Saturday, December 31, 2011

Happy New Year - အရှင်စက္ကိန္ဒ

မကြာမီ နှစ်ဟောင်းကုန်ပျောက်၍ နှစ်သစ်ရောက်လာပေတော့မည်။
နှစ်သစ်ကို ကြိုဆိုဖို့ ဟန်ရေးတပြပြ အစီအစဉ်တွေ ချနေကြသူများ၊ Happy New Year ဟူ၍ နှုတ်ဆက်သံများ ကျယ်လောင်စွာ ကြားနေရသည်။

အသစ်အသစ်ကို အမြတ်တနိုး ကြိုဆိုကြတာဟာ လောကသဘာဝပါ။
အဟောင်းရဲ့ အဆုံးဟာ အသစ်၊
အသစ်ရဲ့ အဆုံးဟာ အဟောင်း။
အဟောင်း အသစ်၊ အသစ် အဟောင်းဟာ ဆက်စပ်နေတာပါ။
သူတို့နှစ်ခု တစ်ခုခုကို ဖယ်ထုတ်ပစ်လို့ မရပါ။

အသစ်ကို ကြိုဆိုရင်း အဟောင်းကို ပြန်လည် သုံးသပ်ကြရပါတယ်။
`ရှေ့တစ်ခေါ် မျှော်ကြည့်၊ နောက်တစ်လံ ပြန်ကြည့်´ ဆိုတဲ့ စကားပုံဟာ ရှေ့နောက်မြော်မြင် သမ္ပဇဉ်ဖြင့် ဉာဏ်ယှဉ်ကာ သုံးသပ်တတ်ဖို့ လိုကြောင်း ဆိုလိုပါတယ်။
အဟောင်းထဲက အကောင်းတွေ၊ အဟောင်းထဲက အနှစ်တွေ ယူရသလို၊
အဟောင်းထဲက အရှူံးတွေ အမုန်းတွေကိုလည်း ချေဖျက်ကာ သင်ခန်းစာ ယူတတ်ကြဖို့ လိုပါတယ်။

နှစ်သစ် ကမ္ဘာသစ် ဘ၀သစ် အသစ်အသစ်ဆီကို လျှောက်လှမ်းကြမည့် သူတိုင်းဟာ အဟောင်းထဲက သင်ခန်းစာမယူ မဆင်မခြင် မပြုမပြင်ဘဲ လျှောက်လှမ်းကြမည်ဆိုလျှင် တစ်စပ်တည်း တွဲစပ်နေတဲ့ နှစ်ဟောင်းက မကောင်းတဲ့ အမူအကျင့် အဖြစ်သနစ်တွေ တစ်စပ်တည်း တစ်ထပ်တည်း ပြန်ပါလာပါက ဒီပုတ်ထဲက ဒီပဲတွေပဲ ဖြစ်နေဦးမှာပါ။
Happy New Year ဖြစ်ဖို့ လိုအပ်သလို Happy Life ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ပျော်ရွှင် သာယာလှပတဲ့ ဘ၀ပိုင်ရှင်တွေဖြစ်ဖို့အတွက် စည်းစနစ်ရှိရပါမယ်။ မျက်စိဖွင့် နားစွင့်၍ ကြိုးစားကြရပါမယ်။
ရည်မှန်းချက် ရှိရပါမယ်။ မျှော်မှန်းထားသလို ရည်မှန်းချက်တွေ ပြည့်စုံလာပါက ပျော်ရွှင်ချမ်းမြေ့စရာ ဘ၀ကို ရမှာ ဖြစ်ပါတယ်။
ဘ၀တိုးတက်ရေးအတွက် ကံ ဉာဏ် ၀ီရိယ အပြည့်အ၀ အသုံးပြု ကြိုးစားအားထုတ်ရင် အားထုတ်သလောက် ထိုက်သင့်တဲ့ အကျိုး ခံစားကြရမှာ မလွဲပါဘူး။

ဒီဘ၀ ပြည့်စုံတဲ့ ဘ၀ပိုင်ရှင်တွေဟာ ပြုသင့်တဲ့ လူမှုရေးအကျိုးပြုလုပ်ငန်း(ကုသိုလ်ရေး)၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး(သီလအကျင့်)တွေ ပြုဖို့ မေ့လျော့ကာ သံသရာမှာ တ၀ဲလည်လည် ကြာရှည် ကျင်လည်နေစေတတ်တဲ့ တရားတွေနဲ့သာ ပျော်မွေ့ယစ်မူးနေကြမယ်ဆိုရင်လည်း ပျော်ရွှင်ဖွယ် ဘ၀တွေကနေ လျောကျ၊ အန္တရာယ်မျိုးစုံ ဒုက္ခတွေအဖုံဖုံလည်း တွေ့ကြုံ၊ ချွတ်ခြုံနုံချာတဲ့ ဘ၀တွေထဲ ရောက်သွားနိုင်ပါတယ်။

နှစ်သစ်မှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံဖို့ လူတိုင်း လိုလားတောင့်တကြစမြဲပါ။
ထိုလိုလား တောင့်တချက်တွေ ပြည့်စုံဖို့ `ကုသိုလ်´နှင့် `ပညာ´ပါမှ ဖြစ်တယ်ဆိုတာ ဗုဒ္ဓမတ္တညူ အဋ္ဌကထာဆရာက `သိရီတိ ဗုဒ္ဓိပုညာနံ အဓိဝစနံ´လို့ ညွှန်ကြား ဖွင့်ဆိုပြပါတယ်။

ဒီစကားအရ ပညာတန်ဆောင် အလင်းရောင် မပါဘဲ ဘ၀အမှောင်ထဲ လျှောက်တိုင်း လျှောက်တိုင်း အန္တရာယ်တွေဆီသို့ ဦးတည် ဦးတည် လျှောက်လှမ်းနေသလို ဖြစ်ပါတယ်။
ကိုယ်ပိုင် အသိဉာဏ်ပညာက စပြီး လောကဘက် ဓမ္မဘက် သင်ယူလေ့လာစရာ ပညာရပ်တွေ များပြားလှပါတယ်။
ထိုထိုပညာရပ်တွေ လေ့လာသင်ကြားထားမယ်ဆိုရင် ကောင်းဆိုးအမှန် ဝေဖန်ခွဲခြား သိနိုင်စွမ်းအားရှိလို့ ပညာတရားဟာ လောကရဲ့ ကျက်သရေဆောင် မင်္ဂလာဖြစ်တယ်လို့ အဋ္ဌကထာဆရာက ညွှန်းဆိုထားပါတယ်။

ပညာသာမက ပုညခေါ်တဲ့ ကုသိုလ်တရားရှိဖို့လည်း လိုအပ်လှပါတယ်။
ပစ္စည်းဥစ္စတွေ ပြည့်စုံနေလို့ ကိုယ်တစ်ဦးတည်း စားသုံး သုံးဖြုန်းနေလို့ မဖြစ်ပါ။ အကျိုးရှိရာ အကျိုးရှိကြောင်း ကောင်းမှုတွေ၊ ပရဟိတလုပ်ငန်း စတာတွေ တစ်ပိုင်တစ်နိုင် ခွဲဝေမျှတ စွန့်ကြဲပေးကမ်းရပါတယ်။
ဒါနကုသိုလ်ဟာ လောကရဲ့ အလှတစ်ပါး၊ ကျက်သရေမင်္ဂလာတိုးတက်ကြောင်း တရားပါပဲ။

ပုညကုသိုလ်လို့ ပြဆိုတဲ့ နေရာမှာ ဒါနသာမက သီလကုသိုလ်လည်း ပါဝင်ပါတယ်။
သီလဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံရင် အဲဒီပုဂ္ဂိုလ်အတွက် ကျက်သရေမင်္ဂလာ တိုးတက်ဖြာဝေနေပါတယ်။

သီလဆိုတဲ့နေရာမှာလည်း ယနေ့ လောကမှာ လူတော်လူကောင်းတွေ ကျင့်သုံးကြတဲ့ ငါးပါးသီလ (၀ါရိတ္တသီလ=မပြုမလုပ်ရဆိုတဲ့ တားမြစ်တဲ့ သီလ) ခေါ် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့ လိုပါတယ်။
ဒါ့အပြင် အမျိုးကောင်းသား အမျိုးကောင်းသမီတွေ ကျင့်သုံးကြတဲ့ စာရိတ္တသီလ (တာဝန်ဝတ္တရားများ ကျေပွန် ကျင့်သုံးခြင်း သီလ) ခေါ် မိမိရဲ့ တာဝန်ဝတ္တရားများ ကျေပွန် တာဝန်ယူ ကျင့်သုံးရသည့် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့လည်း လိုပါတယ်။

ဥပမာ - မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ သားသမီးအပေါ် ပြုလုပ်ပေးရမည့် မိဘ၀တ္တရားဖြစ်တဲ့ `မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားချင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ´ဆိုတဲ့ အဆုံးအမတွေ ရှိပါလျက် ထိုဝတ္တရားတွေ ဆောင်ရွက်မပေးလျှင် တာဝန်မကျေ ၀တ္တရားပျက်ကွက်၍ သီလပျက်တယ်လို့ ပြောရပါတယ်။
အရက်သောက်ပြီး ဆူပူကြိမ်းမောင်းလို့ လူသိများတဲ့ သုရာမေရယသိက္ခာပုဒ်(၀ါရိတ္တသီလ)ပျက်တာသာ သိပြီး၊ မိဘ၀တ္တရား မကျေပွန် (စာရိတ္တသီလ)ပျက်တာကို သီလပျက်တယ်လို့ သိသူ နည်းပါးတယ်လို့ ထင်ပါတယ်။
မိဘတွေက သားသမီးအပေါ် ပြုရမယ့် ၀တ္တရားရှိသလို သားသမီးတွေကလည်း မိဘတွေအပေါ် `ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ´ ဆိုတဲ့ ၀တ္တရားတွေကို မသိကျိုးကျွန်ပြုကာ သားသမီးကျင့်ဝတ်ပျက်ကွက်တာဟာ (စာရိတ္တသီလ) သီလပျက်တာပါပဲ။

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ ဆွေမျိုးညာတိချင်း၊ မိတ်ဆွေချင်း အချင်းချင်း အပြန်ပြန် အလှန်လှန် ပြုရမယ့် ၀တ္တရားတွေကို ကျေပွန်စွာ မပြုလုပ်သမျှ တာဝန်မဲ့မှု ၀တ္တရားပျက်ကွက်မှုဟာ စာရိတ္တသီလတွေ ပျက်နေတာပါပဲ။
ငါးပါးသီလ(၀ါရိတ္တသီလ) ပျက်တာဟာ မြင်သာပေမယ့်၊ (စာရိတ္တသီလ) ကျင့်ဝတ်သီလပျက်တာကိုတော့ သိသူ နည်းပါးသလို ဖြစ်နေပါတယ်။

အိမ်တွင်းရေး သာယာငြိမ်းချမ်းမှု၊
ရပ်ကွက် တိုးတက်သာယာမှု၊
နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဟာ (၀ါရိတ္တသီလ) ငါးပါးသီလ လုံခြုံရုံမျှမက (စာရိတ္တသီလ) ကျင့်ဝတ်သီလပါ ပြည့်စုံမှ အပြည့်အ၀ သာယာ တိုးတက် ဖွံ့ဖြိုးပါတယ်။

ဒီ ၀ါရိတ္တသီလ စာရိတ္တသီလတွေ လုံခြုံ ပြည့်စုံနေရင် သီလကုသိုလ်တွေ ဖြစ်နေပါတယ်။
သီလကုသိုလ်တွေ ဖြစ်နေရင် ကျက်သရေမင်္ဂလာတွေ တိုးတက် ဖြစ်ထွန်းနေတာပါပဲ။
ကိုယ်ချင်းစာစိတ်ထား သနားငဲ့ညှာ၊ မေတ္တာဘာဝနာ စတဲ့ ဗြဟ္မစိုရ်တရားများနဲ့ အခြား ဘာဝနာတရားတွေဟာလည်း အဆင့်မြင့်တဲ့ ကုသိုလ်တရားတွေ ဖြစ်ပါတယ်။
ဒီ ကုသိုလ်တရားတွေ ဖြစ်နေရင် ကျက်သရေမင်္ဂလာတွေဟာ တက်နေပမာ တိုးတက်ဖြစ်ထွန်းနေပါတယ်။

ဗုဒ္ဓမတ္တညူ အဋ္ဌကထာဆရာ ညွှန်ပြသည့် -

ဗုဒ္ဓိပုည ဤနှစ်ဝကို
စေ့ငုသေချာ ပြုကျင့်ပါက
နှစ်သစ်မင်္ဂလာ ဖြာဖြာကျက်သရေ
လင်းလက်ဝေမည် တက်နေပမာပုံသို့တည်း။

ဆိုသည့်အတိုင်း -

(၁) နှစ်သစ်နှစ်ဆန်း၊ စိတ်ရွှင်လန်း၊ ဆင်မြန်းကုသိုလ်တွေ။
(၂) ကုသိုလ်ပြုကာ၊ ကြိုဆိုကာ၊ လွန်စွာကောင်းမြတ်ပေ။
(၃) ကုသိုလ်ပညာ၊ ပြုလုပ်ပါ၊ ကျက်သရေမင်္ဂလာ တိုးကြောင်းပေ။
(၄) သီလနှစ်ဖြာ၊ ကျင့်သုံးပါ၊ ကျက်သရေမင်္ဂလာ တိုးကြောင်းပေ။
(၅) ကျက်သရေးတိုးက၊ ဒို့ဘ၀၊ မုချ သာယာလှမည်ပေ။

ဟု ယုံကြည် စိတ်စွဲ ... နှစ်ဟောင်းနှစ်သစ် ဘယ်နှစ်မှာပဲဖြစ်ဖြစ် ... ဘ၀ရှင်သန် ကောင်းမွန်ရေးဖြစ်တဲ့ စီးပွား ကျန်းမာ ဂုဏ်သိန်(သိရ်) အဖြာဖြာ တိုးတက် ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

Happy New Year!

အရှင်စက္ကိန္ဒ
လောကချမ်းသာဘုရားကျောင်း
နယူးယောက်မြို့။

Monday, December 19, 2011

အကုသိုလ်စေတသိက်များနှင့် သံဝေဂဉာဏ် ရင့်ကျက်ရန်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲဝယ် -

ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ အမှတ် ၁၁-၁၂၊ အရှင်သာရိပုတ္တထေရ်ဝတ္ထုကြောင်းကို အရှင်စက္ကိန္ဒက သင်ကြား ပို့ချပေးပြီး၊



အဘိဓမ္မာ၊ စေတသိက်ပိုင်း၊ အကုသိုလ်စေတသိက်များအကြောင်းကို အရှင်ဝဏ္ဏိတက ပို့ချ သင်ကြားပေး၏။



ဆည်းဆာတရားပွဲတွင် အရှင်စက္ကိန္ဒက အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ကေသိဝဂ္ဂ မှ ပတောဒသုတ္တန် ဒုတိယပိုင်းကို “သံဝေဂဉာဏ် ရင့်ကျက်ရန်”ဟု အမည်ပေး၍ ဟောကြား ချီးမြှင့်၏။



+++++

ပတောဒသုတ်

ရဟန်းတို့ ... လောက၌ အာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ... ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ “ငါ့ကို ယနေ့ မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ပဌမ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား အမွေး၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ဒုတိယ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား အရေ၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ တတိယ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အရေ၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား နှင်တံဖြင့် အရိုးကို ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ စတုတ္ထ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... လောက၌ ဤအာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

ရဟန်းတို့ ... ဤအတူသာလျှင် လောက၌ ဤအာဇာနည် ယောက်ျားကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။
အဘယ်လေးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ... ဤလောက၌ အချို့သော အာဇာနည် ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ ကြား၏။
ထိုသူသည် ထိုသို့ကြားခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့်လည်း မဖောက်မပြန် မြတ်သော အမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း အာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ပဌမ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏” ဟူ၍ မကြား။
စင်စစ်သော်ကား ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင် မြင်၏။
ထိုသူသည် ထိုသို့မြင်ခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အမွေးကို ထိုးသည်ဖြစ်၍ ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ဒုတိယ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ မကြား။
ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင် မမြင်။ စင်စစ်သော်ကား ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏။
ထိုသူသည် ထိုအကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... အာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရေကို ထိုးသည်ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ တတိယ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏” ဟူ၍ မကြား။
ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင်လည်း မမြင်။
ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ မရောက်၊ သို့မဟုတ် မသေ။
စင်စစ်သော်ကား ကိုယ်တိုင်ပင်လျှင် ကိုယ်၌ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို တွေ့ထိ ခံစားနေရ၏။
ထိုသူသည် ထိုအကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရိုးကို ထိုးသည်ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... လောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ စတုတ္ထ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... ဤအာဇာနည်ယောက်ျားကောင်း လေးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

+++++

လင်္ကာ

(၁)

နှင်တံအရိပ်၊ မြင်တွေ့ပါလျှင်
အာဇာနည်မြင်း၊ ကြောက်ခြင်းပုံသွင်
သေဆုံးဘေးထိ၊ ကြားသိလူရှင်
သံဝေရ မုချတူသည်ပင်။

(၂)

နှင်တံအရိပ်၊ ကြောက်စိတ်မတည်
မွေးညင်းထိုးဆွ၊ ရိုက်မှကြောက်သည်
သေဆုံးဘေးထိ၊ မြင့်သည့်လူသည်
သံဝေရ မုချတူပေသည်။

(၃)

မွေးညင်းထိုးဆွ၊ ရိုက်ကမဖြုံ
အရေဖောက်ထွင်း၊ ကြောက်ခြင်းစိတ်တုန်
ဆွေမျိုးညာတိ၊ ဒဏ်ထိဘေးကြုံ
ထိတ်လန့်ငြား ဉာဏ်အားသံဝေပုံ။

(၄)

အရေထွင်းဖောက်၊ စိတ်ကြောက်မပေါ်
အရိုးထိမှ၊ စိတ်ကကြောက်သော်
ကိုယ်တိုင်ကြုံဘိ။ ဒဏ်ထိလေသော်
ထိုခါမှ ဉာဏသံဝေပေါ်။

+++++

တရားပွဲပြီးသော် ၁၀ မိနစ်မျှ တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Sunday, December 11, 2011

နောက်ကျုသော စိတ်၊ ကြည်လင်သော စိတ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တစ်နာရီ တရားရှုမှတ် ပွားများခြင်း၊ အဘိဓမ္မာသင်တန်းနှင့် စနေနေ့ တရားပွဲတို့ကို ပြုမြဲ ကျင်းပပြုလုပ်ရာ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ အရှင်ဝဏ္ဏိတက အဘိဓမ္မာ စေတသိက်ပိုင်း၊ အညသမန်းစေတသိက်များအကြောင်း သင်ကြား ပို့ချပေး၏။



ညနေ ၅ နာရီခွဲတွင် အရှင်ဝိမလက အင်္ဂုတ္တိုရ်၊ ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊ ပဉ္စမသုတ်၊ ဆဋ္ဌမသုတ်တို့လာ နောက်ကျုသောစိတ် ကြည်လင်သောစိတ်တို့အကြောင်း ဓမ္မဒါနပြု ဟောကြား၏။


အဂုင်္တ္တိုရ်၊ ဧကကနိပါတ်၊ ပဏိဟိတအစ္ဆ၀ဂ်၊

ပဉ္စမသုတ်

သေယျထာပိ ဘိက္ခဝေ ဥဒကရဟဒေါ အာဝိလော လုဠိတော ကလလီဘူတော၊
တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော န ပေဿယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။
တံ ကိဿဟေတု? အာဝိလတ္တာ ဘိက္ခဝေ ဥဒကဿ။
ဧ၀မေ၀ံ ခေါ ဘိက္ခဝေ သော ၀တ ဘိက္ခု အာဝိလေန စိတ္တေန အတ္တတ္ထံ ၀ါဉဿတိ၊ ပရတ္ထံ ၀ါ ဉဿတိ၊ ဥဘယတ္ထံ ၀ါ ဉဿတိ၊ ဥတ္တရိံ ၀ါ မနုဿဓမ္မာ အလမရိယဉာဏဒဿန၀ိသေသံ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ၀ိဇ္ဇတိ။
တံ ကိဿ ဟေတု? အာဝိလတ္တာ ဘိက္ခဝေ စိတ္တဿာတိ။

(မြန်မာပြန်)

ရဟန်းတို့ ... ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ပေါက်ပက်ခတ်၏၊ ညွန်အနည်ထ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ထိုရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။
ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ... ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။
ရဟန်းတို့ ... ဤအတူပင် ထိုရဟန်းသည် နောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံအကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြုလတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ... စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်း ဟု (မိန့်တော်မူ၏)။

ဆဋ္ဌမသုတ်

သေယျထာပိ ဘိက္ခဝေ ဥဒကရဟဒေါ အစ္ဆော ၀ိပ္ပသန္နော အနာဝိလော၊
တတ္ထ စက္ခုမာ ပုရိသော တီရေ ဌိတော ပေဿယျ သိပ္ပိသမ္ဗုကမ္ပိ သက္ခရကဌလမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ။
တံ ကိဿ ဟေတု? အနာဝိလတ္တာ ဘိက္ခဝေ ဥဒကဿ။
ဧ၀မေ၀ံ ခေါ ဘိက္ခဝေ သော ၀တ ဘိက္ခု အနာဝိလေန စိတ္တေန အတ္တတ္ထံ ၀ါ ဉဿတိ၊ ပရတ္ထံ ၀ါ ဉဿတိ၊ ဥဘယတ္ထံ ၀ါ ဉဿတိ၊ ဥတ္တရိံ ၀ါ မနုဿဓမ္မာ အလမရိယဉာဏဒဿန၀ိသေသံ သစ္ဆိကရိဿတီတိ ဌာနမေတံ ၀ိဇ္ဇတိ။
တံ ကိဿ ဟေတု? အနာဝိလတ္တာ ဘိက္ခဝေ စိတ္တဿာတိ။

(မြန်မာပြန်)

ရဟန်းတို့ ... ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ဤရေအိုင်၌ သွားနေသည်လည်းဖြစ်သော၊ ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ... ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။
ရဟန်းတို့ ... ဤအတူပင် ထိုရဟန်းသည် မနောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံအကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂ္ဂိုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင်ထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ... စိတ်၏ မနောက်ကျုခြင်းကြောင့်တည်း ဟု (မိန့်တော်မူ၏)။

+++++

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Monday, December 5, 2011

စေတသိက်များနှင့် စွဲနေပြီ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုမြဲ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ် ပွားများခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ ဓမ္မသင်တန်းနှင့် ညနေ ၅ နာရီမှ ၆ နာရီထိ တရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

ဓမ္မပဒသင်တန်းပြ ဆရာတော် အရှင်စက္ကိန္ဒမှာ ဖလော်ရီဒါရှိ ၁၀-ရက်တရားစခန်းပွဲတစ်ခုသို့ ကြွရောက်နေသဖြင့် ယခုပတ်တွင် ဓမ္မပဒသင်တန်း မရှိပေ။

မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ အဘိဓမ္မာသင်တန်းဝယ် အရှင်ဝဏ္ဏိတက သဗ္ဗစိတ္တသာဓာရဏ စေတသိက်များအကြောင်း သင်ကြား ပို့ချ၏။




ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ ရောက်ရှိနေသော အရှင်ပညာဇောတက ‘အရှင်ဓမ္မရုစိအကြောင်း’ “စွဲနေပြီတရားတော်”ကို ဓမ္မဒါနပြု ဟောကြား၏။



တရားပွဲပြီးသော ကောင်းမှုကုသိုလ်အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Sunday, November 20, 2011

မြစ်သားဆရာတော်ကြီး ပူဇော်ပွဲနှင့် သြ၀ါဒခံယူပွဲ (၂၀-နိုဝင်ဘာ-၂၀၁၁)

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဟာစည်သာသနာ့ရိပ်သာကြီး၏ ပြည်တွင်းပြည်ပ ဥသျှောင်သြ၀ါဒါစရိယဆရာတော် မြစ်သားဆရာတော်ကြီးအား ပူဇော်ပွဲနှင့် သြ၀ါဒခံယူပွဲကို ကျင်းပ ပြုလုပ်၏။



နံနက်တွင် ဒေါက်တာမြတ်မြတ်မွန် မိသားစုနှင့်မိတ်ဆွေများ၊ ဓမ္မမိတ်ဆွေများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ် လှူဒါန်းကြ၏။











မွန်းလွဲ ၁ နာရီတွင် ဆရာတော်ကြီးအား ပူဇော် ကန်တော့ကြ၏။

ဆရာတော်ကြီးက မျက်မှောက် နောင်ရေး ကြီးပွားချမ်းသာရေး တရားလေးပါးကို သြ၀ါဒစကားအဖြစ် ဟောကြား ချီးမြှင့်၏။





 

