Monday, December 19, 2011

အကုသိုလ်စေတသိက်များနှင့် သံဝေဂဉာဏ် ရင့်ကျက်ရန်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲဝယ် -

ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ အမှတ် ၁၁-၁၂၊ အရှင်သာရိပုတ္တထေရ်ဝတ္ထုကြောင်းကို အရှင်စက္ကိန္ဒက သင်ကြား ပို့ချပေးပြီး၊



အဘိဓမ္မာ၊ စေတသိက်ပိုင်း၊ အကုသိုလ်စေတသိက်များအကြောင်းကို အရှင်ဝဏ္ဏိတက ပို့ချ သင်ကြားပေး၏။



ဆည်းဆာတရားပွဲတွင် အရှင်စက္ကိန္ဒက အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ကေသိဝဂ္ဂ မှ ပတောဒသုတ္တန် ဒုတိယပိုင်းကို “သံဝေဂဉာဏ် ရင့်ကျက်ရန်”ဟု အမည်ပေး၍ ဟောကြား ချီးမြှင့်၏။



+++++

ပတောဒသုတ်

ရဟန်းတို့ ... လောက၌ အာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ... ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ “ငါ့ကို ယနေ့ မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ပဌမ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား အမွေး၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ဒုတိယ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား အရေ၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ တတိယ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
အရေ၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်။
စင်စစ်သော်ကား နှင်တံဖြင့် အရိုးကို ထိုးအပ်သည်ရှိသော် “ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ စတုတ္ထ အာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... လောက၌ ဤအာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

ရဟန်းတို့ ... ဤအတူသာလျှင် လောက၌ ဤအာဇာနည် ယောက်ျားကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။
အဘယ်လေးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ... ဤလောက၌ အချို့သော အာဇာနည် ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ ကြား၏။
ထိုသူသည် ထိုသို့ကြားခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့်လည်း မဖောက်မပြန် မြတ်သော အမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း အာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ပဌမ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏” ဟူ၍ မကြား။
စင်စစ်သော်ကား ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင် မြင်၏။
ထိုသူသည် ထိုသို့မြင်ခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အမွေးကို ထိုးသည်ဖြစ်၍ ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ ဒုတိယ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ မကြား။
ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင် မမြင်။ စင်စစ်သော်ကား ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏။
ထိုသူသည် ထိုအကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... အာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရေကို ထိုးသည်ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ တတိယ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... နောက်တမျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် “ဤမည်သော ရွာ၌သော်လည်းကောင်း နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏” ဟူ၍ မကြား။
ဆင်းရဲခြင်းသို့ ရောက်နေသော သို့မဟုတ် သေနေသော မိန်းမကိုဖြစ်စေ ယောက်ျားကိုဖြစ်စေ ကိုယ်တိုင်လည်း မမြင်။
ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ မရောက်၊ သို့မဟုတ် မသေ။
စင်စစ်သော်ကား ကိုယ်တိုင်ပင်လျှင် ကိုယ်၌ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကို တွေ့ထိ ခံစားနေရ၏။
ထိုသူသည် ထိုအကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။
ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏။
နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သောအမှန်တရား(နိဗ္ဗာန်)ကို မျက်မှောက်ပြု၏။
ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။
ရဟန်းတို့ ... ထိုအာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရိုးကို ထိုးသည်ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထိုအာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ ... လောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။
ရဟန်းတို့ ... ဤ စတုတ္ထ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှား ရှိ၏။

ရဟန်းတို့ ... ဤအာဇာနည်ယောက်ျားကောင်း လေးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

+++++

လင်္ကာ

(၁)

နှင်တံအရိပ်၊ မြင်တွေ့ပါလျှင်
အာဇာနည်မြင်း၊ ကြောက်ခြင်းပုံသွင်
သေဆုံးဘေးထိ၊ ကြားသိလူရှင်
သံဝေရ မုချတူသည်ပင်။

(၂)

နှင်တံအရိပ်၊ ကြောက်စိတ်မတည်
မွေးညင်းထိုးဆွ၊ ရိုက်မှကြောက်သည်
သေဆုံးဘေးထိ၊ မြင့်သည့်လူသည်
သံဝေရ မုချတူပေသည်။

(၃)

မွေးညင်းထိုးဆွ၊ ရိုက်ကမဖြုံ
အရေဖောက်ထွင်း၊ ကြောက်ခြင်းစိတ်တုန်
ဆွေမျိုးညာတိ၊ ဒဏ်ထိဘေးကြုံ
ထိတ်လန့်ငြား ဉာဏ်အားသံဝေပုံ။

(၄)

အရေထွင်းဖောက်၊ စိတ်ကြောက်မပေါ်
အရိုးထိမှ၊ စိတ်ကကြောက်သော်
ကိုယ်တိုင်ကြုံဘိ။ ဒဏ်ထိလေသော်
ထိုခါမှ ဉာဏသံဝေပေါ်။

+++++

တရားပွဲပြီးသော် ၁၀ မိနစ်မျှ တရားရှုမှတ်ကြပြီး၊ ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

No comments: