ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတပါရမီ၊
ယဿ ဝေသံ သုမာပေန္တိ, ကေနာပိ အသမံ သမံ။
ပစိတပါရမီ-လေးသင်္ချေကိန်း၊ ကပ်တစ်သိန်းက၊ ထိန်းသိမ်းစုဆောင်း၊ ပါရမီတော်အပေါင်းတို့သည်၊
ပစ္ဆိမံ ဖလဒါနေန-ဖြစ်ပျက်ဖန်ခါ၊ သံသရာဝယ်၊ ခန္ဓာကိုယ်ရေး၊ အဆုံးစွန် အကျိုးပေးသောအားဖြင့်၊
ယဿ ဘဂဝတော-အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊
ဝေသံ-ရွှေမျက်နှာတော်၊ လက်ခြေတော်နှင့်၊ ကိုယ်တော်သဏ္ဍာန်၊ ပုံဟန်ထင်ပေါ်၊ အသွင်အပြင်တော်ကို၊
ကေနာပိ-လူမင်း, နတ်မင်း, ဗြဟ္မာမင်းဝယ် ဘယ်သူတစ်ယောက်နှင့်မျှ၊
အသမံ-လက္ခဏာတော် ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ ဘယ်ဝယ်တိုင်းကာ၊ မနှိုင်းသာသည်ဖြစ်၍၊
သမံ-တစ်ကိုယ်တော်လုံး၊ ရွှေတုံးရွှေနှစ်၊ ဇမ္ဗူရာဇ်သိင်္ဂီ၊ နာရဏီမျှ၊ သာကီဝင်သွေး၊ အယဉ်ကျေးဆုံးဖြစ်ရလေအောင်၊
သုမာပေန္တိ-တက်သစ်နေဝန်း၊ ထွန်းသစ်လစန်း၊ ပွင့်သစ်ပန်းသို့၊ ဆန်းအဖုံဖုံ၊ စခန်းစုံအောင်၊ အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။
(ကြည့်ရှုရန် အဓိပ္ပာယ်)
ဘုရားရှင်၏ ကောင်းမှု ပါရမီတော်များသည် “ဤ၍ ဤမျှ ရှိ၏”ဟု ဂဏန်းချလျက် နှိုင်းဆ ရေတွက်၍ မရလောက်အောင် များမြောင်လှပေ၏။
ကမ္ဘာလောက၌ ရှိသမျှ သတ္တဝါအပေါင်း၏ ကောင်းမှု ပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏။
ထိုမျှလောက် များပြားသော ပါရမီတော်တို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး စုဆောင်းတော်မူခဲ့သောကြောင့် “ဤ၍ ဤမျှ မည်၍ မည်မျှ ရှိသည်”ဟု ပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။
အသင်္ချေတွက်ပုံ
ကမ္ဘာကြီး တည်၍ ပျက်စီးသည့်တိုင်အောင်သော အခါကို “တစ်ကပ် တစ်ကမ္ဘာ”ဟု ခေါ်၏။
အလျားအနံ တစ်ယူဇနာရှိသော ‘ဂိုဒေါင်’တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင် အနှစ်တစ်ရာ ကြာမှ တစ်စေ့ကျ ယူပစ်ရာ ထိုမုန်ညင်းစေ့များ ကုန်သွားသော်လည်း တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင် မိန့်တော်မူသည်။
(နိဒါနဝဂ္ဂ-အနမတဂ္ဂသံယုတ်၊ ကာသပသုတ် ပါဠိတော်)
ထိုမျှကြာသော ကမ္ဘာပေါင်း မည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင် များမြောင်သော ကမ္ဘာကို အသင်္ချေဟု ဆိုသည်။
ထိုသို့ ရေတွက်၍ မရသောကြောင့် ဘုရားတစ်ဆူနှင့် တစ်ဆူအကြား၌ တစ်အသင်္ချေဟု မှတ်ထားရသော လေးကြိမ်ကို “လေးအသင်္ချေ”ဟု ဆိုရသည်။
ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူတစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံး အချိန်အခါတည်း။
အချို့ဘုရားရှင်များမှာ ပါရမီဖြည့်ဖို့ရာ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာသည်။
ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော်မူအပ်ခဲ့သော ပါရမီတော်တို့သည် အလွန့်အလွန် များပြားရကား အကျိုးပေးခွင့် အလှည့်မရဘဲ အကျိုးပေးမည်ဟု တခဲခဲ နေခဲ့ကြရာ သိဒ္ဓတ်မင်းသား ဘုရားဖြစ်မည့် ဘဝ၌ကား ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ် အကျိုးပေးခွင့် မရှိ၊ အဆုံးစွန် အကျိုးပေးရမည့် အခါကြီး ဖြစ်ပေသည်။
ထို့ကြောင့် ထိုပါရမီများသည် ရှင်တော်ဘုရားကို မျက်နှာတော် ကျက်သရေရှိအောင်လည်းကောင်း၊ လက်တော်ခြေတော် ပြေပြစ်ညက်ညော ချောမောအောင်လည်းကောင်း၊ ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညား ညီညွတ်အောင်လည်းကောင်း၊ ဤသို့အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂ ပါး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်များဖြင့် တံဆိပ်ခတ်လျက် အလွန်တင့်တယ် သပ္ပာယ်စွာ ဖန်ဆင်းလိုက်ရကား လူမင်း, နတ်မင်း, ဗြဟ္မာမင်းဝယ် ဘယ်သူတစ်ယောက်နှင့်မျှ နှိုင်းပြိုင်၍မရဘဲ ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီရွှေတုံး ရွှေနှစ်ကဲ့သို့ သာကီဝင်မင်းမျိုးတွင် အလှပဆုံး အယဉ်ကျေးဆုံး ဖြစ်ပါပေသည်။
ထိုသို့ ဖန်ဆင်းရာ၌ ပါရမီတော်များသည် သူမရ ငါမရ အလုအယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်သည့် အခါကြီးဖြစ်၍ ဘုရားရှင်၏ ပုံဟန်တော်သည် ဖူးမြော်၍ မဝနိုင်အောင် တက်သစ်စ နေဝန်း၊ ထွန်းသစ်စ လစန်းနှင့် ပွင့်ခါစ ပန်းကဲ့သို့ လန်းလန်းဆန်းဆန်း ရွှန်းရွှန်းဝေဝေ အလွန်ကျက်သရေ ရှိတော်မူပါပေသည်။
ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့၏ အလယ်မှာ အဘိဓမ္မာတရားကို ဟောတော်မူ၏။ ထိုအခါ နတ် ဗြဟ္မာတို့၏ ရုပ်အဆင်းထက် ဘုရားရှင်၏ အဆင်းတော်က သာလွန်၍ တင့်တယ်တော်မူပါပေသတဲ့။
ထိုစကားကို ဆိုသင့်ပါပေ၏။
နတ် ဗြဟ္မာတို့သည် အလွန် လှကြပါပေလိမ့်မည်။
သို့သော် သူတို့ကိုယ်တွင်း၍ ရာဂ၊ ဒေါသ စသော အညစ်အကြေး မကင်းပါ။
ဘုရားရှင်ကား အညစ်အကြေး ကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဉာဏ်တော်နှင့် မေတ္တာ ကရုဏာတော် ထုံမွှမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။
ထိုမျှလောက် သပ္ပာယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်၍လျှင် တရားစစ် တရားမြတ်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့ လွန်စွာ ကံဆိုးလှချေတကား။
သို့သော် ဘုရားရှင်၏ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ သတိပဋ္ဌာန် စသည်ဖြင့် အဖိုးတန် တရားတော်ကြီးများ မပျက်မပြား တည်ရှိနေသေးသောကြောင့် ထိုတရားတော်များကို ကိုယ်တွေ့ လိုက်စား၍ တရားထူးရအောင်၊ တရားထူး မရသေးလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တယျ ဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင် ကြိုးစားကြပါလေ။
+++++
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ “ရတနာ့ဂုဏ်ရည်” မှ
No comments:
Post a Comment