Thursday, September 30, 2010

ကမ္မဋ္ဌာန်းပိုင်း (၅)

... ပြန် စဉ်းစားကြည့်စမ်း။
အဘိဓမ္မာမလေ့လာခင်က အသိနဲ့ အဘိဓမ္မာလေ့လာပြီးမှ အသိနဲ့ ဘယ်လိုနေသလဲ?
ကွာခြားမှုရှိရဲ့လား ... မရှိဘူးလား။
ရှိတာပေါ့။

စကားသုံးတာတွေကို ပိုပြီး နားလည်လာတယ် မဟုတ်ဘူးလား။
ဆိုပါတော့၊ စေတနာ .. စေတနာနဲ့ ပြောနေတယ်။ မြန်မာစကားမှာတော့ စေတနာဆိုတာ ကောင်းတာကို စေတနာခေါ်တာ။
မင်းကို ငါ .. စေတနာနဲ့ ပြောတယ်ဆိုတာ ကောင်းတဲ့ စေတနာနဲ့ ပြောတယ်လို့ ဆိုတာ။

တကယ်ကတော့ စေတနာဆိုတာ ဘာလဲ?
စေ့ဆော်ခြင်း သဘောတရား၊ ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။
ဒါတွေကို နားလည်လာပြီနော်။

ပြီးတော့ ဘုန်းကြီး ရေစက်ချတဲ့အခါကျတော့ အာသဝေါတရားလေးပါးတို့၏ ကင်းရာ ကုန်ရာ နိဗ္ဗာန်သို့လို့ ရွတ်ကြတာ ကြားဖူးတယ် မဟုတ်လား။
အာသဝေါတရားဆိုတာ အခု နားလည်ပြီ ဆိုပါတော့။ မမှတ်မိရင်တောင် ပြန်ကြည့်ရင် သိတယ်။

ဘုန်းကြီးတွေ တရားဟောတဲ့အခါ ဥပါဒါနက္ခန္ဓာ .. ဒီလိုသုံးတာတွေ ရှိတယ်။
သမုဒယ၊ တဏှာလောဘဆိုတဲ့ စကားတွေကို အခု နားလည်လာပြီ မဟုတ်လား။
အရင်ကတော့ ကိုယ်က နားလည်တယ် ထင်တာ။
တကယ်တော့ နားမလည်ဘူး။ မြန်မာစကားဆိုပြီး နားလည်သလို ထင်တာပဲ ရှိတယ်။
အခုတော့ အဲဒါတွေကို တိတိကျကျ နားလည်လာပြီ။

ငါ စိတ်မကောင်းဘူးကွာ၊ စိတ်ဆိုးတယ်လို့ ပြော့လေ့ရှိကြတယ်။
အမှန်ကတော့ အဲဒီစိတ်ဆိုတာဟာ စိတ်ရော၊ စေတသိက်ရော နှစ်ခုလုံးကို ပေါင်းပြီး ပြောနေတာ။
စိတ်ချည်းသက်သက် ဆိုးလို့ မရဘူး။
စေတသိက်ဆိုးတွေနဲ့ တွေ့တဲ့အခါ စိတ်ဆိုးတယ် ခေါ်ရတာ။

အဲသလို အဘိဓမ္မာကို နားလည်လာတဲ့အတွက်ကြောင့် အသိဉာဏ်ဟာ အရင်ကနဲ့ မတူတော့ဘူး ဖြစ်လာတယ် မဟုတ်လား။
ပြီးတော့ practical side ကို ကြည့်မယ်ဆိုရင် ဘယ်ဟာက ကုသိုလ်၊ ဘယ်ဟာက အကုသိုလ်ဆိုတာ နားလည်ပြီ၊ သိနေပြီ။
သိနေတဲ့အတွက်ကြောင့် အကုသိုလ်ဆိုတာက မကောင်းတဲ့ အကျိုးပေးတတ်တယ်။
ကုသိုလ်ဆိုတာက ကောင်းတဲ့အကျိုး ပေးတတ်တယ်။
အဲဒီတော့ ကောင်းတဲ့အကျိုးကို လိုချင်ရင် ကုသိုလ်ကို ပွားများ အားထုတ်ရမယ်။
မကောင်းတဲ့အကျိုးကို မလိုချင်ရင် အကုသိုလ်ကို ရှောင်ရမယ်။
ဒါတွေ သိလာတယ်။

သိတဲ့နေရာမှာ ရိုးရိုးသိတာမဟုတ်ဘဲနဲ့ တကယ့်ကို တိတိကျကျ သိတာ။
ဘယ်လိုဟာမျိုးက အကုသိုလ်ဖြစ်တယ်၊ ဘယ်လိုဟာမျိုးက ကုသိုလ်ဖြစ်တယ်လို့လည်း ခွဲခြား သိလာတယ်။
ဒါတွေဟာ အဘိဓမ္မာနားလည်တဲ့ အကျိုးတွေပေါ့။
လက်တွေ့ကျင့်သုံးရာမှာ ရနိုင်တဲ့ အကျိုးတွေ။

ပြီးတော့ ကောင်းမှုကုသိုလ်တစ်ခု ပြုတဲ့ နေရာမှာ တိဟိတ်ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်တတ်လာပြီ မဟုတ်လား။
အဘိဓမ္မာ နားမလည်သေးတဲ့ သူဆိုရင် လုပ်ချင်မှ လုပ်တတ်မယ်။
ဘုန်းကြီးက သင်ပေးလို့ လုပ်ချင်လည်း လုပ်တတ်သွားမယ်ပေါ့လေ။
သူတို့ဟာ သူတို့တော့ မလုပ်တတ်သေးဘူးပေါ့။

အဲဒါကြောင့်မို့ အဘိဓမ္မာ နားလည်တဲ့ အကျိုးဟာ တန်ဖိုးမဖြတ်နိုင်ဘူး။
မိမိရဲ့ အနာဂတ်ဘဝ ဖန်တီးတဲ့အခါမှာ မဂ်ဖိုလ်ရနိုင်တဲ့ အခြေခံပါအောင် ဖန်တီးပေးမှ မဂ်ဖိုလ်ရမှာ။
ဒီဘဝမရလည်း နောက်ဘဝရအောင် ဆိုရင်လည်း ကိုယ်ကဖန်တီးမှ ရမှာ။
ဘယ်လို ဖန်တီးရမယ်ဆိုတာ အခု သိပြီ။

ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာ တိဟိတ်ကုသိုလ်၊ ဥက္ကဌ်ကုသိုလ်ဖြစ်အောင် လုပ်မှ နောက်ဘဝ ဘဝတွေမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ပြီးတော့ မဂ်ဖိုလ်ရနိုင်တဲ့ အဆင့်အတန်းရောက်မယ်။
ဒါတွေ သိပြီဆိုတော့ ကိုယ့်ရဲ့ အနာဂတ်ဘဝတွေကို ဒီဘဝကနေပြီး စီမံနိုင်တယ်ပေါ့။
ဒါဟာ အဘိဓမ္မာတတ်လို့၊ အဘိဓမ္မာမတတ်ရင် မဖြစ်ဘူး .. ဒါတွေ မလုပ်တတ်ဘူး။

ဒါကြောင့်မို့ အဘိဓမ္မာနားလည်တဲ့အတွက်ကြောင့် လက်တွေ့အကျိုးရှိအောင် အများကြီးလည်း လုပ်နိုင်တယ်။
ပြီးတော့ လက်တွေ့ အကျိုးသိပ်မရှိဘူး ထားဦး၊ သဘောတရားတွေကို နားလည်တဲ့နေရာမှာ သူများတွေနဲ့ မတူတော့ဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်နားလည်တာဟာ ရိုးရိုး နားလည်တာမျိုး မဟုတ်တော့ဘူး။
သုတ္တန်တွေ ဘာတွေ ဖတ်ပြီဆိုရင်လည်း တချို့နေရာတွေမှာ ကိုယ်က အယူအဆ မလွဲတော့ဘူး။ ကိုယ်က အဘိဓမ္မာ နားလည်ပြီးသား ဖြစ်နေပြီ။

ဒါကြောင့်မို့ အဘိဓမ္မာသင်ရတဲ့အကျိုးဟာ မကုန်နိုင်အောင် ရှိတယ်။
အကျိုးအမျိုးမျိုး ရှိတယ်။
ဒီအကျိုးတွေကို မိမိတို့ဟာ အဘိဓမ္မာလေ့လာရတဲ့အတွက်ကြောင့်မို့ ရကြပြီပေါ့။

အဲဒီတော့ မိမိတို့ အဘိဓမ္မာကို နားလည်တာဟာ ဘယ်လောက်သာ ရှိသေးသလဲဆိုတော့ အမှန်အတိုင်း ပြောရရင် နည်းနည်းပဲ ရှိသေးတယ်။

ဆိုပါတော့၊ ပင်လယ်ကမ်းစပ်သွားပြီး I have seen the Pacific ocean. ငါ ပစ္စိဖိတ်သမုဒ္ဒရာကြီး မြင်ပြီဟေ့ ..လို့ ကြွေးကြော်ပေမယ့် ကိုယ်မြင်တဲ့ ပစ္စိဖိတ်သမုဒ္ဒရာက ဘယ်လောက်ရှိသေးလို့လဲ။
တကယ့် ပစ္စိဖိတ်သမုဒ္ဒရာနဲ့စာလိုက်ရင် အပုံတစ်ရာပုံ တစ်ပုံတောင် မရှိသေးဘူး။

အဲဒါမျိုးလိုပဲ၊ ဘုန်းကြီးတို့ ဒကာဒကာမတို့တတွေ နားလည်တဲ့ အဘိဓမ္မာဟာ မြတ်စွာဘုရား မပြောနဲ့၊ အရှင်သာရိပုတ္တရာ နားလည်တဲ့ အဘိဓမ္မာနဲ့စာရင် ဘာမှ မဟုတ်သေးဘူး။

ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် I am an Abhidhamma scholar. လို့ ပြောဝံ့ဖို့တောင် ဦးဇင်းတို့ မပြောဝံ့ဘူး။
Student of Abhidhamma ပဲ။ သူများတွေက scholar လို့ ပြောနေကြတယ်။

ကိုယ်သိတာက တကယ်ကျတော့ ဘာမှ မဟုတ်သေးဘူး။
ခေတ်ဥပမာနဲ့ ပြောရမယ်ဆိုရင် ရေခဲတောင်ကြီးတွေဟာ ရေပေါ်ပေါ်နေတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာမဟုတ်လား။
အဲဒါမျိုးလိုပဲ။ ကိုယ်သိတာက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိချင်မှ ရှိဦးမယ်။

ဒါကြောင့်မို့ ရှေ့ဆက်ပြီးတော့ မပြတ် လေ့လာသွားရမှာပဲ။
နည်းနည်း နည်းနည်းချင်း ဒီတစ်ခေါက်ထက် နောက်တစ်ခေါက်က ပိုသိလာမယ်။
နောက်တစ်ခေါက်ထက် နောက်တစ်ခေါက်က အသိပိုလာမယ်။
အသိပိုလာလေ တရားကို လေးလေးနက်နက် သိလေ၊ လေးလေးနက်နက် သိလေ မြတ်စွာဘုရားကို ပိုပြီး ကြည်ညိုလေပဲ။
တရားသိတဲ့အခါ ပိုကြည်ညိုတယ်။ ကြည်ညိုတတ်လာတယ်။
တရားမသိဘဲ အရမ်းကြည်ညိုတာထက် တရားသိပြီး ကြည်ညိုတာက ပိုကောင်းတယ်။

အဲဒါကြောင့် အကျိုးတွေ အများကြီး ရနိုင်တဲ့ အခြေခံအဘိဓမ္မာကို ငါတို့ အစကနေ အဆုံးတိုင်အောင် လေ့လာအားထုတ်ပြီးပြီဆိုတာ အလွန်ဝမ်းသာဖို့ ကောင်းတယ်။

(အရှင်သီလာနန္ဒာဘိဝံသ)

+++++

လက္ခဏာ ၃-ပါး

၁။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ မမြဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော အနိစ္စလက္ခဏာ။
၂။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ ဆင်းရဲသောအဖြစ်ဖြင့် မှတ်ကြောင်းဖြစ်သော ဒုက္ခလက္ခဏာ။
၃။ ခန္ဓာငါးပါး ရုပ်နာမ်တရား၏ အနှစ်သာရမဟုတ်ခြင်း၊ အလိုသို့ မလိုက်ခြင်းအမှတ်ဖြင့် မှတ်ကြောင်းဖြစ်သော အနတ္တလက္ခဏာ။

အနုပဿနာ ၃-ပါး

၁။ အနိစ္စာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို မမြဲသောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း။
၂။ ဒုက္ခာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ဆင်းရဲသောအားဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
၃။ အနတ္တာနုပဿနာ = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အစိုးမရ အလိုသို့ မလိုက်သောအားဖြင့် အဖန်တလဲလဲ ရှုဆင်ခြင်ခြင်း

+++++
သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်

သောတာပတ္တိမဂ်စိတ်အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ပထမရသော သောတာပတ္တိဖိုလ်မှ စပြီး သကဒါဂါမိမဂ် မရမချင်းတိုင်အောင် သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
ဘဝသံသရာတွင် အလွန်ဆုံး ၇-ဘဝသာ နေပြီး နောက်ဆုံးဘဝ၌ ဧကန် ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြု၏။

၁။ သတ္တက္ခတ္တုပရမသောတာပန် = ခုနစ်ဘဝ၏ အဆုံး၌ နိဗ္ဗာန်သို့ စံဝင်သောပုဂ္ဂိုလ်။
၂။ ကောလံကောလသောတာပန် = နှစ်ဘဝမှ ခြောက်ဘဝတိုင်အောင် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။
၃။ ဧကဗီဇသောတာပန် = တစ်ဘဝသာလျှင် ပဋိသန္ဓေတည်နေ၍ ပရိနိဗ္ဗာန်စံဝင်သောပုဂ္ဂိုလ်။

သောတာပတ္တိမဂ်စိတ်သည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏။
ကျန်ကိလေသာများအတွက် အပါယ်ကို ကျစေနိုင်သော ကိလေသာများကို ပယ်၏။
သောတာပန်ပုဂ္ဂိုလ်သည် အပါယ်လားစေနိုင်သော အကုသိုလ်တို့ကို မပြုလုပ်တော့။
ငါးပါးသီလ လုံးဝ လုံခြုံ၏။ အသက်သာ အသေခံမည်ဖြစ်ပြီး ငါးပါးသီလကို ကျူးလွန်မည် မဟုတ်ပေ။

သောတာပန်ဖြစ်ပြီး ပုဂ္ဂိုလ်၌ အကုသိုလ်စိတ် ၁၂-ပါးထဲမှ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ပါး၊ ပေါင်း ၅-ပါးကို ပယ်၏။

သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်

တရားဆက်အားထုတ်ပြီး ဝိပဿနာဉာဏ်မှာ ဥဒယဗ္ဗယဉာဏ်က စ၍ အဆင့်ဆင့် တက်သွားကာ ဒုတိယမဂ်ရသော အခိုက်အတန့်၌ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။
ပထမ သကဒါဂါမိဖိုလ် ရသည်မှ စ၍ အနာဂါမိမဂ်မရမီတိုင်အောင် သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် ဖြစ်၏။

လူ့ပြည်သို့ ပဋိသန္ဓေအားဖြင့် တစ်ခေါက်သာ ပြန်လာတော့၏။

၁။ ဣဓပတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၂။ ဣဓမတွာ တတ္ထပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၃။ တတ္ထပတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၎။ တတ္ထပတွာ ဣဓပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၅။ ဣဓပတွာ တတ္ထနိဗ္ဗတ္တိတွာ ဣဓပရိနိဗ္ဗာယီ = ဤလူ့ဘုံ၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ ဖြစ်ပြီး ဤလူ့ဘုံ၌ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။
၆။ တတ္ထပတွာ ဣဓနိဗ္ဗတ္တိတွာ တတ္ထပရိနိဗ္ဗာယီ = ထိုနတ်ဘုံ၌ သကဒါဂါမ်ဖြစ်ပြီး ဤလူ့ဘုံ၌ ပဋိသန္ဓေနေ၍ ဤလူ့ပြည်မှတဖန် ထိုနတ်ပြည်သို့ ပြန်၍ ပရိနိဗ္ဗာန်ပြုသော သကဒါဂါမ်။

သကဒါဂါမိမဂ်သည် နောက်ထပ် ကိလေသာတို့ကို အကြွင်းမဲ့အားဖြင့် မပယ်သော်လည်း ကိလေသာတို့ကို ပို၍ နည်းပါးသွားအောင် လုပ်၏။

အနာဂါမိမဂ်၊ အနာဂါမိဖိုလ်

တတိယမဂ်ရသော အခိုက်အတန့် ပုဂ္ဂိုလ်ကို အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အနာဂါမိဖိုလ်မှ အရဟတ္တမဂ် မရမီတိုင်အောင် ပုဂ္ဂိုလ်ကို အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။
အနာဂါမ်ဖြစ်ပြီးက လူ့ပြည်၊ ကာမာဝစရဘုံတို့သို့ ပြန်မလာတော့ဘဲ ဧကန် သုဒ္ဓါဝါသဗြဟ္မာဘုံ၌ ဖြစ်ကာ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံဝင်၏။

၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ရှေ့ထက်ဝက်အတွင်း ရဟန္တာဖြစ်သော အနာဂါမ်။
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ် = သုဒ္ဓဝါသ ၅-ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ အသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ အလွန်လုံ့လမပြုဘဲ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၎။ သသင်္ခါရပရိနိဗ္ဗာယီ = ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ် = သုဒ္ဓါဝါသ ၅-ဘုံတို့တွင် အောက်အောက်သောဘုံတို့၌ အရဟတ္တမဂ်ကို မရမူ၍ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ်။

ဥဒ္ဓံသောတအကနိဋ္ဌဂါမိအနာဂါမ်ကို ဤသို့ ခွဲသေး၏။

(က) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း အကနိဋ္ဌဘုံတိုင်အောင် သွား၍ ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ခ) အဝိဟာဘုံမှ စ၍ အစဉ်အတိုင်း သုဒဿီဘုံတိုင်အောင် သွား၍ ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။
(ဂ) ဤကာမဘုံမှ အကနိဋ္ဌဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော နဥဒ္ဓံသောတ အကနိဋ္ဌဂါမိအနာဂါမ်။
(ဃ) ဤကာမဘုံမှ သုဒ္ဓါဝါသအောက် ၄-ဘုံသို့ သွား၍ ဖြစ်ရာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော ဥဒ္ဓံသောတ နအကနိဋ္ဌဂါမိအနာဂါမ်။

အနာဂါမိမဂ်က ကာမရာဂနှင့် ဗျာပါဒကို အကြွင်းမဲ့ ပယ်၏။

အရဟတ္တမဂ်၊ အရဟတ္တဖိုလ်

အရဟတ္တမဂ် အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ ပထမ အရဟတ္တဖိုလ်မှ စပြီး ပရိနိဗ္ဗာန်ပြုသည်တိုင်အောင်သော ပုဂ္ဂိုလ်ကို အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်ဟု ခေါ်၏။

ရဟန္တာပုဂ္ဂိုလ်သည် -
(၁) ပညာဝိမုတ္တရဟန္တာ
(၂) ဥဘတောဘာဂဝိမုတ္တရဟန္တာ
(၃) တေဝိဇ္ဇရဟန္တာ
(၄) ဆဠာဘိညရဟန္တာ
(၅) ပဋိသမ္ဘိဒါပတ္တရဟန္တာ ဟူ၍ ၅-မျိုး ရှိ၏။

အရဟတ္တမဂ်က အလွန်သိမ်မွေ့သော မာနမှ လွဲ၍ ကျန်ကိလေသာ အားလုံးကို အကြွင်းမဲ့ ပယ်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခုနှင့် ဥဒ္ဓစ္စသဟဂုတ် ၁-ခု၊ ပေါင်း ၅-ခုကို အကြွင်းမဲ့ ပယ်၏။

ရဟန္တာပုဂ္ဂိုလ်အား အာသဝေါတရား ၄-ပါးတို့သည် ကင်းကုန်သောကြောင့် ခီဏာသဝ မည်၏ ဟူ၍လည်းကောင်း၊
အမြတ်ဆုံးသော အလှူကို ခံတော်မူထိုက်သောကြောင့် အဂ္ဂဒက္ခိဏေယျ ဟူ၍လည်းကောင်း သင်္ဂြိုဟ်ကျမ်းတွင် ပြဆို၏။

+++++

အရိယာပုဂ္ဂိုလ် ၈-ယောက်

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်
အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်

+++++

ဝိမောက္ခ ၃-ပါး

၁။ ခန္ဓာငါးပါး သင်္ခါရတရားတို့၌ အတ္တဇီဝမှ ဆိတ်သည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။
၂။ နိစ္စနိမိတ်စသည် မရှိသည်ဖြစ်၍ သံယောဇဉ်စသည်မှ လွတ်သော မဂ်သည် အနိမိတ္တဝိမောက္ခ မည်၏။
၃။ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်စသည်တို့မှ လွတ်သော မဂ်သည် အပ္ပဏီဟိတဝိမောက္ခ မည်၏။

ဝိမောက္ခမုခ ၃-ပါး

၁။ ခန္ဓာငါးပါးတို့၌ အတ္တမှ ဆိတ်သည်ကို အဖန်တလဲလဲ ရှုခြင်းပညာသည် သုညတာနုပဿနာ မည်၏။
၂။ ခန္ဓာငါးပါးတို့၌ နိစ္စနိမိတ် မရှိခြင်းကို အဖန်တလဲလဲ ရှုခြင်းပညာသည် အနိမိတ္တာနုပဿနာ မည်၏။
၃။ ခန္ဓာငါးပါးတို့၌ တဏှာတည်းဟူသော တောင့်တခြင်း ကင်းသည်ကို အဖန်တလဲလဲ ရှုဆင်ခြင်ခြင်းပညာသည် အပ္ပဏီဟိတာနုပဿနာ မည်၏။

မဂ်နှင့်ဖိုလ်သည် အတ္တာဘိနိဝေသစသော ဆန့်ကျင်ဘက် ကိလေသာဟု ဆိုအပ်သော ဆန့်ကျင်ဘက်မှ လွတ်တတ်သောကြောင့် ဝိမောက္ခ မည်၏။
အဖန်တလဲလဲ ရှုသော ဝိပဿနာဉာဏ်သည် လောကုတ္တရာမဂ်ဖိုလ်ရခြင်း၏ အကြောင်းဖြစ်သော ဝိမောက္ခမုခ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက “နတ်တို့မှာတမ်း စကားဆန်း”ဟူသော တရားတော် ပထမပိုင်းကို ဟောကြား ချီးမြှင့်၏။



ဣတိဝုတ်ပါဠိတော် ပဉ္စပုဗ္ဗနိမိတ်သုတ်တော်ကို ဟောကြားခြင်းဖြစ်ရာ၊ စုတေခါနီး နတ်အား မှာကြားသည့် စကားသုံးခုအနက် -

၁။ ဣတော ဘော သုဂတိ ဂစ္ဆ = ဤနတ်ပြည်လောက နတ်ဘဝက စုတေလျှင် သုဂတိဘဝသို့ ရောက်အောင် သွားပါ။
(နတ်ပြည်ဘဝ၊ စုတေက၊ သုဂတိသို့ သွားပါလေ။)

၂။ သုဂတိ ဂန္တွာ သုလဒ္ဓ လာဘံ လဘ = သုဂတိဘုံဘဝသို့ ရောက်လျှင် အကောင်းဆုံး ရတနာများကို ရအောင် ယူပါ။
(သုဂတိမှာ၊ ရသင့်တာ၊ ရတနာများ ရပါစေ။)

မှာတမ်း စကား ၂-ခုကို ရှင်းလင်း ဟောကြားပြီး၊ ၁၀-မိနစ်မျှ တရားရှုမှတ် ပွားများကြကာ ကုသိုလ်ကောင်းမှုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

ကမ္မဋ္ဌာန်းပိုင်း (၄)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြား ပို့ချရာ ၂၀၀၉-၂၀၁၀ အဘိဓမ္မာသင်တန်း၏ နောက်ဆုံး သင်ခန်းစာများအဖြစ် အပတ်စဉ် ၅၅ နှင့် ၅၆ - ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာ ပို့ချချက်များကို နာယူ သင်ယူ မှတ်သားကြရ၏။

ရှေးဦးစွာ လောကချမ်းသာဆရာတော်က သင်ကြားမည့် သင်ခန်းစာမိတ်ဆက် အကြောင်းအရာများကို ရှင်းလင်း သင်ပြ၏။



+++++

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။

ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။

ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(၇) ဉာဏဒဿနဝိသုဒ္ဓိ

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

မဂ္ဂဝီထိ ပုံစံ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်

မဂ္ဂဝီထိကို ဝီထိပိုင်းတွင် လေ့လာခဲ့ပြီး ဖြစ်၏။

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ - ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်

မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။

+++++

Tuesday, September 28, 2010

ကမ္မဋ္ဌာန်းပိုင်း (၃)

ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိ

ပထဝီကသိဏ၊ စွမ်းဗလကြောင့်
ဧက ဗဟု၊ ဗဟု ဧက
စသည်ဖြစ်ချင်
ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၍
သွားခြင်းထိုင်လျောင်း
ရကောင်း အဘိပါ၊ စစွာသဘော
ပြီးကြောင်း ဟော၏။

ပထဝီကသိုဏ်း၏ အစွမ်းသတ္တိ အကျိုးများမှာ တစ်ယောက်တည်းကနေ အများဖြစ်အောင် ဖန်ဆင်းခြင်း၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းခြင်း၊ ကောင်းကင်ပေါ်၌ မြေကြီး, ရေထဲ၌ မြေကြီး ဖန်ဆင်းပြီး သွား,ထိုင်,ရပ်နိုင်ခြင်းတို့ကို နိုင်နိုင်နင်းနင်း ပွားများ ပြုလုပ်နိုင်၏။

အာပေါစွမ်းအင်၊ မြေတွင်ပေါ်လျှိုး
မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်
မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော
ရေလျှံပြော၏။

အာပေါကသိုဏ်းဝင်စားပြီး မြေတွင် လျှိုးဝင်နိုင်ခြင်း၊ မိုးဖန်ဆင်းနိုင်ခြင်း၊ မြစ်ကြီးဖန်ဆင်းနိုင်ခြင်း၊ သမုဒ္ဒရာဖန်ဆင်းနိုင်ခြင်း၊ မြေကြီး, တောင်, ပြာသာဒ်တို့ကို လှုပ်ရှားစေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

တေဇောလျှံခိုး၊ မီးကျဉ်းမိုးတည့်
သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ
ဝတ္ထုတွေတွင်၊ လောင်ချင်စေရာ
ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်
တေဇောဓာတ်လောင်၊ မိုက်မှောင်ပယ်လျော

တေဇောကသိုဏ်းဝင်စားပြီး မီးကျည်းမိုးရွာအောင် အလျှံအခိုးများ ဖြစ်ပေါ်အောင် ဖန်ဆင်းနိုင်၏။ တစ်ဖက်သား၏ တန်ခိုးကို ချိုးနှိမ်နိုင်၏။ ပစ္စည်းအမျိုးမျိုးရှိသည်အနက် လောင်စေချင်သော ပစ္စည်းကို မီးလောင်အောင် ပြုလုပ်နိုင်၏။ ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အလင်းရောင်ဖြစ်အောင် ဖန်ဆင်းနိုင်၏။ သေပြီး ကျန်ရစ်သော ရုပ်အလောင်းကို အလိုလို မီးလောင်စေနိုင်၏။ အမိုက်တိုက်ကို ပယ်နိုင်၏။

ဝါယောစွမ်းမှာ၊ လျင်စွာလေမျှ
မုန်တိုင်းထစေ၊ ရောက်လေလိုရာ

ဝါယောကသိုဏ်း၏ အစွမ်းဖြင့် လေတိုက်အောင်၊ မုန်တိုင်းဖြစ်အောင်၊ လိုရာရောက်အောင် ပြုလုပ်နိုင်၏။

နီလာကသိုဏ်း၊ ညိုမှိုင်းအဆင်း
မိုက်စေခြင်းတည့်
အဘိဘာယတန၊ သုဘဝိမောက္ခာ
ရလေရာ၏

နီလကသိုဏ်းဖြင့် အမှိုက်မှောင်ကြီးကို ဖြစ်စေနိုင်၏။ အားကောင်းသော ဈာန်များကိုလည်း ရစေနိုင်၏။

ပီတာ ရွှေဆင်း၊ ရွှေဖန်ဆင်း၏
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

ပီတကသိုဏ်းဖြင့် အဝါရောင်, ရွှေရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

လောဟိတစွမ်းအင်၊ နီလွင်ဖန်ဆင်း
ရခြင်းအဘိဘာ၊ သုဘဝိမောက္ခာ
ရလေရာ၏

လောဟိတကသိုဏ်းဝင်စားပြီး အနီရောင် ဖန်ဆင်းနိုင်၏။ အားကောင်းသော အထက်ဈာန်များကိုလည်း ရစေနိုင်၏။

သြဒါတမူ၊ ဖြူရောင်ဖန်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အလင်း
ပြုခြင်းစွမ်းထ

သြဒါတကသိုဏ်းဖြင့် အဖြူရောင် ဖန်ဆင်းနိုင်၏။ အိပ်ချင်မှုကို, အမှောင် ပယ်ဖျောက်နိုင်၏။ ဒိဗ္ဗစက္ခု ရှုရန် အလင်းရောင် ဖြစ်ေ၏။

အာလောကလည်း၊ တောက်ပရောင်ဆင်း
ကင်းဝေးမျည်းငိုက်၊ မှောင်မိုက်ပျောက်ထ
ဒိဗ္ဗစက္ခု၊ ရှုဖို့အထင်း
ပြုခြင်းစွမ်းထ

အာလောကကသိုဏ်းမှာ သြဒါတနှင့် ဆင်၏။ အရောင်အဆင်း ဖန်ဆင်းနိုင်၏။ ဒိဗ္ဗစက္ခုအတွက် အလင်းရောင် ဖြစ်စေ၏။

အာကာသဝယ်၊ ပိတ်ကွယ်ခွာဟင်း
ရေမြေတွင်း၌၊ ဖန်ဆင်းကောင်းကင်
ပြုပြင်ယာပိုတ်၊ မခိုက်မငြိ
တိလောကုတ္တ၊ စသည်ကွယ်ခြား
သွားနိုင်ငြားသည်၊ ဆယ်ပါး ကသိုဏ်းသတ္တိတည်း။

အာကာသကသိုဏ်းဖြင့် မြေကြီးထဲလျှိုးပြီး စင်္ကြန်လျှောက်နိုင်၏။ အာကာသထဲ, ရေထဲ နေရာဖန်ဆင်းပြီး လမ်းလျှောက်နိုင်၏။ နံရံထဲ နေရာကွက်လပ်ဖန်ဆင်းပြီး ဖြတ်သွားနိုင်၏။

ဤကား ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိများ ဖြစ်၏။

+++++

ကာယဂတာသတိအားထုတ်နည်း

ကာယဂတာသတိမှာ ဆံပင်စသော ၃၂-ပါးသော ကောဋ္ဌာသကို အဆင်းအားဖြင့် ရွံဖွယ်၊ အနံ့အားဖြင့် ရွံဖွယ်၊ သဏ္ဍာန်အားဖြင့် ရွံဖွယ်ဟု အမျိုးမျိုး ရွံဖွယ် မြင်အောင် ရှုမှတ်ခြင်း ဖြစ်၏။

၃၂-ကောဋ္ဌာသကို အုပ်စုများ ခွဲထား၏။

တစပဉ္စက

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။

ဝက္ကပဉ္စက

မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ။

ပပ္ဖါသပဉ္စက

ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ။

မတ္ထလုင်္ဂံပဉ္စက

အန္တ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ။

မေဒဆက္က

ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ။

မုတ္တဆက္က

အဿု၊ ဝသာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။

စာ၌ လာရှိသည်မှာ ဤ ၃၂-ကောဋ္ဌာသကို ပထမ ပါးစပ်ဖြင့်(နှုတ်ဖြင့်) ရွတ်ဆိုရ၏။
ထိုနောက် စိတ်ဖြင့် ရွတ်ဆိုရ၏။
ထိုနောက် အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း ရွံဖွယ်ဖြစ်အောင် ရှုရ၏။

ရွတ်နည်း

ပထမ ၅-ရက်၌ အနုလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော”ဟု မပြတ် ရွတ်ရ၏။

ဒုတိယ ၅-ရက်၌ ပဋိလုံအားဖြင့် “တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ရ၏။

နောက် ၅-ရက်၌ အနုလုံပဋိလုံအားဖြင့် “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ”ဟု မပြတ် ရွတ်ဆိုရ၏။

ပထမအုပ်စုအတွက် ၁၅-ရက် ကြာ၏။

ထိုနောက် ဝက္ကပဉ္စကအတွက် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။
ထိုနောက် တစပဉ္စကနှင့် ဝက္ကပဉ္စက ၂-ခုပေါင်း “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရုံ၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ” ၁၀-ပါးကို အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် ပပ္ဖါသာပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက ၃-ခုပေါင်း ၁၅-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မတ္ထလုင်္ဂံပဉ္စကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက ၄-ခုပေါင်း ၂၀-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မေဒဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က ၅-ခုပေါင်း ၂၆-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ထိုနောက် မုတ္တဆက္ကကို ၁၅-ရက်၊
တစပဉ္စက၊ ဝက္ကပဉ္စက၊ ပပ္ဖါသာပဉ္စက၊ မတ္ထလုင်္ဂံပဉ္စက၊ မေဒဆက္က၊ မုတ္တဆက္က ၆-ခုပေါင်း ၃၂-ပါးကို ၁၅-ရက် ရွတ်ဆိုရ၏။

ဤသို့ နှုတ်အားဖြင့် ၅-လခွဲ ရွတ်ဆိုရကြောင်း သမ္မောအဋ္ဌကထာ၌ ပြဆိုထား၏။
ထိုနောက် ဤနည်းအတိုင်း စိတ်နှင့် ရွတ်ဆိုရပြန်၏။
ပြီးမှ အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ သဏ္ဍာန်အားဖြင့်လည်းကောင်း၊ အရပ်ဒေသအားဖြင့်လည်းကောင်း၊ တည်ရာဌာနအားဖြင့်လည်းကောင်း၊ အပိုင်းအခြားအားဖြင့်လည်းကောင်း ရွံဖွယ်ကို ရှုရ၏။

+++++

ဝိပဿနာကမ္မဋ္ဌာန်း

ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးဟု လာရှိ၏။

ဝိသုဒ္ဓိ ၇-ပါး

ဝိပဿနာအားထုတ်ရာတွင် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

ဝိသုဒ္ဓိ ၇-ပါးမှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဖြစ်၏။

(၁) သီလဝိသုဒ္ဓိ

သီလဝိသုဒ္ဓိဆိုသည်မှာ သီလစင်ကြယ်ခြင်း ဖြစ်၏။
ရဟန်းတို့၌ စတုပါရိသုဒ္ဓိသီလ၊ လူတို့၌ ၅-ပါး, ၈-ပါး, ၁၀-ပါး သီလ စင်ကြယ်အောင် စောင့်ထိန်းရ၏။

(၂) စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိမှာ စိတ်၏ စင်ကြယ်မှုကို ဆို၏။
စိတ်၏ စင်ကြယ်မှု ဆိုသည်မှာလည်း ဥပစာရသမာဓိ(ကသိုဏ်းနိမိတ် စိတ်ထဲ မြင်လာချိန်)၊ အပ္ပနာသမာဓိ(ဈာန်သမာဓိ)ဖြစ်ခြင်းကို ခေါ်၏။

ဝိပဿနာယာနိကဖြင့် တရားအားထုတ်သူတို့အတွက် ခဏိကသမာဓိသည် ဥပစာရသမာဓိနှင့် အလားတူ၏။
ဥပစာရသမာဓိသည် နီဝရဏတို့၏ တုန်လှုပ်ချောက်ချားမှုကို ခံနိုင်ရည် ရှိ၏။ ခိုင်မြဲ၏။ ထို့အတူ ဝိပဿနာခဏိကသမာဓိသည်လည်း ခိုင်မြဲ၏။ ထိုကဲ့သို့ ဝိပဿနာခဏိကသမာဓိဖြစ်က ဝိပဿနာမှာ စိတ္တဝိသုဒ္ဓိဖြစ်ပြီဟု ဆိုရ၏။

(၃) ဒိဋ္ဌိဝိသုဒ္ဓိ

မှားသော အယူများ၏ စင်ကြယ်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်၏။

မှားသောအယူဆိုသည်မှာ အတ္တရှိသည်ဟု ယူခြင်းမျိုး၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောက်ျားမိန်းမရှိသည်ဟု ယူခြင်းမျိုး၊ မြဲသည်ဟု ယူခြင်းမျိုး စသည် ဖြစ်၏။

ပရမတ္ထတရားတို့ကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့အားဖြင့် သိရ၏။

လက္ခဏာ = အမှတ်အသား
ရသ = ပြုလုပ်သောကိစ္စ၊ အကြောင်းစုံညီ၍ ဖြစ်ပုံ
ပစ္စုပဋ္ဌာန် = ဉာဏ်ထဲပေါ်လာသော အခြင်းအရာ
ပဒဋ္ဌာန် = နီးစွာသော အကြောင်း

သမာဓိအရှိန်ရလာပြီး စိတ္တဝိသုဒ္ဓိဖြစ်လာပြီးနောက် မှတ်စရာ အာရုံများကို ရှုမှတ် ရှုမှတ်သောအခါ အမှတ်ခံအာရုံ၏ သဘောတရား၊ လက္ခဏာ သို့မဟုတ် ရသ သို့မဟုတ် ပစ္စုပဋ္ဌာန်ကို အလိုလို မြင်လာ သိလာ၏။

မဟာစည်ဆရာတော်ဘုရားကြီးက လျှပ်စီးလက်သောအခါကို မြင်လိုက်ခြင်းဖြင့် ဥပမာပေး၏။
လျှပ်စီး၏ လက္ခဏာ=လင်းသွားခြင်း၊ ရသ=အမှောင်ဖျောက်ခြင်း၊ ပစ္စုပဋ္ဌာန်=ဖြောင့်ဖြောင့် သို့မဟုတ် ကောက်ကောက် မြင်လိုက်ရသော ပုံသဏ္ဍာန် အခြင်းအရာ စသည်ကို မေးမြန်းလျှင် သိချင်မှ သိမည်ဖြစ်ပြီး၊ လျှပ်စီးလက်ခြင်းကိုသာ သိမည် ဖြစ်၏။
ထို့အတူ ရုပ်နာမ်တို့၏ ဖြစ်ပျက်သော အခိုက်အတန့်၊ ရုပ်နာမ်တို့၏ သဘောတရားကို မြင်သိ၏။

ဤဒိဋ္ဌိဝိသုဒ္ဓိ၌ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်၏။

(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ

နောက်ဘဝက ဖြစ်ဖူးသလား၊ ရှေ့ဘဝကော ဖြစ်ဦးမှာလား .. စသည့် ယုံမှားမှု ၁၆-မျိုး ကင်းသောအဖြစ်ဖြင့် စင်ကြယ်ခြင်းကို ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ခေါ်၏။

ရုပ်နာမ်တို့ကို ခွဲခြား မြင်လာပြီးနောက် ရုပ်နာမ်တို့၏ ဖြစ်ခြင်းအကြောင်းကိုပါ မြင်လာ၏။ မြင်စရာအာရုံ၊ မျက်စိ စသည်ကြောင့် မြင်ခြင်းဖြစ်ကြောင်း သိလာ၏။ မှတ်စရာအာရုံ ရှိ၍ မှတ်သိသော စိတ်ဖြစ်ကြောင်း သိလာ၏။ အကြောင်းအကျိုး ဆက်သွယ်မှုကို သိမြင်လာ၏။ “ငါ .. ဒီဘဝမှာ ရှိနေခြင်းသည် နောက်က အကြောင်းတစ်ခု ရှိခဲ့၍သာ ဖြစ်၏။ မဂ်ဖိုလ်မရသေးသမျှ ဘဝများစွာ ဆက်နေရဦးမည်”ဟု အကြောင်းအကျိုး ဆက်စပ်ပြီး မြင်လာ၏။ ယုံမှားမှုတို့ ကင်းကုန်၏။

ကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်က သောတာပန်အငယ်စား (စူဠသောတာပန်)ဟု ခေါ်၏။
ကင်္ခါဝိတရဏဝိသုဒ္ဓိအဆင့်သို့ ရောက်ပြီး ထိုအဆင့်မှ ပြန်မလျောကျဘဲ တရားအားထုတ်မြဲ တရားအားထုတ်ပြီး သေလျှင် အပါယ်သို့မကျ ဂတိမြဲ၏ ဆို၏။

ဤကင်္ခါဝိတရဏဝိသုဒ္ဓိကို ဝိပဿနာဉာဏ်အားဖြင့် ပစ္စယပဋိဂ္ဂဟဉာဏ်(အကြောင်းအကျိုးဆက်စပ်မှုကို ရှုဆင်ခြင် သိမြင်သောဉာဏ်)ဟု ခေါ်၏။

(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

အကြောင်းအကျိုး ဆက်စပ်မှုကို သိမြင်လာပြီးနောက် ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိမြင်သောဉာဏ် ပေါ်၏။

ရုပ်နာမ်တို့၏ ဖြစ်ပြီးပျောက်သွားခြင်း အနိစ္စ၊ ဖြစ်ပျက်နှိပ်စက်မှုကို ခံရ၍ ဆင်းရဲခြင်း ဒုက္ခ၊ အတ္တမဟုတ် အနှစ်သာရမရှိ အလိုမလိုက်သော အနတ္တတို့ကို သိမြင်လာတော့၏။

ရုပ်ရှုရှု နာမ်ရှုရှု အနိစ္စ, ဒုက္ခ, အနတ္တသဘောတရားကို သိမြင်လာ၏။ ဤဉာဏ်ကို သမ္မသနဉာဏ်(ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသော ဉာဏ်)ဟု ခေါ်၏။

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ သြဘာသ, ပီတိ စသည့် ဝိပဿနာ၏ အညစ်အကြေးများ ဖြစ်ပေါ်လာတတ်ပြီး မဂ်ရပြီဟု အထင်မှားမှု ဖြစ်တတ်၏။

ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟု ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

အဘိဓမ္မာသင်တန်းပြီးနောက် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို ပြုလုပ်ရာ အရှင်ဝိမလက “ဂင်္ဂါလို စိတ်ထား”တရားတော်ကို ဟောကြား ချီးမြှင့်၏။



+++++

ကမ္မဋ္ဌာန်းပိုင်း (၂)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြားပို့ချရာ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ အပတ်စဉ် (၅၃)နှင့် (၅၄) ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာများ သင်ယူ နာယူ မှတ်သားကြရ၏။

ကမ္မဋ္ဌာန်း ၄၀ ကို ဘာဝနာ ၃-ပါးနှင့် တွဲစပ်ပုံ

ဘာဝနာသည် (၁) ပရိကမ္မဘာဝနာ၊ (၂) ဥပစာရဘာဝနာ၊ (၃) အပ္ပနာဘာဝနာ ဟု ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မဘာဝနာ

ကသိုဏ်းဝန်းပရိကမ္မနိမိတ်ကို အာရုံပြု၍ အကြိမ်များစွာ “ပထဝီ .. ပထဝီ” စသည်ဖြင့် မှန်းဆ ကြည့်ရှုပွားများသော ဘာဝနာ။

(၂) ဥပစာရဘာဝနာ

ထင်လာသော ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ရှေးကထက် တည်တည်ကြည်ကြည် သမာဓိရစွာ ပွားများသော ဘာဝနာ။

(၃) အပ္ပနာဘာဝနာ

ပဋိဘာဂနိမိတ်ပေါ်လာသောအခါ နီဝရဏတရားများ ကင်းကွာကာ ဝိတက်စသော ဈာန်အင်္ဂါတို့ မိမိတို့ဆိုင်ရာ ကိစ္စကို ဆောင်ရွက်နိုင်သော ဘာဝနာ။

ပရိကမ္မဘာဝနာသည် အလုံးစုံသော သမထကမ္မဋ္ဌာန်း ၄၀ တို့၌ ဖြစ်နိုင်၏။ တစ်စုံတစ်ခုသော သမထမျှသည် ပရိကမ်နှင့် ကင်း၍ မဖြစ်နိုင်သောကြောင့် ဖြစ်၏။

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏာနုဿတိ ဟူသော အနုဿတိ ၈-ပါးနှင့်
အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်အားဖြင့်
ပေါင်း ၁၀-ပါးတို့သည် ပရိကမ္မဘာဝနာနှင့် ဥပစာရဘာဝနာ ၂-ပါး ရ၏။
အပ္ပနာဘာဝနာကို မရနိုင်။

အကြောင်းမှာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ၊ ဥပသမာနုဿတိဟူသော အနုဿတိ ၇-ပါးတို့သည် အလွန်တရာ နက်နဲသော ဂုဏ်တော်စသော အာရုံရှိသောကြောင့် တည်တံ့ခြင်းငှာ မစွမ်းနိုင်အောင် နက်နဲသောကြောင့် အပ္ပနာဘာဝနာ မဖြစ်နိုင်။
မရဏာနုဿတိသည် ထိတ်လန့် ကြောက်ရွံ့အပ်သော သဘောတရားဖြစ်သောကြောင့် အပ္ပနာကို မဖြစ်စေနိုင်။
အာဟာရေပဋိကူလသညာနှင့် စတုဓာတုဝဝတ္ထာန်တို့သည်ကား တရားသဘောအားဖြင့် အလွန်တရာ နက်နဲသောကြောင့် အပ္ပနာကို မဖြစ်နိုင်။

ကြွင်းကမ္မဋ္ဌာန်း ၃၀ သည် ဘာဝနာ ၃-ပါးစလုံး ရ၏။

ထိုကမ္မဋ္ဌာန်း ၃၀ တွင် ကသိုဏ်း ၁၀-ပါးနှင့် အာနာပါနဿတိ ပေါင်း ၁၁-ပါးသည် ဈာန် ၅-ပါးစလုံးကို ရနိုင်၏။
အသုဘ ၁၀-ပါးနှင့် ကာယဂတာသတိ ပေါင်း ၁၁-ပါးသည် ပထမဈာန်ကိုသာ ရနိုင်၏။
မေတ္တာ, ကရုဏာ, မုဒိတာ ပေါင်း ၃-ပါးသည် စတုတ္ထဈာန်တိုင်အောင် ရနိုင်၏။
ဥပေက္ခာကမ္မဋ္ဌာန်းသည် ပဉ္စမဈာန်ကိုသာ ရနိုင်၏။
ဤကား ရူပါဝစရဈာန်ကို ရနိုင်သော ကမ္မဋ္ဌာန်း ၂၆-ပါးတည်း။

အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးတို့သည် အစဉ်အတိုင်း အရူပဈာန် ၄-ပါးကို ရစေနိုင်၏။

+++++

ကမ္မဋ္ဌာန်း ၄၀ ကို နိမိတ် ၃-ပါးနှင့် တွဲစပ်ပုံ

နိမိတ်သည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် ဟူ၍ ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မနိမိတ်

ကသိုဏ်းဝန်းစသော အာရုံတစ်ခုခုရအောင် အားထုတ်ရာ၌ စစွာ ရှုမြင်သော အာရုံ။

(၂) ဥဂ္ဂဟနိမိတ်

မျက်စိဖွင့်၍ ကြည့်ရာ၌ မြင်ရသလို စိတ်ထဲမှာ ထင်ရှားစွာ ပေါ်လာသော အာရုံ။

(၃) ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ်နှင့် သဏ္ဍာန်တူစွာ ၎င်းထက် အဆပေါင်းများစွာ ကြည်နူးဖွယ် ကြည်လင်စွာ ပေါ်လာသော အာရုံ။

နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါး တွဲစပ်ပုံမှာ -
ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် ၂-ပါးကို ပရိကမ္မဘာဝနာနှင့် တွဲရပြီး၊
ပဋိဘာဂနိမိတ်ကို ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ ၂-ပါးနှင့် တွဲရ၏။

ကမ္မဋ္ဌာန်း ၄၀ စလုံး၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်တို့ကို ရနိုင်သည်။
ကသိုဏ်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပနဿတိ - ပေါင်း ၂၂-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ်ကို ရနိုင်သည်။

ဈာန်ဖြစ်ပေါ်ပုံ

ဥဂ္ဂဟနိမိတ် ထင်ပြီးနောက် ၎င်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်ပွားများသော ယောဂီပုဂ္ဂိုလ်အား အစဉ်အတိုင်း နီဝရဏတရားတို့သည် ကင်းကွာကုန်၏။
ထိုအခါ ဥဂ္ဂဟနိမိတ်ထက် အဆများစွာ စင်ကြယ်သော ပဋိဘာဂနိမိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။
ထိုပဋိဘာဂနိမိတ် ထင်ပြီး ၎င်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် ပွားများသော ယောဂီပုဂ္ဂိုလ်အား ရူပါဝစရပထမအပ္ပနာဈာန်သည် ဖြစ်ပေါ်လာ၏။

ထိုသို့ ပထမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် မိမိရရှိသောဈာန်၌ ပိုင်နိုင်ခြင်းစသည်ဖြစ်အောင် ဝသီဘော်ငါးပါးဖြင့် လေ့လာရသည်။

ဝသီဘော် ၅ ပါး

(၁) အာဝဇ္ဇနဝသီဘော် = ဈာန်အင်္ဂါကို ဘဝင်အနည်းငယ် ခြား၍ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ဆင်ခြင်မှု။

(၂) သမာပဇ္ဇနဝသီဘော် = ဈာန်ဝင်စားလိုလတ်သော် လျင်မြန်စွာ ဝင်စားခြင်းငှာ စွမ်းနိုင်မှု။

(၃) အဓိဋ္ဌာနဝသီဘော် = မိမိအလိုရှိသမျှ ကာလကြာအောင် ဈာန်အစဉ်ကို ထားနိုင်မှု။

(၄) ဝုဋ္ဌာနဝသီဘော် = ဝင်စားသောဈာန်မှ မိမိထလိုသောအခါ၌ မိမိအလိုရှိတိုင်း ထခြင်းငှာ စွမ်းနိုင်မှု။

(၅) ပစ္စဝေက္ခဏာဝသီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ အထပ်ထပ် ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဇောစိတ်ဖြင့် ဈာန်အင်္ဂါကို ဆင်ခြင်မှု။

အာဝဇ္ဇဝသီဘော်မြောက်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးတော့၏။
အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသီဘော်ဟု ဆို၏။
ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဘော်ဟု ဆို၏။

မှတ်ချက်။ ။ အာဒိကမ္မိကဝီထိ၊ ဝသီဘော်ဝီထိများ ကျပုံကို ဝီထိပိုင်း၌ လေ့လာခဲ့ပြီး ဖြစ်၏။

ဒုတိယဈာန် စသည် ရပုံ

ဝိတက်စသော ရှေးရှေးသော ဈာနင်ကို ပယ်စွန့်၍ အဖန်ဖန်တလဲလဲ ပွားများ ဆင်ခြင်သည်ရှိသော် ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်စသည်တို့ ဖြစ်ပေါ်လာကုန်၏။

အထက်ဈာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ဈာန်ကို ဝသီဘော်ပေါက်အောင် လေ့လာအားထုတ်ရသည်။
ထိုကဲ့သို့ မလေ့လာဘဲ နေက ရပြီးသော ဈာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ်သွားတတ်သည်။

အာရုပ္ပဈာန် တက်ခန်း

ကရဇကာယရုပ်တရားအပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုတ်လေတော့၏။

ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးသော ယောဂီသည် ရူပပဉ္စမဈာန်ကို ဝသီဘော်မြောက်အောင် လေ့လာဝင်စားပြီးနောက် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပဋိဘာဂနိမိတ်ထင်အောင် နှလုံးသွင်း၏။ ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်းပျံ့နှံ့ရာအရပ်ကို “အာကာသောအနေန္တော, အာကာသောအနန္တော”ဟု ကောင်းကင်ကိုသာ အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် အထပ်ထပ် နှလုံးသွင်းလတ်သော် ပဌမာရုပ္ပဝိညာဏ်ခေါ်သော အာကာသာနဉ္စာယတနဈာန် အပ္ပနာ ဖြစ်ပေါ်လာလေသည်။

အာကာသာနဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ ဝိညာဏဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ပဌမာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “ဝိညာဏအနန္တ”ဟု အဖန်ဖန် ပွားများလတ်သော် ဒုတိယာရုပ္ပိဝိညာဏ် ခေါ်သော ဝိညာဏဉ္စာယတနဈာန် ဖြစ်ပေါ်လာ၏။

ဝိညာဏဉ္စာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ အာကိဉ္စညာယတနဈာန်ကို အလိုရှိသော ယောဂီသည် ဒုတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် ဝိညာဏဉ္စာယတနဈာန်၏ အာရုံဖြစ်သော အကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၏။ “နတ္ထိကိဉ္စိ, နတ္ထိကိဉ္စိ”ဟု စီးဖြန်းဖန်များလတ်သော် တတိယာရုပ္ပဝိညာဏ် ခေါ်သော အာကိဉ္စညာယတနဈာန် ဖြစ်ပေါ်လာ၏။

အာကိဉ္စညာယတနဈာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသည့်အခါ နေဝသညာနာသညာယတနဈာန်ကို အလိုရှိသော ယောဂီသည် တတိယာရုပ္ပဈာန်ကို အပြစ်ရှုပြီးလျှင် နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ တတိယာရုပ္ပဈာန်ကို အာရုံပြုကာ “သန္တမေတံ, ပဏိတမေတံ”ဟု အဖန်ဖန် ပွားများအပ်သော် စတုတ္ထာရုပ္ပဝိညာဏ် ခေါ်သော နေဝသညာနာသညာယတနဈာန် ဖြစ်ပေါ်လာ၏။

(အဘိညာဉ်ဝင်စားပုံနှင့် ဝီထိကျပုံတို့ကို ဝီထိပိုင်း၌ ပြဆိုခဲ့ပြီး ဖြစ်၏။)

+++++

၂၆-ဘုံ၌ ရကြသော သမထကမ္မဋ္ဌာန်းများ

လူ့ဘုံ၌ သမထကမ္မဋ္ဌာန်း ၄၀ စလုံးရ၏။

နတ်ပြည် ၆-ထပ်၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၂-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၈-ပါး ရ၏။

အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ၊ အာနာပါနသတိ၊ အာဟာရေပဋိကူလသညာ၊ ပေါင်း ၁၃-ပါး ကြဉ်သော သမထကမ္မဋ္ဌာန်း ၂၇-ပါး ရ၏။

(သင်္ခါရ၊ ယမိုက်အရ အဿာသ, ပဿာသသည် ရူပဗြဟ္မာများမှာ မဖြစ်။)

အာကာသာနဉ္စယတနဘုံ၌ အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါး ရ၏။

ဝိညာဏဉ္စာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်ကြဉ် ၃-ပါး ရ၏။

အာကိဉ္စညာယတနဘုံ၌ အာကာသာနဉ္စယတနဈာန်, ဝိညာဏဉ္စာယတနဈာန်ကြဉ် ၂-ပါး ရ၏။

နေဝသညာနာသညာယတနဘုံ၌ နေဝသညာနာသညာယတနဈာန် ၁-ပါးသာ ရ၏။

+++++

အဘိညာဉ်

အဘိညာဉ်ဆိုသည်မှာ ပဉ္စမဈာန်အထူးကို ခေါ်၏။ ရိုးရိုး ပဉ္စမဈာန်နှင့် မတူဘဲ အထူးလေ့လာပွားများရ၏။

အဘိညာဉ်ကို ရူပါဝစရဈာန် ၅-ပါး ရရုံနှင့် မရနိုင်ဘဲ အရူပါဝစရဈာန် ၄-ပါးကိုလည်း ရရှိထားရ၏။

အဘိညာဉ် ၅-မျိုး၊ (သို့မဟုတ်) ၆-မျိုး၊ (သို့မဟုတ်) ၇-မျိုး ရှိ၏။

သင်္ဂြိုဟ်၌ အဘိညာဏ် ၅-မျိုးကို ပြ၏။

(၁) ဣဒ္ဓိဝိဓအဘိညာဏ် = တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သော (မြေလျှိုးမိုးပျံ စသည်) အဘိညာဉ်။

(၂) ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ တိုးသောအသံ, အဝေးမှအသံ စသည် ကြားနိုင်သော အဘိညာဉ်။

(၃) ပရစိတ္တဝိဇာနနအဘိညာဏ် = သူတပါး၏ စိတ်ကို သိသော အဘိညာဏ်။

(၄) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေးဘဝများကို ပြန်အောက်မေ့နိုင်သော အဘိညာဏ်။

(၅) ဒိဗ္ဗစက္ခုအဘိညာစ် = နတ်မျက်စိကဲ့သို့ သေးငယ်သောအရာ, အဝေးမှအရာ, ဖုံးကွယ်နေသောအရာများကို မြင်နိုင်သော အဘိညာဏ်။

ဒိဗ္ဗစက္ခုအဘိညာဏ် အထူးအပြား အမျိုးအစားတစ်ခုမှာ သတ္တဝါများ ဘဝတစ်ခုက သေပြီး တခြားဘဝတစ်ခု၌ ဖြစ်သည်ကို မြင်စွမ်းနိုင်သော ယထာကမ္မူပဂညာဏ် (သို့မဟုတ်) စတုပပါတညာဏ် ဖြစ်၏။
ဤညာဏ်ကို သီးခြားညာဏ်တစ်ခုအဖြစ် (အဘိညာဏ် ၆-ပါးဟု)ယူနိုင်သကဲ့သို့ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

မြတ်စွာဘုရားတို့မှာသာရှိသော အနာဂတ်ကို မြင်နိုင်သောညာဏ်ဖြစ်သည့် အနာဂတံသညာဏ်ကိုလည်း သီးခြားညာဏ်တစ်ခုအဖြစ် ယူပါက အဘိညာဏ် ၇-ပါးဟု ဆိုနိုင်၏။ ထိုညာဏ်မှာလည်း ဒိဗ္ဗစက္ခုကို အခြေခံပြီး ရအောင် လုပ်ရခြင်းဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာဏ်ထဲလည်း ထည့်သွင်းနိုင်၏။

တချို့က အာသဝက္ခယညာဏ်ကိုလည်း အဘိညာဏ်ဟု ခေါ်သေး၏။ အာသဝက္ခယညာဏ်မှာ အရဟတ္တမဂ်ညာဏ် ဖြစ်၏။

ထို့ကြောင့် ရိုးရိုးဈာန်ရရုံမျှဖြင့် ကောင်းကင်ပျံ မြေလျှိုးမိုးပျံ မပြုလုပ်နိုင်ဘဲ အဘိညာဏ်ရမှသာ ပြုလုပ်နိုင်ကြောင်း မှတ်သားရ၏။

ဝိဇ္ဇာ ၃-ပါး (ပုဒိအာ)

အဘိညာဏ်ထဲမှ ပုဗ္ဗေနိဝါသအဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယညာဏ် (အရဟတ္တမဂ်ညာဏ်)တို့ကို ဝိဇ္ဇာ ၃-ပါးဟု ခေါ်၏။

+++++

Friday, September 24, 2010

ကမ္မဋ္ဌာန်းပိုင်း (၁)

ကမ္မဋ္ဌာန်း

ကမ္မဋ္ဌာန်းဆိုသည်မှာ စိတ်ဓာတ်ကို သမာဓိဖြစ်အောင် လေ့ကျင့်ခြင်း၊ သမာဓိဖြစ်ပြီး ပညာဖြစ်အောင် ပွားများခြင်းကို ခေါ်၏။
အာရုံကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။ အလေ့အကျင့်ကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။

ကမ္မဋ္ဌာန်း ၂-မျိုး

ဗုဒ္ဓဘာသာမှာ သင်ကြားသော ကမ္မဋ္ဌာန်း ၂-မျိုး ရှိ၏။
(၁) သမထကမ္မဋ္ဌာန်းနှင့် (၂) ဝိပဿနာကမ္မဋ္ဌာန်းတို့ ဖြစ်သည်။

သမထကမ္မဋ္ဌာန်း = နီဝရဏတရားများကို ငြိမ်းစေတတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမထကမ္မဋ္ဌာန်းကို လေ့လာ ပွားများ အားထုတ်က ဈာန်၊ အဘိညာဏ်တို့ကို ရနိုင်၏။

ဝိပဿနာကမ္မဋ္ဌာန်း = တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။

တေဘူမကသင်္ခါရ = ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားများ (လောကီ ရုပ်, နာမ်)
လက္ခဏာယာဉ်သုံးပါး = အနိစ္စ၊ ဒုက္ခ၊ အနတ္တ

ဝိ = အမျိုးမျိုး (လက္ခဏာယာဉ် သုံးပါး)
ပဿနာ = ရှုမြင်ခြင်း

ဝိပဿနာ = အမျိုးမျိုးသိအောင် အားထုတ်ခြင်း။

ဝိပဿနာ ရှုမှတ် ပွားများ အားထုတ်ပြီး အောင်မြင်ကာ အဆုံးသို့ရောက်လျှင် တရားထူး မဂ်ဖိုလ် ရ၏။

သမထကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်း ၂-မျိုးရှိရာတွင် သုတ္တန်များ၌ သမထကနေ ဝိပဿနာသို့ သွားသည်ကို ဟောကြားခြင်း များ၏။
ဝိပဿနာသက်သက် ဟောကြားခြင်း နည်းပါး၏။

မဂ်ဖိုလ်ရအောင် အားထုတ်ရာ၌ သမထယာနိကနည်းနှင့် ဝိပဿနာယာနိကနည်းဟူ၍ ၂-မျိုး ရှိ၏။

သမထယာနိကနည်း

ရှေးဦးစွာ သမထအားထုတ်ပြီး ဈာန်ရကာ၊ ဈာန်ဝင်စား၊ ဈာန်ဝင်စားရာကနေ ဈာန်မှ ထပြီး ထိုဈာန်ကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုခြင်း (သို့မဟုတ်) တခြား တေဘူမကသင်္ခါရကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုပြီး မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

ဝိပဿနာယာနိကနည်း

ဈာန်ရအောင် အားမထုတ်တော့ဘဲ ဝိပဿနာကိုပင် စ,စချင်း ရှုမှတ် ပွားများ အားထုတ်ကာ ဝိပဿနာသမာဓိ (ခဏိကသမာဓိ) ရပြီး၊ ဝိပဿနာညာဏ် အဆင့်ဆင့် တက်၍ မဂ်ဖိုလ်ရအောင် အားထုတ်သောနည်း ဖြစ်၏။

+++++

သမထကမ္မဋ္ဌာန်း

သမထကမ္မဋ္ဌာန်း၌ -

(၁) ကသိုဏ်း ၁၀-ပါး
(၂) အသုဘ ၁၀-ပါး
(၃) အနုဿတိ ၁၀-ပါး
(၄) အပ္ပမညာ ၄-ပါး
(၅) သညာ ၁-ပါး
(၆) ဝဝတ္ထာန် ၁-ပါး
(၇) အာရုပ္ပ ၄-ပါး ဟူ၍ ၇-မျိုးဖြင့် ဝေဖန် ပိုင်းခြား သိအပ်၏။

+++

ကသိုဏ်း ၁၀-ပါး

(၁) ပထဝီ = မြေကသိုဏ်း
(၂) အာပေါ = ရေကသိုဏ်း
(၃) တေဇော = မီးကသိုဏ်း
(၄) ဝါယော = လေကသိုဏ်း
(၅) နီလ = အညိုရောင်ကသိုဏ်း
(၆) ပီတ = အရွှေရောင်ကသိုဏ်း
(၇) လောဟိတ = အနီရောင်ကသိုဏ်း
(၈) သြဒါတ = အဖြူရောင်ကသိုဏ်း
(၉) အာကာသ = အပေါက်ဟင်းလင်းကသိုဏ်း
(၁၀) အာလောက = အရောင်အလင်းကသိုဏ်း

မှတ်ချက်။ လုံးစုံမကြွင်း ပျံ့နှံ့ခြင်းကို ကသိုဏ်းဟု ခေါ်သည်။

+++

အသုဘ ၁၀-ပါး

(၁) ဥဒ္ဓုမာတက = ဖူးဖူးရောင်သော သူကောင်အသုဘ
(၂) ဝိနီလက = ညိုညိုမည်းမည်း အဆင်းရှိသော သူကောင်အသုဘ
(၃) ဝိပုဗ္ဗက = ယိုစီးသောပြည်ရှိသော သူကောင်အသုဘ
(၄) ဝိစ္ဆိဒ္ဒက = ဓားလက်နက်စသည်ဖြင့် အလယ်၌ နှစ်ပိုင်းဖြတ်အပ်သော သူကောင်အသုဘ
(၅) ဝိက္ခာယိတက = ခွေးစသည်တို့ ကိုက်ခဲ၍ ထားအပ်သော သူကောင်အသုဘ
(၆) ဝိက္ခိတ္တက = ခွေး ကျီး လင်းတ စသည်တို့ ကိုက်ချီ စားသောက်၍ ပစ်လွှင့်ထားအပ်သော သူကောင်အသုဘ
(၇) ဟတဝိက္ခိတ္တက = ရန်သူသည် ဓားသန်လျက်ဖြင့် ကိုယ်တခြား ခေါင်းတခြား ခြေတခြား လက်တခြား ဖြတ်တောက်လျက် အထူးထူးသော အရပ်၌ ဖရိုဖရဲ ပစ်ထားအပ်သော သူကောင်အသုဘ
(၈) လောဟိတက = ယိုစီးသောသွေးရှိသော သူကောင်အသုဘ
(၉) ပုဠုဝက = ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင်အသုဘ
(၁၀) အဋ္ဌိက = အရိုးစုမျှသာဖြစ်သော သူကောင်အသုဘ

+++

အနုဿတိ ၁၀-ပါး

(၁) ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၂) ဓမ္မာနုဿတိ = တရားတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၃) သံဃာနုဿတိ = သံဃာတော်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၄) သီလာနုဿတိ = မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၅) စာဂါနုဿတိ = မိမိ၏ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၆) ဒေဝတာနုဿတိ = နတ်တို့ကို သက်သေအရာ၌ ထား၍ နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါစသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၇) ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၈) မရဏာနုဿတိ = သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း။
(၉) ကာယဂတာဿတိ = ဆံအစရှိသော ၃၂-ပါးသော ကောဋ္ဌာသကို ရွတ်ဆို နှလုံးသွင်းခြင်း။
(၁၀) အာနာပါနဿတိ = ထွက်သက်ဝင်သက်ကို အာရုံပြု၍ အောက်မေ့ခြင်း သတိ။

+++

အပ္ပမညာ ၄-ပါး

(၁) မေတ္တာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခြင်းမေတ္တာ။
(၂) ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း ကရုဏာ။
(၃) မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း မုဒိတာ။
(၄) ဥပေက္ခာ = အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း ဥပေက္ခာ။

အတိုင်းမသိသော သုခိတ ဒုက္ခိတ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်တတ်သောကြောင့် အပ္ပမညာ မည်၏။
ဤလေးပါးကို ကျင့်သုံးသောသူသည် မြတ်သောနေခြင်း ဖြစ်သောကြောင့် ဗြဟ္မဝိဟာရတရား ၄-ပါးဟုလည်း ခေါ်သည်။


၅၂၈-သွယ် မေတ္တာ

သဗ္ဗေသတ္တာ၊
သဗ္ဗေပါဏာ၊
သဗ္ဗေဘူတာ၊
သဗ္ဗေပုဂ္ဂလာ၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ - ဤ ၅-ခုကား မည်သူမည်ဝါ ယောက်ျား မိန်းမ စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း မရှိသောကြောင့် “အနောဒိသပုဂ္ဂိုလ်” မည်၏။

သဗ္ဗာဣတ္ထိယော၊
သဗ္ဗေပုရိသာ၊
သဗ္ဗေအရိယာ၊
သဗ္ဗေအနရိယာ၊
သဗ္ဗေဒေဝါ၊
သဗ္ဗေမနုဿာ၊
သဗ္ဗေဝိနိပါတိကာ - ဤ ၇-ခုကား မိန်းမ ယောက်ျား စသည်ဖြင့် ရည်မှတ် ပိုင်းခြားခြင်း ရှိသောကြောင့် “သြဒိသပုဂ္ဂိုလ်” မည်၏။

၎င်း သြဒိသ အနောဒိသ ၂-ပါးကို ပေါင်းသော် ၁၂-ပါး ဖြစ်၏။

၎င်း ၁၂-ပါးကို တည်၍ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု ဟူသော အခြင်းအရာ ၄-ပါးနှင့် မြှောက်သော် ၄၈-ပါး ဖြစ်၏။

ဤ ၄၈-ပါးကား အရပ်မျက်နှာနှင့် မစပ်ဘဲ ပို့သော မေတ္တာတည်း။

အရပ် ၁၀-မျက်နှာနှင့် စပ်၍ ပို့ရာ၌ တစ်မျက်နှာ တစ်မျက်နှာတွင် ၄၈-ပါးစီ ရသောကြောင့် အရပ် ၁၀-မျက်နှာ၌ ၄၈၀ ဖြစ်၏။
ထို ၄၈၀ ကို အရပ်မျက်နှာနှင့် မစပ်သော ၄၈ နှင့် ပေါင်းသော် ၅၂၈ ဖြစ်၏။

+++

ဧကသညာ

မျိုအပ် စားအပ်သော အစာအာဟာရ၌ စက်ဆုတ် ရွံရှာဖွယ်သော အဖြစ်ကို အောက်မေ့ ဆင်ခြင်သော အမှတ်သညာသည် “အာဟာရေပဋိကူလသညာ” မည်၏။

+++

ဧကဝဝတ္ထာန

မိမိကိုယ်၌ တည်ရှိကုန်သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ဓာတ် ၄-ပါးကို မှတ်သောအားဖြင့် ပိုင်းခြား ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်းသည် “စတုဓာတုဝဝတ္ထာန” မည်၏။

+++

အာရုပ္ပ ၄-ပါး

ရုပ်၏ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်ပညတ်စသော လေးပါးသော အာရုံ၌ဖြစ်သော အာရုပ္ပကမ္မဋ္ဌာန်း ၄-ပါးသည် အာရုပ္ပ ၄-ပါး မည်၏။

+++++

ကမ္မဋ္ဌာန်းလေးဆယ်ကို စရိုက် ၆-ပါးနှင့် တွဲစပ်ပုံ

အဖြစ်များခြင်းကြောင့်လည်းကောင်း၊ မပြတ်ဖြစ်ခြင်းကြောင့်လည်းကောင်း စရိုက် မည်၏။

စရိုက်တို့သည် ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် ဟူ၍ ၆-ပါး အပြားရှိ၏။

စရိုက် သင့်လျော်သော ကမ္မဋ္ဌာန်း ပေါင်း
ရာဂ အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ၁၁
ဒေါသ အပ္ပမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, သြဒါတကသိုဏ်း
မောဟ၊ ဝိတက် အာနာပါနဿတိ
သဒ္ဓါ ဗုဒ္ဓါ၊ ဓမ္မာ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေဝတာနုဿတိ
ဗုဒ္ဓိ မရဏာနုဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်
စရိုက် ၆-ပါး ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကကသိုဏ်း၊ အာရုပ္ပ ၄-ပါး ၁၀

ရာဂစရိုက်များသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏ စသည် ယူပါ။

+++++

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက် စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက ဟောကြား ချီးမြှင့်ရာ သိကြားမင်း ရှိခိုးခံရသူများအကြောင်း မှတ်သား နာယူကြရလေသည်။

  • ကုသိုလ်တရား၊ ပြုသူများ၊ သိကြား ရှိခိုးသည်။
  • သီလတရား၊ ရှိသူများ၊ သိကြား ရှိခိုးသည်။
  • တရားသမှု၊ မိသားစုအား၊ လုပ်ကျွေးငြား၊ သိကြား ရှိခိုးသည်။
သာဓု ... သာဓု ... သာဓု။

Thursday, September 23, 2010

ပစ္စည်းပိုင်း - ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ အပတ်စဉ် စနေနေ့ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း၌ သင်တန်းပို့ချချက်အပတ်စဉ် (၅၁) ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း နှင့် သင်တန်းပို့ချချက်အပတ်စဉ်(၅၂) ကမ္မဋ္ဌာန်းပိုင်း-၁ သင်ခန်းစာများကို သင်ကြား ပို့ချသွားပြီး၊ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက ဟောကြား ချီးမြှင့်သွားခဲ့၏။

ဟေတုပစ္စည်း ကျေးဇူးပြုပုံ ပုံစံ

ဟေတုပစ္စည်းတွင် ဟိတ် ၆-ပါးသည် ပစ္စည်းတရားဖြစ်ရာ ဟိတ်ပါသော စိတ်များကို ပုံစံထုတ်ပြနိုင်၏။

ပုံစံအဖြစ် “လောဘမူပထမစိတ်”ကို ထုတ်ဆောင်ပြရသော် - ပထမ လောဘမူစိတ် ဖြစ်သောအခါ ‘လောဘမူပထမစိတ်’၊ ‘၎င်းနှင့် ယှဉ်သော စေတသိက် ၁၉-ခု’၊ ‘စိတ္တဇရုပ်’တို့ တပြိုင်နက် ဖြစ်ကြရာ စေတသိက်ထဲတွင် ပါဝင်သော ‘လောဘစေတသိက်’ကို ‘ပစ္စည်း’ယူထားလျှင် ‘လောဘမူပထမစိတ်’၊ ‘ကျန်စေတသိက် ၁၈-ခု’၊ ‘စိတ္တဇရုပ်’တို့သည် ‘ပစ္စယုပ္ပန်’ဖြစ်၏။ ‘မောဟ’ကို ပစ္စည်းအဖြစ် ယူထားက ‘လောဘမူစိတ်’၊ ‘ကျန်စေတသိက် ၁၈-ခု’၊ ‘စိတ္တဇရုပ်’တို့သည် ‘ပစ္စယုပ္ပန်’ဖြစ်၏။

ပစ္စည်းဘက်၌ ‘လောဘ’၊ ‘ဒေါသ’၊ ‘မောဟ’၊ ‘အလောဘ’၊ ‘အဒေါသ’၊ ‘အမောဟ’ ဟိတ်တစ်ပါးပါးသော်လည်းကောင်း ရှိရပြီး၊ ပစ္စယုပ္ပန်ဘက်၌ ‘စိတ်’၊ ‘အခြားစေတသိက်များ(လောဘ၊ ဒေါသ၊ မောဟ .. ပြန်ပါနိုင်၏။)၊ ‘စိတ္တဇရုပ်’တို့ ပါရှိရ၏။

ဟေတုပစ္စည်းသည် “သဟဇာတမျိုး”ထဲတွင် ပါသောကြောင့် ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့သည် အတူတကွ ဖြစ်၏။

‘အလောဘ’၊ ‘အဒေါသ’၊ ‘အမောဟ’တို့ပါသော မဟာကုသိုလ်ပထမစိတ်ကို ပုံစံပြရသော် - ‘အလောဘ’ကို ပစ္စည်းဟု ယူလျှင် ‘မဟာကုသိုလ်ပထမစိတ်’၊ ကျန် ၎င်းနှင့်ယှဉ်သော စေတသိက် ၃၇’၊ ‘စိတ္တဇရုပ်’တို့သည် ပစ္စယုပ္ပန် ဖြစ်၏။

ဟေတုပစ္စယောတိ
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ = ဟိတ်နှင့်ယှဉ်သော တရားများ (စိတ်, စေတသိက်)၊
တံသမုဋ္ဌာနာနဉ္စ ရူပါနံ = ထိုစိတ်ကြောင့်ဖြစ်သော ရုပ်များသည်
ဟေတုပစ္စယေန ပစ္စယော = ဟေတုပစ္စည်းဖြင့် ကျေးဇူးပြု၏။

ထို့အတူ အခြား အာရမ္မဏပစ္စည်း၊ အဓိပတိပစ္စည်း စသည်တို့ကို ရှင်းပြနိုင်ရန် သင်ယူ လေ့လာခဲ့ပြီးသော စိတ်၊ စေတသိက်၊ ရုပ် .. စသည်တို့ကို ပြန်လည် အမှတ်ရ နားလည်ရန် လို၏။

ဥပမာ - အဓိပတိပစ္စည်းကို ရှင်းပြနိုင်ရန် အဓိပတိပစ္စည်း၏ ပစ္စည်း၊ ပစ္စယုပ္ပန်ကို နားလည်ရ၏။
အဓိပတိတပ်သော တရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ) အနက် ဆန္ဒကို ပြောလိုက ဆန္ဒနှင့်ယှဉ်သော စိတ်များကို ကြည့်ပြီး ပုံစံ ထုတ်ယူပြောနိုင်၏။

+++++

ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း

ပဋိစ္စသမုပ္ပါဒ်နည်းကာ အလွန်ကျယ်ဝန်း၏။
ပဋိစ္စသမုပ္ပါဒ်နည်း၌ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းကို ပြောဆို၏။ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကိုသာ ပြ၏။
အကြောင်းက အကျိုးကို အဘယ်သတ္တိဖြင့် ကျေးဇူးပြုသည်ကို ပြဆိုခြင်း မရှိပေ။

ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ဟပ်ပြီး နားလည်မှ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံ ပိုင်ပိုင်နိုင်နိုင် နားလည်၏။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ

အဝိဇ္ဇာဆိုသည်မှာ မောဟ ဖြစ်၏။
သင်္ခါရကို ပဋိစ္စသမုပ္ပါဒ်၌ ‘ပုညာဘိသင်္ခါရ’၊ ‘အပုညာဘိသင်္ခါရ’၊ ‘အာနဉ္စာဘိသင်္ခါရ’ဟု ၃-မျိုး အရကောက်၏။

ပုညာဘိသင်္ခါရ = ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်
အပုညာဘိသင်္ခါရ = အကုသိုလ်
အာနဉ္စာဘိသင်္ခါရ = အရူပါဝစရကုသိုလ်

အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ကျေးဇူးပြုပုံ

အဝိဇ္ဇာသည် ကုန်တတ်သော သဘောတရား၊ ပျက်တတ်သော သဘောတရားဟု ရှုသောအခါ ရှုသောပုဂ္ဂိုလ်၏ သန္တာန်၌ ကာမာဝစရကုသိုလ်စိတ် ဖြစ်၏။
အဝိဇ္ဇာက ထိုကာမာဝစရကုသိုလ်စိတ်နှင့် အတူဖြစ်သော သင်္ခါရ(ကံ)ကို အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
အဝိဇ္ဇာက ‘အာရုံ’၊ ကုသိုလ်သင်္ခါရက ‘အာရမ္မဏိက’=‘အာရုံကို ယူသောတရား’ ဖြစ်၏။

တစ်ဖန် စေတောပရိယ(သူတပါး၏စိတ်ကို သိနိုင်ခြင်း)၊ ပုဗ္ဗေနိဝါသ (ရှေးဘဝများကို ပြန်၍ သိနိုင်ခြင်း)၊ အနာဂတံသ (အနာဂတ်ကို မြင်နိုင်ခြင်း)ဉာဏ်ဟု ဆိုအပ်သော အဘိဉာဏ်တို့နှင့် ယှဉ်သောစိတ်ဖြင့် မိမိ၊ သူတပါးတို့၌ မောဟနှင့်တကွ ဖြစ်သော စိတ်ကို သိသောကာလ၌ ရူပါဝစရကုသိုလ်(ပုညာဘိသင်္ခါရ)အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။

ထိုမှတပါး အဝိဇ္ဇာ၏ အပြစ်ကို မြင်ခြင်းကြောင့် အဝိဇ္ဇာမှ ကင်းလွတ်ရန် ဝဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသဖြင့် ကောင်းမှုကုသိုလ် ပြုကျင့်သူတို့အားလည်းကောင်း၊ ရူပါဝစရဈာန်ရအောင် အားထုတ်သူတို့အားလည်းကောင်း ထို(ကာမ၊ ရူပ)ပုညာဘိသင်္ခါရတို့အား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

ထို့အတူပင် ဘဝ၏အပြစ်ကို ဖုံးကွယ်တတ်သော အဝိဇ္ဇာဖြင့် ပြင်းစွာ တွေဝေသောကြောင့် ကာမဘဝစည်းစိမ်ချမ်းသာ၊ ရူပဘဝစည်းစိမ်ချမ်းသာတို့ကို တောင့်တ၍ ထိုပုညာဘိသင်္ခါရ ၂-မျိုးတို့ကိုပင်လျှင် ပြုသောသူအေား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

အဝိဇ္ဇာက အပုညာဘိသင်္ခါရကို ကျေးဇူးပြုပုံ

မောဟက အကုသိုလ်ကို ကျေးဇူးပြုသောအခါ သတ္တိအများအပြားဖြင့် ကျေးဇူးပြု၏။
ကုသိုလ်(ပုညာဘိသင်္ခါရ)၌ပြခဲ့သည့် အာရမ္မဏ၊ ဥပနိဿယတို့ဖြင့်လည်း ကျေးဇူးပြု၏။

အဝိဇ္ဇာသည် အဝိဇ္ဇာကို အာရုံပြုပြီး ရာဂဖြစ်နိုင်၏။ ထိုအခါ အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြု၏။
သာမညအာရုံပြုသည်မျိုး မဟုတ်ဘဲ ပြင်းပြင်းပြပြ အာရုံပြုသောအခါ အာရမ္မဏဓိပတိပစ္စည်း၊ အာရမ္မဏူပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

အဝိဇ္ဇာဖြင့် ပြင်းစွာတွေဝေလျက် အပြစ်မမြင်သည်ဖြစ်၍ သူ့အသက်သတ်ခြင်း စသည်တို့ကို ပြုသောသူအား ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ မောဟက ဒေါသမူစိတ်မှာ ယှဉ်သော စေတနာကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။

လောဘဇော, ဒေါသဇော, မောဟဇော အကုသိုလ်ဇောတစ်ခုခု စောသောအခါ ပထမဇောက ဒုတိယဇော၊ ဒုတိယဇောက တတိယဇော၊ ....၊ ဆဋ္ဌမဇောက သတ္တမဇောနှင့် အတူတကွဖြစ်သော အကုသိုလ်သင်္ခါရကို အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတပစ္စည်းများဖြင့် ကျေးဇူးပြု၏။
(ဇောခုနစ်ကြိမ်စောပြီးနောက် တဒါရုံ၊ ဘဝင်တို့မှာ အကုသိုလ်မဟုတ်တော့၍ မသက်ဆိုင်တော့ပေ။)

အမှတ်မရှိ တစ်စုံတစ်ခုသော အကုသိုလ်ကို ပြုသောသူအား၊ အကုသိုလ်စိတ်ဖြစ်သောအခါ မောဟက ထိုစိတ်နှင့်အတူတကွဖြစ်သော သင်္ခါရ(စေတနာ)ကို ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းများဖြင့် ကျေးဇူးပြု၏။
အတူတကွဖြစ်လျှင် သဟဇာတ၊ အညမည၊ နိဿယ၊ အတ္ထိ၊ အဝိဂတတို့ ရရန် သေချာ၏။ သမ္ပယုတ္တမှာ နာမ်,နာမ်ချင်းဆိုလျှင် ရ၏။ နာမ်နှင့်ရုပ်ဆိုလျှင် သမ္ပယုတ္တ မရ။ ဟေတု၊ အဓိပတိစသည်လည်း ရ၏။

အဝိဇ္ဇာက အဘိသင်္ခါရ(အာနေဉ္စာဘိသင်္ခါရ)ကို ကျေးဇူးပြုပုံ

အရူပါဝစရကုသိုလ်နှင့်အတူဖြစ်သော စေတနာ သင်္ခါရအား အဝိဇ္ဇာက ဥပနိဿယပစည်းတစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြု၏။

ဤကဲ့သို့ ပဋ္ဌာန်းနည်းဖြင့် ယှဉ်ပြီး ပဋိစ္စသမုပ္ပါဒ်ကို နားလည်သောအခါ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌၊ အဝိဇ္ဇာက သင်္ခါရကို ကျေးဇူးပြုရာ၌ တခါတရံ အတူတူဖြစ်ပြီး ကျေးဇူးပြု၏။ တခါတရံ အတူတူမဟုတ်ဘဲ အာရုံပြုခံရသောအနေဖြင့် ကျေးဇူးပြု၏။ တခါတရံ လွှမ်းမိုးသောအားဖြင့် ကျေးဇူးပြု၏။ ဤသို့ အဝိဇ္ဇာကို အကြောင်းပြုပြီး သင်္ခါရ တခါတရံ အတူတကွ ဖြစ်ခြင်း၊ တခါတရံ အဝိဇ္ဇာက တစ်ချိန်မှာ ဖြစ်၍ သင်္ခါရက တစ်ချိန်မှာ ဖြစ်ခြင်း စသော အကြောင်း-အကျိုးဖြစ်ပုံ အမျိုးမျိုးကို ပြည့်ပြည့်စုံစုံ နားလည်နိုင်၏။

သင်္ခါရက ဝိညာဏ်ကို ကျေးဇူးပြုသောအခါ နာနာက္ခဏိကကမ္မ၊ ဥပနိဿယ ပစ္စည်း ၂-မျိုးတို့ဖြင့် ကျေးဇူးပြု၏။

ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

နာမ်ရုပ်က သဠာယတနကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ၊ ဟေတု၊ အာဟာရ၊ ပစ္ဆာဇာတ၊ ဝိပ္ပယုတ္တ၊ ဣန္ဒြိယပစ္စည်းများဖြင့် ကျေးဇူးပြု၏။

သဠာယတနက ဖဿကို ကျေးဇူးပြုရာ၌ နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

ဖဿက ဝေဒနာကို ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့က အတူတကွဖြစ်၍ ကျေးဇူးပြု၏။ ဥပနိဿယပစ္စည်းဖြင့် ဖဿက အရင် ဖြစ်၍ ဝေဒနာက နောက်မှ ဖြစ်ကာ ကျေးဇူးပြု၏။

ဝေဒနာက တဏှာကို ကျေးဇူးပြုသောအခါ ဥပနိဿယတစ်ခုတည်းဖြင့် ကျေးဇူးပြု၏။

တဏှာကြောင့် ဥပါဒါန်ဖြစ်သောအခါ (ဥပါဒါန်လေးပါးရှိပြီး၊ တရားကိုယ်အားဖြင့် လောဘနှင့် ဒိဋ္ဌိ ၂-ပါး ဖြစ်၏။) ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြု၏။ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ဖြင့်လည်း အတူတကွ ဖြစ်ပြီး ကျေးဇူးပြု၏။

ဥပါဒါန်ကြောင့် ဘဝ(ကမ္မဘဝ၊ ဥပပတ္တိဘဝ ၂-မျိုးရှိရာ ဤနေရာတွင် ကမ္မဘဝကို ယူ၏။)ဖြစ်ရာတွင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဟေတုသတ္တိတို့ဖြင့်လည်း အတူတကွ ကျေးဇူးပြု၏။

ဘဝ(ကမ္မဘဝ)က ဇာတိကို ကျေးဇူးပြုရာ၌ နာနာက္ခဏိကကမ္မသတ္တိ၊ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။

ဇာတိပစ္စယာ ဇရာ,မရဏ,သောက,ပရိဒေဝ,ဒုက္ခ,ဒေါမနဿ,ဥပါယာသဖြစ်ရာတွင် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်ကွင်းဆက်(အင်္ဂါ)များမှာ ပဋ္ဌာန်းနည်းဖြင့် အဘယ်ကဲ့သို့ သတ္တိများဖြင့် ကျေးဇူးပြုကြောင်း ဆက်သွယ်မှုကို နားလည်မှသာ ပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံ ပိုင်ပိုင်နိုင်နိုင် နားလည်လေသည်။

+++++

ပညတ္တိဝိဘာဂ

ပညတ်ဆိုသည်မှာ ပရမတ်အားဖြင့် ထင်ရှားရှိသော နာမ်တရား၊ ရုပ်တရားကို ဖယ်ထား၍ ပရမတ်အားဖြင့် ထင်ရှားမရှိသော ပရမတ်၏ အတုအယောင် သဘောမျိုးဖြင့် ခေါ်ဝေါ် သုံးစွဲခြင်းမျိုးကို ပညတ်ဟု ခေါ်ဆိုသည်။

၎င်းပညတ်သည် (၁) ခေါ်ဝေါ်အပ်သော အနက်ဒြပ်ဟု ဆိုအပ်သော အတ္ထပညတ်၊ (၂) ခေါ်ဝေါ်ကြောင်းဖြစ်သော အမည်သညာ သဒ္ဒါဝေါဟာရဟု ဆိုအပ်သော သဒ္ဒပညတ်ဟု ၂-မျိုး ပြား၏။

ဆိုလိုရင်း အဓိပ္ပာယ်မှာ - ‘ပုရိသော’ဟူသော သဒ္ဒါအသံဓာတ်သည် ယောက်ျားဒြပ် အကောင်အထည်တည်းဟူသော အနက်ကို သိစေတတ်သောကြောင့် ‘သဒ္ဒပညတ်’ မည်၏။ ၎င်းသဒ္ဒါသည် သိစေအပ်သောကြောင့် ယောက်ျားဒြပ်အနက်သည် ‘အတ္ထပညတ်’မည်၏။ ‘ပဗ္ဗတ’သဒ္ဒါသည် သဒ္ဒပညတ်၊ ‘တောင်’ဒြပ်သည် အတ္ထပညတ်မည်၏ ဟု သိရာ၏။

အတ္ထပညတ်အမျိုးအစားများ

(၁) ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သော အခြင်းအရာကို စွဲ၍ ထိုထိုသို့သော အခြင်းအရာ ပုံဟန် သန္တာန်ကို စွဲ၍ ပညတ်သမုတ်အပ်သော မြေ, တောင် အစရှိသော ‘သဏ္ဍာနပညတ်’။

(၂) သစ်၊ မြေစိုင်၊ ချည် အစရှိသော အဆောက်အဦတို့၏ ပေါင်းစည်း စုဝေးသော အခြင်းအရာကို အစွဲပြု၍ ပညတ်သမုတ်အပ်သော အိမ်၊ ရထား၊ လှည်း၊ အိုး၊ ပုဆိုး စသော ‘သမူဟပညတ်’။

(၃) ခန္ဓာ ၅-ပါး အပေါင်းကို စွဲ၍ ပညတ်သမုတ်အပ်သော ယောက်ျားပုဂ္ဂိုလ်စသော ‘ဇာတိပညတ်’။

(၄) လ, နေ, နက္ခတ်တို့၏ မြင့်မိုရ်တောင်ကို လက်ျာရစ် လှည့်၍ သွားခြင်း အစရှိသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော အရှေ့အရပ်စသော ‘ဒိသာပညတ်’။

(၅) နံနက်စသော ‘ကာလပညတ်’။

(၆) ကဆုန်လစသော ‘မာသပညတ်’။

(၇) ထိုထိုသို့သော ရုပ်ကလာပ်တို့သည် မတွေ့ထိအပ်သော အခေါင်းစသော အခြင်းအရာကို စွဲ၍ ပညတ်သမုတ်အပ်သော တွင်းဂူလိုဏ်ပေါက်စသော ‘အာကာသပညတ်’။

(၈) ထိုထိုသို့သော အခြင်းအရာအားဖြင့် ထင်သော ပထဝီကသိုဏ်း အစရှိသော နိမိတ်ကိုလည်းကောင်း၊ ပရိကမ္မ စသည်ဖြင့် ပြားသော ဘာဝနာ၏ အစဉ်ဟူသော အထူးကိုလည်းကောင်း စွဲ၍ သမုတ်အပ်သော ကသိုဏ်းနိမိတ်၊ အသုဘနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်စသော ‘နိမိတ္တပညတ်’။

ဤအတ္ထပညတ်များသည် ပရမတ္ထအားဖြင့် ဒြပ်အကောင်အထည် ထင်ရှား မရှိသော်လည်း သဘောဆတ်ဆတ် ပရမတ်ကို စွဲမြှောင်၍ အရိပ်အရောင် အတုဟူသော အခြင်းအရာအားဖြင့် စိတ်,စေတသိက် ပရမတ်တရားတို့၏ အခြံအရံအဖြစ်သို့ ရောက်၏။
ထို အတ္ထပညတ်ကို နာမပညတ်ဖြင့် သိစေအပ်၏။

ဝါစ္စပညတ်၊ ဝစနိယပညတ်၊ အတ္ထပညတ် ဟူသည် အတူတူပင် ဖြစ်၏။

ဝါစကပညတ်၊ နာမပညတ်၊ သဒ္ဒပညတ် ဟူသည်လည်း အတူတူပင် ဖြစ်၏။
အမည်သာ ကွဲပြားကြ၏။

သဒ္ဒပညတ်အမျိုးအစားများ

(၁) ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်,ဝေဒနာ စသော သဒ္ဒပညတ်မျိုး။

(၂) အဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ, တောင်စသော အနက်ကို သိကြောင်းဖြစ်သော သဒ္ဒပညတ်မျိုး။

(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ကို သိစေသော ဆဠဘိညော (အဘိညာဉ်ရသောပုဂ္ဂိုလ်) စသော သဒ္ဒပညတ်။

(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသောအနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကို သိစေတတ်သော ဣတ္ထိသဒ္ဒေါ (မိန်းမအသံ) စသော သဒ္ဒပညတ်မျိုး။

(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် = ပရမတ္ထအားဖြင့် ထင်ရှားရှိသောအနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကိုပင် သိစေသော စက္ခုဝိညာဏံစသော သဒ္ဒပညတ်မျိုး။

(၆) အဝိဇ္ဇမာနေန အဝိဇ္ဇာမာနပတ် = ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် ၂-ပါးကို သိစေသော ရာဇပုတ္တော စသော သဒ္ဒပညတ်။

အနက်နှင့် သဒ္ဒါကို ခြားနားစွာ သတိပြုရာ၏။
‘ပုတ္တော’ကား ပါဠိသဒ္ဒါ၊ ‘သား’ကား မြန်မာသဒ္ဒါ၊ ‘အထည်ကိုယ်ဒြပ်’သာ အနက်ဖြစ်၏။
ဤသို့ သဒ္ဒါနှင့် အနက်တို့၏ ခြားနားမှုကို သတိပြုမှသာ အတ္ထပညတ်နှင့် သဒ္ဒပညတ် ကွဲပြား၏။

+++++

အနက်ကို သိရာ၌ ဝီထိဖြစ်ပုံ

(၁) တစ်လုံးသော အက္ခရာရှိသော ‘လူ’စသော သဒ္ဒါရုံ၌ ပစ္စုပ္ပန် ‘လူ’ဟူသော သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’ တစ်ဝီထိ ကျ၏။

(၂) ထိုနောက် ချုပ်ပြီးသော ‘လူ’ဟူသော အတိတ်သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’ ဖြစ်၏။

(၃) ထိုနောင် လူဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ ဖြစ်၏။

(၄) ထိုနောင် လူ၏ခန္ဓာ ပဉ္စကဒြပ် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ ဖြစ်၏။

ဤသို့ လေးဝီထိဖြစ်ပြီးမှ ‘လူ’ဟူသော အနက်ကို သိရ၏။

အက္ခရာ နှစ်လုံးဖြစ်သော ‘စာအုပ်’ဟု ကြားရာ၌ -
(၁) ပစ္စုပ္ပန် ‘စာ’သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’၊
(၂) အတိတ် ‘စာ’သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’၊
(၃) ပစ္စုပ္ပန် ‘အုပ်’သဒ္ဒါရုံကို အာရုံပြု၍ ‘သောတဒွါရဝီထိ’၊
(၄) အတိတ် ‘အုပ်’သဒ္ဒါရုံကို အာရုံပြု၍ ‘တဒနုဝတ္တကမနောဒွါရဝီထိ’၊
(၅) ‘စာအုပ်’ဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’၊
(၆) ဒြပ်အနက် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ဟူ၍ ၆-ဝီထိ ကျပြီးမှ ‘စာအုပ်’ဟူသော အနက်ကို သိရ၏။

ဤနည်းတူ အက္ခရာ သုံးလုံးဖြစ်သော ‘ဘုန်းကြီးကျောင်း’ဟု ကြားရာ၌ အက္ခရာတစ်လုံးလျှင် ‘သောတဒွါရဝီထိ’နှင့် ‘တဒနုဝတ္တကမနောဒွါရဝီထိ’ - ပေါင်း ၂-ဝီထိစီဖြင့် ၆-ဝီထိ၊ ထိုနောက် ‘ဘုန်းကြီးကျောင်း’ဟူသော နာမပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’၊ ထိုနောက် ဘုန်းကြီးကျောင်း ဒြပ်အနက် အတ္ထပညတ်ကို အာရုံပြု၍ ‘သုဒ္ဓမနောဒွါရဝီထိ’ - စုစုပေါင်း ၈-ဝီထိ ဖြစ်ပြီးမှ ‘ဘုန်းကြီးကျောင်း’ဟူသော အနက်ကို သိရ၏။

အက္ခရာများလျှင် များသည့်အလျောက် ဝီထိတိုး၍ များလေတော့သည်။

အနက်ကို သိရခြင်းသည်လည်း သောတဝိညာဏ်၏ အာရုံအဖြစ်သို့ ကြားရောက်လာခြင်း၊ ရှေးအခါက ဤသဒ္ဒါသည် ဤအနက်ကို ဟောသည်ဟု ပိုင်းခြား မှတ်သားပြီး ရှိခြင်း - ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံမှ အနက်ကို သိစေနိုင်သည်။

နားထောင်သူ ပုဂ္ဂိုလ်သန္တာန်၌ နာမပညတ်ကို အရင် သိပြီးမှ၊ အတ္ထပညတ်ကို သိ၏။
ပြောဆိုသူ ပုဂ္ဂိုလ်သန္တာန်၌ အတ္ထပညတ်ကို သိပြီးမှ၊ နာမပညတ် ဖြစ်၏။

မြင်ခြင်း၊ နံခြင်း၊ အရသာသိခြင်း၊ တွေ့ထိခြင်းကိစ္စတို့၌ အတ္ထပညတ် ဖြစ်ပြီးမှ နာမပညတ် ဖြစ်၏။

ဥပမာ - ရူပါရုံတစ်ခုကို မြင်ရာ၌ -

(၁) ရှေးဦးစွာ စက္ခုဒွါရဝီထိစိတ်နှင့် ပစ္စုပ္ပန်ရူပါရုံ(ပုံရိပ်)ကို သိသည်။
(၂) ထိုနောက် တဒနုဝတ္တကမနောဒွါရဝီထိစိတ်ဖြင့် လွန်ပြီးသော အတိတ်ရူပါရုံကို သိသည်။
(၃) ထိုနောင် သုဒ္ဓမနောဒွါရဝီထိစိတ်ဖြင့် အတ္ထပညတ်ကို သိသည်။
(၄) ထိုနောက် သုဒ္ဓမနောဒွါရဝီထိစိတ်ဖြင့် နာမပညတ်ကို သိသည်။

+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိသုဒ္ဓိမဂ်(မြန်မာပြန်)”
အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ “အဘိဓမ္မာလက်ဆောင်”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

Tuesday, September 21, 2010

ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း (၂)

အမည် ပစ္စည်း ပစ္စယုပ္ပန်
ဟေတု နာမ် နာမ်,ရုပ်
အာရမ္မဏ နာမ်,ရုပ်,နိဗ္ဗာန်,ပညတ် နာမ်
အဓိပတိ (အာရမ္မဏာဓိပတိ) နာမ်,ရုပ်,နိဗ္ဗာန် နာမ်
အဓိပတိ (သဟဇာတာဓိပတိ) နာမ် နာမ်
အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, နတ္ထိ, ဝိဂတ နာမ် နာမ်
သဟဇာတ, သဟဇာတနိဿယ, သဟဇာတ္ထိ, သဟဇာတဝိဂတ နာမ်,ရုပ် နာမ်,ရုပ်
အညမည နာမ်,ရုပ် နာမ်,ရုပ်
နိဿယ (သဟဇာတနိဿယ) နာမ်,ရုပ် နာမ်,ရုပ်
နိဿယ (ဝတ္ထုပုရေဇာတနိဿယ) ရုပ် နာမ်
နိဿယ (ဝတ္ထုရမ္မဏပုရေဇာတနိဿယ) ရုပ် နာမ်
ဥပနိဿယ (အာရမ္မဏူပနိဿယ) နာမ်,ရုပ်,နိဗ္ဗာန် နာမ်
ဥပနိဿယ (အနန္တရူပနိဿယ) နာမ် နာမ်
ဥပနိဿယ (ပကတူပနိဿယ) နာမ်,ရုပ်,ပညတ် နာမ်
ပုရေဇာတ (ဝတ္ထုပုရေဇာတ) ရုပ် နာမ်
ပုရေဇာတ (အာရမ္မဏပုရေဇာတ) ရုပ် နာမ်
ပစ္ဆာဇာတ နာမ် ရုပ်
အာသေဝန နာမ် နာမ်
ကမ္မ (နာနက္ခဏိကကမ္မ) နာမ် နာမ်,ရုပ်
ကမ္မ (သဟဇာတကမ္မ) နာမ် နာမ်,ရုပ်
ဝိပါက နာမ် နာမ်,ရုပ်
အာဟာရ (ရုပ်အာဟာရ) ရုပ် ရုပ်
အာဟာရ (နာမ်အာဟာရ) နာမ် နာမ်,ရုပ်
ဣန္ဒြိယ (ဝတ္ထုပုရေဇာတိန္ဒြိယ) ရုပ် နာမ်
ဣန္ဒြိယ (ရူပဇီဝိတိန္ဒြိယ) ရုပ် ရုပ်
ဣန္ဒြိယ (သဟဇာတိန္ဒြိယ) နာမ် နာမ်,ရုပ်
ဈာန နာမ် နာမ်,ရုပ်
မဂ္ဂ နာမ် နာမ်,ရုပ်
သမ္ပယုတ္တ နာမ် နာမ်
ဝိပ္ပယုတ္တ (သဟဇာတဝိပ္ပယုတ်) နာမ်,ရုပ် နာမ်,ရုပ်
ဝိပ္ပယုတ္တ (ပုရေဇာတဝိပ္ပယုတ်) ရုပ် နာမ်
ဝိပ္ပယုတ္တ (ပစ္ဆာဇာတဝိပ္ပယုတ်) နာမ် ရုပ်

အထ္ထိပစ္စည်းသည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိ အားဖြင့် ၅-ပါး အပြားရှိ၏။
ထို ၅-ပါးတို့တွင် -
သဟဇာတတ္ထိသည် သဟဇာတ ၃-ပါးနှင့် တူ၏။
ပုရေဇာတတ္ထိသည် ပုရေဇာတ ၂-ပါးနှင့် တူ၏။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆဇာတနှင့် တူ၏။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။
ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် အနန္တရနှင့် တူ၏။

အဝိဂတသည် အတ္ထိနှင့် တူ၏။

+++++

ပစ္စည်းသဘောတူ ပေါင်း၍ ပြခြင်း

ဤ ၂၄-ပစ္စည်းတို့တွင် -

(၁) နာမ်သည် နာမ်အား ပစ္စည်း-ပစ္စယုပ္ပန်၏ အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန၊ သမ္ပယုတ္တအားဖြင့် ၆-ပစ္စည်း။

(၂) နာမ်သည် နာမ်ရုပ်အား ပစ္စည်း-ပစ္စယုပ္ပန်အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ဟေတု၊ ဈာန၊ မဂ္ဂ၊ ကမ္မ၊ ဝိပါကအားဖြင့် ၅-ပစ္စည်း။

(၃) နာမ်သည် ရုပ်အား ကျေးဇူးပြုရာ၌ ပစ္ဆာဇာတပစ္စည်း။

(၄) ရုပ်သည် နာမ်အား ကျေးဇူးပြုရာ၌ ပုရေဇာတပစ္စည်း။

(၅) ပညတ်,နာမ်,ရုပ်တို့သည် နာမ်အား ကျေးဇူးပြုရာ၌ အာရမ္မဏ၊ ဥပနိဿယ ၂-ပစ္စည်း။

(၆) နာမ်ရုပ် ၂-ပါးသည် နာမ်ရုပ် ၂-ပါးအား ကျေးဇူးပြုရာ၌ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတအားဖြင့် ၉-ပစ္စည်းဖြင့် ကျေးဇူးပြုကုန်၏။


ပစ္စည်းအကျဉ်းချုပ်

၂၄-ပစ္စည်းတို့ကို အကျဉ်းချုံး၍ သိမ်းရုံး ပေါင်းစည်းအပ်သည်ရှိသော် -

(၁) အာရမ္မဏ
(၂) ဥပနိဿယ
(၃) ကမ္မ
(၄) အတ္ထိ စသော ၄-ပစ္စည်းသို့သာ ဝင်ကုန်၏။

(၁) အာရမ္မဏပစ္စည်း၌ အာရမ္မဏာဓိပတိ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ အာရမ္မဏူပနိဿယ၊ အာရမ္မဏပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတအဝိဂတ ဤ ၇-ပစ္စည်းနှင့် အာရမ္မဏပါ ပေါင်း ၈-ပစ္စည်းတို့သည် အာရမ္မဏ ရှစ်မျိုး မည်ကုန်၏။
(အာ၊ ဓိ၊ နိ၊ ဥ၊ ပု၊ ဝိပ်၊ အတ်၊ အဝိ တို့တည်း။)

(၂) ဥပနိဿယ၌ အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ၊ အာသေဝန၊ အနန္တရကမ္မ၊ ဗလဝနာနာက္ခဏိကကမ္မ၊ နတ္ထိ၊ ဝိဂတ ဤ ၉-ပစ္စည်းတို့သည် ဥပနိဿယ ၉-မျိုး၊ ပစ္စည်းအားဖြင့် ၇-ပါး မည်ကုန်၏။
(အနံ၊ သနံ၊ ဥ၊ အာသေ၊ ကံ၊ နတ်၊ ဝိဂတ တို့တည်း။)

(၃) ကမ္မမှာ ကာမဝိပါက်အားတပ်သော ဒုဗ္ဗလကမ္မ၊ ကဋတ္ထာရုပ်အားတပ်သော ပဉ္စဝေါကာရကုသိုလ်, အကုသိုလ်စေတနာဟု ဆိုအပ်သော ဗလဝဒုဗ္ဗလကမ္မတစ်ပါးသာတည်း။ ဤကား နာနာက္ခဏိကကမ္မမျိုးတည်း။

(၄) အတ္ထိ၌ (က) သဟဇာတတ္ထိ၊ (ခ) ဝတ္ထုပုရေဇာတတ္ထိ၊ (ဂ) ပစ္ဆာဇာတတ္ထိ၊ (ဃ) ရူပအာဟာရတ္ထိ၊ (င) ရူပဇီဝိတိန္ဒြိယတ္ထိ ဟူ၍ ၅-ပါး အပြားရှိ၏။

(က)သဟဇာတတ္ထိ၌ ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ၊ အညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတတ္ထိ၊ သဟဇာတအဝိဂတ - ပေါင်း သဟဇာတမျိုး ၁၅-ပါး။

(ခ) ဝတ္ထုပုရေဇာတတ္ထိ၌ ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထုပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတအဝိဂတ - ပေါင်း သဟဇာတ ၆-ပါး။

(ဂ) ပစ္ဆာဇာတတ္ထိ၌ ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတအဝိဂတ - ပေါင်း ပစ္ဆာဇာတမျိုး ၄-ပါး။

(ဃ) ရူပအာဟာရတ္ထိ၌ ရုပ်အာဟာရ၊ ရုပ်အာဟာရတ္ထိ၊ ရူပါဟာရအဝိဂတ - ပေါင်း ရုပ်အာဟာရမျိုး ၃-ပါး။

(င) ရူပဇီဝိတိန္ဒြိယတ္ထိ၌ ရုပ်ဇီဝိတိနြေ္ဒ၊ ရူပဇီဝိတိန္ဒြိယတ္ထိ၊ ရူပဇီဝိတိန္ဒြိယအဝိဂတ - ပေါင်း ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါး ဟူလို။


ကာလသုံးပါး စသည်ဖြင့် ဝေဖန်ပြခြင်း

ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဤ ၁၅-ပစ္စည်းတို့သည် ပစ္စုပ္ပန်ကာလ တစ်ပါး၌ ဖြစ်၏။

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ - ၌ ၅-ပါးတို့သည် အတိတ်ကာလ တစ်ပါးတည်း၌သာ ဖြစ်၏။

ဤ ၂၀-သော ပစ္စည်းတို့သည် ကာလတစ်ပါးတည်း၌သာ ဖြစ်သော ပစ္စည်း မည်၏။

သဟဇာတကမ္မပစ္စည်းသည် ပစ္စုပ္ပန်ကာလ၌ ဖြစ်၍၊ နာနာက္ခဏိကကမ္မပစ္စည်းသည် အတိတ်ကာလ၌ ဖြစ်သောကြောင့် ကမ္မပစ္စည်းသည် ကာလ ၂-ပါး၌ ဖြစ်သော ဒွေကာလိကပစ္စည်း မည်၏။

အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယ ဤ ၃-ပစ္စည်းတို့သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလ ၃-ပါး၌ ဖြစ်ကုန်သောကြောင့် တေကာလိကပစ္စည်း မည်ကုန်၏။

နိဗ္ဗာန်, ပညတ် ၂-ပါးတို့သည် ကာလ ၃-ပါးမှ လွတ်သော တရားတို့ မည်ကုန်၏။

အာရမ္မဏ၊ အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ ပုရေဇာတ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတ - ဤ ၁၀-ပါးသော ပစ္စည်းတို့သည် အဇ္ဈတ္ထ ဗဟိဒ္ဓ ၂-ပါးလုံး၌ ဖြစ်သော တရားတို့ မည်ကုန်၏။
ကြွင်းသော ၁၄-ပစ္စည်းတို့သည် အဇ္ဈတ္ထဖြစ်သော ပစ္စည်းတို့ မည်ကုန်၏။

+++++

အမျိုးအားဖြင့် ခွဲဟန်

သဟဇာတမျိုး ၁၅-ပါး

ဟေတု၊
သဟဇာတာဓိပတိ၊
သဟဇာတ၊
အညမည၊
သဟဇာတနိဿယ၊
သဟဇာတကမ္မ၊
ဝိပါက၊
နာမ်အာဟာရ၊
သဟဇာတိန္ဒြိယ၊
ဈာန၊
မဂ္ဂ၊
သမ္ပယုတ္တ၊
သဟဇာတဝိပ္ပယုတ္တ၊
သဟဇာတတ္ထိ၊
သဟဇာတအဝိဂတ။

အာရမ္မဏမျိုး ၈-ပါး

အာရမ္မဏ၊
အာရမ္မဏာဓိပတိ၊
ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊
အရမ္မဏူပနိဿယ၊
အာရမ္မဏပုရေဇာတ၊
ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ္တ၊
အာရမ္မဏပုရေဇာတတ္ထိ၊
အာရမ္မဏပုရေဇာတအဝိဂတ။

(အချို့စာအုပ်များ၌ ဝတ္ထာရမ္မဏပုရေဇာတတ္ထိ၊ ဝတ္ထာရမ္မဏပုရေဇာတအဝိဂတ ဟု ဆို၏။ ဝတ္ထာရမ္မဏပုရေဇာတဆိုလျှင် ဝတ္ထုမဟုတ်သော အာရမ္မဏပုရေဇာတတို့ မပါဝင်နိုင်။ အာရမ္မဏပုရေဇာတဆိုမှ ဝတ္ထာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတ အားလုံး ပါဝင်နိုင်သည်။ ထို့ကြောင့် အချို့စာအုပ်များ၌ ခွဲခြားပုံမှာ မစုံလင်။)

အနန္တရမျိုး ၇-ပါး

အနန္တရ၊
သမနန္တရ၊
အနန္တရူပနိဿယ၊
အာသေဝန၊
ပကတူပနိဿယကမ္မတစိတ်၊
နတ္ထိ၊
ဝိဂတ။

(ဖိုလ်အား ကျေးဇူးပြုသော မဂ္ဂစေတနာကို ပကတူပနိဿယ နာနာက္ခဏိကကမ္မတစိတ်ဟု ဆိုထားသည်။ ထိုစေတနာသည် နောက်နောက်စိတ်စေတသိက်အား ကျေးဇူးပြုသော ဗလဝရှေ့စိတ္တုပ္ပါဒ်တွင် ပါဝင်သောကြောင့် ပကတူပနိဿယတစိတ်လည်း ဟုတ်၏။ စေတနာတရားဖြစ်၍ နာနာက္ခဏိကကမ္မတစိတ်လည်း ဟုတ်၏။ အခြားမဲ့ဖိုလ်အား ကျေးဇူးပြုသောကြောင့် အနန္တရမျိုးတွင်လည်း ပါဝင်ရသည်။ ဤအနန္တရမျိုး ၇-ပါးကို အချို့စာအုပ်၌ “အနန္တရူပနိဿယပကတူပမျိုး”ဟုလည်း နာမည်ပေး၏။ ထိုသို့ပေးခြင်းသည် “အာရမ္မဏူပနိဿယ၊ ပေ၊ သမောဓာနံဂစ္ဆန္တိ”ဟူသော သင်္ဂြိုဟ်၌ ပြသည့် ပစ္စည်း ၄-မျိုးတွင် ဥပနိဿယမျိုး၌ ဤအနန္တရ ၇-ပါးလုံး ဝင်ကြရသောကြောင့် ကောင်းလှပေ၏။)

ဝတ္ထုပုရေဇာတမျိုး ၆-ပါး

ဝတ္ထုပုရေဇာတနိဿယ၊
ဝတ္ထုပုရေဇာတ၊
ပုရေဇာတိန္ဒြိယ၊
ဝတ္ထုပုရေဇာတဝိပ္ပယုတ်၊
ဝတ္ထုပုရေဇာတတ္ထိ၊
ဝတ္ထုပုရေဇာတအဝိဂတ။

(အချို့စာအုပ်၌ “ပုရေဇာတမျိုး”ဟု နာမည်တပ်၏။ ပုရေဇာတဟု သာမန်ဆိုလျှင် အာရမ္မဏပုရေဇာတများပါ ပါဝင်ဖွယ် ရှိ၏။ ထိုအာရမ္မဏပုရေဇာတစုကား အာရမ္မဏမျိုး၌ ပါဝင်ခဲ့ပြီ။ ထို့ကြောင့် များစွာသော ဆရာမြတ်တို့က “ဝတ္ထုပုရေဇာတမျိုး”ဟု နာမည်တပ်ကြသည်။)

ပစ္ဆာဇာတမျိုး ၄-ပါး

ပစ္ဆာဇာတ၊
ပစ္ဆာဇာတဝိပ္ပယုတ္တ၊
ပစ္ဆာဇာတတ္ထိ၊
ပစ္ဆာဇာတအဝိဂတ။

အာဟာရမျိုး ၃-ပါး

ရုပ်အာဟာရ၊
အာဟာရတ္ထိ၊
အာဟာရအဝိဂတ။

ရူပဇီဝိတိန္ဒြိယမျိုး ၃-ပါး

ရူပဇီဝိတိန္ဒြိယ၊
ဣန္ဒြိယတ္ထိ၊
ဣန္ဒြိယအဝိဂတ။

(“ရူပဇီဝိတိန္ဒြိယတ္ထိ”ဟုလည်း အချို့စာ ရှိ၏။ ပစ္စည်း ၄-မျိုးဖြင့် ခွဲလျှင် အတ္ထိမျိုးတွင် ပါဝင်ရမည် ဖြစ်၍ ကောင်း၏။)

ပကတူပနိဿယမျိုး ၂-ပါး

၁။ နောက်နောက်စိတ်စေတသိက်အား တပ်သော ဗလဝဖြစ်သော ရှေးရှေးစိတ္တုပ္ပါဒ် ရုပ် ပညတ်ဟူသော သုဒ္ဓပကတူပနိဿယ။
၂။ ဝိပါက်နာမက္ခန္ဓာအား တပ်သော ဗလဝကံဟူသော မိဿကပကတူပနိဿယ နာနာက္ခဏိကကမ္မ။

(၁-သည် “ရာဂါဒယောပန၊ ပေ၊ ကုသလာဒိဓမ္မာနံ”နှင့် ညီ၏။ ၂-ကား “ကမ္မံ ဝိပါကာနံ”နှင့် ညီသည်။ ဗလဝကံကို ကောက်ရာ၌ အနန္တရမျိုးတွင် ပါဝင်ပြီးသော မဂ္ဂစေတနာကို ကြည်။ ဤပကတူပ ၂-မျိုးသည် ၃-ချက်စု ဆိုရိုးစာအုပ်များ၌ မရှိသော်လည်း သင်္ဂြိုဟ်မှာပင် တိုက်ရိုက် ရှိပေသည်။)

နာနာက္ခဏိကကမ္မမျိုး တစ်ပါး

ကာမဝိပါက်အား တပ်သော ဒုဗ္ဗလကမ္မ, ကဋတ္တာရုပ်အား တပ်သော ဗလဝဒုဗ္ဗလကမ္မ။

[ကာမဝိပါက်အား တပ်သော ဗလဝကံမှာ ပကတူပနိဿယတွင် ပါဝင်ပြီ။ မဟဂ္ဂုတ်လောကုတ္တရာကံဟူသော စေတနာတို့ကား ဒုဗ္ဗလဟု မရှိ။ ဗလဝချည်းသာ ဖြစ်၍ ပကတူပနိဿယနှင့် အနန္တရမျိုးတွင် အသီးအသီး ပါဝင်လေပြီ။ ပကတူပနိဿယပစ္စယုပ္ပန်တွင် ကမ္မဇရုပ်များ မပါဝင်သောကြောင့် ထိုရုပ်တို့အား တပ်သော (ထိုရုပ်တို့ကို ဖြစ်စေတတ်သော) ကံဟူသမျှ ဗလဝဖြစ်ဖြစ်, ဒုဗ္ဗလဖြစ်ဖြစ် နာနာက္ခဏိကကမ္မ သက်သက်သာတည်း။]

ဆောင်

ဆယ့်ငါး သဟ၊
ရှစ်ဝအာနှင့်၊
ခုနစ်ဖြာနန်၊
ခြောက်တန်ဝတ္ထု၊
လေးခုပစ္စာ၊
သုံးဖြာဟာရော၊
တယောဣန္ဒြိ၊
ဒွိပကတူ၊
တစ်ခုယူကံ၊
မျိုးကိုးတန်ဟု၊
မှတ်ရန်အပြား၊
ဝေဖန်ခြားသည်၊
ဤကား အမျိုးအခွဲတည်း။

+++++

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ ရက် စနေနေ့ လောကချမ်းသာ ဆည်းဆာ တရားပွဲကို ဘော်လ်တီမိုးမြို့ အရှင်ကေလာသဝိဟာရ ဆရာတော် အရှင်ကစ္စာယနက ဟောကြား ချီးမြှင့်သွားခဲ့၏။

Thursday, September 16, 2010

ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း (၁)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြား ပို့ချသော အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းကို ဆက်လက် သင်ကြားပို့ချရာ သင်တန်းအပတ်စဉ် (၄၉)နှင့် (၅၀)(ပစ္စည်းပိုင်း - ပဋ္ဌာန်းနည်း ၁ နှင့် ၂)တို့ကို လေ့လာ သင်ယူ မှတ်သားကြရ၏။

ပဋ္ဌာန်းနည်း အဓိပ္ပာယ်များ

ပဋ္ဌာနဟူသော ပုဒ်ကို စွဲ၍ ပဋ္ဌာန်းဟု ခေါ်ဆိုကြသည်။
အထူးထူးအပြားပြား များစွာကုန်သော ပစ္စည်းတို့၏ ဖြစ်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

တနည်းအားဖြင့် - ကုသိုလ်စသော သင်္ခတတရားတို့ကို ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။

ပစ္စည်း = အကျိုးတရားများ ဖြစ်ပေါ်အောင်၊ ဖြစ်ပြီးတရားကို တည်တံ့ခိုင်မြဲအောင် ကျေးဇူးပြုတတ်သော စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်,ပညတ်ဟု ဆိုအပ်သော အကြောင်းတရားများကို ပစ္စည်းဟု ခေါ်၏။

ပစ္စယုပ္ပန် = အကြောင်းကြောင့် ဖြစ်ရသော စိတ်,စေတသိက်,ရုပ်ဟူသော အကျိုးသင်္ခတတရားများကို ပစ္စယုပ္ပန်ဟု ခေါ်၏။

ပစ္စနိက် = ပစ္စည်းတရားပင်ဖြစ်သော်လည်း ပစ္စယုပ္ပန်၌ မပါဝင်သော တရားမျိုးကို ပစ္စနိက်ဟု ခေါ်၏။

သတ္တိ = ထင်ရှားမဖြစ်ပေါ်သေးသော်လည်း ဖြစ်စွမ်းနိုင်၏၊ ပြုစွမ်းနိုင်၏ ဟူသော သဘောဖြစ်၏။

ဗျတ္တိ = သတ္တိအားလျော်စွာ ထင်ရှားဖြစ်ပေါ်လာ၊ ပြုလာသော သဘောဖြစ်၏။

ပစ္စယ = ပစ္စယသဒ္ဒါသည် ဥပကာရက အနက်ရှိ၏။ ဥပကာရကဆိုသည်ကား ကျေးဇူးပြုတတ်သည်၊ ထောက်ပံ့ချီးမြှောက်တတ်သည်ဟု ဆိုလိုသည်။ ကျေးဇူးပြုဆိုသည်မှာ မိမိထင်ရှားရှိနေခဲ့လျှင် မိမိနှင့်စပ်ဆိုင်သော တရားတို့သည် မဖြစ်ပေါ်သေးလျှင်လည်း ဖြစ်ပေါ်ကြကုန်၏၊ ဖြစ်ပေါ်ပြီးရှိလျှင်လည်း တည်တံ့နိုင်ကြကုန်၏၊ တည်ပြီးသော တရားတို့သည်လည်း အဆင့်ဆင့် ကြီးပွား စည်ပင်ရန် အခြေအနေသို့ ရောက်ကြကုန်၏ ဟူသော သဘောမျိုးကို ကျေးဇူးပြုမှု ဆိုသည်။

+++++

ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်

ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော
အာသေဝနပစ္စယော
ကမ္မပစ္စယော
ဝိပါကပစ္စယော
အာဟာရပစ္စယော
ဣန္ဒြိယပစ္စယော
ဈာနပစ္စယော
မဂ္ဂပစ္စယော
သမ္ပယုတ္တပစ္စယော
ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော
နတ္ထိပစ္စယော
ဝိဂတပစ္စယော
အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

+++++

ဟေတုပစ္စည်း

အမြစ်သဖွယ် ကျေးဇူးပြုသောတရား၊ ရေသောက်မြစ်သည် သစ်ပင်အား အစဉ်ကြီးပွား၍ စည်ကားအောင် ကျေးဇူးပြုဘိသကဲ့သို့ ဟိတ် ၆-ပါးတို့သည် အတူတကွဖြစ်သော စိတ်,စေတသိက်,စိတ္တဇရုပ်,ပဋိသန္ဓေကမ္မဇရုပ်တို့အား ကြီးပွား ခိုင်မြဲစေရန် အကြောင်းမူလသတ္တိဖြင့် ကျေးဇူးပြုတတ်ကြ၏။

“ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ်ကြောင်းရင်းများ”

ပစ္စည်းတရား = လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ် ၆-ပါး။

ပစ္စယုပ္ပန်တရား = သဟိတ်စိတ် (၇၁)ပါး၊ မောဟမူဒွေး၌ မောဟကြဉ်သော စေတသိက် (၅၂)ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။

+++

အာရမ္မဏပစ္စည်း

အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကြိုးတန်း တောင်ဝှေးတို့သည် အားအင်ချိနဲ့သော သူတို့အား ဆွဲကိုင်ရာအဖြစ်ဖြင့် ကျေးဇူးပြုဘိသကဲ့သို့ အာရုံ ၆-ပါးတို့သည် စိတ်,စေတသိက်တို့အား ဆွဲကိုင် မှီတွယ်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်ကြ၏။

“ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ် ခေါ်အာရုံ”

ပစ္စည်းတရား = ပစ္စုပ္ပန်,အတိတ်,အနာဂတ်ဖြစ်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ရုပ် (၂၈)၊ ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန်, ပညတ်။

ပစ္စယုပ္ပန်တရား = စိတ် (၈၉)၊ စေတသိက် (၅၂)။

+++

အဓိပတိပစ္စည်း

အကြီးအမှူးပြု၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းသည် တစ်ပါးသောသူတို့၏ ကြီးမှူးသော သတ္တိကို မြစ်၍ တိုင်းနိုင်ငံသားတို့အား အစိုးရသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် အဓိပတိပစ္စည်း မည်၏။
အဓိပတိပစ္စည်းသည် (၁) အာရမ္မဏာဓိပတိ၊ (၂) သဟဇာတာဓိပတိဟု ၂-ပါး အပြား ရှိ၏။

“စကြာဘုန်းလူ၊ အုပ်စိုးမူသို့၊ ပြိုင်တူမရှိ၊ အုပ်စိုးဘိ၊ အဓိပတိ ခေါ်သတည်း”

အာရမ္မဏာဓိပတိ ပစ္စည်းတရား = အလေးအမြတ် ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် (၁၈)၊ ဒေါသမူ ဒွေး၊ မောဟမူ ဒွေး၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်ကြဉ်သော စိတ် (၈၄)၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ်သော စေတသိက် (၄၇)၊ နိဗ္ဗာန်။

အာရမ္မဏာဓိပတိ ပစ္စယုပ္ပန်တရား = အလေးအမြတ် ပြုတတ်သော လောဘမူစိတ် ၈-ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄-ခု၊ လောကုတ္တရာစိတ် ၈-ခု၊ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ, အပ္ပမညာ ကြဉ်သော စေတသိက် (၄၅)ပါး။

သဟဇာတာဓိပတိ ပစ္စည်းတရား = သာဓိပတိဇော ၅၂-ခု၌ ရှိသော ဆန္ဒ, ဝီရိယ၊ သာဓိပတိ တိဟိတ်ဇော ၃၄-ခု၌ ရှိသော ဝီမံသ၊ သာဓိပတိဇော ၅၂-ခုဟု ဆိုအပ်သော စိတ္တာဓိပတိအားဖြင့် အဓိပတိ တရားကိုယ် ၃-ပါး, ၄-ပါးတို့တွင် တစ်ပါးပါး။

သဟဇာတာဓိပတိ ပစ္စယုပ္ပန်တရား = အဓိပတိပစ္စည်းကို ရသောအခါ အဓိပတိတရားကိုယ် ကြဉ်သော သာဓိပတိဇော ၅၂၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁၊ သာဓိပတိ စိတ္တဇရုပ်။

+++

အနန္တရပစ္စည်း

အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းကြီး၏ နတ်ရွာလားခြင်းသည် သားကြီးရတနာအား အဘိသိက်သွင်းခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မိမိချုပ်ဆုံးပြီးနောက် အခြားမဲ့၌ စိတ်,စေတသိက် တရားတို့ ဖြစ်ပွားအောင် ရွက်ဆောင်သမှု ကျေးဇူးပြုသော တရားသည် အနန္တရပစ္စည်း မည်၏။

“ခြားမဲ့နာမ်တွေ၊ ဖြစ်ပေါ်စေ၊ မှတ်လေ နန္တရ”

ပစ္စည်းတရား = ရဟန္တာတို့ စုတိကြဉ်သော ရှေးရှေးသော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

ပစ္စယုပ္ပန်တရား = ရဟန္တာတို့ စုတိနှင့်တကွ နောက် နောက်သော စိတ် (၈၉)၊ စေတသိက် (၅၂)၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

(အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း၊ အနန္တရူပနိဿယပစ္စည်း၊ နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်းတို့၏ ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အတူတူပင် ဖြစ်၏။)

+++

သမနန္တရပစ္စည်း

ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ စကြာဝတေးမင်းကြီး၏ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းအဖြစ်ကို ရစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ နောက်စိတ်အား ကောင်းစွာ အခြားမရှိသောအားဖြင့် ကျေးဇူးပြုသော တရားသည် သမနန္တရပစ္စည်း မည်၏။

အနန္တရပစ္စည်းနှင့် သမနန္တရပစ္စည်းတို့သည် သံသဒ္ဒါမျှသာ ထူး၏။
သဘောအနက်အားဖြင့်ကား အထူးမရှိ။
သို့သော် ဝေနေယျသတ္တဝါတို့၏ အလိုအားလျော်စွာ ၂-မျိုးခွဲ၍ ဟောတော်မူ၏။

+++

သဟဇာတပစ္စည်း

ဆီမီးသည် မိမိနှင့် အတူတကွဖြစ်သော အလင်းဓာတ်အား တကွဖြစ်၍ ကျေးဇူးပြုသကဲ့သို့ မိမိနှင့်တကွ ဖြစ်ကုန်သော ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် သဟဇာတပစ္စည်း မည်၏။

“အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန် သဟဇ”

ပစ္စည်းတရား = (၁) အချင်းချင်းအားလည်းကောင်း၊ အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်အားလည်းကောင်း တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ (၂) အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း တပ်သော စိတ္တဇ မဟာဘုတ်၊ ပဋိသန္ဓေ ကမ္မဇမဟာဘုတ်၊ ဗာဟိရ မဟာဘုတ်၊ အာဟာရဇ မဟာဘုတ်၊ ဥတုဇ မဟာဘုတ်၊ အသညသတ် ကမ္မဇ မဟာဘုတ်၊ ပဝတ္တိ ကမ္မဇ မဟာဘုတ်အားဖြင့် မဟာဘုတ် လေးပါး။ (၃) အချင်းချင်းအား တပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပစ္စယုပ္ပန်တရား = (၁) အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ (၂) အချင်းချင်းမှ ထောက်အပ်သော ဥပါဒါရုပ်နှင့်တကွသော အလုံးစုံသော မဟာဘုတ် လေးပါး။ (၃) အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

+++

အညမညပစ္စည်း

အချင်းချင်း ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ သစ်သား ၃-ခုကို ထောင်၍ ထားရာ မလဲမပြိုအောင် အချင်းချင်း ကျေးဇူးပြုသကဲ့သို့ ရုပ်နာမ်အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောကြောင့် အညမညပစ္စည်း မည်၏။

“အချင်းချင်းပြန်လှန်၊ ပြုလေပြန်၊ မှတ်ရန် အညမညတည်း”

ပစ္စည်းတရား = အချင်းချင်းအား တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းအား တပ်သော မဟာဘုတ် လေးပါး။ အချင်းချင်းအား တပ်သော ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။ အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော မဟာဘုတ် လေးပါး။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္တု။

အတူတကွဖြစ်၍သာ ကျေးဇူးပြုလျှင် သဟဇာတ မည်၏။ အတူတကွလည်းဖြစ် အချင်းချင်း အပြန်အလှန်လည်း ဖြစ်၍ ကျေးဇူးပြုလျှင် အညမညပစ္စည်း မည်၏။
ဤကား သဟဇာတနှင့် အညမညပစ္စည်း ၂-ပါးတို့၏ အထူးတည်း။

+++

နိဿယပစ္စည်း

မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မြေကြီးသည် သစ်ပင်စသည်တို့၏ တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကားဘောင်ရှိ အဝတ်ပုဆိုးသည် ပန်းချီဆေး၏ မှီရာဖြစ်သကဲ့သို့လည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့၏ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် နိဿယပစ္စည်း မည်၏။

နိဿယပစ္စည်းသည် သဟဇာတနိဿယ၊ ပုရေဇာတနိဿယ ဟူ၍ ၂-ပါး အပြား ရှိ၏။
ထို ၂-ပါးတို့တွင် သဟဇာတနိဿယသည် သဟဇာတနှင့် တူ၏။
ပုရေဇာတနိဿယသည် ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတနိဿယအားဖြင့် ၂-ပါး အပြား ရှိ၏။

“မှီရာဖြစ်စေ၊ ဖြစ်တုံပေ၊ မှတ်လေ နိဿယ”

ဝတ္ထုပုရေဇာတနိဿယ ပစ္စည်းတရား = ပဝတ္တိအခါ ဆဝတ္ထုရုပ်။ တနည်းကား မဇ္ဇျိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ပဉ္စဝတ္ထု။ ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။ နိရောဓသမာပတ်မှ ထသောအခါ ရှေ့စိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ဖြစ်သော ဟဒယဝတ္ထု။ မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ရေသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။

ဝတ္ထုပုရေဇာတနိဿယ ပစ္စယုပ္ပန်တရား = ပဉ္စဝေါကာရဘုံ၌ဖြစ်သောအခါ အရူပဝိပါက် ၄-ခု ကြဉ်သော သတ္တဝိညာဏဓာတ် ၈၅-ခု၊ စေတသိက် ၅၂။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စည်းတရား = မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေသော် ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု။

ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စယုပ္ပန်တရား = မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ် ဒွေး၊ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိရတီ, အပ္ပမညာ ကြဉ်သော စေတသိက် ၄၄။

+++

ဥပနိဿယပစ္စည်း

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မိုးသည် သတ္တဝါဟူသမျှနှင့် ၎င်းကို မှီကာ ကြီးပွား ပေါက်ရောက်ကြသော သစ်ပင်တို့၏ အားကြီးသော မှီရာဖြစ်သလို သာမညမှီရာဖြစ်သော နိဿယထက် အားကြီးသော မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ဥပနိဿယ မည်၏။

ဥပနိဿယပစ္စည်းသည် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယအားဖြင့် ၃-ပါး ရှိ၏။
ထိုတွင် အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့် တူ၏။
အနန္တရူပနိဿယသည် အနန္တရနှင့် တူ၏။

အာရုံ အနန္တရတို့နှင့် မရေရာသည်တိုင်အောင် ပင်ကိုယ်ပကတိ သဘောသက်သက်ဖြင့်ပင် အားကြီးလှသော မှီရာအကြောင်းဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပကတူပနိဿယ မည်၏။

“အားကြီးမှီရာ၊ ပြုတုံပါ၊ မှတ်ပါ ဥပနိဿယ”

ပကတူပနိဿယ ပစ္စည်းတရား = ဗလဝဖြစ်သော ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ ရုပ် ၂၈၊ ပစ္စည်းထိုက်သော အချို့သော ပညတ်။

ပကတူပနိဿယ ပစ္စယုပ္ပန်တရား = ပစ္စုပ္ပန်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂။

+++

ပုရေဇာတပစ္စည်း

ရှေး၌ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကမ္ဘာဦးက ပေါ်ပေါက်ခဲ့သော နေလတို့သည် ယခုတိုင် ထင်ရှားရှိကာ ၎င်းတို့ နောက်မှ ဖြစ်ပေါ်သော သတ္တဝါတို့အား အအေးအပူ အလင်းရောင်ပေးကာ ကျေးဇူးပြုသလို ပစ္စယုပ္ပန်တရားမှ ရှေးဦးစွာ ဖြစ်နှင့်၍ တည်လင့်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် ပုရေဇာတပစ္စည်း မည်၏။

ပုရေဇာတပစ္စည်းသည် အာရမ္မဏပုရေဇာတ၊ ဝတ္ထုပုရေဇာတ၊ ဝတ္ထာရမ္မဏပုရေဇာတ ဟု ၃-ပါး ရှိ၏။

“ရှေး၌ပုံသေ၊ ဖြစ်ခဲ့ပေ၊ မှတ်လေ ပုရေဇ”

အာရမ္မဏပုရေဇာတ ပစ္စည်းတရား = ပစ္စုပ္ပန် နိပ္ဖန္နရုပ် ၁၈။

အာရမ္မဏပုရေဇာတ ပစ္စယုပ္ပန်တရား = ပဉ္စဝေါကာရဘုံ၌ အာရမ္မဏပုရေဇာတပစ္စည်းကို ရခိုက်ရနေဖြစ်သော ကာမစိတ် ၅၄၊ အဘိညာဉ် ဒွေး၊ အပ္ပမညာကြဉ်သော စေတသိက် ၅၀။

ဝတ္ထုပုရေဇာတပစ္စည်းသည် ဝတ္ထုပုရေဇာတနိဿယနှင့် တူ၏။

ဝတ္ထာရမ္မဏပုရေဇာတပစ္စည်းသည် ဝတ္ထာရမ္မဏပုရေဇာတနိဿယနှင့် တူ၏။

+++

ပစ္ဆာဇာတပစ္စည်း

နောက်မှ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ရှေးက ပေါက်နှင့်ကာ ကြီးပွားနေသော သစ်ပင်အား နောက်မှ သွန်းလောင်းအပ် ရွာအပ်သော မိုးရေသည် စည်ပင် ကြီးပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ သတ္တဝါတို့၏ သန္တာန်မှာ နောက်နောက်၌ ဖြစ်သော စိတ်တို့သည် ရှေးရှေး၌ ဖြစ်၍ ဌီအနေအားဖြင့် ထင်ရှားရှိသာ ရုပ်တို့အား တည်ခိုင် သန်စွမ်းစေသောအားဖြင့် ကျေးဇူးပြုတတ်သော သဘောသည် ပစ္ဆာဇာတပစ္စည်း မည်၏။

“သတ္တိရှိနေ၊ ဌီရုပ်တွေအား၊ စိတ်စေနှစ်ဖြာ၊ နောက်နောက်လာ၊ တည်ငှာ ပစ္ဆာဇ”

ပစ္စည်းတရား = ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄-ခု ကြဉ်သော ပထမဘဝင် အစရှိသော နောက် နောက်သော စိတ် ၈၅ ခု၊ စေတသိက် ၅၂။

ပစ္စယုပ္ပန်တရား = ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ ဌီသို့ ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ။

+++

အာသေဝနပစ္စည်း

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ရှေးရှေး၌ ထုံအပ်သော နံ့သာသည် နောက်နောက်၌ ထုံအပ်သော နံ့သာအား အဆင်းအနံ့ကို လွန်စွာ ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေး၌ သင်အံသော ကျမ်းဂန်သည် နောက်နောက်၌ သင်အံသော ကျမ်းဂန်အား သင်ကြားလေ့ကျက် ဆောင်ရွက်လွယ်ကူစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးဖြစ်သော ဇောတို့သည် အခြားမဲ့ဖြစ်သော နောက်နောက်ဇောတို့အား ကျေးဇူးပြုတတ်သောကြောင့် အာသေဝနပစ္စည်း မည်၏။

“ရှေးဇောအစု၊ ဇာတ်တူမှုကြောင့်၊ ကု,အကုပါ၊ ကြိယာတစ်ဖန်၊ နန္တရံ၊ ပွားဟန် သေဝန”

ပစ္စည်းတရား = ဇာတ်တူအဆုံးဇော ကြဉ်သော ရှေးရှေးသော လောကီဇော ၄၇၊ စေတသိက် ၅၂။

ပစ္စယုပ္ပန်တရား = ပထမဇော, ဖိုလ်ဇော ကြဉ်သော နောက်နောက်သော ဇော ၅၁-ပါး၊ စေတသိက် ၅၂-ပါး။

+++

ကမ္မပစ္စည်း

မိမိကြောင့် ဖြစ်ကုန်သော ရုပ်နာမ်တရားတို့ကို ပြုပြင် စီရင်တတ်သော စေတနာသည် ကမ္မပစ္စည်း မည်၏။
သစ်ပင်၏ အမြစ်သည် သစ်ပင်နှင့်တကွဖြစ်၍ ထိုသစ်ပင်အား မြဲမြံခိုင်ခန့်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူ စေတနာသည် သဟဇာတ်ဖြစ်သော နာမ်ရုပ်တို့အား ကျေးဇူးပြု၏။ (ဤကား သဟဇာတကမ္မ အဖို့)။

သဟဇာတကမ္မ ပစ္စည်းတရား = စိတ် ၈၉ ၌ ရှိသော စေတနာ။

သဟဇာတကမ္မ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတနာကြဉ်သော စေတသိက် ၅၁၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်။

ကောင်းစွာ လှန်း၍ ကောင်းစွာ စီရင်အပ်သော မျိုးစေ့သည် အညွန့်ကို ဖြစ်စေခြင်းငှာ အမူအရာ လုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ထို့အတူ အတိတ်ဖြစ်သော ကုသိုလ်,အကုသိုလ်စေတနာသည် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား အမူအရာ လုံ့လ၏အဖြစ်ဖြင့် ကျေးဇူးပြု၏။ (ဤကား နာနာက္ခဏိကကမ္မ အဖို့)။

နာနာက္ခဏိကကမ္မ ပစ္စည်းတရား = အတိတ်ဖြစ်သော ကုသိုလ်, အကုသိုလ် စေတနာ ၃၃-ခု။

နာနာက္ခဏိကကမ္မ ပစ္စယုပ္ပန်တရား = ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၊ ပဋိသန္ဓေကမ္မဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိ ကမ္မဇရုပ်။

+++

ဝိပါကပစ္စည်း

အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မှည့်ရင့်မှုသို့ ရောက်သော သစ်သီးသစ်ပွင့်တို့သည် အရှိန်အစွမ်း ကုန်ခန်းကာ ဗျာပါရ လုံးဝမရှိတော့ဘဲ သိမ်မွေ့နုံ့နှေးသော သဘောသို့ ရောက်ကြသလို နာနာက္ခဏိကကမ္မပစ္စည်းမှ ရင့်ကျက်မှုသဘော ဖြစ်ကုန်သော ဝိပါက်တို့သည် မိမိကိုယ်တိုင်က ကံမျိုးဖြစ်ခြင်းကြောင့် ဗျာပါရလုံးဝမရှိ ငြိမ်းအေးကာ တကွဖြစ်ဘက် တရားတို့ကိုလည်း အရှိန်အဟုန် ဗျာပါရကင်းလျက် ငြိမ်းအေးဖို့ရာ ကျေးဇူးပြုသောတရားသည် ဝိပါကပစ္စည်း မည်၏။

ပစ္စည်းတရား = အချင်းချင်းအားလည်းကောင်း၊ အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်အားလည်းကောင်း တပ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ ဟဒယဝတ္ထုအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော ဝိပါက် ၃၆၊ စေတသိက် ၃၈၊ ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ ဝိပါက် နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်, ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာမှ ထောက်အပ်သော ဟဒယဝတ္ထု။

+++

အာဟာရပစ္စည်း

ထောက်ပံ့ခိုင်စေသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ပစ္စယုပ္ပန်ဖြစ်ကုန်သော ရုပ်နာမ်တရားတို့အား ထောက်ပံ့ခိုင်စေတတ်သည်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အာဟာရလေးပါးသည်။ အာဟာရပစ္စည်း မည်၏။

“ထောက်ပံ့ခိုင်တွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ”

အာဟာရပစ္စည်းသည် ရုပ်အာဟာရ၊ နာမ်အာဟာရအားဖြင့် ၂-ပါး အပြား ရှိ၏။

ရုပ်အာဟာရ ပစ္စည်းတရား = စတုသမုဋ္ဌာနိက သြဇာ။

ရုပ်အာဟာရ ပစ္စယုပ္ပန်တရား = ကလာပ်တူသြဇာကြဉ်သော ကလာပ်တူကလာပ်ပြားဖြစ်သော စတုသမုဋ္ဌာနိကရုပ်။

နာမ်အာဟာရ ပစ္စည်းတရား = ဖဿ, စေတနာ, ဝိညာဏ်ဟု ဆိုအပ်သော နာမ်အာဟာရ တရားကိုယ် ၃-ပါး။

နာမ်အာဟာရ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

+++

ဣန္ဒြိယပစ္စည်း

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ တစ်ပြည်တည်း၌ အထူးထူးသော တာဝန်ကို ဆောင်ရွက်ကြသော မင်းတို့သည် တစ်ပါးသော မင်းတို့၏ ကြီးကဲသော သတ္တိကို မမြစ်မူ၍ အသီးအသီး မိမိတို့၏ အရာ၌သာ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်ဣနြေ္ဒတရားကိုယ် ရှစ်ပါး အစရှိသည်တို့သည်လည်း တစ်ပါးသည် တစ်ပါး၏ သတ္တိကို မမြစ်မူ၍ မိမိတို့၏ အရာ၌သာ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသော တရား။

ဣန္ဒြိယပစ္စည်းသည် သဟဇာတိန္ဒြိယ၊ ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယအားဖြင့် ၃-ပါး ရှိ၏။

သဟဇာတိန္ဒြိယ ပစ္စည်းတရား = ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟု ဆိုအပ်သော နာမ်ဣနြေ္ဒတရားကိုယ် ၈-ပါး။

သဟဇာတိန္ဒြိယ ပစ္စယုပ္ပန်တရား = စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

ပုရေဇာတိန္ဒြိယ ပစ္စည်းတရား = မဇ္ဇျိမာယုကဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု။

ပုရေဇာတိန္ဒြိယ ပစ္စယုပ္ပန်တရား = ဒွေးပဉ္စဝိညာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇။

ရူပဇီဝိတိန္ဒြိယ ပစ္စည်းတရား = ရုပ်ဇီဝိတိနြေ္ဒ။

ရူပဇီဝိတိန္ဒြိယ ပစ္စယုပ္ပန်တရား = ရုပ်ဇီဝိတိနြေ္ဒကြဉ်သော ကလာပ်တူကမ္မဇရုပ် ၉-ခု။

+++

ဈာနပစ္စည်း

ကပ်၍ ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ ကသိုဏ်းစသော အာရုံသို့ ကပ်၍ ကြံခြင်း၊ လက္ခဏာရေးသုံးပါးသို့ ကပ်၍ ကြံခြင်း အစွမ်းအားဖြင့် ကပ်၍ အာရုံကို ကြံတတ်ကုန်သောအားဖြင့် ဝိတက်အစရှိသည်တို့သည် ဈာနပစ္စည်း မည်၏။

ပစ္စည်းတရား = ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟု ဆိုအပ်သော ဈာန်တရားကိုယ် ငါးပါး။

ပစ္စယုပ္ပန်တရား = ဒွေးပဉ္စဝိညာဏ် ၁၀ ကြဉ်သော စိတ် ၇၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

+++

မဂ္ဂပစ္စည်း

သုဂတိဘုံ၊ ဒုဂ္ဂတိဘုံ၊ နိဗ္ဗာန်ဘုံသို့ ဆိုက်ရောက်စေနိုင်သော လမ်းခရီးသဘောသတ္တိအားဖြင့် ကျေးဇူးပြုတတ်ကုန်သော သမ္မာဒိဋ္ဌိစသော တရားတို့သည် မဂ္ဂပစ္စည်း မည်၏။

ပစ္စည်းတရား = ပညာ၊ ဝိတက်၊ ဝိရတီ(၃)၊ ဝိရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉-ပါး။

ပစ္စယုပ္ပန်တရား = သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။

+++

သမ္ပယုတ္တပစ္စည်း

နို့ရည်၊ တင်လဲ၊ ထောပတ်၊ ပျားသကာဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသည်ဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမ်ခန္ဓာလေးပါးသည်လည်း အချင်းချင်း မကွေမကွာ ယှဉ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ပစ္စည်းတရား = အချင်းချင်းအား တပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

ပစ္စယုပ္ပန်တရား = အချင်းချင်းမှ ထောက်အပ်သော အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး။

+++

ဝိပ္ပယုတ္တပစ္စည်း

အချို အချဉ် အစပ် အငန် အဖန် အခါး ဟူသော အရသာ ၆-ပါးသည် အချင်းချင်း မနှီးနှော မယှဉ်သောအားဖြင့် ကျေးဇူးပြုသကဲ့သို့ နာမ်နှင့်ရုပ်တို့၏ အချင်းချင်း မယှဉ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုသော တရား။

ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ်၊ ပုရေဇာတဝိပ္ပယုတ်၊ ပစ္ဆာဇာတဝိပ္ပယုတ်အားဖြင့် ၃-ပါး အပြား ရှိ၏။

သဟဇာတဝိပ္ပယုတ္တ ပစ္စည်းတရား = ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄-ခု၊ ဒွေးပဉ္စဝိညာဏ် ၁၀၊ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော စိတ် ၇၅၊ စေတသိက် ၅၂၊ ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ လေးပါး၊ အချင်းချင်းအား တပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

သဟဇာတဝိပ္ပယုတ္တ ပစ္စယုပ္ပန်တရား = နာမက္ခန္ဓာမှ ထောက်အပ်သော စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်။ အချင်းချင်းမှ ထောက်အပ်သော ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ဟဒယဝတ္ထု။

ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနိဿယ နှစ်ပါးနှင့် တူ၏။

ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့် တူ၏။

+++

အတ္ထိပစ္စည်း

ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊ မြေကြီး ဟိမဝန္တာတောင်တို့သည် မိမိထင်ရှားရှိခိုက် မိမိအပေါ် ပေါက်ရောက်ကြသော ထိုထိုသစ်ပင် ဆေးပင်စသည်တို့အား သြဇာထက်မြက်အောင် စိမ်းရွှင်အောင် ထောက်ပံ့သလို မိမိထင်ရှားရှိခိုက် ထင်ရှားရှိနေသော တရားတို့အား ထောက်ပံ့မှုဖြင့် ကျေးဇူးပြုသော တရား။

အတ္ထိပစ္စည်းသည် (၁) သဟဇာတတ္ထိ၊ (၂) ပုရေဇာတတ္ထိ၊ (၃) ပစ္ဆာဇာတတ္ထိ၊ (၄) အာဟာရတ္ထိ၊ (၅) ဣန္ဒြိယတ္ထိအားဖြင့် ၅-ပါး အပြား ရှိ၏။

ထို ၅-ပါးတို့တွင် သဟဇာတတ္ထိသည် သဟဇာတ ၃-ပါးနှင့် တူ၏။
ပုရေဇာတတ္ထိသည် ပုရေဇာတ ၂-ပါးနှင့် တူ၏။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့် တူ၏။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။
ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

+++

နတ္ထိပစ္စည်း

မီးရောင်၏ ချုပ်ငြိမ်းမှုသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညဥ့်ကုန်မှုသည် နေထွက်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း မိမိတို့ချုပ်မှုဖြင့် နောက်စိတ်များ ဥပါဒ်ဖြစ်ပေါ်ရန် ထင်ရှားမရှိဘဲ ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အနန္တရပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

ဝိဂတပစ္စည်း

နေဝင်ခြင်းသည် လထွက်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေဝင်ခြင်းသည် အမှောင်ဖြစ်ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိမိတို့ ကင်းချုပ်မှုဖြင့် နောက်နောက်တရားဖြစ်ပေါ်ရန် ကင်း၍ ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အနန္တရပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

အဝိဂတပစ္စည်း

မဟာသမုဒ္ဒရာသည် မိမိကို မှီ၍ နေကုန်သော ငါးလိပ်မကန်းစသည်တို့အား ပီတိသောမနဿကို ပွားစေခြင်းငှာ မကင်းသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မိမိမကင်းမချုပ်သေးဘဲ ပစ္စုပ္ပန်ရှိဆဲအနေအားဖြင့် ကျေးဇူးပြုသော တရား။

ပစ္စည်းတရား, ပစ္စယုပ္ပန်တရားတို့မှာ အတ္ထိပစ္စည်းနှင့် အတူတူ ဖြစ်၏။

+++

နတ္ထိနှင့် ဝိဂတ အထူး

ဥပါဒ်,ဌီ,ဘင်ချုပ်ပြီး၍ ကင်းဆိတ်မှုသဘောသည် နတ္ထိသဘော။
ချုပ်ကာမျှဖြစ်သော သဘောသည် ဝိဂတသဘော။

+++

အတ္ထိနှင့် အဝိဂတ အထူး

ပရမတ္ထသဘာဝ ခဏိကပစ္စုပ္ပန် မဖောက်မပြန် မိမိသဘော ထင်ရှားရှိနေသည်အဖြစ်ဖြင့် ကျေးဇူးပြုမှုသည် အတ္ထိသဘော။
ပရမတ္ထသဘောမကင်း ချုပ်ခြင်းသို့ မရောက်သေးသော သဘောဖြင့် ကျေးဇူးပြုမှုသည် အဝိဂတသဘော။

+++

အာရမ္မဏာဓိပတိနှင့် အာရမ္မဏူပနိဿယ အထူး

အလေးအမြတ် ပြုအပ်သည်၏ အဖြစ်မျှဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏာဓိပတိပစ္စည်း မည်၏။
အလေးအမြတ် ပြုအပ်သည်၏ အဖြစ်တွင် လွန်ကဲ အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် အာရမ္မဏူပနိဿယပစ္စည်း မည်၏။

+++

အနန္တရနှင့် အနန္တရူပနိဿယ အထူး

မိမိတို့၏ အခြားမဲ့၌ လျောက်ပတ်သော စိတ္တုပ္ပါဒ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော သတ္တိရှိသော တရားသည် အနန္တရပစ္စည်း မည်၏။
အားကြီးသော အကြောင်း၏ အစွမ်းဖြင့် ကျေးဇူးပြုခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အနန္တရူပနိဿယပစ္စည်း မည်၏။

+++

နိဿယနှင့် ဥပနိဿယ အထူး

သာမညဖြစ်သော မှီရာအကြောင်းသည် နိဿယပစ္စည်း၊
ဝိသေသဖြစ်သော အားကြီးသော မှီရာဖြစ်သော အကြောင်းတရားသည် ဥပနိဿယပစ္စည်း မည်၏။

ဥပမာ-သလေးထမင်းဖြစ်ရန် အကြောင်းများတို့တွင် ထမင်းချက်သမား၊ ထမင်းအိုး၊ ထင်းမီးစသော အကြောင်းတို့သည် နိဿယပစ္စည်းမျှသာ ဖြစ်ကုန်၏။

သလေးမျိုးစေ့၊ သလေးစပါး၊ လယ်ခင်း၊ မိုးရေတို့သည်သာလျှင် ထမင်း၏ ဥပနိဿယပစ္စည်း ဖြစ်နိုင်ကြကုန်၏။
သလေးမျိုးစေ့ စသည်တို့ကြောင့်သာ ထမင်းချက်သမားနှင့် ထမင်းအိုးစသည်တို့သည် သလေးထမင်းဖြစ်အောင် အစွမ်းထုတ်နိုင်ကြကုန်၏။

+++

ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ

ပဋိသန္ဓေစိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇရုပ်သည် ဧကဇကာယ မည်၏။
ပဋိသန္ဓေစိတ်၏ ဌီကာလ၌ဖြစ်သော ကမ္မဇ, ဥတုဇရုပ်သည် ဒွိဇကာယ မည်၏။
ပဋိသန္ဓေနောင် ပဌမဘဝင်စိတ်၏ ဥပ္ပါဒက္ခဏ၌ဖြစ်သော ကမ္မဇ, ဥတုဇ, စိတ္တဇရုပ်သည် တိဇကာယ မည်၏။
အာဟာရဇရုပ် ဖြစ်ပေါ်သောအခါ ကမ္မဇ, ဥတုဇ, စိတ္တဇ, အာဟာရဇရုပ်သည် စတုဇကာယ မည်၏။

+++++