Saturday, February 14, 2009

ဦးဟန်ကြူ (၁၉၃၃-၂၀၀၇)၂ နှစ်ပြည့် အမှတ်တရ


++++++++++++++++++++++++++++++++++++++++++++++++++
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဥက္ကဌ (၁၉၈၁-၂၀၀၇)
သိရီသုဓမ္မမဏိဇောတဓရ-မြန်မာနိုင်ငံ (၂၀၀၂)
ဂုဏ်ထူးဆောင်၊ အာရှနှင့် ပစ္စဖိတ်ဒေသနွယ်ဖွား နယူးယောက် မြို့တော်သားများ (၂၀၀၃)
++++++++++++++++++++++++++++++++++++++++++++++++++

သင်သေသွားသော်

လူ့ပြည်လောက
လူ့ဘဝကား
အိုရနာရ
သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။

သင်၏မျိုးသား
စာစကားလည်း
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

+++++

မြန်မာပြည်ဖွား ဦးဟန်ကြူ

အထက်ပါ ကဗျာကလေးကို နေအိမ်စာဖတ်ခန်းရှိ တရားစာအုပ်တစ်အုပ်၏ အဖွင့်၌ တွေ့မြင်လိုက်၏။
တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၅-၆၆ ခုနှစ်လောက်ကတည်းက တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် ရေပန်းစားခဲ့ဖူးသည်ကိုလည်း ပြန်လည်၍ အမှတ်ရလိုက်၏။
လူမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးသားရေး၊ လူမှုရေး ရသပေါင်းစုံကို ခံစားလိုက်ရသည့် ကဗျာကလေး ဖြစ်ပါသည်။

အေဘီဘီအေအသင်း၏ အတွင်းရေးမှူး ဦးစောဝင်း ရေးသားထားသော ဥက္ကကြီး ဦးဟန်ကြူအတွက် နှစ်ပတ်လည် စာတမ်းကို ပူပူနွေးနွေး ဖတ်ထားပြီးစလည်း ဖြစ်ခြင်းကြောင့် ဆရာကြီး ဦးသိန်းဟန် (ဇော်ဂျီ)နှင့် ဦးဟန်ကြူ နှစ်ဦးတို့၏ ဘဝများက အားပြိုင်ကာ အတွေးများ ဝင်လာတော့၏။
ထိုသူနှစ်ဦး၌ တူညီကြသော စိတ်ဆန္ဒများ ကိန်းဝပ်နေကြသည်ဟု သဘောပေါက်လိုက်၏။

ဆရာကြီး ဇော်ဂျီ၏ ကဗျာကလေးနှင့် ဦးဟန်ကြူ၏ ၂၀၀၆ ခုနှစ် အေဘီဘီအေအသင်း ငွေရတုသဘင် အခမ်းအနား၌ ပြောကြားခဲ့သော မိန့်ခွန်းပါ - “ဗုဒ္ဓသာသနာ နေလိုလလို ထွန်းလင်းပြန့်ပွား အရှည်တည်တံ့ဖို့ ဆရာတော် သံဃာတော်များရဲ့ ဦးဆောင် လမ်းညွှန်မှုအောက်မှာ ဓမ္မမိတ်ဆွေများနဲ့ ကျွန်တော်တို့တတွေ ခုလို ဘုရားပုထိုး၊ သိမ်ကျောင်း၊ တန်ဆောင်းစတဲ့ သာသနာ့အဆောက်အအုံများကို အုတ်မြစ်ချ တည်ဆောက်နေကြခြင်းဟာ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးသွားရမယ့် တာဝန်ကို ထမ်းဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်” ဟူသော အချက်တို့က တူညီသော စိတ်ဆန္ဒ စေတနာမွန်များကို ဖော်ညွှန်း၍ နေပါသည်။

ဆရာကြီး ဦးသိန်းဟန်သည် ၁၉၁၀ ခုနှစ်၌ ဖျာပုံမြို့နယ်တွင် မွေးဖွားခဲ့၏။ မဟာဝိဇ္ဇာဘွဲ့၊ စာကြည့်တိုက်ပညာသင်များ ရရှိခဲ့ပြီး၊ ၁၉၄၁ ခုနှစ်မှ စ၍ ၁၉၆၇ ခုနှစ်အထိ တက္ကသိုလ်များစာကြည့်တိုက်မှူး၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ၊ နိုင်ငံသမိုင်းသုတေသနဦးစီးဌာနအကြံပေး၊ ပညာရေးမှူး အရာရှိ၊ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးကော်မတီ၊ သုတေသနအသင်းဥက္ကဌ၊ ဌာနစုံ ဘက်စုံတို့မှ နေ၍ တိုင်းပြည်အတွက် လူမျိုး ဘာသာ သာသနာ စာပေ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်း ပျံ့နှံ့စေခဲ့ပါသည်။ ထိုအမျိုးသားဂုဏ်ကြောင့် ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့များကိုလည်း ဆွတ်ခူးခဲ့၏။ ဆရာကြီးသည် ၁၉၉၀ ခုနှစ် အသက် ၈၀ တွင် ကွယ်လွန်သွားခဲ့သော်လည်း ကဗျာကလေးကမူ ဘယ်တော့မှ မသေ၊ ရသပေါင်းစုံဖြင့် ထာဝရ အသက်ရှင်သန်လျက် နေချေပြီ။

အေဘီဘီအေဥက္ကကြီး ဦးဟန်ကြူသည် ၁၉၃၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မြိတ်မြို့၌ ဖွားမြင်ခဲ့၏။ ရိုးသား၏။ ကြိုးစား၏။ ပွင့်လင်း၏။ အားထုတ် ဆောင်ရွက်လေ့ရှိ၏။ ထို့ကြောင့် သူ့ဘဝတလျှောက်၌ ‘ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်’ အတက်နှင့်သာ အောင်မြင်သွားရတော့၏။

မြန်မာပြည်တွင် နေထိုင်ခဲ့စဉ်က ရန်ကုန်မြို့ တောင်ဥက္ကလာပရှိ ဒန်အိုးစက်ရုံ ပိုင်ရှင်အဖြစ် စီးပွားရေး အောင်မြင်ခဲ့သလို၊ နယူးယောက်မြို့တွင်လည်း မန္တလေးတို့ဟူး အလုပ်ပိုင်ရှင်အဖြစ် အောင်မြင်မှု တောက်လျှောက် ရရှိခဲ့ပြန်၏။

လောကချမ်းသာဘုရားကျောင်း ပဓာနနာယက ဆရာတော် အရှင်ဣန္ဒက,က “ဦးဟန်ကြူ၏ ဖီလိုဆိုဖီမှာ ကြီးပွားချင်ရင် ငွေနောက်ကို မလိုက်နဲ့၊ အလုပ်နောက်ကိုသာ လိုက်ပါ။ အလုပ် ကြိုးစားလုပ်၊ ဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲလုပ်။ ငွေကို လက်ဖျောက်တီး ခေါ်လို့ ရတယ်။ အလုပ်ကို ကောင်းကောင်း မလုပ်ဘဲ ငွေနောက် လိုက်နေရင်တော့ မောရုံပဲ ရှိမယ်လို့ အကြံပေးလေ့ရှိတယ်” ဟူ၍ မှတ်တမ်းတင် ရေးသားထားတော်မူခဲ့၏။

‘ဒါန’သည် စီးပွားဥစ္စာ ချမ်းသာရေး၊
‘သီလ’သည် အသက် ကျန်းမာရေး ဟူသည့် အကျိုးတရားများကိုလည်း ဦးဟန်ကြူသည် အပြည့်အဝ ခံစားနိုင်စွမ်း ရှိခဲ့၏။
သားသမီးများကို ဖခင်ဝတ္တရား ကျေပွန်စွာ ပညာရေး၊ စီးပွားရေး၊ ဘာသာ သာသနာရေး၊ ယဉ်ကျေးမှု ဘက်စုံ ဖြည့်ဆည်းပေးခဲ့ရုံမျှမက လောကုတ္တရာ အကျိုးစီးပွားအတွက်ကိုလည်း အေဘီဘီအေ အမှုဆောင်များနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အတွက်ကိုပါ သားစဉ်မြေးဆက် ထိန်းသိမ်းသွားကြရမည့် ဘာသာ သာသနာမျိုးစေ့များကို လူအား ငွေအား စိုက်ထုတ်လျက် မျိုးဆက် ရှက်သန်စေခဲ့ပြန်ပါသည်။

၎င်းအချက်တို့မှာ -

+ အေဘီဘီအေအသင်းကို ၁၉၇၉ ခုနှစ်၌ ဒါရိုက်တာလူကြီး ၅ ဦးတို့ဖြင့် စတင် တည်ထောင်ကာ နယူးယောက်နယ်မြေရှိ မြန်မာနိုင်ငံဖွားများအတွက် လူမျိုး ဘာသာ သာသနာ မျိုးဆက်တို့ကို စတင် ချမှတ်ခဲ့ပါတယ်။

+ ၁၉၈၁ ခုနှစ် သြဂုတ်လ ၂၁ ရက်မှ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ကွယ်လွန်သည့်တိုင် အေဘီဘီအေအသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သွားခဲ့၏။

+ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ ယခု လောကချမ်းသာကျောင်း အဆောက်အဦကို ဦးဟန်ကြူမိသားစုမှ ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ အောင်ပွဲခံကာ မတည်ပြီး ဘုရားကျောင်းတကာ တကာမများအဖြစ် လှူဒါန်းလျက် သာသနာ့သမိုင်း မှတ်ကျောက်တင်ထားခဲ့ပါတယ်။

+ ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် နယူးဂျာစီပြည်နယ်၊ မနာလပန်၌ အကျယ် ၅ ဧကခန့်ရှိ မြေကွကို အသင်းဥက္ကဌအနေဖြင့် ဦးဆောင်ကာ သာသနာ့မျိုးစေ့ စိုက်ပျိုးနိုင်ရေးအတွက် ဝယ်ယူခဲ့၏။

+ မြေကွက်ဝယ်ယူပြီးသည်နှင့် သတိပဋ္ဌာန်ရိပ်သာ တည်ဆောက်ရေး၊ လောကချမ်းသာစေတီတော် တည်ထား ကိုးကွယ်ရေးတို့ကို စတင် အကောင်အထည်ဖော်နိုင်ရန် မနေမနား ဦးဆောင် ကြိုးပမ်းခဲ့ပြန်၏။

+ ၂၀၀၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် လောကချမ်းသာစေတီတော် ပထမအဆင့် ဌာပနာထည့်သွင်းပူဇော်ပွဲကို လောကချမ်းသာ ဆရာတော်များနှင့် ၎င်း၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့၏။

+ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် လောကချမ်းသာစေတီတော် ဒုတိယအဆင့် ဌာပနာထည့်သွင်းပူဇော်ပွဲကို လောကချမ်းသာ ဆရာတော်များနှင့် ၎င်း၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့၏။

+ ၂၀၀၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် လောကချမ်းသာစေတီတော်ကြီး ထီးတော်တင်ပွဲ ကျင်းပသောအခါတွင်မူ ဆရာဇော်ဂျီ၏ “သင်သေသွားသော်” ကဗျာကလေးတွင် ဖော်ညွှန်းထားသော ...

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း .. ဟူသည့် အဓိဋ္ဌာန်သည် အေဘီဘီအေအသင်း ဥက္ကကြီး ဦးဟန်ကြူ၏ ဆန္ဒမွန်ကို အောင်မြင် ပြည့်ဝသွားစေခဲ့ပါသည်။

ဦးဟန်ကြူသည် ဘာသာ သာသနာကြီးကို အထက်ပါအတိုင်း ဦးဆောင်ကာ ထမ်းဆောင်သွားရုံမက မိမိ၏ လောကီ လောကုတ္တရာ နှစ်ဖြာသော ဘဝများအတွက် သက်လုံကောင်းအောင်လည်း ဆောင်ရွက်သွားခဲ့သေး၏။

မြန်မာပြည်တွင် ဆေးရုံ ဆေးခန်းများ၊ ပရဟိတကျောင်းများ၊ မူလတန်းကျောင်းများအတွက် လှူဒါန်းခဲ့သည်မှာလည်း မရေမတွက်နိုင်။
ရေအခက်အခဲရှိသည့် မူလတန်းကျောင်းများ၊ အရပ်ဒေသများအတွက်လည်း အဝီစိတွင်း ၂၀ ကျော်အတွက် တူးဖော်စေပြီး လှူဒါန်းခဲ့သော ရေအကျိုး ၁၀ ပါး ကုသိုလ်များလည်း ရယူသွားခဲ့၏။

၁၉၈၀ ပြည့်နှစ် နောက်ပိုင်း၌ မြန်မာလူမျိုးများ နယူးယောက်မြို့သို့ တစတစ ရောက်လာကြစဉ် ၁၉၉၁-၉၂ ခုနှစ်များတိုင်အောင် အလုပ်အကိုင်များ ရှားပါးသည့် ကာလ ဖြစ်၏။
ထိုအခက်အခဲများကို ဦးဟန်ကြူသည် အကူအညီလာတောင်းသူများကို စားဝတ်နေရေး အဆင်ပြေအောင် အမြဲ ကူညီလေ့ရှိ၏။
‘နိုး’ဟု မငြင်းလွှတ်ရက်။ ‘ရက်စ်’ဟုသာ ပြောလေ့ရှိသောကြောင့် ဆရာတော်ဦးဣန္ဒက,က ‘Mr. Yes-Man’ဟုပင် နောက်လေ့ ရှိတော်မူ၏။
ထို့ကြောင့်ပင် ၂၀၀၂ ခုနှစ်၌ “သိရီသုဓမ္မမဏိဇောတဓရ”ဘွဲ့ကို ရရှိခဲ့ပါသည်။

အဆိုပါ အချက်များသည် မြန်မာပြည်ဖွား မြန်မာပြည်သားကြီး ဦးဟန်ကြူ၏ လူမျိုး ဘာသာ သာသနာနှင့် ယဉ်ကျေးမှုများအတွက် လုပ်ဆောင်ချက်များ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော ဘဝသံသရာအတွက် အာမခံရယူသွားခဲ့ခြင်းများ ဖြစ်ပါသည်။
တနည်းအားဖြင့် မသေခင် ယခုဘဝ၌ အမြဲတစေ ကုသိုလ်များ ပြုလုပ်သွားခဲ့သော အာစိဏ္ဏကံ-အမြဲလေ့ကျင့်ပြုလုပ်အပ်သော ကံများပင် မဟုတ်ပါလော။

အမေရိကန်သားကြီး ဦးဟန်ကြူ

ဦးဟန်ကြူသည် အမေရိကန်တွင် တတိယအရွယ် သက်တမ်းကာလကို အပြည့် နေထိုင်သွားခဲ့သည်ဟု ဆိုရပေမည်။

