Thursday, March 5, 2009

အဝင်-အထွက်


စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ပန်းချီစံတိုး၏ ‘ဆရာကြီးဦးဖေမောင်တင်နှင့် နိဗ္ဗာန်လမ်း’ ကို မကြာမီက ဖတ်ရှုလိုက်ရ၏။

ဆရာကြီးဦးဖေမောင်တင်၏ အသက် ၈၀ ပြည့် မွေးနေ့ပွဲတွင် ဆရာကြီးအား သူ၏ပုံတူပန်းချီကားကို လက်ဆောင်ပေးရန်အတွက် ပန်းချီစံတိုးက ပုံတူရေးဆွဲခွင့် ရရှိခဲ့စဉ် အတွေ့အကြုံဆောင်းပါး ဖြစ်၏။ မှတ်ဖွယ်ကောင်းသောအချက်ကလေးကို ကောက်နုတ်ဖော်ပြပါ၏။

ဆရာကြီး၏ “တက္ကသိုလ်နှင့် မြန်မာစာပေ”၊ ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် “မိုးမျှော် ၃၁ ထပ်တိုက် ဥပမာ”တို့လည်း အထူး မှတ်ဖွယ်ကောင်း၏။

+++++

နောက်တနေ့တွင် ပုံဆွဲရန် ကျွန်တော်ရောက်သွားလျှင် ဆရာကြီးကို အိမ်မှာ အဆင်သင့်ပင် တွေ့ရသည်။
ကျွန်တော်တို့ ဧည့်ခန်းမှာပင် အလုပ်လုပ်ကြမည် ဖြစ်၏။
ဆရာကြီးကို ကုလားထိုင်ပေါ်၌ ထိုင်စေကာ ကျွန်တော်က ဆရာကြီး၏ ခြေရင်း ကြမ်းပြင်ပေါ်တွင် ထိုင်၍ ရေးဆွဲရန် စီစဉ်သည်။
.......
ပုံကြမ်းလောင်းပြီး၍ အောက်ခံဆေးသုတ်နေစဉ် ကျွန်တော့်စိတ်ထဲတွင် စိတ်ကူးတစ်ခု ဖျတ်ခနဲ ရမိသည်။
ဆရာကြီး၏ ပုံတူနောက်ခံတွင် ဆရာကြီးအနှစ်သက်ဆုံး အဆောက်အအုံ တစ်ခုခု၊ အရာဝတ္ထုတစ်ခုခုကို ထည့်ရေးရန် ဖြစ်၏။
သို့ဖြင့် ဆရာကြီးအား ကျွန်တော့်စိတ်ကူးကို ရှင်းပြရင်း မည်သည့် အဆောက်အအုံ၊ မည်သည့်အရာဝတ္ထုကို ဆရာကြီး အနှစ်သက်ဆုံး ဖြစ်ပါသလဲဟု မေးရာ ဆရာကြီးသည် အတန်ကြာ တွေးနေပြီးမှ -
“ဒီလိုဆိုရင်ကွာ .. ပုဂံက ဘုရားတွေမှာ တကယ့်ပုံစံ မုခ်ဝတွေ ထားတာ မင်း တွေ့ဖူးတယ် မဟုတ်လား၊ ဆရာ အဲဒီ မုခ်ဝပုံတစ်ခု ထည့်ချင်တယ်”

ကျွန်တော့်မှာ ရုတ်တရက် မင်သက်မိသလို ဖြစ်သွားသည်။
ကျွန်တော့်အထင်နှင့် တခြားစီ ဖြစ်နေသောကြောင့်ပင်။
ဆရာကြီးသည် ပထမဆုံး မြန်မာလူမျိုး တက္ကသိုလ်ကျောင်းအုပ်ကြီး။
ဆရာကြီးနှင့် တက္ကသိုလ်မှာ ခွဲခြား၍ မရခဲ့။
ဆရာကြီးသည် တက္ကသိုလ်အပေါ် သံယောဇဉ်ကြီးသူ ဖြစ်သည်။
တက္ကသိုလ်မှ တပည့်တပန်းတို့အပေါ် သံယောဇဉ်ကြီးသူ ဖြစ်သည်။

ယခု အသက်အရွယ်ကြီးရင့်၍ တာဝန်များမှ အနားယူနေရသည့် အချိန်မှာပင် တက္ကသိုလ်ပရိဝုဏ်အနီးမှာပင် နေထိုင်လျက် ရှိသည်။
သို့ဖြစ်၍ ကျွန်တော့်မှာ ဆရာကြီး အနှစ်သက်ဆုံးဖြစ်မည် ထင်သည်တို့ကို တမျိုး တွေးထားမိ၏။
ဘွဲ့နှင်းသဘင် အဆောက်အအုံ ..
ယုဒဿာန်မျှော်စင် ...
သစ်ပုတ်ပင်ကြီး ....
အဓိပတိလမ်းမ စသည်ဖြင့်။
ယခု ကျွန်တော် ကြားရသည်နှင့် တခြားစီ။

ဆရာကြီးက စကားဆက်သည်။

“အဲဒီ မုခ်ဝတွေကို ဘယ်လို အဓိပ္ပာယ်နဲ့ ဘုရားတွေမှာ ဆောက်ထားရတယ်ဆိုတာ မင်း သိလား”

ကျွန်တော် မသိပါ။
သို့ဖြစ်၍ ဘာမျှ ပြန်မပြောဘဲ ငြိမ်ဝပ်စွာပင် ဆရာကြီး၏ စကားဆက်ကို စောင့်နေမိသည်။
ဆရာကြီးက ဆက်၍ -

“ဒီလိုကွ ... တို့အနေနဲ့ မုခ်ဝလို့ ခေါ်နေပေမယ့် တကယ်တော့ မုခ်ဝသဘော မဟုတ်ဘူး၊ ဥပမာ ဘုရားဖူးတစ်ယောက်ဟာ ဘုရားကို လာတော့ ဒီနေရာကို ဖြတ်လာခဲ့ရတယ်၊ ဒီကနေပြီးမှ အာရုံခံကို ရောက်မယ်၊ ဘုရားကို ဝတ်ပြုမယ်၊ ပူဇော်မယ်၊ ပြီးတော့ ဆုတောင်းမယ်၊ ဆုတောင်းတော့ ဘာဆုတောင်းမလဲ၊ နိဗ္ဗာန်ဆုပေါ့၊ ဒီတော့ ဒီအဆောက်အအုံဟာ ဘုရားဆီကို ဝင်လာဖို့ သဘောသာ မဟုတ်တော့ဘဲ ဘဝသံသရာက လွတ်မြောက်ရာ နိဗ္ဗာန်ကို သွားဖို့ လမ်းစသဘော၊ ဘဝရဲ့ ဒုက္ခအပေါင်းက လွတ်မြောက်ရာ ထွက်ပေါက်သဘောပဲ”

+++++

No comments: