Tuesday, December 15, 2009

သရဏနှင့် သရဏဂုံ - ချမ်းမြေ့ဆရာတော်


ရတနာသုံးပါးသည် သရဏ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တိုင် အကျင့်မှန် သိလို့ အဲဒီ အကျင့်မှန်ကို ကျင့်တဲ့အတွက် အရှိသဘာဝကို အရှိအတိုင်း သိမြင်တော်မူတော့ ‘လောဘ’ ‘ဒေါသ’ ‘မောဟ’ ကိလေသာတွေ ငြိမ်းလို့မို့ ဆင်းရဲငြိမ်းတော်မူတယ်။

ရှင်တော်မြတ်ဘုရားက ပြန်ပြီး ဟောကြားတော်မူတဲ့အခါမှာလဲ ဒီဆင်းရဲငြိမ်းကြောင်း တရားတွေကိုပဲ ကျင့်တော်မူ သိတော်မူတဲ့အတိုင်း ဟောကြားတော်မူတော့ ဒီတရားတော်တွေဟာ အမှန်တရားတွေ ဖြစ်လာတယ်။

အမှန်တရားတွေဆိုတော့ တရားတွေဟာလဲပဲ ဆင်းရဲငြိမ်းလိုတဲ့ ပုဂ္ဂိုလ်များ အားကိုး အားထားရာ ကိုးကွယ်ရာ ဆည်းကပ်ရာ အဖြစ်နဲ့ ယုံကြည်ရ လက်ခံရ လိုက်နာကျင့်ကြံရ ကိုးကွယ်ရမည့် ‘သရဏ’တွေပဲ။

အဲဒီ တရားတွေအတိုင်း လိုက်နာ ကျင့်ကြံကြလို့ ဆင်းရဲ တစိတ်တဒေသ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ များစွာ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ လုံးဝ ငြိမ်းတဲ့ သံဃာတော်တွေဟာ ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း ၂၅၇၀ ကျော် ကာလ အတွင်းမှာ များစွာ ပေါ်ပေါက်ခဲ့တယ်။

အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိတို့က စပြီးတော့ အခု အချိန်အထိ သာသနာတော်မှာ ရှင်တော်မြတ်ဘုရား အမှန်အတိုင်း ညွှန်ကြားထားတဲ့ တရားတော်တွေအတိုင်း ကျင့်ကြံလို့ ကိလေသာငြိမ်း ဆင်းရဲငြိမ်းတဲ့ ပုဂ္ဂိုလ်တွေ များစွာ ပေါ်ပေါက်ခဲ့တယ်။

အဲဒီလို များစွာ ပေါ်ပေါက်ခဲ့တဲ့ ဒီသံဃာတော်တွေဟာလဲပဲ ကိုးကွယ် ဆည်းကပ် ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ‘သရဏ’တွေပဲ။

ဒါကြောင့် ‘ဗုဒ္ဓ’ ‘ဓမ္မ’ ‘သံဃ’ ခေါ်တဲ့ ရတနာသုံးပါးဟာ အားကိုးရာ၊ အားထားရာ ကိုးကွယ်ရာအနေနဲ့ ယုံကြည် ဆည်းကပ်ထိုက်တဲ့ ‘သရဏ’တွေပဲဆိုတာ ဘုန်းကြီးတို့ သိရတယ်။

အဲဒီတော့ ယုံကြည် ဆည်းကပ်ထိုက်တဲ့ ဒီရတနာသုံးပါးဟာ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ခပ်သိမ်း ငြိမ်းလိုတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အားကိုးရာ အားထားရာ မှီခိုရာ ကိုးကွယ်ရာ ‘သရဏ’တွေပဲ။

+++++

ယုံကြည် ဆည်းကပ် စိတ်သည် သရဏဂုံ

ဒီ ရတနာသုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာ မှီခိုရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

သရဏဂုံ ... သရဏဂုံလို့ ပြောနေကြသော်လဲပဲ သရဏဂုံရဲ့ အဓိပ္ပာယ်ကို တိတိကျကျ နားလည်တာက ခပ်ရှားရှားပဲ။ ယောင်ဝါးဝါးမျှပဲ နားလည်ကြတယ်။

သရဏ = အားကိုးရာ ကိုးကွယ်ရာပဲလို့
ဂမန = ယုံကြည် ဆည်းကပ်တဲ့ စိတ်။

ဒီ ‘သရဏဂမန’ကိုပဲ မြန်မာက ‘သရဏဂုံ’လို့ ခေါ်လိုက်တယ်။

ဒီတော့ သရဏဂုံဆိုတာ အားကိုး အားထားရာ ကိုးကွယ်ရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ပဲ။

ဘုရားကို သရဏဂုံလို့ မခေါ်ဘူး။
တရားကို သရဏဂုံလို့ မခေါ်ဘူး။
သံဃာကို သရဏဂုံလို့ မခေါ်ဘူး။
‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ‘သရဏ’လို့သာ ဆိုနိုင်တယ်။ ‘သရဏဂုံ’လို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သရဏဂုံဆိုတာ ယုံကြည် ဆည်းကပ်တဲ့ စိတ်မို့ပဲ။

ဘယ်သူ့ကို ယုံကြည် ဆည်းကပ်တာလဲ?
ဗုဒ္ဓ - ရှင်တော်မြတ်ဘုရားကို ယုံကြည် ဆည်းကပ်တယ်။
ဓမ္မ - တရားတော်ကို ယုံကြည် ဆည်းကပ်တယ်။
သံဃ - သံဃာတော်ကို ယုံကြည် ဆည်းကပ်တယ်။

အဲဒီတော့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာသုံးပါးက အားကိုး အားထားရာဖြစ်တဲ့ ‘သရဏ’တွေ။

အဲဒီ ယုံကြည်ထိုက် ကိုးကွယ်ထိုက် ဆည်းကပ်ထိုက်တဲ့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ယုံကြည်တဲ့ စိတ်၊ ဆည်းကပ် ကိုးကွယ်တဲ့ စိတ်က ‘သရဏဂုံ’။

+++++

သရဏဂုံ တည်သူနှင့် မတည်သူ

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်က ဆည်းကပ် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိတယ်။ အဲဒီ စိတ်ရှိသူကို သရဏဂုံတည်သူလို့ ခေါ်တယ်။

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်မရှိရင် သရဏဂုံတည်သူလို့ မခေါ်နိုင်ဘူး။ သရဏဂုံ မတည်သူပဲ။
သရဏဂုံ မတည်ရင် အဲဒီ ပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာဝင်လို့ မခေါ်နိုင်ဘူး။
သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။

+++++

သရဏဂုံ ညစ်နွမ်းခြင်း လေးမျိုး

(၁) ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို မသိခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို နားမလည်က ယုံကြည် ဆည်းကပ်စိတ် အားပျော့သွားသဖြင့် သရဏဂုံ ညစ်နွမ်း၏။

(၂) ရတနာသုံးပါး၏ ဂုဏ်ကို အသိမှားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

မြတ်စွာဘုရား၏ ဂုဏ်တော်အရှိက တခြား၊ မိမိသိထားသည်က တမျိုးဖြစ်ပါက အသိမှားသောကြောင့် ယုံကြည် ဆည်းကပ်စိတ် အားပျော့၊ သရဏဂုံ ညစ်နွမ်း၏။

(၃) ဘုရား၊ တရား၊ သံဃာကို ယုံမှား သံသယဖြစ်ခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဆိုတာ တကယ် ပွင့်ခဲ့တာမှ ဟုတ်ရဲ့လား၊ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ တရားကကော တရားစစ် တရားမှန် ဟုတ်ရဲ့လား၊ ဒီတရားအတိုင်း လိုက်နာရင် အကျိုးရှိနိုင်ပါ့မလား၊ ချမ်းသာရစေနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ဒီတရားအတိုင်းကျင့်ရင် စီးပွားရေးတွေ မဆုတ်ယုတ်ကုန်ပေဘူးလား၊ သံဃာကကော ကိုးကွယ် ဆည်းကပ်ထိုက်တဲ့ သံဃာဟုတ်ပါ့မလား၊ လူတွေနဲ့ ဘာထူးသလဲ၊ အဲဒီလို စသည်ဖြင့် ရတနာသုံးပါးအပေါ်မှာ ဖြစ်စေ၊ တစ်ပါးပါးအပေါ်မှာ ဖြစ်စေ ယုံမှား သံသယ ဒွိဟစိတ် ဝိစိကိစ္ဆာစိတ်တွေ ဖြစ်နေပါက ယုံကြည် ဆည်းကပ်မှု အားပျော့သွားပြီး သရဏဂုံ ညစ်နွမ်း၏။

(၄) ရတနာသုံးပါးကို မရိုသေ မလေးစားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ရတနာသုံးပါးအကြောင်းကို သေသေချာချာ မလေ့လာ မသိရှိဘဲ၊ သာမန်မျှ မဖြစ်စလောက် အသိကလေးပေါ် အခြေခံပြီး ရတနာသုံးပါးအပေါ်မှာ အထင်သေး အမြင်သေး ရိုသေ လေးစားမှု မရှိခြင်းကြောင့် ယုံကြည် ဆည်းကပ်စိတ် အားနည်းကာ သရဏဂုံ ညစ်နွမ်း၏။

ဆောင်ပုဒ်

ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာသုံးထွေ၊ မရိုသေ၊ ညစ်လေ သရဏဂုံ။

+++++

သရဏဂုံ နှစ်မျိုး

(၁) လောကီသရဏဂုံ

မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေး၍ အရိယာ မဖြစ်သေးသော ပုထုဇဉ်တို့၏ သန္တာန်၌ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

ဤလောကီသရဏဂုံသည် သရဏဂုံ ပျက်ခြင်း ၂-မျိုးဖြစ်သော - ဗုဒ္ဓဝါဒမှတပါး တခြား ဘာသာအယူဝါဒကို ပြောင်းလဲ ယုံကြည် ဆည်းကပ်ခြင်းကြောင့် ပျက်ခြင်း၊ သေဆုံး ကွယ်လွန်၍ ပျက်ခြင်း တို့ကြောင့် ပျက်စီးနိုင်၏။

(၂) လောကုတ္တရာသရဏဂုံ

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရသော အရိယာတို့၏ သန္တာန်မှာ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

အရိယာတို့၏ သန္တာန်မှာ မဂ်ဉာဏ်နှင့် အတူတကွ ဖြစ်ပေါ်လာသော ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်စိတ်သည် ခိုင်မြဲပြီး ဘယ်တော့မှ မပျက်တော့ပေ။



+++++

ချမ်းမြေ့ဆရာတော်၏ “၁၉၈၅ ခုနှစ်၊ တက္ကသိုလ်ဓမ္မသဘင်၊ ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ” မှ

2 comments:

www.mettayanant.com said...

ချမ်းမြေ့ဆရာတော်၊ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရား၊ ဆရာတော်ဦးသီလာနန္ဒတို့ရဲ့ တရားတော်များ ထပ်ဆင့်ဓမ္မဒါနပြုလိုပါ၍ ကူးယူခွင့်ပြုပါရန် မေတ္တာရပ်ခံပါသည်။

LokaChantha said...

နှစ်သက်ရာ ကူးယူ ဓမ္မဒါနပြုနိုင်ပါသည်။