အမေရိကန်သားတို့၏ တတိယအရွယ်ကို ကျွန်တော်သည် Nursing Home နှင့် ၁၉၉၃ ခုနှစ်မှ ၂၀၀၃ ခုနှစ်တိုင် အဖိုးအဖွားများနှင့် မိသားစုလို နေထိုင်ပြုစုလျက် ၎င်းတို့၏ ဘဝကို အတွင်းကျကျ လေ့လာခဲ့ပါသည်။
သူတို့က ဒီဘဝ ကောင်းအောင်နေ၊ အပြစ်တွေ လုပ်ခဲ့မိရင် ဘုရားသခင်ထံ ဝန်ခံ၍ ဆေးကြော၊ ဘုရားသခင်ကို ယုံကြည်အားထား တိုင်တည်ပါက နိဗ္ဗာန်သို့ ရောက်ကြမယ်။ မကောင်းမှု အပြစ်များ ပြုလုပ် ကျူးလွန်ကြသူတို့မှာ ငရဲသို့ ရောက်ကြမည် ဟူ၍ ယေဘုယျ ယုံကြည်ထားကြ၏။

တခါတလေ သေဆုံးသွားသူ၏ မိသားစုများကို အဖိုးအဖွား ဆုံးသွားသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောစဉ် ၎င်းတို့က “ဘာမှ စိတ်မကောင်းဖြစ်စရာ မလိုပါဘူး၊ သူဟာ ဘုရားသခင်နဲ့ အတူတကွ ကောင်းကင်ဘုံဗိမာန် ‘နိဗ္ဗာန်ဘုံ’တွင် ငြိမ်းအေး၍ နေပါပြီ”ဟု ဖြေကြားကြ၏။
ဆိုလိုသည်မှာ ထိုအမေရိကန်လူမျိုးများ၏ ဘဝသည် မသေခင်ရော သေပြီးနောက်ပိုင်းပါ ငြိမ်းချမ်း၏။ အာမခံချက် ရှိ၏။ သေဆုံးသွားသောသူများအတွက် အသုဘအခမ်းအနားများကို တက်ရောက်ရာ၌လည်း မင်္ဂလာဆောင် အခမ်းအနားများကဲ့သို့ပင် သားသားနားနား ဝတ်ဆင်ရင်း သွားလေသူအတွက် ဂုဏ်ယူသလို ဖြစ်နေ၏။ သံဝေဂဟူသည် မရှိ။ ငါ့အလှည့်ကို ကျေကျေနပ်နပ် စောင့်နေသည့်အသွင် ပေါက်နေပါသည်။

ဒုက္ခကို သုခ၊ အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တ ဟူ၍ ခံယူထားကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် သူတို့က စားဝတ်နေရေး၊ ဘဝရပ်တည်ရေး အားလုံးတို့၌ အတ္တကိုသာ ရှေ့တန်းတင်ထားကြ၏။ ဘဝကို အစုန်ခရီးဖြင့်သာ လျှောက်လှမ်းကြ၏။ အဆန်ခရီး မဟုတ်ခြင်းကြောင့် ရုပ်ကိုသာ ဦးစားပေး ရှေ့တန်းတင်ထား၏။

နမူနာအဖြစ် Mrs. Marjory Green ဟူသော အဖွား သို့မဟုတ် တချိန်က ဘရော့ဒ်ဝေးပြဇာတ်ရုံ မန်နေဂျာ၊ အဆိုအက မင်းသမီးကြီးတစ်ယောက် အကြောင်းကို ပြောပြလိုပါသည်။

ခင်ပွန်းသည်က နာမည်ကျော် ရှေ့နေကြီး၊ သားကလည်း ရှေ့နေဆိုသော်လည်း ရှေ့နေအလုပ်ကို မလုပ်ကြ။ အောင်မြင်ကျော်ကြားနေသော စီးပွားရေးသမားကြီး ဖြစ်၏။ ပြည်နယ် သုံးလေးခုနှင့် ဂျပန်၊ အင်္ဂလန်၊ ပြင်သစ်၊ မက္ကဆီကိုနိုင်ငံတို့တွင် လုပ်ငန်းခွဲများ ရှိ၏။ မိခင်ကြီး အိုပြီဖြစ်သဖြင့် နေအိမ်တွင် စိတ်မချခြင်းကြောင့် သိကျွမ်းနေသာ Nursing Home ပိုင်ရှင်က ခေါ်လာထားခြင်း ဖြစ်ပါသည်။

မအေတစ်ခု သားတစ်ခု ဖြစ်၍ ရောက်ရာ တိုင်းပြည်ကနေပြီး ဖုန်းဆက် စကားပြော၏။
မိခင်ကို တစ်လ နှစ်လလောက်မှ တစ်ခါ လာတွေ့၏။ အပြင် စားသောက်ဆိုင်များတွင် သားအမိနှစ်ယောက် ထွက်စားသောက်ကာ နှုတ်ဆက်ပြီး ပြန်သွား၏။ မိခင်ကို ကိုယ်ထိလက်ရောက် ပြုစုဖို့ အခွင့် မပေးနိုင်။

