Thursday, May 7, 2009

ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး


ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။

ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။

“ညာတော အတ္ထော သုခါဝဟော”တဲ့။
ညာတော-သိအပ်သော၊ အတ္ထော-အနက်သည်၊ သုခါဝဟော-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ ဒီလို ရှိတယ်။

“စိတ္တံ ဒန္တံ သုခါဝဟံ”။
စိတ္တံ-စိတ်သည်၊ ဒန္တံ-ဆုံးမပေး၍ ယဉ်ကျေးသည်ရှိသော်၊ သုခါဝဟံ-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်တတ်၏ တဲ့။

သုခါဝဟံ-တဲ့၊ ဒုက္ခာဝဟံ-တဲ့၊ ဖလာဝဟံ-တဲ့ စသည်ဖြင့် အများကြီး ရှိပါတယ်။
အာဝဟတွေ ရှေးပုဒ်နဲ့ တွဲထားတဲ့ သမာသ်ပုဒ်ပဲ။

ဒါပေမယ့် မြန်မာတစ်ပြည်လုံးမှာ ‘အာသဝက္ခယံ’တွေက သိပ်တွင်နေတယ်။
မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ်၊ မှန်မှန်ကန်ကန် ပြောဟောတဲ့ ပုဂ္ဂိုလ်က နည်းနည်းပါးပါးတော့ ရှိပါတယ်။ နည်းပါတယ်။

‘အာသဝက္ခယာဝဟံ ဟောတု’ ဆိုရတာ နည်းနည်းတော့ ခက်တယ်။
သူက အရှည်ကြီး ဖြစ်နေတယ်။
‘အာသဝက္ခယံ’ တစ်ပုဒ်၊ ‘ဝဟံ’ တစ်ပုဒ် ဆိုရင်တော့ ဆိုလို့ လွယ်တာပေါ့။
ဒါပေမယ့်လို့ အမှန်အတိုင်းကတော့ ‘အာသဝက္ခယာဝဟံ’ ပါပဲ။

‘ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု’တဲ့။
မေ-ကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒါ ဘုန်းကြီးက အမြဲတမ်း ချပေးနေတာပါပဲ။
အမြဲတမ်း ချပေးနေပေမယ်လို့ တချို့က အမှတ်တမဲ့ပဲ။
ကိုယ်ဆိုနေကျ ဆိုချင်လည်း ဆိုမှာပဲ။
ကိုယ်ဆိုနေကျ မဟုတ်ပြန်လည်း ဒီဆရာတော်က တမျိုးပဲ။ ထူးတယ် ဆန်းတယ်လို့ အောက်မေ့တယ်။
ဆန်းတာတော့ မဟုတ်ပါဘူး။
စာပေနဲ့ အညီပါပဲ။
စာပေက ဒီတိုင်း ရှိတာ။

ကဲ ... ကဲ .. ဆိုစမ်းပါဦး။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
မေ-ကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
ဤကောင်းမှုဆိုတာ ဘုရားရှိခိုးရင် ဘုရားရှိခိုးတဲ့ ကောင်းမှုပေါ့။ (၅)ပါးသီလ ဆောက်တည်ရင် (၅)ပါးသီလ ဆောက်တည် ကျင့်သုံးရတဲ့ ကောင်းမှုပေါ့။ ပန်းလှူလို့ရှိရင် ပန်းလှူတဲ့ ကောင်းမှုပေါ့။ ဆီမီးလှူရင် ဆီမီးလှူတဲ့ ကောင်းမှုပေါ့။ ဆွမ်းလှူရင် ဆွမ်းလှူတဲ့ ကောင်းမှု၊ သင်္ကန်းလှူရင် သင်္ကန်းလှူတဲ့ ကောင်းမှု၊ အခုလိုပေါ့။
ဘာကောင်းမှုဖြစ်ဖြစ် ‘ကျွန်ုပ်၏ ဤကောင်းမှုသည်’ဆိုလျှင် မိမိရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဤသင်္ကန်းလှူသော ကောင်းမှု၊ ဆွမ်းလှူရသော ကောင်းမှု၊ ပန်းလှူရသော ကောင်းမှု၊ ရေချမ်းလှူရသော ကောင်းမှု ဒီလိုတော့ ဆိုနိုင်ပါတယ်။
မေ-အကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း။

အဲဒါ ဝိဝဋ္ဋနိဿိတ ဆုတောင်းပုံတဲ့။
အဋ္ဌကထာက ပြတာ။ ဘုန်းကြီးက ပြတာ မဟုတ်ဘူး။
သံယုတ်အဋ္ဌကထာ၊ အင်္ဂုတ္တရ်အဋ္ဌကထာမှာ ရှိတယ်။


(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၆၄၅-၆၄၇ မှ)

No comments: