“ဘိက္ခု”ဆိုတာ အကျဉ်းချုပ်အားဖြင့် သုံးမျိုးလောက် ရှိပါတယ်။
“ဘိက္ခတိ ယာစတီတိ ဘိက္ခု” တဲ့။
တောင်းတတ် အလှူခံတတ်လို့လဲ ဘိက္ခုလို့ ခေါ်တယ်တဲ့။
“ဘယံ ဣက္ခတီတိ ဘိက္ခု” တဲ့။
ဘယံ-ဘေးကို၊ ဣက္ခတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏ တဲ့။
ဘေးကို ရှုတတ်လို့တဲ့။ သံသရာဘေးတွေကို ရှုမြင်တတ်တယ်တဲ့။
သံသရာမှာ ဘဝအသစ်ဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ အဲဒီ ဘေးတွေကို မြင်တတ်လို့ ဘိက္ခုပဲတဲ့။
သံသရာဘေးတွေကို မြင်ပြီး သံသရာဘေးတွေက လွတ်မြောက်အောင် ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ် ‘ဘိက္ခု’လို့ ခေါ်တယ်။
သင်္ကန်းဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သံသရာဘေးက လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတွေ ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘိက္ခု’လို့ ခေါ်တယ်။
“ကိလေသေ ဘိန္ဒတီတိ ဘိက္ခု” တဲ့။
ကိလေသေ-ကိလေသာတို့ကို၊ ဘိန္ဒတိ-ဖျက်ဆီးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏။
ကိလေသာ ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်၊ ဒါကတော့ မဂ်ရောက် ဖိုလ်ရောက် ပုဂ္ဂိုလ်ပဲ။
ကိလေသာကို ပယ်နိုင်တဲ့ ပုဂ္ဂိုလ်၊ အထက်တန်း ရောက်သွားပြီ။
(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၄၄၄-၄၄၅ မှ)
No comments:
Post a Comment