အဖွား၏ ဘဝတွင် မရှိဆိုသည်ကို သိပ်မကြားရလှ။ ရုပ်ဝတ္ထုအားလုံး ပြည့်စုံ၏။ နေ့စဉ် လက်ဝတ်လက်စားနှင့် အဝတ်အထည်တို့ကို မရိုးအောင် ဝတ်စား ဆင်ယင်၏။
အဝတ်အစားများ အားလုံးကလည်း အဖိုးတန်များသာ ဖြစ်၏။

မိမိအထပ်တွင် နံနက်စာ စားပြီးသည်နှင့် ပထမအထပ်ကို ဆင်းတော့၏။ လူမှုရေးဆိုင်ရာ ပွဲများ၊ သီချင်းဂီတဖျော်ဖြေရေးများနှင့်သာ ပျော်မွေ့နေလေ့ ရှိ၏။ နံနက်စာ နေ့လယ်စာ သွားမစားမီ ဝိုင်နှစ်ခွက် သုံးခွက် သောက်ပြီးမှ စားလေ့ ရှိ၏။

အဖွားက ကျွန်တော့်ကို “အဲဒီလို မိမိကိုယ်မိမိ ပြုပြင်ခြယ်သနေမှ မအိုတော့တာ”ဟု ပြောလေ့ ရှိ၏။
ထိုအတွေးအခေါ်က သူ့အတွက် မှန်ကန်သည်ဟု ဆိုရပေမည်။
သူ ဘယ်တော့မှ နေမကောင်းတာ မရှိ။ ကျန်းမာနေ၏။ ယေဘုယျအားဖြင့် ကိုယ်နု စိတ်ပြိုနေ၏။
ရုပ်က ရှေ့တန်းရောက်နေခြင်းကြောင့် စိတ်ပျို ကိုယ်နုတော့ မဖြစ်နိုင်။
ထို့ကြောင့် စိတ်က ရင့်ကျက်သင့်သလောက် မရင့်ကျက်၊ နုနယ်၏။
ဒုက္ခတည်းဟူသော လောကဓံကို မခံနိုင်။
တစ်နှစ်ကျော်သာ ကြာလိုက်၏။
ကြမ္မာဆိုး ဝင်လာချေပြီ။

တစ်နေ့တွင် အဖွား လဲကျကာ တင်ပဆုံရိုး ကျိုးသွား၏။ Wheel Chair ပေါ်တွင်သာ ထိုင်နေရတော့၏။ မိမိ၏ ခန္ဓာဝန်ကို မိမိသာ ဆောင်ရွက်ပြီး သွားလာ စားသောက်နေရသည့် ပတ်ဝန်းကျင်က လုံးဝ ပြောင်းလဲ ရိုးသွားပေပြီ။ မိမိ၏ အထပ်၌ပင် အနိစ္စ ဒုက္ခတရားများကို မချိမဆန့် ခံစားနေရသော Total Care, Hospic Care များနှင့်သာ အတူနေရ၏။

ထိုအချိန်မှ စ၍ ဒုက္ခကို မိမိကိုယ်တိုင် တွေ့မြင် ခံစားရတော့၏။
သို့သော် ဒုက္ခကို မရင်ဆိုင်တတ်။
ထို့ကြောင့် ဘဝကို အဆိုးဟုသာ မြင်တော့၏။
ရုပ်ခန္ဓာနှင့် စိတ်ဝေဒနာတို့ကို သေဆုံးခြင်းနှင့်သာ လဲလှယ်လိုတော့၏။
အစုန်ခရီးသွားသူတို့အတွက် ဘဝကို လက်မြှောက် အဆုံးပေးလိုက်ခြင်း ဖြစ်၏။
သုံးလေးလအကြာ၌ အစာဆုတ်ယုတ်၍ သေဆုံးသွားခဲ့၏။

ထိုသို့သော သူများကို ဗုဒ္ဓဘာသာတရားတော် ‘ဝိပလ္လာသတရား’အားဖြင့် အယူမှားယွင်းခြင်းများကြောင့် မိမိကိုယ်မိမိ အထင်ကြီးခြင်း ဖြစ်နေပါသည်။

အထင်ကြီးခြင်း ‘မညနာ’ သုံးပါး ရှိပါသည်။

(၁) တဏှာမညနာ - ငါ၏ ပိုင်ဆိုင်ရာ ငါဟူ၍ အထင်ကြီးလျက် မိမိခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အာရုံခံစားမှုများ (အဇ္ဈတ္တဝတ္ထု)၌လည်းကောင်း၊ ငါဟူ၍ ငါ၏ပိုင်ဆိုင်ရာဟူ၍ အထင်ကြီးနေခြင်း။

(၂) မာနမညနာ - ငါဟူ၍ အထင်ကြီးနေမှုများကို အဇ္ဈတ္တဝတ္ထုနှင့် ဗဟိဒ္ဓဝတ္ထုတို့က အားပေးအားမြှောက် အထောက်အကူ ပြုနေကြသောကြောင့် လွန်စွာ မောက်မာမောက်ကြွား ထောင်လွှားတက်ကြွလာခြင်း။

(၃) ဒိဋ္ဌိမညနာ - ထိုအခါ ငါသည်သာလျှင် (အဇ္ဈတ္တဝတ္ထု) ငါ၏ အမာခံ အထည်ခံ၊ အနှစ်သား အတ္တသာရပေတည်း ဟူ၍ စိတ်ထဲတွင် အထင်ကြီးနေခြင်းတို့ ဖြစ်နေပါသည်။

ထိုသူတို့သည် ငါ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းသည် ဘဝအဆက်ဆက် မရွေ့မယိုင် ခိုင်မြဲစွာ သိမ်းပိုက် စွဲလန်းထားကြသည် ဟူသော ‘အဘိနိဝေသ’နှင့် ငါ၏ ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းသည်သာလျှင် အစဉ် ခိုင်မြဲနေသော အတ္တအကြီးအမှူးနှင့် ဇီဝဟူသော အထိန်းအချုပ်တို့ ရှိသည်ဟု မှတ်ယူ စွဲလန်းနေသော ‘ဒိဋ္ဌာဘိနိဝေသ’နှင့် မယိမ်းမယိုင် ခိုင်မြဲစွာ စိုက်ထူထားသည့် ‘အဘိနိဝေသ’မဏ္ဍိုင်ကြီး နှစ်ခုကိုသာ ဖက်တွယ် အခြေခံလျက် ရပ်တည်နေကြ၏။

တဖက်ကလည်း အဇ္ဈတ္တဝတ္ထုနှင့် ဗဟိဒ္ဓဝတ္ထုတို့ကို စွဲလန်း၍ နေခြင်းကြောင့် မစွန့်ပယ်နိုင်။ သုခဝေဒနာကို ဒုက္ခဝေဒနာနှင့် ယှဉ်ထိုး၍လည်း မဆင်ခြင် မခံစားလိုကြ။
ထို့ကြောင့် သေခြင်းတရားကို ပြင်ဆင်ထားဖို့ မပြောနှင့်၊ ကြားတောင် မကြားချင်ကြတော့ပေ။

ထိုသူတို့၏ သေဆုံးခြင်းကို လယ်တီဆရာတော်ဘုရားကြီးသည် ထန်းပင် အုန်းပင်တို့မှ ထန်းသီး အုန်းသီးများ ပရမ်းပတာ ပေါက်လွတ် ကြွေကျပုံနှင့် ဥပမာပြုတော်မူခဲ့၏။

‘ဂတိကထာ’၌ အောက်ပါအတိုင်း ရှင်းလင်းတော်မူခဲ့၏။

ဘဝတပါးမှ တပါးသို့ ပြောင်းလဲသော ‘ဂတိ’ နှစ်ပါး ရှိ၏။

ပုထုဇဉ်လူသားတို့ ဘဝတပါးသို့ ပြောင်းလဲခြင်းကို ‘ပုထုဇ္ဇနဂတိ’ဟု ခေါ်၏။ ပရမ်းပတာ ကျရောက်သွားခြင်း ဝိနိပါတအလား ဖြစ်၏။ အမှတ် မရှိ၊ တစ်ခုခုသော ကံ၏ ပစ်ချခြင်းကြောင့် ရောက်တတ်ရာရာသို့ ပရမ်းပတာ ကျရောက်သွားခြင်း ဖြစ်၏။ ထိုသို့ သေဆုံးရပုံကို သေခြင်းဘေးကြီးဟု ခေါ်၏။ သေခြင်းဘေးကြီးနှင့် ပရမ်းပတာကျခြင်း ဘေးကြီးတို့သည် အစဉ်အမြဲ ဖက်တွဲလျက်ရှိသော်လည်း သေခြင်းဘေးကြီးထက် ပရမ်းပတာကျခြင်း ဘေးကြီးက ပို၍ ကြီးကျယ်၏ ဟု လယ်တီဆရာတော်ဘုရားကြီး ရှင်းလင်းတော်မူခဲ့ပါသည်။

ထို့ကြောင့် ‘ဝိပလ္လာသတရား’၏ အဓိပ္ပာယ်ကို သိထားရန် လိုအပ်နေပါသည်။
ဟုတ်သည် မှန်သည်၌ မဟုတ်မမှန်ဟု မှားယွင်းခြင်းကို ဆိုလို၏။
ဝိပလ္လာသ ၃ မျိုး ရှိ၏။

‘သညာဝိပလ္လာသ’မှာ အမှတ်မှားခြင်းကို ခေါ်ပါသည်။ ဥပမာ - လူ၏ ပုံပန်းသဏ္ဍာန် အသွင်ကို မူလက သိရှိမှတ်သားထားပြီးသော တောသမင်သည် စပါးခင်းအလယ်၌ မြက်ခြောက်ဖြင့် ပြုလုပ်ထားသည့် ဝတ်စားထားသော လူရုပ်ကို တွေ့မြင်လိုက်ရာ ပကတိ လူအစစ်ဟု မှားယွင်း မှတ်သားခြင်း ဖြစ်၏။ ကြောင်တောင်မြင်လျက်နှင့် မှားပြီး အလွန်ခိုင်မြဲ၍ ပြောင်းလဲ မရနိုင် ဖြစ်တတ်၏။

‘စိတ္တဝိပလ္လာသ’မှာ အကြံအသိမှားခြင်းကို ခေါ်ပါသည်။
အနိစ္စ၌ နိစ္စ၊ အသုဘ၌ သုဘ၊ ဒုက္ခ၌ သုခ၊ အနတ္တ၌ အတ္တဟူ၍ အကြံအသိမှားခြင်း လေးမျိုး ဖြစ်၏။

စိတ်သည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်ခြင်းပင် ဖြစ်၏။
ဥပမာ - တောခြုံကို တောဆင်ဟူ၍လည်းကောင်း၊ တောဆင်ကို တောခြုံဟူ၍လည်းကောင်း လှည့်စားခြင်း ဖြစ်၏။
မျက်လှည့်ကြီးပညာမျိုးနှင့်လည်း ဥပမာပြု၏။
ဒိဋ္ဌမျက်မြင်မျိုးထဲတွင် အထင်မှားသမျှသည် စိတ်၏ လှည့်စားမှုချည်း ဖြစ်၏။
သညာဝိပလ္လာသထက် နက်နဲသော်လည်း အကြောင်းယုတ္တိဖြင့် ဖြေဖျောက်လျှင် ပြေပျောက်လွယ်၏။ မခိုင်မြဲတတ်ပေ။

‘ဒိဋ္ဌိဝိပလ္လာသ’မှာ အမြင်အယူမှားခြင်း ဖြစ်၏။
အနိစ္စ၌ နိစ္စ၊ အသုဘ၌ သုဘ၊ ဒုက္ခ၌ သုခ၊ အနတ္တ၌ အတ္တဟူ၍ အမြင်အယူမှားခြင်းကို ခေါ်ပါသည်။
အဆိုးဝါးဆုံးသော လမ်းဆိုးလမ်းမကြီးပင် ဖြစ်၏။
ဥပမာ - လမ်းခရီး မကျွမ်းကျင်သော ခရီးသည်တို့သည် တောကြီးအတွင်းသို့ ရောက်စဉ် မြို့ရွာတည်နေကြသော ဘီလူးနတ်ဆိုးတို့က နတ်မြို့နတ်ရွာများအဖြစ်လည်းကောင်း၊ မိမိတို့ကိုယ်ကို နတ်သမီးနတ်သားများအဖြစ်လည်းကောင်း ဖန်ဆင်းကြလျက် လမ်းခရီးကိုလည်း နတ်လမ်းကဲ့သို့ ဖန်ဆင်းထားကြ၏။
ခရီးသည်တို့ မြင်တွေ့သည်နှင့် သာယာလှသော မြို့ကြီးရွာကြီးသို့ သွားလမ်းဟု ယုံကြည်ကြကုန်၏။
ထို့ကြောင့် လမ်းရိုးလမ်းမှန်ကို စွန့်လွှတ်ကာ ထိုလမ်းမှားကြီးသို့ လိုက်သွားကြတော့၏။
မြို့ရွာသို့ ရောက်စဉ် ဘီလူးနတ်ဆိုးတို့ကို လူကောင်းသူကောင်းများ ထင်မှတ်ကာ စိတ်ချလက်ချ အိပ်ကြကုန်၏။
ထိုစဉ် ဘီလူးနတ်ဆိုးတို့က ၎င်းတို့၏ ခန္ဓာကိုယ်များအတွင်း ပူးဝင်လျက် အသွေးအသားများကို ကိုက်ဖြတ် ထုတ်ယူ စားသောက်ကြ၍ ခရီးသည်အားလုံး သေဆုံးသွားကုန်၏။

ထိုဥပမာ၌ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ သုံးပါးတို့သည် တောကြီးနှင့် တူ၏။ သတ္တဝါတို့သည် ခရီးသည်များနှင့် တူကြ၏။ လမ်းဆိုးလမ်းမှားကြီးမှာ မိစ္ဆာဒိဋ္ဌိနှင့် တူ၏။ လမ်းရိုးလမ်းမှန်မှာ သမ္မာဒိဋ္ဌိနှင့် တူ၏ ဟူ၍ လယ်တီဆရာတော်ဘုရားကြီးက ဥပမာပြု ရှင်းလင်းတော်မူခဲ့၏။

သမ္မာဒိဋ္ဌိသည် အယူအမြင် မှန်ကန်ခြင်း ဖြစ်ပြီး လမ်းရိုးလမ်းမှန်ပင် ဖြစ်၏။
သမ္မာဒိဋ္ဌိနှစ်မျိုး ရှိပြီး မိမိပြုလုပ်သော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် ဘဝသံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်၏ ဟူသော အယူ ‘ကမ္မဿကတာသမ္မာဒိဋ္ဌိ’ကို လောကီသမ္မာဒိဋ္ဌိဟု ခေါ်၏။
ဒုတိယတစ်မျိုးမှာ ပဋိစ္စသမုပ္ပါဒ်နှင့်တကွ ခန္ဓာ အာယတန အနတ္တတို့ကို သိမြင်သော ဉာဏ်ဖြစ်၏။ ‘ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ’ဟု ခေါ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကုသိုလ်ကံ အကုသိုလ်ကံကိုလည်းကောင်း၊ ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးကိုလည်းကောင်း ပစ်ပယ်သော နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ဟူသော လမ်းဆိုးလမ်းမှားကြီးအတိုင်း ပြင်ဆင်လျှောက်လှမ်းသွားပါက နတ်ဆိုးနတ်ရွာများဖြစ်သော ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်ပြည်များကိုသာ ရောက်သွားကြပါမည်။

မိမိပြုလုပ်သော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် ဘဝသံသရာ၌ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ အမှန် ဖြစ်၏ ဟူသော လောကီသမ္မာဒိဋ္ဌိ လမ်းရိုးလမ်းမှန်အတိုင်း ပြင်ဆင် လျှောက်လှမ်းသွားပါက လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ဟူသော သုဂတိဘုံများသို့ ရောက်ကြရမည် ဖြစ်၏။

ရုပ်နာမ်နှစ်ပါးကို ချုပ်ငြိမ်းစေကာ ဘဝသစ် တဖန် ပြန်လည်၍ မဖြစ်တော့သည့်နည်းမှာ ‘ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ’နည်း ဖြစ်၏။
အဋ္ဌကထာ၌ ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ်မှတပါး အားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကို ဖြစ်စေနိုင်သည်ဟုလည်း ဖွင့်ဆိုထားပါသည်။

အမေရိကန်သားကြီး အေဘီဘီအေဥက္ကဌကြီး ဦးဟန်ကြူမှာမူ လောကီသမ္မာဒိဋ္ဌိဟု ခေါ်သော ‘ကမ္မဿကတာသမ္မာဒိဋ္ဌိ’နည်းဖြင့် ဘဝကို လျှောက်လှမ်း၍ သွားခဲ့ပါသည်။
Mrs. Marjory Green ကဲ့သို့သော အမေရိကန်သားများနှင့် လုံးဝ ဆန့်ကျင်၏။
ဘဝခရီးကို ဘယ်တော့မှ အစုန် မလိုက်။ အဆန်ခရီးဖြင့်သာ လျှောက်လှမ်း၏။
ရုပ်နာမ်ဘဝ သင်္ခါရတရားကြီးကို သုခဟု မမြင်၊ ဒုက္ခဟု မြင်၏။ နိစ္စဟု မမြင်၊ အနိစ္စဟု မြင်၏။ အတ္တဟု မမြင်၊ အနတ္တဟု မြင်၏။

ထို့ကြောင့်လည်း နောက်ဆုံးဘဝခရီးလမ်းအထိ မိမိ၏ ခန္ဓာဝန်ကို မိမိကိုယ်တိုင် ရွက်ဆောင်ကာ လျှောက်လှမ်းသွားခဲ့၏။

ထိုနေ့ နံနက်စောစောက နေအိမ်အပြင်တွင် နှင်းများ ရှင်းလင်း၏။
မြေးများကိုလည်း ကျောင်းသို့ လိုက်ပို့ခဲ့သေး၏။
မိမိ ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပြီးမှ ဆေးရုံ (သို့မဟုတ်) နောက်ဆုံး လမ်းခရီးသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါသည်။

ဆိုလိုသည်မှာ နောက်ဆုံး လမ်းခရီး၌ မည်သူ့ကိုမှ ဒုက္ခမပေး၊ အပြုစု မခံခဲ့။
ရေးမြို့ တောရကျောင်းဆရာတော်ကြီး အမိန့်ရှိခဲ့ဖူးသော “ပြုစုမယ့်သူ ရှိရင် ဝေဒနာက ပိုပြီး တာရှည်တယ်” ဟူသော ဆောင်ပုဒ်သည် ဥက္ကဌကြီး ဦးဟန်ကြူအတွက် ဖြစ်၍ နေချေပြီ။

မိမိ(ဦးဟန်ကြူ)ကတော့ ရတနာမြတ်သုံးပါးဝတ်၊ လောကဝတ်၊ ခင်ပွန်းဝတ်၊ ဖခင်ဝတ်၊ အေဘီဘီအေ၏ဝတ်၊ အားလုံးသော ဝတ်များကို ကျေပွန်အောင် ပေးဆပ်ထားပြီး ဖြစ်နေပါသည်။
ထို အာမခံချက်များကြောင့်လည်း ဥက္ကဌကြီး ဦးဟန်ကြူသည် ‘ကမ္မဿကတာသမ္မာဒိဋ္ဌိ’နည်းဖြင့် နောက်ဆုံး ဘဝလမ်းကို အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ခဲ့စွမ်း ရှိခဲ့၏။

အေဘီဘီအေ အဖွဲ့သူ အဖွဲ့သားများ၊ ဓမ္မမိတ်ဆွေများသည်လည်း ထိုလမ်းကြောင်းအတိုင်း ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။


ခင်မောင်ဝင်း
နယူးယောက်မြို့

No comments: