ထမနဲပွဲတော်ဟာ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တပို့တွဲလ၌ ထမနဲပွဲများ ကျင်းပလေ့ရှိပါတယ်။ ပြည်ပရောက် မြန်မာနွယ်ဖွားများကမူ ရာသီဥတုအခြေအနေအရ တပို့တွဲ-တပေါင်း (ဖေဖော်ဝါရီ-မတ်) ကာလမှာ ထမနဲပွဲများ ကျင်းပကြပါတယ်။
(၂၃)ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော်ကို မတ်လ ၇-၈ ရက်နေ့များက လောကချမ်းသာဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။
မတ်လ ၇-ရက် စနေနေ့က ထမနဲထိုးတဲ့နေ့ ဖြစ်ပြီး၊ မတ်လ ၈-ရက်နေ့မှာတော့ ဆရာတော်တွေကို ဆွမ်းကပ်၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေး ဧည့်ခံ၊ တရားနာ ရေစက်ချ ကုသိုလ်အမျှဝေပါတယ်။
ဒီနှစ် ထမနဲပွဲ အလှူရှင်က ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ အမှုထမ်းနေကြတဲ့ ဓမ္မမိတ်ဆွေများ ဖြစ်ကြပါတယ်။ မတ်လ ၇-ရက် စနေနေ့မှာ အလှူရှင်တွေနဲ့အတူ Wyckoff ဆေးရုံမှ ဆရာဝန်များ၊ အသင်းအမှုဆောင်များ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ၊ ဓမ္မမိတ်ဆွေများ စုပေါင်းပြီး တပျော်တပါး လုပ်အားအလှူ ပေးခဲ့ကြပါတယ်။
ရိုးရာအစဉ်အလာအတိုင်း စက်ပစ္စည်း ကိရိယာမပါဘဲ ခွန်အားသုံးကာ ထိုးကြရ၊ မွှေကြရပြီး ထမနဲဖြစ်လာသည်ကို ကြည့်ကာ ပီတိဖြစ်ကြရပါတယ်။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ပြောပြော၊ ကိုယ်ထိုးတဲ့ ထမနဲကို အရသာမရှိဘူးလို့ မပြောကြဘဲ အားလုံးက ကောင်းပါတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ်။
နောက်ရက်မှာ စားကြရတဲ့ ဧည့်ပရိတ်သတ်တွေဆီကလဲ သိပ်ကောင်းတာပဲ ဆိုတဲ့ အသံများ ကြားခဲ့ကြရပါတယ်။
ဘော်စတွန်ဆီ ဆရာတော် ဦးအဘယာနဲ့၊ နယူးဂျာဆီကို ဆရာတော် ဦးပညာနဲ့ ပါသွားခဲ့တဲ့ ထမနဲစားကြရသူတွေဆီကလဲ သိပ်ကောင်းတာပဲ ဆိုတဲ့အသံ ပျံ့လွင့်လာခဲ့ပါတယ်။
ထမနဲဖြစ်အောင် စုပေါင်း ဆောင်ရွက်ရတာ၊ အားအင်သုံးပြီး ထမနဲထိုးရတာတွေဟာ ပျော်စရာလဲ ကောင်းတာကြောင့် ထမနဲပွဲအလှူရှင်တွေတိုင်းဟာ ထမနဲပွဲကို နှစ်စဉ်လှူဖို့ ဆန္ဒတွေ ဖြစ်ပေါ်၊ သဒ္ဓါတရားတွေ ပေါက်သွားလေ့ရှိကြပါတယ်။ ဒီနှစ် အလှူရှင်တွေကလဲ နောင်နှစ်အတွက် ခုကတည်းက စဉ်းစားနေကြပါပြီ။ ဘယ်သူတွေကပဲလှူလှူ ထမနဲထိုးတဲ့နေ့မှာတော့ လူတိုင်းရဲ့လုပ်အားကို လိုစမြဲပါ။ လူသစ် ... လူဟောင်း ဘယ်သူမဆို နောင်နှစ်များမှာလဲ တပျော်တပါး စုပေါင်း လာရောက် ဆင်နွှဲကြပါဦးလို့ ခုကတည်းက ဖိတ်ပါတယ်။













No comments:
Post a Comment