Monday, May 25, 2009

ဇဝနဟံသဇာတ်


၂၀၀၉ ခု မေလ ၂၄ ရက် တနင်္ဂနွေနေ့
ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း စတုတ္ထနေ့

တရားစခန်း၏ စတုတ္ထနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဒုတိယ ဥက္ကဌ ဦးစိန်မြင့် နှင့် အသင်း အမှုဆောင် ဒေါ်လီလီဌေး မိသားစုမှ လွန်ခဲ့သော ဧပြီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် သားဖြစ်သူ ကိုပြည့်စုံမြင့်အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များနှင့် ယောဂီများအား လှူဒါန်း ဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်အား မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံခြင်း ပြုလုပ်ကြပါသည်။

အနုမောဒနာတရားကို ရွှေမင်းဝံဆရာတော်မှ ချီးမြှင့်ရာ သေခြင်းတရား၏ လျင်မြန်ပုံ ဇဝနဟံသဇာတ်ကို ဥပမာ ပေး၍ အသေမဦးခင် လောကီအကျိုး လောကုတ္တရာအကျိုး ရရှိအောင် ဆောင်ရွက်ကြရန် ဟောကြားသွားပါသည်။

အာယုက္ခယ-အသက်တမ်းကုန်၍ သေခြင်း၊ ကမ္မက္ခယ-ကံကုန်၍ သေခြင်း၊ ဥဘယက္ခယ-အသက်တမ်းနှင့် ကံကုန်၍ သေခြင်း၊ ဥပစ္ဆေဒက-အသက်နှင့် ကံ ၂ ပါး ရှိသေးသော်လည်း ဥပစ္ဆေဒကကံကြောင့် သေခြင်း ဟူ၍ သေခြင်း လေးမျိုးရှိရာ အသက်ငယ်ရွယ်စဉ် သေသူမှာ ကံကုန်၍ သေခြင်း ဖြစ်ကြောင်း၊ မိသားစုတစ်ခုတွင် ရှေးဦးစွာ သေဆုံးသူမှာ ကောင်းမှုပြုလုပ်ခွင့် မရတော့သဖြင့် ကုသိုလ်ကံ အနည်းဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဇာတိဟူ၍ ရလာလျှင် အို နာ သေ တဆက်တည်း ကပ်ပါ လိုက်ပါလာသည်ဖြစ်ရာ သံဝေဂယူ၍ လောကီကျိုး လောကုတ္တရာ ကောင်းကျိုးချမ်းသာ ရရှိရန် အချိန်မဆိုင်းဘဲ အမြန်ဆုံး ဆောင်ရွက်သွားကြရန် တိုက်တွန်း ဟောကြား၏။

+++++

ဇဝနဟံသဇာတ်

အာယုသင်္ခါရတို့၏ လျင်မြန်စွာ ဖြစ်ခြင်း ပျက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒဠဓမ္မဓနုဂ္ဂဟသုတ္တန်ကို အကြောင်းပြု၍ ဇဝနဟံသဇာတ်ကို ဟောတော်မူ၏။

အရပ်လေးမျက်နှာနေ လေးသည်ကျော်တို့ ပစ်လွှတ်သော မြားတို့ကို မြေမကျမီ ဖမ်းယူ၍ မူလနေရာသို့ ထားနိုင်သော ပုဂ္ဂိုလ် ယောက်ျား၏ လျင်မြန်ခြင်းထက် လ,နေတို့က ပို၍ လျင်မြန်၏။

မြားလေးစင်းကို ဖမ်းနိုင်သောယောက်ျားနှင့် လ,နေတို့၏ လျင်မြန်ခြင်းထက် အချို့နတ်တို့က ပို၍ လျင်မြန်၏။

ထိုယောက်ျား၊ လ,နေ၊ နတ်တို့၏ လျင်မြန်ခြင်းထက်လည်း အာယုသင်္ခါရတို့ ကုန်ဆုံးခြင်း သေခြင်းသည် အလွန်တရာ သာ၍ လျင်မြန်သဖြင့် ဘုရားသာသနာတော်၌ မမေ့မလျော့နေ၍ ကျင့်အပ်၏ဟု ဓဠဓမ္မဓနုဂ္ဂဟသုတ်ကို ဟောတော်မူ၏။

ဟောပြီး နှစ်ရက်မြောက်သော နေ့၌ ရဟန်းတော်တို့ အာယုသင်္ခါရ၏ အားနည်းမှုကို စည်းဝေး ပြောဆိုနေကြစဉ် အတိတ်ဝတ္ထုဖြစ်သော ဇဝနဟင်္သာမင်းအကြောင်း ဟောကြားတော်မူခြင်း ဖြစ်သည်။

အတိတ်ဝတ္ထု

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ဇဝနဟင်္သာမျိုး၌ ဖြစ်၍ ဟင်္သာများ ခြံရံလျက် စိတ္တကုဋ်တောင်၌ နေ၏။

တခါသော် အိုင်တစ်ခုမှ အပြန်တွင် ဗြဟ္မဒတ်မင်းက မြင်တွေ့ရာမှ မိတ်ဖွဲ့သဖြင့် မိတ်ဆွေဖြစ်၏။

တနေ့သောအခါ နေနှင့် အပြေးပြိုင်သော ညီတော် ဟင်္သာနှစ်ဦးတို့၏ အသက်ကို ကယ်၍ ဗာရာဏသီမင်းထံ သွားကာ တရားစကား ဟောပြော၏။

နေနှင့် အပြေးပြိုင်ကြသည့် ညီတော် ဟင်္သာနှစ်ဦး၏ အဖြစ်အပျက်ကို ပြောပြသောအခါ ဗြဟ္မဒတ်မင်းက ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို မြင်တွေ့လိုသဖြင့် လျှပ်တပြက်အတွင်း အချက်များစွာ ပစ်နိုင်သော အက္ခဏဝေဓိ လေးသမား လေးဦးကို ခေါ်စေ၏။

မင်းရင်ပြင်တွင် ကျောက်တိုင်တို့ကို စိုက်စေ၍ ဇဝနဟင်္သာမင်းလည်း လည်၌ ဆည်းလည်းဆွဲစေကာ ကျောက်တိုင်ထိပ်၌ နေ၏။ လေးယောက်သော လေးသမားတို့ကို ကျောက်တိုင်ကို မှီစေ၍ အရပ်လေးမျက်နှာသို့ ရှေးရှုကာ တပြိုင်နက်တည်း မြားတစ်စင်းစီ ပစ်လွှတ်စေ၏။

မြားတို့ မြေမကျမီ ဖမ်းယူ၍ လေးသမားတို့၏ ခြေရင်း၌ ချကာ ကျောက်တိုင်ထိပ်၌ နေမြဲတိုင်း တည်နေသော ဇဝနဟင်္သာမင်း၏ လျင်မြန်မှုကို ဗြဟ္မဒတ်မင်းမှာ မျက်စိဖြင့် မြင်နိုင်ခြင်းငှာ မစွမ်းသာဘဲ ဆည်းလည်း၏ အသံဖြင့်သာ သိရှိရ၏။

ဇဝနဟင်္သာမင်း၏ လျင်မြန်ခြင်းထက် သာလွန်မှုသည် ရှိနိုင်ပါဦးမည်လော ဟု ဗြဟ္မဒတ်မင်းကြီးက ဇဝနဟင်္သာမင်းအား မေးရာ သတ္တဝါတို့၏ အာယုသင်္ခါရ ကုန်ဆုံးမှုက အဆပေါင်း ရာ ထောင် သိန်းသောင်းမက သာလွန်ကြောင်း ဟောကြားတော်မူ၏။
ရုပ်တရားတို့၏ ချုပ်ခြင်း၊ နာမ်တရားတို့၏ ချုပ်ခြင်းကိုလည်း ခဏနိရောဓ၏ အစွမ်းဖြင့် ပြတော်မူ၏။

ဗြဟ္မဒတ်မင်းလည်း သေဘေးကို ကြောက်သဖြင့် မူးမေ့၍့ မြေ၌ လဲ၏။ လူအများလည်း ထိတ်လန့် ကြောက်ရွံ့ကြကုန်၏။

မင်း၏ မျက်နှာကို ရေဖြင့် သွန်း၍ သတိရစေပြီး၊ မင်းကျင့်တရား ဆယ်ပါးကို ပြုကျင့်ရန်၊ အလှူဒါနပြုလုပ်ရန်၊ သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ခြင်း မရဏာနုဿတိကို ပွားစေရန်၊ မမေ့မလျော့သော သတိတရားဖြင့် နေရန် ဟောကြားတော်မူ၏။

ဇာတ်ပေါင်း

ဗာရာဏသီမင်း = အရှင်အာနန္ဒာ
ညီတော် ဟင်္သာငယ် = အရှင်မဟာမောဂ္ဂလာန်
ညီလတ် ဟင်္သာ = အရှင်သာရိပုတ္တရာ
ဟင်္သာအပေါင်း = ဘုရားရှင်၏ ပရိသတ်
ဇဝနဟင်္သာမင်း = မြတ်စွာဘုရားရှင်

+++++

“အာယုသင်္ခါ၊ ချုပ်မြန်စွာ၊ ပမာပြုဖို့ ကင်း။”

+++++


စာကိုး
မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး ပြန်ဆိုရေးသားတော်မူသော ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ တေရသကနိပါတ်၊ ဇဝနဟံသဇာတ်

Saturday, May 23, 2009

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း (၂)



၂၀၀၉ ခု မေလ ၂၂ ရက် ညနေ ၆း၃၀ နာရီ တရားပွဲ

(၅)ရက် တရားစခန်း၏ ဒုတိယနေ့ ညနေ ၆း၃၀ နာရီ တရားပွဲတွင် ရွှေမင်းဝံဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ တရားကြေညာချက်ကို ရှင်းလင်း ဟောကြားခဲ့ပါသည်။

သတိပဋ္ဌာန်တရား အားထုတ်လျှင် ရရှိနိုင်သော အကျိုးတရားများကို မြတ်စွာဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ်တော်တွင် တရားကြေညာချက်အဖြစ် ဦးစွာ ဟောကြားတော်မူခဲ့ပါသည်။

တရားကြေညာချက် ပါဠိ

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ
သောက ပရိဒေဝါနံ သမတိက္ကမာယ
ဒုက္ခ ဒေါမနသာနံ အတ္ထင်္ဂမာယ
ဉာယဿ အဓိဂမာယ
နိဗ္ဗာနဿ သစ္ဆိကိရိယာယ
ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။


တရားကြေညာချက် အနက်

ရဟန်းတို့၊ လေးပါးကုန်သော စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု ဟူသော အကြင်သတိပဋ္ဌာန်တို့သည် ရှိကုန်၏။
စွဲမြဲသော အမှတ်ရမှု သတိစွဲမြဲမှု သတိပဋ္ဌာန်ဟူသော ဤအကျင့်လမ်းသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကအလောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့၏ -
(၁) စိတ်အညစ်အကြေးမှ ကင်းဝေး စင်ကြယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၂) စိုးရိမ်ပူဆွေးခြင်း၊ (၃) ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၄) ကိုယ်ဆင်းရဲ (၅) စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။
(၆) အရိယမဂ်ကို ရခြင်းငှာ (၇) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းပေတည်း။

(မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော “မဟာသတိပဋ္ဌာနသုတ်၊ ပါဌ်နိဿယ” စာအုပ်မှ)

+++++

ရှေးရှေး ဆရာတော်ကြီးများ ပညာရှိကြီးများက သတိပဋ္ဌာန်တရား ပွားများ အားထုတ်ခြင်းဖြင့် ရရှိနိုင်သည့် အခြားသော အကျိုး ၆ ပါးကိုလည်း ပြဆိုကြကြောင်း ဆရာတော်က ဗဟုသုတဖြစ်ဖွယ် ဟောကြား၏။

ညည်းညူမရှိ၊ သတိမမေ့
ချိန်နေ့သိပြန်
မျက်လှန်ကြောဆွဲ မရှိဘဲနှင့်
သေလည်း မတောင့်တင်း
ပုပ်နံ့ကင်းသည်
ကျိုးရင်း သတိပဋ္ဌာန်/ဝိပဿနာ တန်ခိုးတည်း။


(၁) ဝေဒနာကို သည်းခံနိုင်ခြင်း၊ ညည်းညူမှု မရှိခြင်း။
(၂) သတိမမေ့ခြင်း၊ သတိမြဲခြင်း။
(၃) သေရမည့်အချိန်ကို ကြိုတင် သိရှိနိုင်ခြင်း။
(၄) သေသည့်အခါ မျက်ဖြူလှန်မှု အကြောဆွဲမှု မရှိခြင်း။
(၅) သေပြီး ခန္ဓာကိုယ် တောင့်တင်းမှု မရှိခြင်း။
(၆) သေပြီး အပုပ်နံ့ မရှိခြင်း။

+++++

ရွှေမင်းဝံဆရာတော်သည် မဟာစည်ဆရာတော်ဘုရားကြီး၏ အနီးနေ တပည့်တစ်ဦး ဖြစ်ခဲ့ရာ မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ် ပဋိပတ်ဂုဏ်တို့နှင့် ပြည့်စုံပုံကို တရားများတွင် ထည့်သွင်း ဟောကြားလေ့ရှိပါသည်။

ဒုတိယနေ့ ညနေတရားတွင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော် ၂၈ နှစ် အရွယ်၌ တောထွက် တရားရှာမှီးခဲ့ပုံ၊ သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ ရောက်ရှိပုံ၊ မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းအနီး တောင်နှစ်ခုကြား ရှိုမြောင်ကြီးထဲတွင် တစ်ပါးတည်း တရားအားထုတ်ခဲ့ပုံများကို မှတ်သားဖွယ် ဟောကြားခဲ့ပါသည်။

တရားပွဲအပြီးတွင် ငါးမိနစ်တရားရှုမှတ်စေပြီး၊ မေတ္တာပို့ ကောင်းမှု ကုသိုလ်အမျှ ပေးဝေကြပါသည်။

Friday, May 22, 2009

ရွှေမင်းဝံဆရာတော်၏ (၅)ရက် တရားစခန်း






ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံသာသနာ့ရိပ်သာကျောင်းတိုက်ကြီး၏ ပဓာန နာယကဖြစ်တော်မူသော ရွှေမင်းဝံဆရာတော် ဘဒ္ဒန္တသောဘနသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း လောကချမ်းသာဘုရားကျောင်းတော်ကြီး၌ ၂၀၀၉ ခု မေလ ၂၁ ရက်မှ ၂၅ ရက်ထိ (၅)ရက် တရားစခန်းကို ကမ္မဋ္ဌာနာစရိယ ဆရာတော်အဖြစ် ဟောကြား ညွှန်ပြလျက် ရှိပါသည်။

တရားစခန်းရက်များအတွင်း ညနေ အထူးတရားပွဲများသို့လည်း ဓမ္မမိတ်ဆွေများ ကြွရောက် နာယူနိုင်ကြပါသည်။

၂၀၀၉ ခု မေလ ၂၁ ရက် ညနေ ၆း၃၀ နာရီ အထူးတရားပွဲတွင် ဆရာတော်က မဟာသတိပဋ္ဌာနသုတ်လာ အာနိသံသကထာ-အကျိုးအာနိသင်ပြ မိန့်ခွန်းတော်ကို ရှင်းလင်း ဟောကြားသွားခဲ့ပါသည်။


အကျိုးအာနိသင်ပြ မိန့်ခွန်းတော်

ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ ဖြစ်သော ပုဂ္ဂိုလ်သည် ကာယာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်နှစ်တို့ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ ခုနစ်နှစ်ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခြောက်နှစ်တို့ပတ်လုံး ...။ ငါးနှစ်တို့ပတ်လုံး ...။ လေးနှစ်တို့ပတ်လုံး ...။ သုံးနှစ်တို့ပတ်လုံး ...။ နှစ်နှစ်တို့ပတ်လုံး ...။ တနှစ်ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ တစ်နှစ်ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်လတို့ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ ခုနစ်လဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခြောက်လတို့ပတ်လုံး ...။ ငါးလတို့ပတ်လုံး ...။ လေးလတို့ပတ်လုံး ...။ သုံးလတို့ပတ်လုံး ...။ နှစ်လတို့ပတ်လုံး ...။ တစ်လပတ်လုံး ...။ လခွဲပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။

ရဟန်းတို့၊ လခွဲပွားစေရမည် ဆိုသည်ကို ထားလိုက်ပါဦးတော့။
ရဟန်းတို့၊ အမှတ်မရှိ တစုံတယောက်သော ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမသည် ဤလေးပါးသော သတိပဋ္ဌာန်တို့ကို ခုနစ်ရက်ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဤသို့ ပွားစေပါလျှင် ထိုပွားစေသူအား မျက်မှောက် ယခုဘဝ၌ပင်လျှင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန် ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ ၂-ပါးသော ဖိုလ်တို့တွင် တပါးပါးသော ဖိုလ်ကို မချွတ်ဧကန် အမှန်ပင် ဖြစ်မည်ဟု ယုံကြည်အားထား ကိန်းသေအားဖြင့် လိုလားအပ်ပေ၏။


မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်လုံးဘွဲ့ ဝန်ခံချက်မိန့်ခွန်းတော်လင်္ကာ

သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နဲ့ တို့မြတ်စွာ။
ဟောမိန့်ပုံမှာ ... ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ။
အလွန်ကြာလျှင် ၇-နှစ်နဲ့
ရဟန္တာအစစ် ဖြစ်နိုင်ပါ။
စွဲမှုကျန်တောင် နာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ။
မြန်သူဆိုလျှင် ၇-ရက်နဲ့
ထိုဖိုလ်မဂ်ကို ရနိုင်ပါ။
ရဲရင့်ခိုင်မာ ဝန်ခံချက်နဲ့
ဓမ္မစက်ကို ဟောခဲ့ပါ။
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်ကာ။
သတိပဋ္ဌာန် ကိုယ့်သန္တာန် အမြန်ပွားစေရာ။
သို့ပွားစေမှ နိဗ္ဗာန်ရ မုချငြိမ်းအေးမှာ။

+++++

ဝိမုတ္တိသုခ-ဆင်းရဲအမျိုးမျိုးမှ လွတ်မြောက်သော ချမ်းသာကို ရရှိ ရောက်ရှိရန် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားတို့ကို ရိုရိုသေသေ ကြိုးစား ပွားများ အားထုတ်ကြရန် ရွှေမင်းဝံဆရာတော်မှ အထူး တိုက်တွန်း ညွှန်ပြတော်မူပါသည်။

ကြိုးကြိုးစားစား ရှုမှတ် ပွားများ အားထုတ်ခြင်းနှင့် ပတ်သက်၍ မဟာစည်ဆရာတော်ဘုရားကြီး၏ ဇာတိ ရွှေဘိုမြို့ ဆိပ်ခွန်ရွာ၌ ပထမဦး ကမ္မဋ္ဌာန်းပေးစဉ် တွေ့ကြုံရပုံများကိုလည်း ဗဟုသုတဖြစ်ဖွယ် ထည့်သွင်း ဟောကြားသွားခဲ့ပါသည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၀၀ ပြည့်နှစ်တွင် မော်လမြိုင်မြို့ တောင်ဝိုင်းကလေးတိုက်ကျောင်းမှ ဇာတိ ရွှေဘိုမြို့ ဆိပ်ခွန်ရွာသို့ ဆွေမျိုးဉာတိတို့ကို ချီးမြှောက်ရန် ပြန်လည် ကြွရောက်တော်မူခဲ့၏။ ဆိပ်ခွန်ရွာရှိ အင်ကြင်းတောတိုက် မဟာစည်ကျောင်း၌ သီတင်းသုံးကာ ဆိပ်ခွန်ရွာရှိ လူအပေါင်းတို့အား အပ္ပမာဒ ဝိပဿနာတရားကို အကျယ်ဟောကြားတော်မူခဲ့ပါသည်။ ဆရာတော်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ကျင့်ကြံ အားထုတ်လိုသော ပထမဆုံး သတိပဋ္ဌာန်အားထုတ်သူ သုံးဦးမှာ ဦးထွန်းအေး၊ ဦးဖိုးချုံ (မဟာစည်ဆရာတော်၏ အစ်ကိုဝမ်းကွဲ) နှင့် ဆရာကြံ (မဟာစည်ဆရာတော်၏ ညီဝမ်းကွဲ)တို့ ဖြစ်၏။ ဤအကြောင်းကို မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ပင် ၁၃၂၀ ပြည့်နှစ် သင်္ကြန်တွင်း ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဉ် ဓမ္မာရုံကြီးဝယ် ဝိပဿနာအခြေခံတရားတော်ကို ဟောကြားတော်မူစဉ် အောက်ပါအတိုင်း ထည့်သွင်း ဟောကြားတော်မူခဲ့သေး၏။

“သူတို့ သုံးယောက်က တိုင်ပင်ပြီး ပထမတစ်ပတ်မှာ ၇-ရက် အားထုတ်ကြပါတယ်။ တော်တော်လည်း ပြင်းပြင်းထန်ထန် အားထုတ်ကြပါတယ်။ တစ်နေ့ကို ကွမ်းတစ်ရာနဲ့ ဆေး တစ်လိပ်သောက်ဖို့ ကမ္မဋ္ဌာန်းကျောင်းကို ယူလာခဲ့ကြတာတွေဟာ မစားဖြစ် မသောက်ဖြစ်ကြတာနဲ့ ကွမ်းယာ ၇-ခုနဲ့ ဆေးလိပ် ၇-လိပ်ဟာ ခုနစ်ရက်စေ့လို့ ကမ္မဋ္ဌာန်းကျောင်းက ပြန်တဲ့အခါမှာ အထုပ်အတိုင်းပဲ ပြန်ပါလာကြတယ်။ ဘယ်လောက် ပြင်းပြင်းထန်ထန် အားထုတ်သလဲဆိုတာ အဲဒါကို ထောက်ဆကြည့်ရင် သိလောက်ပါတယ်။”

တရားပွဲအပြီးတွင် တရားစခန်းဝင် ယောဂီများအပြင် တရားနာ ကြွရောက်လာကြသူများကိုပါ သတိပဋ္ဌာန်တရား အားထုတ်နည်းအကျဉ်း၊ တရားအားမထုတ်မီ ဗုဒ္ဓါနုဿတိဘာဝနာ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာနှင့် မရဏာနုဿတိဘာဝနာတို့ကို ပွားများရပုံ၊ ထိုင်ပုံထိုင်နည်း ခန္ဓာကိုယ် အနေအထားနှင့် အခြေခံ ရှုမှတ်ပုံတို့ကို သင်ပြကာ ငါးမိနစ် ရှုမှတ် အားထုတ်စေပါသည်။

ငါးမိနစ်ခန့် တရားရှုမှတ်ပြီးကြသောအခါ အထူးအားဖြင့် စီးပွားရေးကပ်ဘေး ဆိုက်ရောက်နေကြသော ကမ္ဘာသူ ကမ္ဘာသားများနှင့် အရပ်ဆယ်မျက်နှာနေ သတ္တဝါအားလုံးတို့အား မေတ္တာပို့ကာ ပြုခဲ့သမျှသော ကောင်းမှု ကုသိုလ်တို့ကို အမျှပေးဝေပါသည်။

Tuesday, May 12, 2009

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် ဓာတ်ပုံသတင်း


ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းက ၂၀၀၉ ခု မေလ ၁၀ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

လောကချမ်းသာ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး







သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကာ







အနုမောဒနာတရား နာကြားကြ၍













ရေစက်သွန်းချ ကုသိုလ်အမျှ ပေးဝေကြ၏

Friday, May 8, 2009

ကဆုန်လပြည့် ဗုဒ္ဓနေ့


ဆရာစော။ ။ “ဗျာဒိတ်တော်ခံ၊ ဖွားပွင့်စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” တဲ့ ဗျ။

ဆရာဇေ။ ။ ‘ကဆုန်လ’က တဆယ့်နှစ်လရှိတဲ့အနက် အတော် ထူးခြားတဲ့ လလို့ ဆိုရမှာပေါ့ဗျာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အလောင်းတော်ဘဝရော၊ ပါရမီဖြည့်တော်မူစဉ်ကရော၊ ဘုရားဖြစ်တဲ့အချိန်မှာရော ဖြစ်တော်စဉ်ကြီး ငါးပါးနဲ့ ဆုံဆည်း ကြုံကြိုက်တာ မဟုတ်လား။

ဆားပုလင်း ခင်မောင်ဝင်း။ ။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်” လမြတ်ဝါဆိုက ဖြစ်တော်စဉ် သုံးပါး၊ ကဆုန်လက ဖြစ်တော်စဉ်ကြီး ငါးပါးဆိုတော့ အမြတ်ဆုံးလ၊ ထူးခြားတဲ့ ကဆုန်လလို့ ပြောရမျာပေါ့ဗျာ။ ကဲ .. ကဆုန်လရဲ့ ဖြစ်တော်စဉ်ကြီးတွေကို ရှင်းစမ်းပါဦး။

ဆရာစော။ ။ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အရှင်ကုဏ္ဍလာဘိဝံသရဲ့ ဟောစဉ်တရားပေါင်းချုပ် အမှတ် (၂)ထဲ ပါတဲ့ ‘ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော်’ကို ဖတ်ရှု ကြည်ညို မှတ်သားရတာဗျ။

ပထမ ဖြစ်တော်စဉ်က “ဗျာဒိတ်တော် ခံ” တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး သုမေဓာရသေ့ဘဝတုန်းက ဒီပင်္ကရာဘုရားရှင်ထံတော်က နိယတဗျာဒိတ်ရတဲ့နေ့ဟာ ကဆုန်လပြည့်နေ့။

ဒုတိယ ဖြစ်တော်စဉ်က “ဖွား” တဲ့။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်မယ့် နောက်ဆုံးဘဝမှာ သိဒ္ဓတ္ထမင်းသားလေးအဖြစ်နဲ့ ဖွားမြင်တော်မူတာ ကဆုန်လပြည့်နေ့မှာပဲ။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ကပိလဝတ္ထုမြို့၊ ဒေဝဒဟမြို့၊ ကောလိယမြို့ .... သာကီဝင်မင်းမျိုးတွေ နေတဲ့ ဒီသုံးမြို့ဟာ သက္ကတိုင်းထဲမှာ ရှိတယ်။ မယ်တော် မာယာက ဒေဝဒဟမြို့သူ။ သုဒ္ဓေါဒနမင်းကြီးနဲ့ အကြောင်းပါတော့ သုဒ္ဓေါဒနမင်းကြီးနောက် လိုက်ပြီး ကပိလဝတ္ထုမြို့မှာ နေရတာ။ ဘုရားအလောင်းတော်ကို ကိုယ်ဝန် အရင့်အမာရှိတော့ ဆွေပြမျိုးပြအဖြစ် ကပိလဝတ္ထုမြို့ကနေ ဒေဝဒဟမြို့ကို အလည်အသွား လုမ္ဗိနီ အင်ကြင်းတောမှာ ဘုရားလောင်းကို ဖွားမြင်တော်မူတာ။

ဆရာစော။ ။ ဘုရားရှင်နဲ့ စပ်ပြီး ရောက်သင့်ရောက်ထိုက်တဲ့ လေးဌာနထဲ ပါတဲ့ ဌာနကြီးပေါ့ဗျာ။ တစ်ကြိမ်တစ်ခေါက်လောက်တော့ ရောက်အောင် သွားပြီး ဖူးထိုက်တယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ဆရာဇေက မကြာသေးခင်က ရောက်ခဲ့တာဆိုတော့ ကုသိုလ်ထူးသဗျ။

ဆရာစော။ ။ ဆရာဇေ အီးမေးလ်နဲ့ ပို့လာတဲ့ ဗုဒ္ဓဂယာက ဓာတ်ပုံတွေ မြင်ရ ကြည်ညိုရပါတယ် ဗျာ။

ဆရာဇေ။ ။ ဓာတ်ပုံတွေက အများကြီး ရိုက်လာတာ ဗျ။ ထပ်ပြီး ပို့ပေးပါအုန်းမယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ကဲ .. တတိယ ဖြစ်တော်စဉ်ကို ပြောပြပါဦး။

ဆရာစော။ ။ တတိယ ဖြစ်တော်စဉ်က “ပွင့်”။
“ပွင့်” ဆိုတာ ဘုရားဖြစ်တော်မူတဲ့ နေရာ။ အဲဒီ နေရာကိုလည်းပဲ သွားရောက်ပြီးတော့ ရှိခိုး ပူဇော်ထိုက်တယ်တဲ့။

ဆရာဇေ။ ။ ဘုရားဖြစ်တော်မူတဲ့ နေရာ ခုခေတ် ‘ဗုဒ္ဓဂယာ’လို့ ခေါ်တယ်။ ဗုဒ္ဓဂယာရဲ့ အရှေ့စောင်းစောင်းဆီမှာ တောရိပ် တောင်ရိပ်တွေနဲ့ ဥရုဝေလတောင်၊ ဥရုဝေလတောကြီး ရှိတယ်။ အရှေ့ဘက် မနီးမဝေးက ဗောဓိညောင်ပင် ရွှေပလ္လင်၊ သူ့အရှေ့ဘက် ခဲနှစ်ပစ် သုံးပစ်လောက်မှာ နေရဉ္ဇရာမြစ်ကြီးက ဥရုဝေလတောကို ဖြတ်သန်းပြီး တောင်မြောက် စီးဆင်းလို့။ နေရဉ္ဇရာမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ ဥရုဝေလတောရဲ့ တောင်ဘက်နားက သုဇာတာသူဌေးသမီးတို့ နေတဲ့ သေနာနိဂုံး။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်တော်မူတော့ အပြင်ရန်ခေါ်တဲ့ မာရ်နတ်ရန်၊ အတွင်းရန်ခေါ်တဲ့ ကိလေသာရန်တွေကို အောင်မြင်တော်မူတာလည်းပဲ ဒီကဆုန်လပြည့်နေ့ပဲ။

ဆရာစော။ ။ ဘုရားဖြစ်တော်မူတဲ့ နေ့ ကဆုန်လပြည့်နေ့ပေါ့ ဗျာ။

စတုတ္ထ ဖြစ်တော်စဉ်က “စံ”။
ကဆုန်လပြည့်နေ့မှာပဲ ကုသိနာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းစုံ အင်ကြင်းတောမှာပဲ ပရိနိဗ္ဗာန် စံတာ။

ဆရာဇေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖွားတာလည်း အင်ကြင်းတောမှာ ဖွားတယ်။ ပရိနိဗ္ဗာန်စံတော့လည်း အင်ကြင်းတောထဲမှာပဲ ပရိနိဗ္ဗာန် စံတယ်။

ဆားပုလင်း ခင်မောင်ဝင်း။ ။ ပရိနိဗ္ဗာန်စံတဲ့ နေရာလည်း ရှိခိုး ပူဇော်ထိုက်တဲ့ ဌာန မဟုတ်လား ဗျ။

ဆရာစော။ ။ ဟုတ်တာပေါ့ ဗျာ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ သွားရောက် ရှိခိုး ကန်တော့ထိုက်တဲ့ နေရာလို့ ဘုရားဟောသွားတဲ့ အထဲမှာ ပါကြောင်း သိရတယ်။

ပဉ္စမ ဖြစ်တော်စဉ်က “ဟောညွှန် ဗုဒ္ဓဝံသ”
ဗုဒ္ဓဝင် ပါဠိတော်ကြီးကို ဟောတာလည်း ဒီကဆုန်လပြည့်နေ့ပဲ။
သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်ကြီးမှာ ဘုရားကိုယ်တော်မြတ်ကြီး သူ့ရဲ့ ဘုရားဖြစ်တော်စဉ်တွေ ပြန်ပြောင်းပြီးတော့ ဟောကြားခဲ့တာလည်း ကဆုန်လပြည့်နေ့။

ဆားပုလင်း ခင်မောင်ဝင်း။ ။ လထူးလမြတ် နေ့ထူးနေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့ပေါ့။ ဒီနေ့ ကဆုန်လပြည့်နေ့ ည ဦးမောင်မောင်-ဒေါ်မြတ်မြတ်တို့ နေအိမ်မှာ ဗုဒ္ဓဘုရားရှင်ကို ကြည်ညို ပူဇော်သောအားဖြင့် ပရိတ်တရားတော်တွေ ရွတ်ဆိုပူဇော်ကြမှာဗျ။ ဆရာစော လိုက်ခဲ့ပါလား။

ဆရာစော။ ။ လိုက်ချင်တာပေါ့ ဗျာ။ ဒူးခွဲထားတာ မကြာသေးတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးပါဘူး။

Thursday, May 7, 2009

ဝိဝဋ္ဋနိဿိတ ဆုတောင်း - မဟာစည်ဆရာတော်ဘုရားကြီး


ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။

မေ-အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ (အာဝဟံ-ရွက်ဆောင်သည်၊ ‘ဝဟ’ဆိုတာ ဆောင်တာ၊ ဆောင်တယ်ဆိုတာက ဒီကနေပြီး ဟိုဆောင်သွားတာလည်း ရှိတယ်၊ ‘အာဝဟ’ဆိုတာက ဟိုက ဆောင်လာတဲ့ အဓိပ္ပာယ်)၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။

ဒီအဆိုကလည်း မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ် အင်မတန် ရှားတယ်။
ဒီက နားထောင်ကြည့်နေတယ်။
ဒီလိုပါပဲ၊ တချို့ ဆရာကြီး သမားကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ‘အာသဝက္ခယံ ဝဟံဟောတု’လို့ ‘ဝဟံ-ဝဟန္တော-ရွက်ဆောင်သည်’ ဘာညာနဲ့ အနက်ဆောင်ပေးလိုက်သေးတယ်။
ဒါတွေက မဟုတ်တဲ့ ဟာတွေပဲ။
‘အာသဝက္ခယာဝဟံ’ အာသဝက္ခယ နဲ့ အာဝဟ ကို သမာသ်ပုဒ်တွဲထားတယ်။

“ညာတော အတ္ထော သုခါဝဟော”တဲ့။
ညာတော-သိအပ်သော၊ အတ္ထော-အနက်သည်၊ သုခါဝဟော-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ ဒီလို ရှိတယ်။

“စိတ္တံ ဒန္တံ သုခါဝဟံ”။
စိတ္တံ-စိတ်သည်၊ ဒန္တံ-ဆုံးမပေး၍ ယဉ်ကျေးသည်ရှိသော်၊ သုခါဝဟံ-ချမ်းသာကို ဆောင်တတ်၏ တဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်တတ်၏ တဲ့။

သုခါဝဟံ-တဲ့၊ ဒုက္ခာဝဟံ-တဲ့၊ ဖလာဝဟံ-တဲ့ စသည်ဖြင့် အများကြီး ရှိပါတယ်။
အာဝဟတွေ ရှေးပုဒ်နဲ့ တွဲထားတဲ့ သမာသ်ပုဒ်ပဲ။

ဒါပေမယ့် မြန်မာတစ်ပြည်လုံးမှာ ‘အာသဝက္ခယံ’တွေက သိပ်တွင်နေတယ်။
မှန်မှန်ကန်ကန် ရတဲ့ ပုဂ္ဂိုလ်၊ မှန်မှန်ကန်ကန် ပြောဟောတဲ့ ပုဂ္ဂိုလ်က နည်းနည်းပါးပါးတော့ ရှိပါတယ်။ နည်းပါတယ်။

‘အာသဝက္ခယာဝဟံ ဟောတု’ ဆိုရတာ နည်းနည်းတော့ ခက်တယ်။
သူက အရှည်ကြီး ဖြစ်နေတယ်။
‘အာသဝက္ခယံ’ တစ်ပုဒ်၊ ‘ဝဟံ’ တစ်ပုဒ် ဆိုရင်တော့ ဆိုလို့ လွယ်တာပေါ့။
ဒါပေမယ့်လို့ အမှန်အတိုင်းကတော့ ‘အာသဝက္ခယာဝဟံ’ ပါပဲ။

‘ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု’တဲ့။
မေ-ကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသဝက္ခယာဝဟံ-အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရွက်ဆောင်သည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဒါ ဘုန်းကြီးက အမြဲတမ်း ချပေးနေတာပါပဲ။
အမြဲတမ်း ချပေးနေပေမယ်လို့ တချို့က အမှတ်တမဲ့ပဲ။
ကိုယ်ဆိုနေကျ ဆိုချင်လည်း ဆိုမှာပဲ။
ကိုယ်ဆိုနေကျ မဟုတ်ပြန်လည်း ဒီဆရာတော်က တမျိုးပဲ။ ထူးတယ် ဆန်းတယ်လို့ အောက်မေ့တယ်။
ဆန်းတာတော့ မဟုတ်ပါဘူး။
စာပေနဲ့ အညီပါပဲ။
စာပေက ဒီတိုင်း ရှိတာ။

ကဲ ... ကဲ .. ဆိုစမ်းပါဦး။
“ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု”
မေ-ကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
ဤကောင်းမှုဆိုတာ ဘုရားရှိခိုးရင် ဘုရားရှိခိုးတဲ့ ကောင်းမှုပေါ့။ (၅)ပါးသီလ ဆောက်တည်ရင် (၅)ပါးသီလ ဆောက်တည် ကျင့်သုံးရတဲ့ ကောင်းမှုပေါ့။ ပန်းလှူလို့ရှိရင် ပန်းလှူတဲ့ ကောင်းမှုပေါ့။ ဆီမီးလှူရင် ဆီမီးလှူတဲ့ ကောင်းမှုပေါ့။ ဆွမ်းလှူရင် ဆွမ်းလှူတဲ့ ကောင်းမှု၊ သင်္ကန်းလှူရင် သင်္ကန်းလှူတဲ့ ကောင်းမှု၊ အခုလိုပေါ့။
ဘာကောင်းမှုဖြစ်ဖြစ် ‘ကျွန်ုပ်၏ ဤကောင်းမှုသည်’ဆိုလျှင် မိမိရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဤသင်္ကန်းလှူသော ကောင်းမှု၊ ဆွမ်းလှူရသော ကောင်းမှု၊ ပန်းလှူရသော ကောင်းမှု၊ ရေချမ်းလှူရသော ကောင်းမှု ဒီလိုတော့ ဆိုနိုင်ပါတယ်။
မေ-အကျွန်ုပ်၏၊
ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း။

အဲဒါ ဝိဝဋ္ဋနိဿိတ ဆုတောင်းပုံတဲ့။
အဋ္ဌကထာက ပြတာ။ ဘုန်းကြီးက ပြတာ မဟုတ်ဘူး။
သံယုတ်အဋ္ဌကထာ၊ အင်္ဂုတ္တရ်အဋ္ဌကထာမှာ ရှိတယ်။


(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၆၄၅-၆၄၇ မှ)

Wednesday, May 6, 2009

ဘိက္ခုသုံးမျိုး - မဟာစည်ဆရာတော်ဘုရားကြီး


“ဘိက္ခု”ဆိုတာ အကျဉ်းချုပ်အားဖြင့် သုံးမျိုးလောက် ရှိပါတယ်။

“ဘိက္ခတိ ယာစတီတိ ဘိက္ခု” တဲ့။
တောင်းတတ် အလှူခံတတ်လို့လဲ ဘိက္ခုလို့ ခေါ်တယ်တဲ့။

“ဘယံ ဣက္ခတီတိ ဘိက္ခု” တဲ့။
ဘယံ-ဘေးကို၊ ဣက္ခတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏ တဲ့။
ဘေးကို ရှုတတ်လို့တဲ့။ သံသရာဘေးတွေကို ရှုမြင်တတ်တယ်တဲ့။
သံသရာမှာ ဘဝအသစ်ဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ အဲဒီ ဘေးတွေကို မြင်တတ်လို့ ဘိက္ခုပဲတဲ့။
သံသရာဘေးတွေကို မြင်ပြီး သံသရာဘေးတွေက လွတ်မြောက်အောင် ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ် ‘ဘိက္ခု’လို့ ခေါ်တယ်။
သင်္ကန်းဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သံသရာဘေးက လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတွေ ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘိက္ခု’လို့ ခေါ်တယ်။

“ကိလေသေ ဘိန္ဒတီတိ ဘိက္ခု” တဲ့။
ကိလေသေ-ကိလေသာတို့ကို၊ ဘိန္ဒတိ-ဖျက်ဆီးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏။
ကိလေသာ ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်၊ ဒါကတော့ မဂ်ရောက် ဖိုလ်ရောက် ပုဂ္ဂိုလ်ပဲ။
ကိလေသာကို ပယ်နိုင်တဲ့ ပုဂ္ဂိုလ်၊ အထက်တန်း ရောက်သွားပြီ။


(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၄၄၄-၄၄၅ မှ)

Monday, May 4, 2009

ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး ဒေါ်ငွေကြည် (၂)


စာရေးသူနှင့် သေမင်းတမန်

ကျွန်တော်၏ ဖြစ်ရပ်သည် တိုက်ဆိုင်မှုတွေ ရောပြွမ်းနေခြင်းကြောင့် ဘယ်တော့မှ မမေ့။

ကျွန်တော် အင်းစိန်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ရုံးတက်စဉ် ဌာနမှူးက နောက်နေ့နံနက် မကွေးတိုင်းကို ထွက်ခွာရန် တာဝန်ပေးပါသည်။
ရန်ကုန်ထဲတွင် လုပ်လက်စ ကိစ္စများကို ရွှေ့ဆိုင်းထားရပြီးနောက် နေ့လယ်ပိုင်းတွင် ရွှေတိဂုံဘုရားကို တက်၍ ဖူးခဲ့၏။ ထိုစဉ် ရေဒီယိုမှ ၇၅-ကျပ်တန်များ တရားမဝင်ကြောင်း ကြေညာ၏။ ဘုရားရင်ပြင်ပေါ်တွင် လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ တောင်ဖက်မုခ်သို့ ဆင်းပြီး ရေဒီယိုနားထောင်နေရင်းက ပန်းသည်များ၊ လက်လုပ်လက်စား ဈေးသည်များ ငိုသူက ငိုနှင့် မြင်ကွင်းက စိတ်ချမ်းသာစရာ တကွက်မှ မရှိ။ ထို့ကြောင့် သမ္မတကြီး ဦးနေဝင်းကို နေ့စဉ် မေတ္တာပို့နေရာက ထိုနေ့က စပြီး လုံးဝ မေတ္တာမပို့တော့။
နောက်နေ့တွင် မကွေးသို့ ထွက်ခွာခဲ့၏။

တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း မကွေးတိုင်း စီမံကိန်းဦးစီးမှူး ကိုမြကြီးက ရောက်တုန်း စလင်းမြို့ ကံလယ်ဆရာတော်ကြီး ဦးဝဇီရာဝုဓကို သွားဖူးရန် ပြော၏။
ဆရာတော်ကြီးသည် ရေကန်ကြီးအလယ် ကျွန်းလေးတွင် တပါးတည်း ဓုတင်ဆောက်တည်ကာ အားထုတ်နေ၏။ တကာများကို နေ့ဆွမ်းကပ်ချိန် ၁၀ နာရီမှ ၁၂ နာရီ အတွင်းမှာသာ ဖူးမြော်ခံ၏။
ရဟန္တာဟု သမုတ်ထားကြသည်ဟု ပြောပြပါသည်။
ကျွန်တော်လည်း စနေနေ့ နံနက် သွားဖူးရန် စီစဉ်လိုက်၏။
တိုင်းမီးသတ်ဦးစီးမှူး ဦးဆယ်သန်း၊ ၎င်း၏ မြို့နယ်မှူး (နာမည် မမှတ်မိ)တို့ နှစ်ဦးပါ လိုက်ပါခဲ့ကြ၏။
သောကြာနေ့ တညလုံး မိုးရွာထားသည့်အပြင် စနေနေ့နံနက် စောစောပါ ဆက်ရွာထား၏။ မင်းဘူးမြို့မှ စလင်းမြို့သို့ သွားသည့် ကားလမ်းမကို ဆက်ထားသော မြေလမ်းမှာ မြေပြိုကျသဖြင့် လမ်းပိတ်ထား၏။

ခရီးစဉ်ကို မဖျက်ချင်သဖြင့် ဆည်မြောင်းဌာနက ဖောက်လုပ်ထားသော ဆည်မြောင်းဘောင်များ ဘေးရှိ ဌာနပိုင် ကားလမ်းမှ သွားနိုင်သည် ပြောကြ၏။
ထို့ကြောင့် တိုင်းဆည်းမြောင်းဦးစီးမှူး၏ ခွင့်ပြုချက် ယူပြီး အခက်အခဲပေါင်းစုံဖြင့် ထွက်ခွာခဲ့ကြပါသည်။
စလင်းမြို့ရောက်စဉ် ကံကြီးကို ဖက်ဆွတ်လှေကလေး ၂ စီးဖြင့် လှော်ခတ်ကူးရပြန်၏။
ဆရာတော်ကြီးကျောင်းသို့ ၁၀ နာရီ မထိုးမီ ရောက်ခဲ့ကြပါသည်။
ခဏအကြာ ဆရာတော်ကြီး တံခါးဖွင့်သည်နှင့် ဖူးမြော်ခွင့် ရကြပါသည်။

ပါလာသော မုန့်များကို ဆက်ကပ်ကြပြီး ဆရာတော်ကြီး၏ ခြေထောက်တော်ကို ဆုပ်နယ်ပေးကြပါသည်။
ဆရာတော်ကြီးက ပထမဦးစွာ ဆုံးမ သြဝါဒ ချီးမြှင့်တော်မူလိုက်သည်မှာ - “မေတ္တာဓာတ်ဟာ အင်မတန် ထက်မြက်တယ်။ အမေရိကန်သမ္မတ ရော်နယ်ရီဂင်ကိုလဲ မေတ္တာပို့ရမယ်။ ရုရှားသမ္မတ ဂေါ်ဘာချော့ကိုလဲ မေတ္တာပို့ရမယ်။ တရုပ်သမ္မတ လီရှင်နင့်ကိုလဲ မေတ္တာပို့ရမယ်။ မြန်မာပြည်က သမ္မတ ဦးနေဝင်းကိုလဲ မေတ္တာပို့ရမယ်။ ဒါမှ ကမ္ဘာကြီးက ငြိမ်းချမ်းမယ်” ဟူ၍ မိန့်တော်မူလိုက်၏။
မမျှော်လင့်ဘဲ ဆရာတော်ကြီးက ကျွန်တော့်ကို အမိန့်ရှိလိုက်ပြီ ဖြစ်သဖြင့် အံ့အားသင့်ပြီး စိတ်ထဲ မလုံမလဲ ဖြစ်သွားရ၏။
ထို့ကြောင့် စိတ်ထဲမှ .. တပည့်တော် ပြန်ပြီး မေတ္တာပို့ပါမယ် ဘုရား .. ဟု လျှောက်ထားလိုက်ရပါသည်။
ရေဒီယို၊ တယ်လီဗွီးရှင်း မဆိုထားနှင့်၊ လျှပ်စစ်မီးတောင် မထွန်းသော ဆရာတော်ကြီးက ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ အမည်ကို ဘယ်လိုကြောင့် သိနေရသနည်းဟု စိတ်ထဲ မေးနေမိပါသည်။

ဆရာတော်ကြီးသည် ဘုရားစင်မှ ဉာဏ်တော် တစ်ပေခန့်ရှိမည့် ရုပ်ပွားတော်တစ်ဆူအား ညွှန်ပြ၍ “ရွှေစက်တော်က အထက်စက်တော်ရာကို မိုးကြိုးခတုန်းက ပဲ့သွားတဲ့ ညာဘက်ခြေမတော်ရာကို အဲဒီ ရုပ်ပွားတော်မှာ ဌာပနာထားခဲ့တယ်” ဟု အမိန့်ရှိပြီး မောင်ရန်အေးကို ခေါ်၍ “အဲဒီ ရုပ်ပွားတော်ကို ဦးခင်မောင်ဝင်းရဲ့ ခေါင်းပေါ်မှာ ပင့်ထားပေး”ဟု အမိန့်ရှိလိုက်ပါသည်။
ထိုသို့ ပင့်ထားပေးစဉ် ဆရာတော်ကြီး၏ နှုတ်မှ ရွတ်ဖတ်နေပါသည်။ မည်သို့ ရွတ်ဖတ်သည်ကို မသိရပါ။
ခဏကြာမှ ဘုရားစင်ပေါ်သို့ ပြန်၍ ပင့်ထားခိုင်းပါသည်။

ထိုနောက် ငါးပါးသီလများ ဆောက်တည်စေပြီး ဆရာတော်ကြီးက ဘုရားရှင်က အာဠာဝကဘီလူးကို အစွယ်ချွတ်တဲ့ ဂါထာလေးတစ်ပုဒ် ချပေးမယ်။
အန္တရာယ်ကင်း ဘေးကင်းတဲ့ ဂါထာကလေး .. အားလုံး လိုက်ဆိုကြ .. ဟု အမိန့်ရှိပြီးလျှင် “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ၊ အပ္ပမာဒါန ဓိယန္တိ”ဟု (၉)ခေါက်တိတိ ဆရာတော်ကြီး ကိုယ်တော်တိုင် ရွတ်ဆို ချပေးခဲ့ပါသည်။ “ယေပမတ္တာ, မတာယထာ” နောက်ဆုံးအပိုဒ်ပင် မပါရှိခဲ့ပါ။
အဓိပ္ပာယ်မှာ “မမေ့မလျော့နေခြင်းသည် သေခြင်းကင်းရာ အကြောင်းတည်း။ မေ့လျော့၍ နေခြင်းသည် သေခြင်း၏ အကြောင်းတည်း။ မမေ့မလျော့ နေသူတို့၌ သေခြင်းသည် မဖြစ်ပေါ်နိုင်” ဟု ဖြစ်ပါသည်။ “ဂါထာကို လမ်းမှာလဲ ရွတ်သွားကြ” ဟုလည်း ဆရာတော်ကြီး မိန့်မှာခဲ့ပါသည်။

မကွေးမြို့သို့အပြန် မင်းဘူးဆိပ်ကမ်းသို့ ရောက်စဉ် ညနေ ၆ နာရီကျော်ပြီ ဖြစ်၏။
မိုးရာသီတွင် မုန်တိုင်း အချိန်မရွေး ကျတတ်သဖြင့် ဧရာဝတီမြစ်ကို ဖြတ်သန်းခွင့် မပြုတော့ပါ။
မီးသတ်မြို့နယ်မှူးမှ ကလေးငယ်ရှိနေခြင်းကြောင့် မင်းဘူးတွင် ညမအိပ်လိုကြောင်း ပြော၏။
ထို့ကြောင့် ဆိပ်ကမ်းတာဝန်ခံက ရဲတစ်ဦး၏ အကူအညီဖြင့် စက်တပ်သမ္ဗာန်တစ်စီး ငှားကာ ဧရာဝတီမြစ်ကြောင်းကို ကူးဖြတ်ခဲ့ကြ၏။

မြစ်လယ်သို့ ရောက်စဉ် မြစ်ကြောအတိုင်း တောင်ဖက်မှ မိုးကောင်းကင်တခုလုံး မဲမှောင်လာပြီး မုန်တိုင်းသည် တရွေ့ရွေ့ တိုက်ခတ်လာပါတော့သည်။
စက်မောင်းသမားက မုန်တိုင်းကျနေပြီ ဖြစ်၍ လွတ်နိုင်မည် မထင်တော့ကြောင်း၊ နောက်ကို ပြန်မောင်းရမလား၊ ရှေ့ဆက်မောင်းရမလားဟု မေးပါသည်။
ကျွန်တော်မှ ဆက်သာ မောင်းတော့ ဟု ပြောလိုက်ပါသည်။
စက်မောင်းသမားလည်း စက်ကုန်ဖွင့်၍ မောင်း၏။ ကျွန်တော်တို့ကလည်း ဘုရားကိုသာ တိုင်တည်ကာ သမ္ဗုဒ္ဓေဂါထာ၊ ဆရာတော်ကြီးချပေးသည့် ဂါထာ စသည်ဖြင့် မှတ်မိသရွေ့ သတိရသည်များကို ရွတ်ဆိုနေကြပါသည်။

လေနှင့်အတူ မိုးဖွဲလေးများ စတင် ကျလာသည်နှင့်အမျှ လှိုင်းလေမှာလည်း မတည်မငြိမ် ဖြစ်လာပါတော့သည်။
ကောင်းကင်ပြင်မှာလည်း တဖြည်းဖြည်း မဲမှောင်၍သာ လာနေပါသည်။
ကျွန်တော်တို့ မော်တော်က ရှေ့ကပြေး၊ မုန်တိုင်းက နောက်ကလိုက်နဲ့ ဖြစ်နေပါသည်။

ကျွန်တော်တို့မှာ တဖြည်းဖြည်း နီးကပ်၍သာ လာနေပြီဖြစ်သော သေဘေးအန္တရာယ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်နေကြရပြီဖြစ်သဖြင့် ဆောက်တည်ရာမရ ဖြစ်နေကြပါတော့သည်။
မကွေးမြို့နယ် မီးသတ်မှူးက ကျန်ရှိသော ဇနီးနှင့် သမီးငယ်လေးအပေါ် စိုးရိမ်ပူပန်ကာ ၎င်းမရှိပါက သူတို့ မည်သို့ နေထိုင်ကြမည်နည်းဟု ငြီးတွားရင်း ငို၍ နေ၏။
ကျွန်တော်မှ ၎င်းကို နှစ်သိမ့်စေပြီး ဘုရားကိုသာ တိုင်တည်တော့၊ အားလုံး အတူတူချည်းပဲ ဟု ပြောလိုက်ပါသည်။
ဦးဆယ်သန်းမှာမူ ဦးပိုင်းထိပ်၌ ထိုက်လျက် ဘုရားကိုသာ တိုင်တည် ရွတ်ဆို ပူဇော်နေဟန် တူပါသည်။

ကောင်းကင်ပြင် မိုးညို့လာသည်နှင့်အမျှ မြစ်ပြင်တွင်လည်း လေပြင်းများ စတင် တိုက်ခတ်လာတော့၏။
လေနှင့်အတူ မိုးရွာလာ၏။
ရေလှိုင်းများလည်း ထကြွ ပုတ်ခတ်လာသည်နှင့်အမျှ လှေက လူး၍သာ နေတော့၏။
တချက် တချက်၌ စက်လှေဝမ်းပိုင်းအတွင်းသို့ပင် ရေများ ဝင်ရောက်၍ လာနေချေပြီ။
စက်လှေမောင်းသမားမှာ သတိကြီးစွာထားကာ စက်ကုန်ဖွင့် မောင်းနေ၏။
ကျွန်တော်က လှေဝမ်းပိုင်းထဲမှ ရေများကို ခပ်ထုတ်နေရင်းက ဘုရားဂုဏ်တော်များ၊ ဆရာတော်ကြီး ချပေးထားသော ဂါထာတော်များကို စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း အစီအစဉ်မကျတော့ဘဲ ရွတ်ဆိုနေမိ၏။
ဆိပ်ကမ်းနှင့်လည်း ကိုက် ၅၀ ခန့် လိုသေး၏။
ထိုသေဘေးဆိုးကြီးကို မည်ကဲ့သို့ ဖြတ်ကျော်နိုင်ပါအံ့နည်း။

လှိုင်းလုံးများ ကြီးလာသည်နှင့်အမျှ လှေမှာလည်း ကြောက်စရာကောင်းလောက်အောင် လူးလိမ့်နေပြီး ရေများလည်း ပို၍ ဝင်လာနေ၏။
လှေမှောက်မသွားအောင် ကျွန်တော်တို့အားလုံး ကိုယ်များကို လှိုင်းနှင့် ဆန့်ကျင်ဘက်သို့ စောင်းပြီး ဟန်ချက်ညီအောင် သတိကြီးစွာ ထား၍ ထိန်းနေကြရ၏။
မိုးမှောက်ကလည်း ကျစ ပြုလာပြီ ဖြစ်၍ မြစ်ကမ်းကို မှုန်ဝါးဝါးသာ မြင်နေရတော့၏။
ကျွန်တော် ရေများကို အလောတကြီး ခပ်ထုတ်နေစဉ် စက်လှေမောင်းသမားက “လှေပေါ်က အမြန် ခုန်ဆင်းပြီး ကမ်းကို ပြေးတက်ကြတော့”ဟု အော်ဟစ်သံ ကြားလိုက်ရသည်နှင့် ချက်ချင်း လှေပေါ်မှ ခုန်ဆင်းလိုက်ပါသည်။
ရေမှာ ခါးအထိ နက်သေး၏။ စိတ်အထင် ၁၀ ကိုက်ခန့် ဝေးကွာသေးသည့် ကမ်းပေါ်သို့ မည်သို့မည်ပုံ ပြေးတက်သွားသည်ကို မသိတော့ပေ။

ကျွန်တော်တို့အားလုံး ကမ်းသို့ ရောက်သွားစဉ် စက်လှေမောင်းသမားက စက်လှေကြိုးကို ဆွဲထားရင်းက ကမ်းရှိ တိုင်တစ်တိုင်နှင့် ပတ်၍ ချည်နှောင်နေသည်ကို တွေ့ရပါသည်။
မြစ်ပြင်တခုလုံး ခလောက်ဆန်နေကာ လေကြီးမိုးကြီးကျလျက် မဲမှောင်သွားပြီး ဘာကိုမှ မမြင်ရတော့။
သေမင်းတမန်သည် သားကောင်များဖြစ်ကြသော ကျွန်တော်တို့ ကမ်းပေါ်ရောက်ပြီး လွတ်ထွက်သွားရသည့်အတွက် မကျေမနပ်ဖြစ်ကာ ဒေါမာန်ထ၍ နေချေပြီ။
ကမ်းပေါ်မှ လူတချို့ လက်နှိပ်ဓာတ်မီး လေးငါးလက် ထိုး၍ ဆင်းလာကြပြီး သတင်းမေးကြရင်း ကျွန်တော်တို့အား “တော်တော်မိုက်တဲ့ လူတွေပဲ၊ ကိုယ့်သေတွင်းကို ကိုယ်တူးကြတယ်။ ဒီရာသီတွေမှာ မုန်တိုင်းနဲ့ ပါသွားကြတဲ့ သူတွေ မရေတွက်နိုင်တော့ဘူး။ ခင်ဗျားတို့ အလွန်ကံကောင်းတယ် မှတ်”ဟု ပြောဆို အပြစ်တင်ကြပြီး လမ်းမသို့အရောက် မီးထိုး၍ လိုက်ပြခဲ့ကြပါသည်။

ထိုဖြစ်ရပ်ကို လေ့လာမိရာ၌ ရတနာမြတ်သုံးပါးတို့အပေါ် ယုံကြည် ကိုးကွယ်မှု၊ ဆရာတော်ကြီးအား ကြည်ညို သဒ္ဓါပွားမှု ကုသိုလ် ကံ စေတနာများကြောင့် ဆရာတော်ကြီးက သနားကရုဏာတော် ဖြစ်မိပေလိမ့်မည်။ အတိတ်က ဦးနေဝင်းကို မေတ္တာမပို့ခဲ့သည်ကို ပြန်လည်၍ ပို့ခိုင်းခြင်း၊ မဝေးတော့သော အနာဂတ်တွင် သေဘေးနှင့် ရင်ဆိုင်ကြရတော့မည်ကို သိတော်မူခြင်းများကြောင့် ‘အပ္ပမာဒဝဂ်’ဂါထာတော်ကို ကိုယ်တော်တိုင် (၉)ခေါက်တိတိ ရွတ်ဆို ချပေးတော်မူခဲ့ကြောင်း သိသာ ထင်ရှားလှပါသည်။ ထို့ကြောင့် ၎င်းဂါထာတော် စတင် ပေါ်ပေါက်လာရပုံကို သိရှိလိုစိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်။

+++++

အပ္ပမာဒဝဂ် သမိုင်းကြောင်း

ကောသမ္ဗီပြည်ဘုရင် ‘ဥတေန’မင်းတွင် မိဖုရား သုံးပါးရှိသည့်အနက် ‘သမာဝတီ’မိဖုရားသည် အကျင့်သီလနှင့် ပြည့်စုံပြီး ကြီးမားလှသော မေတ္တာ ကရုဏာလည်း ရှိ၏။
၎င်း၏ ကျွန်မ ‘ခုဇ္ဇုတ္တရာ’သည် မိဖုရားအတွက် ပန်းဝယ်ထွက်စဉ် ပန်းသည် ‘သုမန’နေအိမ်တွင် ဗုဒ္ဓဘုရားရှင်ကို ဖူးမြော် တရားနာခွင့်ရပြီး သောတာပန်ဖြစ်သွား၏။
မိဖုရားကြီးအား ပြန်လည် ပြောပြစဉ် မိဖုရားကြီးနှင့် အခြွေအရံ ငါးရာတို့ပါ သောတာပန် ဖြစ်သွားကြ၏။
‘ခုဇ္ဇုတ္တရာ’အားလည်း နေ့စဉ် ဘုရားထံ သွားရောက် တရားနာယူစေပြီး ပြန်လည်၍ ဟောကြားပေးပါရန် တောင်းပန်ကာ တရားနာခဲ့ကြ၏။

အခြားမိဖုရားတစ်ပါးဖြစ်သော ‘မာဂဏ္ဍီ’မှာ ဗုဒ္ဓဘုရားရှင်အပေါ် ရန်ငြိုးထားနေသူ ဖြစ်၏။
ထိုကြောင့် သမာဝတီမိဖုရားကို အမြဲ မကောင်းကြံနေသော်လည်း မအောင်မြင်ခဲ့။ တနေ့တွင် ဥတေနမင်း ဥယျာဉ်သို့ ထွက်ခိုက် ဘထွေးတော် စူဠမာဂဏ္ဍီထံ လူလွှတ်၍ သမာဝတီအမှူးရှိသော မိန်းမ ငါးရာတို့ကို တစုတည်း နေစေ၍ တံခါးများ ပိတ်ပြီး ပြသာဒ်ကို မီးတိုက်ရန် စေခိုင်း၏။ ဘထွေးတော်ကလည်း ထိုအတိုင်း လုပ်ပေး၏။
ထိုစဉ် သမာဝတီသည် အခြွေအရံ ငါးရာတို့ကို “အစမထင် သံသရာ၌ ငါတို့ ခန္ဓာကိုယ် မီးလောင်ကျွမ်းရပေါင်း မရေတွက်နိုင်ပြီ။ သတိတရားဖြင့် မမေ့မလျော့ ရှိကြကုန်လော့”ဟု ဆုံးမ၏။
၎င်းတို့အားလုံး မီးလောင်သည့် ဝေဒနာဖြင့် ပြင်းစွာ ခံရသော်လည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြသဖြင့် သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်သွားကြ၏။

ထိုသို့ ဖြစ်ကြရခြင်းမှာ ရှေးဘဝက ပစ္စေကဗုဒ္ဓါတစ်ပါးအား မီးတိုက်ခဲ့ကြသည့် မကောင်းမှုကံကြောင့် မီးလောင်ပြီး သေခဲ့ကြရသည်မှာ ဘဝပေါင်း တစ်ရာ ရှိခဲ့ကြ၏။
ဥတေနမင်းလည်း ထိုသတင်းကို ကြား၍ ချက်ချင်း လိုက်လာသော်လည်း ပြသာဒ် ပြာကျပြီးမှ ရောက်၏။ အလွန် စိတ်နှလုံး မသာမယာဖြစ်ပြီး ဥပါယ်သုံး၍ သာမာဝတီသည် ငါပျက်စီးကြောင်း အခွင့်ကို ရှာကြံခဲ့၏။ ယခု ငါစိတ်ချမ်းသာရပြီ ဟူ၍ ပြောကာ မာဂဏ္ဍီကိုလည်း “သင့်ကို ငါ ယုံကြည် မြတ်နိုး၏။ ဆုပေးသနားအံ့။ သင့်ဆွေမျိုးများကို ခေါ်စေလော့” ဟု ဆို၏။
ဆွေမျိုးများ ရောက်လာသော် အားလုံးကို ဖမ်းဆီးကာ မင်းရင်ပြင်၌ ချက်အထိ တွင်းတူး မြုပ်ပြီး အပေါ်မှ ကောက်ရိုးများ ကြဲဖြန့်၍ မီးတိုက်စေပြီးလျှင် စက်သံချွန်သွားတို့ဖြင့် အပိုင်းပိုင်းဖြစ်အောင် ထွန်စေ၏။

တနေ့သ၌ ရဟန်းတို့သည် သာမာဝတီအမှူးရှိသော အမျိုးသမီး ၅၀၀ တို့ အိမ်နှင့်တကွ မီးလောင်သေရခြင်း၊ မာဂဏ္ဍီနှင့်တကွ ဆွေမျိုးအားလုံး မီးဖြင့်တိုက်၍ အသတ်ခံရခြင်း အကြောင်းကို ပြောဆိုနေကြစဉ် ဤသူနှစ်ဦးတို့အနက် အဘယ်သူတို့သည် အသက်ရှင်သည် မည်ကုန်သနည်း၊ အဘယ်သူတို့သည် သေသည် မည်ကုန်သနည်း ဟူ၍ ပြောဆိုနေကြ၏။
ဘုရားရှင်ကြွရောက်လာတော်မူပြီး “ရဟန်းတို့ ... မာဂဏ္ဍီကဲ့သို့ ကောင်းမှု၌ မေ့လျော့သော သူတို့သည် အနှစ် ၁၀၀ ပင် အသက်ရှင်သော်ငြားလည်း သေသည် မည်ကုန်၏။ သာမာဝတီကဲ့သို့ ကောင်းမှု၌ မမေ့မလျော့သော သူတို့သည်ကား သေလွန်သော်လည်း အသက်ရှင်သည် မည်ကုန်၏” ဟူ၍ မိန့်တော်မူပြီး သုံးဂါထာဖြင့် ဟောတော်မူ၏။
ထိုသုံးဂါထာအနက် ဆရာတော်ကြီး တိုင်ပေးတော်မူသော ဂါထာမှာ ပထမဂါထာဖြစ်ပြီး ဓမ္မပဒ အပိုဒ် ၂၁ ဖြစ်ပါသည်။

+++++

လောကကို ကိုင်လှုပ်သော ‘အပ္ပမာဒဝဂ္ဂ’ ဓမ္မ

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န ဓိယန္တိ၊ ယေ ပမတ္တော ယထာ မတာ။
(ဓမ္မပဒပါဠိတော်၊ အပ္ပမာဒဝဂ် ၂၁)

“ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏ အကြောင်း ဖြစ်၏။
ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည် မသေရာ နိဗ္ဗာန်သို့ ရောက်ကြမည် ဖြစ်၍ မသေသော သူများ ဖြစ်ကြ၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့သော သူတို့သည် အသက်ရှင်လျက် ရှိကြသော်လည်း အဖန်တလဲလဲ သေကြရဦးမည် ဖြစ်၍ သေသောသူနှင့် တူကုန်၏။”

ခရစ်တော် မပေါ်မီ ဘီစီ ၆၂၃ ခုနှစ်က ဗုဒ္ဓဘုရားရှင်သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား “မာဂဏ္ဍီကဲ့သို့ ကောင်းမှု၌ မေ့လျော့သော သူတို့သည် အနှစ် ၁၀၀ ပင် အသက်ရှည်ငြားသော်လည်း သေသည် မည်ကုန်၏။ သာမာဝတီကဲ့သို့ ကောင်းမှု၌ မမေ့မလျော့သော သူတို့သည်ကား သေလွန်သော်လည်း အသက်ရှင်သည် မည်ကုန်၏” ဟု မိန့်တော်မူကာ ဂါထာတော်ကို ဟောကြားတော်မူခဲ့၏။

သာသနာနှစ် ၂၀၀၀ ကျော်က အိန္ဒိယပြည်တွင် အသက် ၇ နှစ်အရွယ် နိဂြောဓသာမဏေငယ်သည် ထီးဖြူစိုက်ထူသည့် ရာဇပလ္လင်သို့ တက်၍ အသောကမင်းကြီးအား ထိုဂါထာကို ဟောတော်မူလိုက်ရာ မင်းကြီးသည် သရဏဂုံနှင့် ငါးပါးသီလဆောက်တည်လျက် ဂျိန်းဘာသာဝင်များ၊ တိတ္ထိများ စသော အလဇ္ဇီများကို ဖယ်ရှားကာ လဇ္ဇီများ ထွန်းကားစေ၏။ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို နေလိုလလို ထွန်းတောက်စေခဲ့ရုံတင်မက ကမ္ဘာတဝှမ်းတိုင် ကျော်ကြားစေခဲ့၏။

သာသနာနှစ် ၁၆၀၁ (ခရစ်နှစ် ၄၁၉)တွင် ပုဂံပြည်တွင် ရှင်အရဟံမထေရ်မြတ်သည် ပထမမြန်မာနိုင်ငံတော် စတင် တည်ထောင်သူ အနော်ရထာမင်းစောအား ထိုဂါထာတော်ကို ဟောတော်မူလိုက်သည်နှင့် မြန်မာ့သမိုင်းကို စတင် ပြောင်းလဲသွားစေခဲ့၏။ အယူမှားသော အရည်းကြီးများကို ဖယ်ရှားကာ ဗုဒ္ဓဘာသာ သာသနာတော်အား နိုင်ငံတော်ဘာသာအဖြစ် စတင် ပြဋ္ဌာန်းတော်မူခဲ့၏။

၁၉၈၇ ခုနှစ်တွင် စလင်းမြို့ ကံလယ်ဆရာတော်ကြီး ဦးဝဇီရာဝုဓသည် စာရေးသူတို့အဖွဲ့ကို ထိုဂါထာတော် ပထမပိုဒ်ကို ၉ ခေါက်တိတိ ရွတ်ဆို တိုင်ပေးကာ လိုက်ဆိုစေခဲ့၏။ ထိုနေ့ ညနေ ကျရောက်လာသည့် မုန်တိုင်း သေဘေးအန္တရာယ်မှ လက်မတင်လေး လွတ်မြောက်ခဲ့ရ၏။ ထို့ကြောင့် ကျွန်တော်သည် ထိုဂါထာကို နေ့စဉ် နံနက် အိပ်ရာမှ နိုးသည်နှင့် ၉ ခေါက်တိတိ ရွတ်ဆို ပူဇော်နေဖြစ်ပါတော့သည်။


ခင်မောင်ဝင်း
နယူးယောက်မြို့