အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက ဆရာတော် အရှင်ဣန္ဒကရဲ့ ဦးဆောင် လမ်းညွှန်မှု၊ ကွယ်လွန်သူ ဥက္ကဌကြီး ဦးဟန်ကြူရဲ့ ရိုးသား ကြိုးစားခဲ့မှု၊ အသင်းသူ အသင်းသားများ၊ စေတနာရှင် ပြည်သူများရဲ့ အားကြိုးမာန်တက် ဆောင်ရွက်မှုတို့ကြောင့် အမေရိကန်နိုင်ငံ အရှေ့ခြမ်း နယူးယောက်မြို့၌ မားမားမတ်မတ် တင့်တင့်တယ်တယ် ဝင့်ထယ်ခမ်းနား ပေါ်ထွန်းလာခဲ့သည်မှာ ငွေရတုကာလ ကျော်လွန်၍ ရွှေရတုသို့ပင် ချီနေပြီ။
အမျိုး ဘာသာ သာသနာ့အကျိုးကို စေတနာသက်သက်ဖြင့် ဆောင်ရွက်လိုသူများ စုပေါင်း၍ ထူထောင်ထားသော အသင်းကြီးဖြစ်သည်အားလျော်စွာ ပြည်တွင်း ပြည်ပမှ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား ပင့်လျှောက်၍ တရားစခန်းများ ဖွင့်လှစ်ကာ ယောဂီများအား အသိအလိမ္မာ ဉာဏ်ပညာ တံခါးများ ဖွင့်လှစ်ပေးခြင်း၊ ကလေးငယ်များအတွက် တနင်္ဂနွေသင်တန်းများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း၊ ရာသီအလိုက် မြန်မာ့ရိုးရာပွဲတော်များ ကျင်းပပေးခြင်း စသော အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။
ထမနဲပွဲတော်ကြီးသည် အေဘီဘီအေအသင်းကြီးမှ ဦးဆောင် ကျင်းပပေးလျက်ရှိသော ပွဲတော်များအနက် တစ်ပွဲ ဖြစ်သည်။ (၂၃)ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော်ကြီးကို လောကချမ်းသာ ဘုရားကျောင်း၌ မတ်လ (၈)ရက် တနင်္ဂနွေနေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အလှူ့ရှင်မှာ ယူအင်န်ဓမ္မမိတ်ဆွေများ ဖြစ်သည်။ လုပ်အားဒါန အလှူရှင်များမှာ မလော်ရင်း၊ ဒေါ်တင်တင် တို့ ခေါင်းဆောင်သော ဝေယျာဝစ္စအဖွဲ့တော်သားများ၊ အေဘီဘီအေ အလုပ်အမှုဆောင်များ၊ ဝှိုက်ကော့ဖ်ဆေးရုံမှ မြန်မာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ အပါအဝင် အင်အား (၃၀)ကျော်ခန့် ဖြစ်သည်။
မလော်ရင်း ဦးဆောင်သော ဝေယျာဝစ္စအဖွဲ့သည် မတ်လ (၆)ရက် သောကြာနေ့ ညနေကတည်းက ရောက်ရှိလာကြပြီး အုန်းဆံထုတ်ခြင်း၊ မြေပဲကြိတ်ခြင်း စသော ကြိုတင်လုပ်ဆောင်ဖွယ်များကို ပြင်ဆင် လုပ်ကြရသည်။
အားလုံး အဆင်သင့်ဖြစ်ပြီးသောအခါ မတ်လ (၇)ရက် စနေနေ့ မွန်းလွဲ ၁း၃၀ ခန့်တွင် တပျော်တပါး ထမနဲ စတင် ထိုးကြသည်။
ဆီမွှေးသတ်နေသော အမျိုးသမီးများ၊ ထမနဲထိုးနေသော အမျိုးသမီးများ၊ ပန်းကန်ဆေးနေသော အမျိုးသမီးများ၊ ငါးဖယ်လှီးနေသော အမျိုးသမီးများ စသည်ဖြင့် ကိုယ့်တာဝန် ကိုယ် ကျေပွန်စွာ ထမ်းဆောင်နေကြပုံကို မြင်ရသည်မှာ ရင်မှာ ပီတိ ဖြစ်မိပါသည်။
အမျိုးသားများကလည်း ယောက်မကြီးများ ကိုယ်စီကိုင်ပြီး ဝမ်း တူး သရီး ပြိုင်တူအော်၍ အားကုန်ဖွင့်ကာ တက်ညီလက်ညီ ပျော်ပျော်ကြီး ထမနဲထိုးကြပါသည်။
နဖူးကချွေး ခြေမကျသည်အထိ၊ လက်ဖဝါးများ ပေါက်ပြဲလာသည်အထိ၊ ချွေးထွက်များ၍ မူးဝေလာသည်အထိ ဖြစ်သော်ငြားလည်း သူတို့၏ စိတ်ဓာတ်များသည် သူတို့၏ မျက်နှာအလှတွင် ပေါ်လွင်နေကြပါသည်။
ကုသိုလ်ရေးမို့ မမောနိုင် မပန်းနိုင်။ စီးပွားရေးအရဆိုလျှင် ဤကဲ့သို့ အလုပ်မျိုး လုပ်မည့်သူ နည်း၍ လုပ်ကိုင်ရန် ပေါများသော အလုပ်ပင် ဖြစ်ပေလိမ့်မည်ဟု စာရေးသူ တွေးနေမိပါသည်။
ထမနဲတစ်အိုး ပြီးစီးရန် (၁၅)မိနစ်မှ မိနစ် (၂၀)ခန့် အချိန်ကြာပါသည်။ စုစုပေါင်း ထမနဲ (၁၅)အိုး ထိုးကြပါသည်။
လူသစ်တစ်ယောက် ဝင်လာလျှင် အားလုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။
ညနေ ၆း၃၀ နာရီတွင် ထမနဲထိုးခြင်းကိစ္စ အားလုံး ပြီးစီး အောင်မြင်သွားပါသည်။
“ခဲရာခဲဆစ် အလှူသည် ရှားပါးသော အကျိုးကို ပေး၏။”
“သူများ မလုပ်နိုင်သော အလှူကို လှူလျှင် သူများမရနိုင်သော အကျိုးကို ရ၏။”
မတ်လ (၈)ရက် တနင်္ဂနွေနေ့ နေ့လယ် (၁၁)နာရီတွင် ဘုရားအမှူးရှိသာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ အဝေးအနီးမှ စည်းဝေးညီညာ ရောက်ရှိလာကြသော ဧည့်ပရိတ်သတ်တို့အား အာပူလျှာပူ၊ ထမနဲတို့ဖြင့် ဧည့်ခံ ကျွေးမွေးခြင်းများ ပြုလုပ်၍ နေ့လယ် (၁)နာရီအချိန်တွင် အလှူရှင်များနှင့် ဧည့်ပရိတ်သတ်တို့က သံဃာတော်အရှင်မြတ်တို့၏ အထံမှ မေတ္တသုတ်ပရိတ်တရား နာကြားပြီး လောကချမ်းသာဆရာတော်နှင့် သြစတြေလျဆရာတော် ဦးဝံသပါလတို့က အနုမောဒနာတရားများ ချီးမြှောက်ကာ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်ချ အမျှပေးဝေ၍ အခမ်းအနားကို နေ့လယ် (၂း၁၅)အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။
“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”
“သတ္တဝါ မှန်သမျှ တရားရ အေးမြသာယာ ရှိပါစေ”
















No comments:
Post a Comment