မျက်မှောက် နောင်ရေး ကြီးပွားချမ်းသာရေးတရား လေးပါး

နိုးကြားထကြွ၊ တရားမျှ၍
ဓနဖွေရှာ၊ မိတ်ကောင်းရာ၏
ဝင်လာရောက်ပြီး၊ ကိုယ့်ပစ္စည်းကို
သိပ်သည်းစောင့်ရာ၊ ထွက်ဝင်မျှစေ
လေးထွေခုတန်။
နောင်သံသာဝယ်
သဒ္ဓါသီလ၊ စာဂပညာ
ဤလေးဖြာသည်၊ ဝေဖြာတင့်တောင်း
ကြီးပွားကြောင်းဟု၊ ထွဋ်ခေါင်သေချာ
ဒေသနာဖြင့်၊ ဒကာ ဗျဂ္ဃပဇ္ဇကအား
ဟောမြွက်ကြားသည်၊ အများသူငါ ကျင့်ထုံးတည်း။

ဝိရိယအင်္ဂါ လေးရပ်

အရေပြားသာ၊ ငါ့ကိုယ်မှာ၊ ကြွင်းကာ ကျန်ပါစေ။
အကြောတွေသာ၊ ငါ့ကိုယ်မှာ၊ ကြွင်းကာ ကျန်ပါစေ။
အရိုးတွေသာ၊ ငါ့ကိုယ်မှာ၊ ကြွင်းကာ ကျန်ပါစေ။
အသွေးအသား၊ ခန်းခြောက်ငြား၊ သွားချင် သွားပါစေ။
မဂ်ဖိုလ်မရ၊ ငါ မထ၊ လုံးဝရပ်နား ငါမနေ။

လုံ့လရှိက၊ ခုဘ၀၊ မုချ ချမ်းသာမည်။
မိတ်ကောင်းရှိက၊ ခုဘ၀၊ မုချ ချမ်းသာမည်။
ထိန်းသိမ်းရှိက၊ ခုဘ၀၊ မုချ ချမ်းသာမည်။
ထွက်ဝင်မျှက၊ ခုဘ၀၊ မုချ ချမ်းသာမည်။

သဒ္ဓါရှိက၊ နောက်ဘ၀၊ မုချ ချမ်းသာမည်။
သီလရှိက၊ နောက်ဘ၀၊ မုချ ချမ်းသာမည်။
စာဂရှိက၊ နောက်ဘ၀၊ မုချ ချမ်းသာမည်။
ပညာရှိက၊ နောက်ဘ၀၊ မုချ ချမ်းသာမည်။



ဆရာတော်ကြီး သြ၀ါဒစကား ချီးမြှင့်ပြီးနောက် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများက ဆရာတော်ကြီးအား န၀ကမ္မ၀တ္ထုများဖြင့် ပူဇော်ကြ၏။ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ကိုယ်စား တွဲဖက်အတွင်းရေးမှူး ဒေါက်တာအောင်ဇေယျက န၀ကမ္မဖြင့် ပူဇော်၏။

ထိုနောက် ဆရာတော်ကြီးနှင့် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၀-နိုဝင်ဘာ-၂၀၁၁)

စိတ်ထားတတ် မြတ် နှင့် ဘာအရေးကြီးဆုံးလဲ

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉)ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း

စနေနေ့ စုပေါင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပမြဲ ကျင်းပ ပြုလုပ်ရာ -

ဓမ္မပဒသင်တန်း၌ သင်တန်းဆရာတော် အရှင်စက္ကိန္ဒ ခရီးလွန်နေသဖြင့် အရှင်ဝိမလက ဓမ္မပဒဂါထာ အမှတ် ၁၁၊ ၁၂ တို့ကို အစပျိုး သင်ပြ ပို့ချပေး၏။



အဘိဓမ္မာသင်တန်းဝယ် ဆရာတော် အရှင်ဝဏ္ဏိတက လောကုတ္တရာစိတ်အကျယ် ၄၀ ကို ရှင်းလင်း သင်ကြား၍ စိတ်သရုပ်ခွဲ အပြီးသတ်နှင့် အဘိဓမ္မာစာမေးပွဲ မေးခွန်းအချို့ကို ဖြေဆိုပြသ သင်ကြား ပို့ချသွားလေသည်။



ဆည်းဆာတရားပွဲများအဖြစ် ရှေးဦးစွာ မဟာစည်သာသနာ့ရိပ်သာအဖွဲ့ကြီး၏ ပြည်တွင်းပြည်ပ ဥသျှောင်သြ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးက `စိတ်ထားတတ် မြတ် တရားတော်´ကို ဟောကြား ချီးမြှင့်၏။



နတ်သား မေး - `ဘယ်ကဆောင်၍ ဘယ်ကဆွဲ ဘယ်သူ့နောက်သို့ လိုက်ရသလဲ?

ဘုရားရှင် ဖြေ - `စိတ်ကဆောင်၍ စိတ်ကဆွဲ စိတ်၏နောက်သို့ လိုက်ရမြဲ။

ဤအမေးအဖြေပေါ် အခြေခံ၍ ဆရာတော်ကြီးကလည်း -

`အဆွဲကောင်းက တော်တာပဲ
အဆွဲမကောင်းက အပါယ်ငရဲ
သင်လည်း ဘယ်နောက် လိုက်မလဲ?´ ဟု သုံးသပ် မေးမြန်းသွား၏။

ဒုတိယ ဆည်းဆာတရားပွဲအဖြစ် ပြည်တွင်းပြည်ပ မဟာစည်နယ်လှည့်ဓမ္မကထိက မေတ္တာအေးဆရာတော်က `ဘာအရေးကြီးဆုံးလဲ တရားတော်´ကို ဟောကြားလေသည်။



ဘာအရေးကြီးဆုံးလဲ?

နေရေးဘက်တွင် ချမ်းသာချင် နေ့စဉ် ဥစ္စာရှာ။
သေရေးဘက်တွင် ချမ်းသာချင် နေ့စဉ် ကုသိုလ်ရှာ။

ဥစ္စာဓန မရှိက နေရခက်မည်သာ။
ကုသိုလ်ပုည မရှိက သေရခက်မည်သာ။
အနေလည်းခက်၊ အသေခက်၊ ရှူံးချက် လွန်နစ်နာ။

ဥစ္စာဓန ပြည့်စုံက နေရ လွန်ချမ်းသာ။
ကုသိုလ်ပုည ပြည့်စုံက နေရမြတ်သည်သာ။
အနေလည်းမြတ်၊ အသေမြတ်၊ အမြတ်လူချမ်းသာ။

ရင့်ရော်ရိတွဲ၊ အိုမှာပဲ၊ အိုရဲအောင်သာ တရားရှာ။
ကျင်နာကိုက်ခဲ၊ နာမှာပဲ၊ နာရဲအောင်သာ တရားရှာ။
ခန္ဓာပြိုကွဲ၊ သေမှာပဲ၊ သေရဲအောင်သာ တရားရှာ။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို ဝေနေယျသတွာအားလုံးတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

Sunday, November 13, 2011

လောကုတ္တရာစိတ်များနှင့် သံဝေဂဉာဏ် ရင့်ကျက်ရန်

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်မြဲဖြစ်သော တရားရှုမှတ်ခြင်း၊ ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။

ရှေးဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ်ကြ၏။ နာရီဝက်နားပြီး မွန်းလွဲ ၂ နာရီခွဲတွင် ဆရာတော် ဦးစက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် ၉-၁၀၊ အရှင်ဒေ၀ဒတ်ဝတ္ထုအကြောင်းကို သင်ကြား ပို့ချပေး၏။

ဘုရားလောင်းသည် ဆင်မင်းဖြစ်စဉ် အရှင်ဒေ၀ဒတ်ကား ဆင်သတ်ယောက်ျားဖြစ်လေ၏။ ဆင်သတ်ယောက်ျားသည် ပစ္စေကဗုဒ္ဓါ၏ သင်္ကန်းကို ခိုးယူ၍ ဆင်တို့သွားရာလမ်းခရီး၌ လှံကို လက်စွဲပြီး တစ်ကိုယ်လုံး လုံခြုံအောင် သင်္ကန်းဝတ်ရုံ၍ နေ၏။ ဆင်တို့ မြင်လျှင် ပစ္စေကဗုဒ္ဓါအရှင်ဟု ထင်မှတ်၍ ရှိခိုးကာ သွားကြ၏။ နောက်ဆုံးဆင်ကို လှံဖြင့် ပစ်ခတ် သတ်ကာ အစွယ်တို့ကို ယူ၏။

သို့ဖြင့် ဆင်တို့ လျော့နည်းလာရာ ဘုရားလောင်းဆင်မင်းသည် နောက်ဆုံးနေ၍ သတိဖြင့် နေသောကြောင့် ဆင်သတ်ယောက်ျားကို မိပြီး သတ်အံ့ ကြံသော်၊ ဆင်သတ်ယောက်ျား ဆွဲကိုင်ပြသော သင်္ကန်းကြောင့် သည်းခံတော်မူ၍ -

`ရာဂစသော ကိလေသာဖန်ရည်လည်း မကင်း၊ မျက်စိစသော ဣနြေ္ဒခြောက်ပါးတို့ကို ဆုံးမ စောင့်ရှောက်ခြင်းလည်း မရှိ၊ မှန်ကန်သော စကားကိုလည်း ပြောဆိုလေ့မရှိဘဲ ဖန်ရည်စွန်းသည့် သင်္ကန်းအ၀တ်ကို ၀တ်သောသူသည် သင်္ကန်းအ၀တ်နှင့် မထိုက်။
ကိလေသာဖန်ရည်ကို စွန့်ပယ်၍သီလကို ကောင်းစွာ စောင့်ရှောက်၊ မျက်စိစသော ဣနြေ္ဒခြောက်ပါးတို့ကိုလည်း ဆုံးမ စောင့်ရှောက်၊ မှန်ကန်သော စကားကိုလည်း ပြောဆိုလေ့ရှိသောသူသည်သာလျှင် သင်္ကန်းအ၀တ်နှင့် ထိုက်၏´ ဟူ၍ ပြောဆို ဆုံးမခဲ့ဖူးလေသည်။

ကိလေသာ ၁၀-ပါး မှတ်ရန် လင်္ကာ

လောဘ ဒေါသ၊ မောဟ မာနာ
ဒိဋ္ဌိ ၀ိစိ၊ ထိနုဒ္ဓစ္စာ
အဟိရိက၊ နောတ္တပ် ဆယ်ဖြာ
ပေါင်း၍ ချုပ်၊ သရုပ် ကိလေသာ။

(လောဘ - တပ်မက်ခြင်း၊
ဒေါသ - အမျက်ထွက်ခြင်း၊
မောဟ - တွေဝေမိုက်မဲခြင်း၊
မာန - ထောင်လွှားခြင်း၊
ဒိဋ္ဌိ - အယူမှားခြင်း၊
ဝိစိကိစ္ဆာ - ရှစ်ပါးသောတရား၌ ယှံမှားခြင်း၊
ထိန - စိတ်၏ မခန့်ခြင်း၊
ဥဒ္ဓစ္စ - စိတ်၏ ပျံ့လွင့်ခြင်း၊
အဟိရိက - မကောင်းမှုမှ မရှက်ခြင်း၊
အနောတ္တပ္ပ - မကောင်းမှုမှ မထိတ်လန့်ခြင်း။)

+++++

ယုံမှားခြင်း ၈-ပါး

(၁) သတ္ထရိကင်္ခတိ - ဘုရား၌ ယုံမှားခြင်း။
(၂) ဓမ္မေကင်္ခတိ - တရားတော်၌ ယုံမှားခြင်း။
(၃) သံဃေကင်္ခတိ - သံဃာတော်၌ ယုံမှားခြင်း။
(၄) သိက္ခာယ ကင်္ခတိ - သိက္ခာသုံးပါး၌ ယုံမှားခြင်း။
(၅) ပုဗ္ဗန္တေ ကင်္ခတိ - ရှေ့အစွန်း၌ ယုံမှားခြင်း။
(၆) အပရန္တေ ကင်္ခတိ - နောက်အစွန်း၌ ယုံမှားခြင်း။
(၇) ပုဗ္ဗန္တာပရန္တေ ကင်္ခတိ - ရှေ့နောက်အစွန်းနှစ်ပါး၌ ယုံမှားခြင်း။
(၈) ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ - ဤဇာတိစသော အကြောင်းတရားတို့ကို စွဲ၍ ဖြစ်ကုန်သော ဇရာ မရဏ စသော အကျိုးတရားတို့၌ ယုံမှားခြင်း။

+++++



+++++

ညနေ ၄ နာရီခွဲတွင် အရှင်ဝဏ္ဏိတက အဘိဓမ္မာ လောကုတ္တရာစိတ်များအကြောင်း ပို့ချ သင်ကြားပေး၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ မဂ်ဝင်ပုံ ဥပမာ ဥပမေယျ လင်္ကာများကိုလည်း မှတ်သားဖွယ် ရွတ်ဆိုပြ၏။

မဂ်ဝင်ပုံ ဥပမာ

မြောင်းခုန်လိုငြား၊ ယောက်ျားဇာနည်
ရှစ်လှမ်းပြေးသွား၊ ဟုန်အားယူပြီ။
နွယ်ကြိုးကိုင်ဆွဲ၊ ခုန်လွှဲလေသည်
ဟိုဘက်ကျ၊ လွှတ်ချ ကြံ့ကြံ့တည်။

မဂ်ဝင်ပုံ ဥပမေယျ

ဘ၀ဟိုကမ်း၊ မျှော်တမ်းယောဂီ
ဖြစ်ပျက်ဉာဏ်မှ၊ ပြေးစပြုသည်။
ရုပ်နာမ်ကိုင်ဆွဲ၊ သူလဲခုန်သည်
နိဗ္ဗာန်တွေ့၊ လွှတ်၍ ပြေးဝင်သည်။



+++++

ညနေ ၆ နာရီတွင် ဆည်းဆာတရားပွဲ ကျင်းပရာ ဆရာတော် ဦးစက္ကိန္ဒက အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ကေသိဝဂ္ဂ၊ ပတောဒသုတ္တန်ကို `သံဝေဂဉာဏ် ရင့်ကျက်ရန် တရားတော်´ဟု အမည်ပေးကာ ပထမပိုင်းအဖြစ် ဓမ္မဒါနပြု ဟောကြား ချီးမြှင့်လေသည်။

တရားတော် ဆောင်ပုဒ်များ

(၁) နှင်တံအရိပ်၊ မြင်တွေ့ပါလျှင်
အာဇာနည်မြင်း၊ ကြောက်ခြင်းပုံသွင်
သေဆုံးဘေးထိ၊ ကြားသိလူရှင်
သံဝေရ မုချ တူသည်ပင်။

(၂) နှင်တံအရိပ်၊ ကြောက်စိတ်မတည်
မွေးညင်းထိုးဆွ၊ ရိုက်မှ ကြောက်သည်
သေဆုံးဘေးထိ၊ မြင်သည့်လူသည်
သံဝေရ မုချ တူပေသည်။

 

တရားပွဲပြီးသော် ၁၀ မိနစ်ခန့် တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ် အစုစုတို့ကို သတ္တ၀ါအားလုံးတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။