Sunday, February 8, 2009

စံကင်းဆရာတော်


မောင်တရုတ်ကြီး


တခါက ‘တရုတ်ကြီး’ခေါ်သော ကျောင်းသားတစ်ယောက် ပုဇွန်လုံးတစ်ကောင်ကို ဖမ်းပြီး ဆော့သည်။ ခြေထောက်အချို့ကို ချိုးပြီး သွားခိုင်းသည်။ ပုဇွန်အသွားခက်နေသည်ကို ကြည့်ပြီး ရယ်ရွှင်၏။ ထိုအခြင်းအရာကို ဆရာတော် မြင်တွေ့သဖြင့် ခေါ်ယူစစ်ဆေးရာ မှန်သည့်အတိုင်း ဝန်ခံလိုက်ရ၏။
ထို့ကြောင့် မောင်တရုတ်ကြီး၏ လက်ချောင်းကလေးများကို စု၍ ငှက်ပျောလျှော်ဖြင့် ချည်တုပ်ပြီး ဒဏ်ပေးထား၏။
အစတော့ ဘယ်လိုမှ မနေ။
အနည်းငယ်ကြာလာသောအခါ ဆော့ချင်သော လက်ချောင်းကလေးများ မဆော့ရ မလှုပ်ရသဖြင့် အနေရခက်လာသည်။

“ငါ ဒီလိုခံရတာ ပုဇွန်ခြေချိုးမိလို့ပဲ၊ ခြေချိုးခံရတဲ့ ပုဇွန်ဟာ ငါ့ထက် အများကြီး ပိုဆင်းရဲမှာပဲ”ဟု ကိုယ်ချင်းစာမိလာသည်။
“မင်း ဘယ့်နှယ် နေသလဲ”
“တင်းကြပ်ကြပ် အနေရခက်ပါတယ် ဘုရား”
“မင်းမှာ တင်းကြပ်ရုံပဲ၊ ဟိုခမျာ ခြေကျိုးသွားရှာပြီ၊ နောက် မလုပ်နဲ့”
ဤသို့ ကိုယ်ချင်းစာတတ်သော စိတ်ဖြင့် နောင် ရှောင်ကြဉ်ရန် ပြုပြင်ပေးသည်။


ချစ်မောင် နဲ့ စံမြိုင်


သတင်းစာတို့၌ မများလှသော ငွေကြေးအတွက်ဖြင့်လည်းကောင်း၊ အခြားသော မပြောပလောက်သော အကြောင်းတို့ဖြင့်လည်းကောင်း အသက်ဆုံးရှုံးခံကြသည်ကို မကြာ မကြာ တွေ့ရတတ်၏။
လူ့ဘဝတန်ဖိုးကို နားမလည်ကြသောကြောင့် ဖြစ်ကြရသည်။
လူ့ဘဝဆိုသည်မှာ ‘ဘဝပဒေသာ’ဖြစ်သည်။
လူ,နတ်,ဗြဟ္မာချမ်းသာကိုသာမက အတုမဲ့ နိဗ္ဗာန်ချမ်းသာကိုပင် ဆွတ်လှမ်းနိုင်ခွင့်ရှိသော ဘဝဖြစ်သည်။
စကြာမင်းဆု၊ ပစ္စေကဗောဓိဆု၊ သမ္မာသမ္ဗောဓိဆု လိုရာ ရနိုင်သည်။
ဆရာကောင်း အမှီရှာ၍ လူ့ဘဝကို ကောင်းကောင်း အသုံးချတတ်ဖို့သာ လိုသည်။

တခါက ကျောင်းအနီး ငှက်ပျောပင်ကြီး မှည့်ယောင် သန်းနေသည်။ ဆရာတော်သည် ချစ်မောင်နှင့် စံမြိုင် ကျောင်းသားနှစ်ယောက်ကို ခေါ်လိုက်၏။
‘စံမြိုင်က ဓားနဲ့ အသာ ကပ္ပိ၊ ဖြည်းဖြည်း ညွတ်လာတော့ ချစ်မောင်က ဆီးဖမ်းလိုက်’ဟု ညွှန်ကြားပြီး စင်္ကြံကြွနေ၏။
‘ဝုန်း’ဟု အသံကြား၍ လှည့်ကြည့်လိုက်ရာ ငှက်ပျောပင်ပိနေသော ချစ်မောင်ကို တွေ့ရ၏။
စံမြိုင်က ဓားကိုင်ပြီး ငေးနေ၏။
ချစ်မောင် လဲရာမှ ထလာသောအခါ ခေါ်၍ -

“ငါ ခိုင်းသလို မလုပ်ကြဘူး၊ မင်းနဲ့ ငှက်ပျောခိုင် ဘယ်က အဖိုးတန်သလဲ”
“တပည့်တော်က အဖိုးတန်ပါတယ် ဘုရား”
“အင်း .. ငှက်ပျောခိုင်ကသာ အဖိုးတန်တယ်ဆိုရင် အသေခံမယ့်ကောင်ပဲ”

ချစ်မောင်သည် ‘ဘာမဟုတ်သော ပစ္စည်းအတွက် လူအထိအခိုက် မခံသင့်ကြောင်း၊ လူသာ တန်ဖိုးရှိကြောင်း’ အသိပေါ်လာသည်။
‘တပည့်တော်က အဖိုးတန်ပါတယ်’ဟု လျှောက်ထားသော်လည်း စောစောက သိနေသည့် အသိမဟုတ်။
မေးမှ အသိပေါ်လာပြီး လျှောက်ထားခြင်း ဖြစ်၏။
ဤသို့ အသိဉာဏ်ပေါ်အောင် ဆုံးမလေ့ရှိသည်။
‘ထိပ်ပုတ် ခေါင်းထိုး’ ဆုံးမခြင်းထက် အရာရောက်လှသည်။ ခရီးတွင်လှသည်။


စာအံပျင်းသော ထွန်းမောင်


စာအံပျင်းသော ကျောင်းသားငယ်များတွင် ထွန်းမောင်လည်း တစ်ယောက် အပါအဝင် ဖြစ်၏။
ထွန်းမောင်သည် စာအံပြီဆိုလျှင် အိပ်ရမှ ကျေနပ်၏။ အိပ်လည်း အိပ်ချင်သည်။
အိပ်လို့လဲ ဆရာတော် မရိုက်။
ထို့ကြောင့် ထွန်းမောင် အိပ်သည်။
ထွန်းမောင် အိပ်သည်ကို ဆရာတော် မြင်သောအခါ စာအံဖော်တို့က နှိုးမည် ပြု၏။
ဆရာတော်က မနှိုးရ၊ ချမ်းသာစွာ အိပ်စေသည်။
ကလေးဆိုသည်မှာ အိပ်ချင်ပေလိမ့်မည်။ ခြင် ယင် မကိုက်စေရန် တစ်ခုခုဖြင့် ခြုံပေးစေသည်။
သို့သော် စာအံဖြုတ်လိုက်သောအခါ ထွန်းမောင် အိပ်မနေရစ်။ မနှိုးရဘဲ နိုးသည်။
သုံးရက်လောက် စောင့်ကြည့်သည်။

သုံးရက်လောက် စောင့်ကြည့်လိုက်သောအခါ ထွန်းမောင်က ဒီအခွင့်အရေးကို လက်လွှတ်မည် မဟုတ်သောအကြောင်း သိသည်။ ထို့ကြောင့် လေးရက်မြောက်သောနေ့၌ စာအံဖြုတ်ချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် နိုးလာသော ထွန်းမောင်ကို ကျောင်းဆင်းခွင့် မပေး။ ပြန်ပြီး အိပ်နေစေ၏။
ထိုသို့ အဖော်များ ကစားချိန်တွင် သုံးရက်လောက် အိပ်စေသောအခါ အိပ်ချင်လှသော ထွန်းမောင်သည် ကစားခွင့်လာဘ်ကြီး အလွတ်မခံနိုင်သဖြင့် စာအံရင်း မအိပ်ရဲတော့ပေ။
ဤသို့ နူးညံ့သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုကာ လိမ္မာအောင် ပြုပြင်သည်။ အသိဉာဏ်ပေါ်အောင် လုပ်သည်။
အသိဉာဏ်ဖြင့် ပြုပြင်မှ တကယ့်လူကောင်း ဖြစ်နိုင်သည်။
တုတ်ကြောက်၍ ရှောင်ရခြင်းသည် ကွယ်ရာတွင် ဆိုးတတ်သည့် ကြောင်သူတော်မျိုးသာ ဖြစ်နိုင်သည်။

ကလေးဆိုသည်မှာ အအိပ်မက်သည်။ အစားမက်သည်။ အကစား မက်သည်။
ထိုအရာတို့ကို အတင်းအကြပ် ချုပ်ချယ်၍ မရ။ ထွက်ပေါက်ပေး၍ ဖေးမပြီး အကောင်းဖက် ဦးလည်အောင် လမ်းညွှန်ရသည်။ ရေလာအောင် မြောင်းပေးရသည်။
စားစရာထားသော ကြောင်အိမ်ကို သော့ခတ်ထားခြင်းသည် ပိုပြီး စားချင်အောင် ပြုလုပ်သည်နှင့် တူ၏။ ခိုးရန် အကြံထုတ်အောင် ဖန်တီးပေးသည်နှင့် တူ၏။
ဆရာတော်သည် စားစရာထားသော ကြောင်အိမ်ကို သော့မခတ်ဘဲ ထားစေ၏။

“ခိုးစားတဲ့အလုပ်ဟာ အခုလဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မကောင်းဘူး။ နောင်သံသရာမှာလဲ ဘဝအများကြီး နစ်နာတယ်။ ငှက်ပျောသီးလေးတစ်လုံး ဘာမှ တန်ဖိုးရှိတာ မဟုတ်ဘူး။ စားလိုက်ရလဲ ခဏပဲ။ နောင်သံသရာမှာ ဆပ်ရမယ့်ကြွေးတွေက ကြောက်စရာ။ ဒါကြောင့် ငှက်ပျောသီးတစ်လုံးနဲ့ ငရဲဘဝ မလဲကြနဲ့။ စားချင်ရင် ခိုးမစားနဲ့။ ပြောပီး ယူစား”

ဤသို့ တော်မှန်သော စိတ်ဓာတ်ပေါ်လာအောင် လမ်းဖွင့်ပေးသည်။
“ဒို့ စားချင်ရင် စားရတယ်။ ခိုးစရာ မလိုဘူး” ဟု အမြင် ရှိလာကြသည်။
ကိုယ့်ကိုယ်ကို စောင့်စည်းလာကြသည်။
ဤသို့ ‘အသိဉာဏ်သော့’ခတ်၍ ထိန်းသိမ်းထားလိုက်သဖြင့် စားစရာကြောင်အိမ်သည် လုံခြုံလေတော့သည်။
‘စားချင်တဲ့အခါ ယူပီး ဝေငှစားရင် ဆရာတော် အလွန် သဘောကျပါတယ်’ဟု စံကင်း ဓမ္မာရုံကျောင်းသားဟောင်းကြီးများက သတိတရ ပြောနေကြဆဲ ဖြစ်သည်။


ကြိမ်လုံးလှူသော ဦးရွှေခိုင်


ဆရာဆိုသည်မှာ ကြောက်စရာ မဖြစ်သင့်။ ချစ်ခင်လေးစားစရာ အားကိုစရာသာ ဖြစ်သင့်ပေသည်။
ဆုံးမသည်ကို လိုက်နာခြင်းသည် ကြောက်သောကြောင့် မဟုတ်၊ ချစ်ခင်လေးစားခြင်း၊ အားကိုးယုံကြည်ခြင်းကြောင့် ဖြစ်သည်။
အကျင့်သိက္ခာနှင့် ပြည့်စုံမှု၊ အဂတိကင်းအောင် ဆောင်ရွက်နိုင်မှုတို့သည် တပည့်များ၏ ချစ်ခင်လေးစားမှု၊ အားကိုးယုံကြည်မှု၏ အကြောင်းများ ဖြစ်သည်။
ဆရာတော်သည် ထိုအကြောင်းများနှင့် ပြည့်စုံအောင် အားထုတ်သည်။ ထို့ကြောင့် တပည့်တို့က ချစ်ခင်လေးစားကြသည်။ ယုံကြည်အားကိုးကြသည်။

“ဒို့ကို ကလေးတွေက မကြောက်ကြဘူး။ ကြောက်အောင်လဲ မလုပ်ဘူး။ ပြောရဲတယ်၊ အပြစ်ဝန်ခံရဲတယ်။ ဒို့နားမှာ ကလေးတွေက ပျော်တယ်”

ဆရာတော့်အနီးအပါးတွင် ကလေးများ နေရဲသည်။ ဆော့ရဲသည်။
နေ့ ၁၂-နာရီအချိန်တွင် ဆရာတော် ကျိန်းနေသော်လည်း အနီးတွင် ကလေးများ ရှိကြသည်။ ဆော့နေသည်ကို မတားမြစ်။ ဆဲဆို ရန်ဖြစ် လူညစ်လုပ်သည်ကိုသာ တားမြစ်သည်။
ကျိန်းစက်၍ မဖြစ်သောအခါ ခေါ်၍ သူတို့ ကြိုက်တတ်သော ဇာတ်ကြီးဆယ်ဖွဲ့၊ ငါးရာ့ငါးဆယ်ဝတ္ထုများကို ပြောပေးသည်။ နားထောင်ရင်း အိပ်ကြသည်။ သူတို့အိပ်မှ ဆရာတော် ကျိန်းရသည်။
(နောင်တွင် လက်ရေး ရေးချိန်အဖြစ် သတ်မှတ်ပေး၏။)

ဆရာတော့်အနီး ကျောင်းသားကလေးများ ထိုသို့ နေထိုင်သည်ကို အချို့ဒကာကြီးများက မကြိုက်။
ရှေးဘုန်းကြီးများလို ဖိန့်ဖိန့်တုန် ကြောက်ကြမှ ကောင်းသည် ထင်ကြ၏။ ထိုအထဲတွင် ဒကာကြီး ဦးရွှေခိုင် အပါအဝင် ဖြစ်၏။ ထို့ကြောင့် ကြိမ်တစ်လုံး ယူလာသည်။
“ကျောင်းသားတွေ ဆော့တယ်။ ဘုန်းကြီးကလဲ မရိုက်ဘူး။ ကလေးဆိုတာ ရိုက်မှ”ဟု ဆိုကာ ကြိမ်လုံးကို လှူသည်။

“ဒကာကြီး ကြိမ်က တယ်ကောင်းပါလား။ ရိုက်ရင် သိပ်နာမှာပေါ့”
“ဒါမှ မဆော့မှာပေါ့ ဘုရား”
“ဒကာကြီး ငယ်ငယ်က မဆော့ဘူးလား။ ကလေးဆော့တာ ဘာအပြစ်ရှိသလဲ။ လောက ဓမ္မအပြစ် မဖြစ်ဖို့သာ အရေးကြီးပါတယ်”

ဒကာကြီး ဦးရွှေခိုင် ဘာမှာ ပြန်၍ မလျှောက်သာတော့ပေ။
အနီးအပါးမှ ချောင်း၍ နားထောင်နေကြသော ကျောင်းသားများက ဆရာတော့်စကားကို ကြားရသောအခါ ခုန်ပေါက် ပျော်မြူးကြ၏။
ဆရာတော်သည် ကလေးများကို များစွာ အရေးပေးသည်။ သူတို့ကို အရေးတယူ ပြု၍ တိုင်ပင်သည့်အခါ တိုင်ပင်သည်။ ကလေးများကလည်း မိမိတို့ ဉာဏ်မှီသမျှ အကြံပေးလျှောက်ထားကြသည်။
ဤသို့ ဆရာတပည့် ရိုသေရင်းနှီးစွာ ဆက်ဆံမှုကို တွေ့မြင်ရသောအခါ ဆရာတော် ဦးစာရိတ္တ (ဝိသုဒ္ဓါရုံပုဒ်စစ်ဂဏ္ဍိကျမ်းပြု)သည် ‘ဆရာနဲ့တပည့် ဒီလို ရင်းရင်းနှီးနှီး ဆက်ဆံတာကို မတွေ့ဖူးဘူး။ သားနဲ့အဖလို ဆွေမျိုးသားချင်းလိုပဲ။ ရိုသေလေးစားမှု မပျက်၊ တိုင်ပင်နှီးနှောပီး နေကြတာကိုး’ ဟု ဝမ်းမြောက်ဝမ်းသာ ချီးကျူး ပြောဆိုဖူးလေသည်။


ကိုရင် မေဓာဝီ


ဆရာတော်သည် တပည့်များ နေထိုင်မကောင်းဖြစ်သည့်အခါ မိဘနှင့်မခြား ပြုစုသည်။
တခါက မေဓာဝီမည်သော ကိုရင်ကလေး နှင်းခူနှင့်ဝဲများ ပေါက်နေသဖြင့် အခြား ကိုရင် ကျောင်းသားများက သူ့အနား မကပ်ချင်ကြ။
အထူးသဖြင့် ကိုရင်များက ဆွမ်းအတူစားရမည်ကို မနှစ်သက်ကြ။
ညှီစော်နံသည်။ ထို့ကြောင့် အခြား ကိုရင်များနှင့် ရန်ဖြစ်ရသည်။
ဆရာတော်သိသောအခါ ကိုရင်မေဓာဝီကို ခေါ်ပြီး “ကိုယ့်မှာ ရောဂါရှိတာလဲ အမှန်ပဲ။ အဲဒီတော့ သူတို့ပြောတာ စိတ်မဆိုးနဲ့။ သူတို့ကို မေတ္တာထားပါ။ အဲဒီလို မေတ္တာထားရင် ငါ့တပည့်ကို သူတို့ ချစ်ခင်လာကြလိမ့်မယ်” ဟု အားပေး ဆုံးမ၍ ဆရာတော်ကိုယ်တိုင် ထိုကိုရင်ကို တစ်ပါးတည်း ခွဲ၍ ဆွမ်းခွံ့ကျွေးမွေး ပြုစုတော်မူသည်။

ထို့ပြင် “သူတပါးအပေါ် ကိုယ်က လွန်ကျူးလို့ သူတပါးက ပြောဆို ရိုက်နှက်တယ်ဆိုရင် ကိုယ်က လွန်မိတာပဲလို့ သည်းခံရတယ်။ ကိုယ်က မလွန်ကျူးဘဲ သူတပါးက ပြောဆို စွပ်စွဲမယ်ဆိုရင်လဲ ကိုယ်မှ မဟုတ်ဘဲလို့ သည်းခံရတယ်” ဟု ဆက်လက် ဆုံးမတော်မူသည်။
ထို့ကြောင့် တပည့်များက ကြည်ညိုကြသည်။ ချစ်ခင်ကြသည်။

“ငါ ဘုန်းကြီးကို ချစ်လဲ ချစ်တယ်။ ကြောက်လဲ ကြောက်တယ်”ဟု မိဖမဲ့ ကျောင်းသားလေး တင်ထွန်းက မကြာမကြာ ပြောဆိုတတ်သည်။ သူသည် ကြံကြံဖန်ဖန် ဆော့တတ်သော ကျောင်းသားကလေးများ စာရင်းတွင် ဗိုလ်စွဲသူ ဖြစ်သည်။ ဆရာတော်သည် အပြုပြင်ခက်သော ကျောင်းသား၊ သူများထက် ပိုဆိုးသော ကျောင်းသားအချို့ကို စိတ်မပျက် အားမလျော့ဘဲ မိမိအနီး နေစေ၍ သွားလေရာ အမြဲ ခေါ်သွားလေ့ရှိ၏။ မိမိ မျက်စိအောက် ထား၍ ဆုံးမ၏။
ဤသို့လျှင် မည်မျှ ဆိုးပေသော ကျောင်းသားဖြစ်စေ၊ သူတော်ကောင်း အရိပ်အာဝါသကို ခိုရ၊ သူတော်ကောင်း အမူအကျင့်ကို တွေ့မြင်ရဖန် များလာသောအခါ ဝါသနာဓာတ်ကူပြီး လိမ္မာယဉ်ကျေးလာရတော့၏။

+ သူတော်ကောင်းနှင့် ပေါင်းဆုံမှ
ပစ္စုပ္ပန် သံသရာ မြတ်သည်။
+ စဥ့်ကျောက်သည် ရွှေနှင့် ရောချက်လျှင်
ရွှေရောင်တောက်သည်။
+ မီးသွေးခဲ မဲမဲသည် မီးကျီးခဲရဲရဲနှင့် ရောလျှင်
မီးကျီးခဲ ရဲရဲ ဖြစ်သည်။
+ ပတ္တမြားတွင်းထွက် မှန်သော်လည်း
ကျောက်သွေးသမားက အကာကုန်အောင် သွေးမှ
အရောင်တောက်သည်။
(ရွှေကျင်ဆရာတော် စကားပုံ)

(ဦးမာနိတသိရီ နှင့် ဦးနန္ဒမာလာဘိဝံသတို့၏ ‘နဝမ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး၏ ဂုရုပတ္တိကထာ’ - မှ)
(၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် ‘ကေလာသဂျာနယ်’ အတွဲ-၁ အမှတ်-၂ တွင်လည်း ဖော်ပြခဲ့သည်။)

No comments: