ထမနဲထိုးလေ့ရှိသူများ လာရောက် ပါဝင်ဆင်နွှဲကြရာ စုပေါင်းဆောင်ရွက်ရသော၊ ရိုးရာ ယဉ်ကျေးမှု အနှစ်သာရရှိသော ပျော်ရွှင်ဖွယ် ပွဲကလေးတစ်ခု ဖြစ်လေသည်။
+++++
မတ်လ ၆ ရက် တနင်္ဂနွေနေ့တွင် မြတ်စွာဘုရားအား ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြပြီး၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ကြွရောက်လာကြသော ပရိသတ်များအားလည်း အာပူလျှာပူ၊ ထမနဲ၊ မြန်မာလက်ဖက်ရည်တို့ဖြင့် ကျွေးမွေး ဧည့်ခံကြသည်။
မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား ချီးမြှင့်ပြီး၊ ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချအစီအစဉ်ကို ဆောင်ရွက်ပေးကာ ကောင်းမှု ကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။
သာဓု ... သာဓု ... သာဓု။
+++++
ထမင်းနှဲ ..... ထမနဲ ..... ယာဂု ..... နှမ်းမနဲ
ထမင်းနှဲသည် ကောက်ညှင်းနှင့် စီမံ ပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုး ဖြစ်သည်။
ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ‘ထမင်းနှဲ’ဟု ခေါ်သည်။
ယင်းကို အရပ်ဒေသလိုက်၍ ‘ယာဂု’ဟုလည်း ခေါ်သည်။
‘ယာဂု’မှာ ပါဠိစကားဖြစ်၍ မြန်မာလို ‘ဆန်ပြုတ်’ဟု အဓိပ္ပာယ်ရသည်။
ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင် ထည့်ရသောကြောင့် ‘နှမ်းမနဲ’ဟုလည်း ခေါ်ကြသည်။
ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်တောရွာများအထိ ထမင်းနှဲထိုးပွဲများ ဆင်ယင် ကျင်းပကြသည်။
ဆယ့်နှစ်ရာသီပွဲတော်များအနက် တစ်ပွဲ အပါအဝင်ဖြစ်သော ယင်းပွဲတော်ကို တပို့တွဲလဆန်းမှ စ၍ လပြည့်နေ့အထိသော ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့အရွာရွာတွင် ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။
ထို့ကြောင့် -
“တပို့တွဲလ၊ ကုံသို့ကျ၊ မာဃ ထွန်းစမြဲ၊
ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ”ဟု စပ်ဆိုကြသည်။
ထည့်သောပစ္စည်းများ အချိန်အဆ မှန်၍ အထိုးနိုင်က ထမင်းနှဲသည် အလွန်စားကောင်းရုံမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။
ထမင်းနှဲထိုးသည့်အခါ ထည့်သည့် အချိန်အဆများကို အောက်ပါ တေးထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။
“ကုံရာသီ မာသ
သဘာဝ ရွှင်စွာ
ထာဝရ စဉ်လာ
များသူ,ငါ ခြိမ့်သဲ
ညာဇမ္ဗု သာဓုခေါ်အောင်
ယာဂုတော် ကြိုဆောင်သည့် ပွဲ။
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာ ထည့်မြဲ
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့
နှမ်းဆီလဲ ထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသတိလ ဗီဇံ
အုန်းသီးစိပ် ကျပ်ဝီသံငယ်
လောနတံ ချိန်သတ်နှင့်
ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ
နည်းစဉ်ဆက် သမုဆွေငယ်
ဥပဒေ မော်ကွန်းပလေး။
အထက်ပါ တေးထပ်အရ ထမင်းနှဲထိုးလိုမူ -
ကောက်ညှင်းဆန် လေးပြည်ကို ရေစင်အောင် ဆေး၍ ဆီတစ်ပိဿာကို ဒယ်တွင် ထည့်ကာ ဂျင်းသုံးကျပ်သားနှင့် ဆီသတ်၍ ကောက်ညှင်းထည့် နှပ်ရသည်။
ကောက်ညှင်းနပ်၍ ဆီပြန်သော် ဖိုမှ ချ၍ နှဲရသည်။
ယင်းသို့ နှဲရာတွင် ယောက်မနှစ်လက်နှင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိပ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား နှံ့အောင် ထည့်၍ မွှေလျှင် ထမင်းနှဲ ဖြစ်သည်။
ထမင်းနှဲသည် အပူစာချည်း ပါ၍ ဆီနိုင်သော အစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတွင် ထိုးပွဲကျင်းပ၍ စားကြသည်ဟု ဆိုကြသည်။
အလွန်အေး၍ အဆီခြောက်ခန်းချိန် ဖြစ်သဖြင့် ဆီနိုင်သော ဤထမင်းနှဲကို စားသုံးလျှင် စိုပြေလာ၍ အပူဓာတ်ရလာသည်ဟု အယူရှိကြသည်။
မဟာနရီကွန်ချာဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမင်းနှဲစားသင့်သည်ဟု လာသည်။
(မြန်မာစွယ်စုံကျမ်း)
No comments:
Post a Comment