နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း
စနေနေ့ စုပေါင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပမြဲ ကျင်းပ ပြုလုပ်ရာ -
ဓမ္မပဒသင်တန်း၌ သင်တန်းဆရာတော် အရှင်စက္ကိန္ဒ ခရီးလွန်နေသဖြင့် အရှင်ဝိမလက ဓမ္မပဒဂါထာ အမှတ် ၁၁၊ ၁၂ တို့ကို အစပျိုး သင်ပြ ပို့ချပေး၏။

အဘိဓမ္မာသင်တန်းဝယ် ဆရာတော် အရှင်ဝဏ္ဏိတက လောကုတ္တရာစိတ်အကျယ် ၄၀ ကို ရှင်းလင်း သင်ကြား၍ စိတ်သရုပ်ခွဲ အပြီးသတ်နှင့် အဘိဓမ္မာစာမေးပွဲ မေးခွန်းအချို့ကို ဖြေဆိုပြသ သင်ကြား ပို့ချသွားလေသည်။


ဆည်းဆာတရားပွဲများအဖြစ် ရှေးဦးစွာ မဟာစည်သာသနာ့ရိပ်သာအဖွဲ့ကြီး၏ ပြည်တွင်းပြည်ပ ဥသျှောင်သြ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးက `စိတ်ထားတတ် မြတ် တရားတော်´ကို ဟောကြား ချီးမြှင့်၏။

နတ်သား မေး - `ဘယ်ကဆောင်၍ ဘယ်ကဆွဲ ဘယ်သူ့နောက်သို့ လိုက်ရသလဲ?
ဘုရားရှင် ဖြေ - `စိတ်ကဆောင်၍ စိတ်ကဆွဲ စိတ်၏နောက်သို့ လိုက်ရမြဲ။
ဤအမေးအဖြေပေါ် အခြေခံ၍ ဆရာတော်ကြီးကလည်း -
`အဆွဲကောင်းက တော်တာပဲ
အဆွဲမကောင်းက အပါယ်ငရဲ
သင်လည်း ဘယ်နောက် လိုက်မလဲ?´ ဟု သုံးသပ် မေးမြန်းသွား၏။
ဒုတိယ ဆည်းဆာတရားပွဲအဖြစ် ပြည်တွင်းပြည်ပ မဟာစည်နယ်လှည့်ဓမ္မကထိက မေတ္တာအေးဆရာတော်က `ဘာအရေးကြီးဆုံးလဲ တရားတော်´ကို ဟောကြားလေသည်။

ဘာအရေးကြီးဆုံးလဲ?
နေရေးဘက်တွင် ချမ်းသာချင် နေ့စဉ် ဥစ္စာရှာ။
သေရေးဘက်တွင် ချမ်းသာချင် နေ့စဉ် ကုသိုလ်ရှာ။
ဥစ္စာဓန မရှိက နေရခက်မည်သာ။
ကုသိုလ်ပုည မရှိက သေရခက်မည်သာ။
အနေလည်းခက်၊ အသေခက်၊ ရှူံးချက် လွန်နစ်နာ။
ဥစ္စာဓန ပြည့်စုံက နေရ လွန်ချမ်းသာ။
ကုသိုလ်ပုည ပြည့်စုံက နေရမြတ်သည်သာ။
အနေလည်းမြတ်၊ အသေမြတ်၊ အမြတ်လူချမ်းသာ။
ရင့်ရော်ရိတွဲ၊ အိုမှာပဲ၊ အိုရဲအောင်သာ တရားရှာ။
ကျင်နာကိုက်ခဲ၊ နာမှာပဲ၊ နာရဲအောင်သာ တရားရှာ။
ခန္ဓာပြိုကွဲ၊ သေမှာပဲ၊ သေရဲအောင်သာ တရားရှာ။
တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို ဝေနေယျသတွာအားလုံးတို့အား အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment