Saturday, May 23, 2009

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း (၂)



၂၀၀၉ ခု မေလ ၂၂ ရက် ညနေ ၆း၃၀ နာရီ တရားပွဲ

(၅)ရက် တရားစခန်း၏ ဒုတိယနေ့ ညနေ ၆း၃၀ နာရီ တရားပွဲတွင် ရွှေမင်းဝံဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ တရားကြေညာချက်ကို ရှင်းလင်း ဟောကြားခဲ့ပါသည်။

သတိပဋ္ဌာန်တရား အားထုတ်လျှင် ရရှိနိုင်သော အကျိုးတရားများကို မြတ်စွာဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ်တော်တွင် တရားကြေညာချက်အဖြစ် ဦးစွာ ဟောကြားတော်မူခဲ့ပါသည်။

တရားကြေညာချက် ပါဠိ

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ
သောက ပရိဒေဝါနံ သမတိက္ကမာယ
ဒုက္ခ ဒေါမနသာနံ အတ္ထင်္ဂမာယ
ဉာယဿ အဓိဂမာယ
နိဗ္ဗာနဿ သစ္ဆိကိရိယာယ
ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။


တရားကြေညာချက် အနက်

ရဟန်းတို့၊ လေးပါးကုန်သော စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု ဟူသော အကြင်သတိပဋ္ဌာန်တို့သည် ရှိကုန်၏။
စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု သတိပဋ္ဌာန်ဟူသော ဤအကျင့်လမ်းသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကအလောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့၏ -
(၁) စိတ်အညစ်အကြေးမှ ကင်းဝေး စင်ကြယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၂) စိုးရိမ်ပူဆွေးခြင်း၊ (၃) ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၄) ကိုယ်ဆင်းရဲ (၅) စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၆) အရိယမဂ်ကို ရခြင်းငှာ (၇) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။

(မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော “မဟာသတိပဋ္ဌာနသုတ်၊ ပါဌ်နိဿယ” စာအုပ်မှ)

+++++

ရှေးရှေး ဆရာတော်ကြီးများ ပညာရှိကြီးများက သတိပဋ္ဌာန်တရား ပွားများ အားထုတ်ခြင်းဖြင့် ရရှိနိုင်သည့် အခြားသော အကျိုး ၆ ပါးကိုလည်း ပြဆိုကြကြောင်း ဆရာတော်က ဗဟုသုတဖြစ်ဖွယ် ဟောကြား၏။

ညည်းညူမရှိ၊ သတိမမေ့
ချိန်နေ့သိပြန်
မျက်လှန်ကြောဆွဲ မရှိဘဲနှင့်
သေလည်း မတောင့်တင်း
ပုပ်နံ့ကင်းသည်
ကျိုးရင်း သတိပဋ္ဌာန်/ဝိပဿနာ တန်ခိုးတည်း။


(၁) ဝေဒနာကို သည်းခံနိုင်ခြင်း၊ ညည်းညူမှု မရှိခြင်း။
(၂) သတိမမေ့ခြင်း၊ သတိမြဲခြင်း။
(၃) သေရမည့်အချိန်ကို ကြိုတင် သိရှိနိုင်ခြင်း။
(၄) သေသည့်အခါ မျက်ဖြူလှန်မှု အကြောဆွဲမှု မရှိခြင်း။
(၅) သေပြီး ခန္ဓာကိုယ် တောင့်တင်းမှု မရှိခြင်း။
(၆) သေပြီး အပုပ်နံ့ မရှိခြင်း။

+++++

ရွှေမင်းဝံဆရာတော်သည် မဟာစည်ဆရာတော်ဘုရားကြီး၏ အနီးနေ တပည့်တစ်ဦး ဖြစ်ခဲ့ရာ မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ် ပဋိပတ်ဂုဏ်တို့နှင့် ပြည့်စုံပုံကို တရားများတွင် ထည့်သွင်း ဟောကြားလေ့ရှိပါသည်။

ဒုတိယနေ့ ညနေတရားတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော် ၂၈ နှစ် အရွယ်၌ တောထွက် တရားရှာမှီးခဲ့ပုံ၊ သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ ရောက်ရှိပုံ၊ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းအနီး တောင်နှစ်ခုကြား ရှိုမြောင်ကြီးထဲတွင် တစ်ပါးတည်း တရားအားထုတ်ခဲ့ပုံများကို မှတ်သားဖွယ် ဟောကြားခဲ့ပါသည်။

တရားပွဲအပြီးတွင် ငါးမိနစ်တရားရှုမှတ်စေပြီး၊ မေတ္တာပို့ ကောင်းမှု ကုသိုလ်အမျှ ပေးဝေကြပါသည်။

No comments: