Thursday, August 12, 2010

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၂) - (ရွှေတောင်ကုန်းဆရာတော်)

အဲဒီလို အနေအထားမျိုး ဖြစ်မှာကိုပဲ ရွှေဥမင်ဆရာတော်ဘုရားကြီးက ဘုန်းကြီး မဟာဗောဓိတောရစခန်းမှာ အနားယူနေတုန်းက သာသနာပိုင်ဖြစ်မယ့် လမ်းစဉ် လိုက်နေတော့တာတဲ့။

ရှေးက ဆရာတော်ဘုရားကြီး ဒီအတိုင်းပဲ မိန့်ခဲ့ပါတယ်။

အဲဒါ စိတ်ထဲက စွဲနေတာ။
ဘုန်းကြီးအပေါ် နောင်တော်ကြီးတစ်ပါးအနေနဲ့ရော၊ တကယ့်သီတင်းသုံးဖော်ကောင်းတစ်ပါးအနေနဲ့ပါ ကျောက်တန်း မဟာဗောဓိတောရမှာ အနားယူနေစဉ်က ပြောခဲ့တဲ့ စကားက နှလုံးထဲ အသည်းထဲမှာ စွဲပြီး ကျန်နေတာ အခုထက်ထိ အသံလေး ကြားယောင်နေပါသေးတယ်။


ရွှေဥမင်ဆရာတော်ဘုရားကြီး၊ ဦးသုခ၊ (ဓာတ်ပုံ-အင်တာနက်)

အဲဒီလို သတိတရား ပေးခဲ့တဲ့ ဆရာတော်ကြီး လွန်ခဲ့တဲ့ လေးရက်က စံလွန်တော်မူသွားပါပြီ။
အားကိုးလောက်တဲ့ ဆရာတော်ကြီး စံလွန်တော်မူသွားပါပြီ။
ဒီဆရာတော်ကြီးကို အမှီပြုနေတဲ့ ရှင်ရဟန်းအပါအဝင် အမျိုးသား အမျိုးသမီး ပုဂ္ဂိုလ်များဟာ ဒီလို ဆရာတော်ကြီးကို အမှီပြုရတဲ့အတွက် ဘယ်လောက် အတိုင်းအတာအထိ ဆရာတော်ဘုရားကြီးရဲ့ အလိုဆန္ဒအရ သာသနာပိုင်ကြပြီလဲဆိုတာ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ဖို့ လိုပါတယ်။

တစ်ကိုယ်ရည် သာသနာပိုင်တဲ့ နည်းတွေ ပေးတော့ သွားပါရဲ့။
ဒါပေမယ်လို့ စိတ်ချလက်ချ ပိုင်ပြီလား၊ အာမခံချက်ရှိလောက်အောင် ပိုင်ပြီလားဆိုတာလည်း ကိုယ့်ကိုယ်ကို ပြန်ပြီး စစ်တမ်းထုတ်ဖို့ လိုပါတယ်။
အဲ စစ်တမ်းထုတ်ကြည့်လို့ ကိုယ့်မှာ မပိုင်သေးဘူးဆိုလို့ရှိရင်တော့ ဆရာတော်ဘုရားကြိး အလိုကျဖြစ်အောင် ကျင့်သုံးပြီဆိုလို့ရှိရင် အဲဒါ ဆရာတော်ကြီးကို ရိုသေတာပဲ။ လေးစားတာပဲ။ မြတ်နိုးတာပဲ။
ရိုသေ လေးစား မြတ်နိုး ကိုးကွယ်ရကျိုးလည်း နပ်သွားမယ်။

အဲဒီတော့ ရိုသေလေးစား မြတ်နိုးကိုးကွယ်တဲ့ အနေအထား ရောက်အောင် ဘဝအာမခံချက်တွေ ရှိနိုင်လောက်တဲ့ အနေအထားထိ ရောက်အောင်လို့ ဆရာတော်ဘုရားကြီး စံလွန်တော်မမူခင်ကပင် အဖန်ဖန် အထပ်ထပ် ဆုံးမခဲ့တဲ့ သာသနာပိုင် ဖြစ်အောင် လုပ်နည်းလေးတွေကို ကြိုးစားကြပါလို့ ဘုန်းကြီးက လေးလေးနက်နက် ဒီပလ္လင်ပေါ်က နေပြီး တိုက်တွန်းပါတယ်။

ဒါနဲ့ စပ်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်တော်ထဲက မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံခင် သုံးလလောက်အလိုမှာ ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓသာသနာလိုရင်း အနှစ်ချုပ် တရားလေးကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ နည်းစနစ်အတိုင်း တပည့်ကောင်းပီပီ ဆရာ့နည်းလမ်း လိုက်ရမယ်ဆိုတဲ့အတိုင်း ဓမ္မလက်ဆောင်လေး ပေးပါရစေ။

ဗုဒ္ဓသာသနာ လိုရင်းအနှစ်ချုပ် တရားတော် ဖြစ်ပေါ်လာရခြင်းအကြောင်းက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး သုံးလအလိုမှာ ဝေသာလီနေပြည်တော် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက် စုလစ်မွန်းချွန်းနဲ့ တည်ဆောက်ထားတဲ့ ကျောင်းတိုက်မှာ မြတ်စွာဘုရား ဆိုက်ရောက်တော်မူပါတယ်။

အဲဒီအချိန်မျာ အာယုသင်္ခါရ လွှတ်ပြီးပါပြီ။
သုံးလ လွန်မြောက်လို့ရှိရင် ပရိနိဗ္ဗာန် စံတော့မယ်ဆိုတာ ကြေညာချက် ထုတ်ပြီးပြီ။
ဝေသာလီကို မြတ်စွာဘုရား အင်မတန် ချီးကျူးပါတယ်။
အဲဒီ မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်မှာ သီတင်းသုံးနေတုန်းအခိုက် အရှင်အာနန္ဒာကို အမိန့်ရှိခဲ့တယ်။
“ချစ်သား အာနန္ဒာ၊ ဝေသာလီနေပြည်တော် အမှီပြုပြီး မြို့တွင်းရော မြို့ပြင်ပရော နေကြတဲ့ ရဟန်းတော်တွေကို ဒီကျောင်းတိုက်ထဲက ဥပဋ္ဌာနသာလာ ခေါ်တဲ့ ဓမ္မာရုံကြီးမှာ စုလိုက်”တဲ့။
‘ဥပဋ္ဌာနသာလာ’ ဆိုတာ “ညီမူစည်းဝေး စုဝေးရာ ဇရပ်”လို့ ခေါ်ပါတယ်။

မြတ်စွာဘုရား မိန့်တော်မူခဲ့တဲ့အတိုင်း အရှင်အာနန္ဒာက အားလုံး သံဃာတွေ ဆုံတဲ့အခါမှာ “မြတ်စွာဘုရား ဝေသာလီအမှီပြုပြီး သီတင်းသုံးနေကြတဲ့ သံဃာတွေ ညီမူစည်းဝေးရာ ဓမ္မာရုံကြီးမှာ အားလုံး စုပြီးပါပြီ။ မြတ်စွာဘုရား ကြွရောက်ဖို့ အချိန်တန်ပါပြီ ဘုရား”လို့ လျှောက်တယ်။

အဲသလို လျှောက်တဲ့အခါမှာ မြတ်စွာဘုရားက ဓမ္မာရုံကြီးထဲ ကြွ၊ အဆင်သင့် ခင်းထားတဲ့ နေရာပေါ်မှာ ထိုင်တော်မူပြီး စကားတွေ ဘာမျှ ပလ္လင်ခံမနေတော့ပါဘူး။
ဗုဒ္ဓသာသနာရဲ့ လိုရင်း အနှစ်ချုပ်တရားကို -

တသ္မာတိဟ ဘိက္ခဝေ ယေ တေ မယာ ဓမ္မာ အဘိညာ ဒေသိတာ၊
တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ၊
ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ၊
တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုဿာနံ။
(သုတ် မဟာဝါ၊ ပါ၊ ၁၂၉)
... လို့ ဟောတော်မူပါတယ်။

မြန်မာလို လိုရင်း ပြန်ရမယ်ဆိုရင် -

ချစ်သားတို့ ... ဒီနေရာဌာနမှာ ငါဘုရားရဲ့ အမိန့်အရ ညီညာဖြဖြ ရောက်လာခြင်းဆိုသော အကြောင်းကြောင့် ငါဘုရား ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိရှိထားတဲ့ ဓမ္မတွေ ရှိပါတယ်။ စိတ်ကူးနဲ့ ဟောထားတဲ့ တရား မဟုတ်ဘူး။ မယာ အဘိညာလို့ ဆိုထားပါတယ်။ ငါဘုရားကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိထားတာတဲ့။
ထိုတရားတို့ကို သင် ချစ်သားတို့ ကိုယ်တိုင် ရိုရိုသေသေ လေးလေးစားစား လေ့လာပါတဲ့။
ကျင့်နည်းမှန်တွေ သိအောင် ပထမဆုံး နာယူ လေ့လာ မှတ်သားပါတဲ့။
မှတ်သားမိတဲ့ တရားတွေကိုလည်း ပထမဆုံး စတင် မှီဝဲပါ။ အလုပ်စပါတဲ့။
ဆေးကောင်းဝါးကောင်းများ နေ့စဉ် မှီဝဲကြသလို ပထမ စတင် မှီဝဲလိုက်ပါတဲ့။
နောက် ထပ်ကာ ထပ်ကာ မှီဝဲပါတဲ့။
မှီဝဲဆိုတာ ဘာဝေတဗ္ဗတဲ့။
ဖြစ်လက်စ တရားကို တိုးတက် ဖွံ့ဖြိုးသွားအောင်၊ ငယ်ရာကနေပြီး ကြီးထွားသွားအောင်၊ နုရာက နေပြီး ရင့်ကျက်သွားအောင်၊ နည်းရာက နေပြီး များသွားအောင် ကြိုးစားကြ တဲ့။

အဲသလို အခြေအနေမျိုး ရောက်ဖို့ ဆိုတာကတော့ “ဗဟုလီကာတဗ္ဗာ - ကြိမ်ဖန်များစွာ ပြုကြ၊ ကြိမ်ဖန်များစွာ အားထုတ်ကြ” တဲ့တိုးပဲ တိုက်တွန်းပါတယ်။

ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿစိရဋ္ဌိတိကံ” ယင်းကဲ့သို့ ငါဘုရား ညွှန်ကြားတဲ့အတိုင်း ကျင့်နည်းမှန် လေ့လာပြီ၊ ဆေးမှီဝဲသလို ထပ်ကာ ထပ်ကာ မှီဝဲပြီ၊ ကြီးအောင် ထွားအောင် ရင့်ကျက်အောင် ပြုပြီ၊ ကြိမ်ဖန်များစွာ သင်ကြားပြီး ဒီအကျိုးပေါ်တဲ့အထိ ကြိုးစားပြီဆိုရင် သီလ သမာဓိ ပညာ သုံးမျိုးကို ဗုဒ္ဓယဉ်ကျေးမှုကို ခြုံပြီး ဖော်ပြထားတဲ့ သာသနဗြဟ္မစရိယ - မြတ်စွာဘုရား အဆုံးအမ မြတ်သော အကျင့် သာသနာဟာ ကြာမြင့်စွာသော ကာလကို ခံမယ်တဲ့။ စွဲမြဲတည့်တံ့မယ်၊ အရှည်ခိုင်မယ်၊ သာသနာအရှည်တည်ပြီဆိုရင် - “တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ”ဖြစ်မယ်တဲ့။

ရှင်ရဟန်းပိုင်းဆိုင်ရာရော ဒကာ ဒကာမပိုင်းဆိုင်ရာရော ကိုယ်စီ သာသနာလေးတွေ အသီးသီး စိတ်ချလောက်တဲ့ အာမခံချက် ရှိနိုင်တဲ့အထိ တော်တော်များများ တည်သွားပြီ။
သာသနာပိုင်သွားပြီဆိုလို့ရှိရင် အဲဒီတည်တံ့မှုဟာ ဗဟုဇနဟိတာယ - လူအများစု အစီးအပွား ဖြစ်ဖို့ပဲတဲ့။
ဗဟုဇနသုခါယ - လူအများစု ချမ်းသာဖို့ပဲတဲ့။

လူ နတ်တွေကို ကြင်နာသနား မေတ္တာ ကရုဏာထားပြီး စောင့်ရှောက်ဖို့လည်း ဖြစ်တယ်တဲ့။
လူ နတ်တို့ရဲ့ ပစ္စုပ္ပန် တမလွန် နှစ်တန် အကျိုးစီးပွားတွေ ဖြစ်ထွန်းဖို့ပဲတဲ့။

အဲဒီစကားတွေ မိန့်ကြားတယ်။
အဲဒီတရားတွေက အခြား မဟုတ်ပါဘူး။
ဗောဓိပက္ခိယတရား (၃၇)ပါးပဲတဲ့။

သတိပဋ္ဌာန် လေးပါး၊ သမ္မပ္ပဓာန် လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣနြေ္ဒ ငါးပါး၊ ဗိုလ် ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါး၊ မဂ္ဂင် ရှစ်ပါး”တဲ့။

ဗောဓိဉာဏ်ရဲ့ အသင်းအပင်းဖြစ်တဲ့ တရားတွေပါ။
ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး မိမိအမှီပြုလာတဲ့ ပုဂ္ဂိုလ်တွေ ရှုမှတ်နည်းတွေ ပေါ်တာတွေ ရှုရမယ်ဆိုတာ ပြတယ် မဟုတ်လား။
ပြတော့ ရတယ်မဟုတ်လား။
အဲဒါ သတိပဋ္ဌာန်တရားပဲ။
ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှုအစဉ်ထား”ဆိုတာ ဖြစ်တိုင်း မှတ်ရှုတာပဲ။
အဲဒီ အပိုင်းဟာ မြတ်စွာဘုရား (၄၅)ဝါပတ်လုံး ဟောထားတဲ့ တရားတော်ရဲ့ လိုရင်းအနှစ်ချုပ်ပါပဲ။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကလည်း သူ့ဒီပနီတွေထဲမှာ ရေးထားတယ်။
သာသနာအနှစ်ချုပ်တရားဟာ ဗောဓိပက္ခိယတရား (၃၇)ပါးပဲတဲ့။
အဲဒီထဲက သတိပဋ္ဌာန်တရားဟာ သိပ်အရေးပါလှပါတယ်။

သတိပဋ္ဌာန်ဘာဝနာတရား အားထုတ်တာဟာ ကိုယ်တိုင် သာသနာပိုင်ဖြစ်ဖို့ လုပ်ကြတာပါပဲ။
အဲသလို အားထုတ်ကြပါလို့ ဆိုလိုရာ ရောက်ပါတယ်။

ရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီးကလည်းပဲ သူ့ထံ လာတဲ့ ပုဂ္ဂိုလ်တိုင်းကို “သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတာက သတိပဋ္ဌာန်တရားကို အားထုတ်ပါ။ ဖြစ်တိုင်း မှတ်ရှု သတိပြုပါ။ ဒါ ဆုံးမတာ။ အဲဒါ သာသနာပိုင်ဖြစ်အောင် ကြိုးစားတဲ့နည်းပဲ။

အဲဒါကို လိုရင်း သိနားလည်ရအောင်ဆိုပြီး အနန္တကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက ပါဠိမကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များ မြန်မာမှုသက်သက်နဲ့ သိရအောင် ဆောင်ပုဒ်ကလေးတွေ လုပ်ထားတယ်။
ဗုဒ္ဓသာသနာ လိုရင်းအနှစ်ချုပ် တရားတော်တဲ့။

တသ္မာတိဟ ဘိက္ခဝေ ယေ တေ မယာ ဓမ္မာ အဘိညာ ဒေသိတာ၊
တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ၊

အဲဒါကို ဆရာတော်ဘုရားကြီးက “ကိုယ်တိုင်သိပြီးသား တရားများ”လို့ စီထားပါတယ်။
‘မယာ ဓမ္မာ အဘိညာ’ ဆိုတာ ‘ကိုယ်တိုင်သိပြီးသား တရား’လို့ အဓိပ္ပာယ်ရတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်လောက်က ပရိနိဗ္ဗာန်စံတော် မမူခင် (၃)လလောက် အလိုမှာ ဝေသာလီနေပြည်တော် မဟာဝုန်တော ကူဋာဂါရ စုလစ်မွန်းချွန်းတပ်တဲ့ ကျောင်းတော်ကြီးမှာ သံဃာတော် အမှူးရှိတဲ့ ပရိသတ်ကို ဟောခဲ့တဲ့ တရားပါ။
အင်မတန်ကို ရှေးကျပါတယ်။
ကဲ လိုက်ဆိုကြပါ။

ကိုယ်တိုင်သိပြီးသား၊ တရားများ၊ ဘုရားဟောခဲ့သည်။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက မြန်မာမှုနဲ့ စီသွားတာ။ ဘာမှ အပိုအဆာတွေ မပါဘူး။ အင်မတန် ရှင်းပါတယ်။

ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်။

တေ ဝေါ သာဓုကံ ဥဂ္ဂဟေတွာ အာသေဝိတဗ္ဗာ ဘာဝေတဗ္ဗာ ဗဟုလီကာတဗ္ဗာ

ထိုတရားများကို သင်ချစ်သားတို့ ကိုယ်တိုင်က သင်ယူထားတဲ့။
ကျင့်နည်းမှန်တွေ သိရအောင် သတိပဋ္ဌာန်ဘာဝနာတရားတွေကို ဘယ်လို ကျင့်သုံးရမလဲ၊ ဘယ်လို မှတ်ရမလဲဆိုတာ ကောင်းမွန်စွာ သင်ကြားပါတဲ့။
သင်ကြားပြီးတော့ တရား အစပျိုးပါတဲ့။
အစပျိုးထားတဲ့ တရားကိုလည်း ဝီရိယအရှိန် မြှင့်တင်ပြီးတော့ အဆင့်တိုးအောင်လည်း ကြိုးစားပါ။
အဆင့်ဆင့် တိုးအောင်လည်း ကြိုးစားပါ။
နောက်ဆုံး မြော်မှန်းထားတဲ့ တရားပန်းတိုင် လိုရင်းပန်းတိုင် ရောက်တဲ့အထိလည်းပဲ အောင်မြင်အောင် ကြိုးစားပါတဲ့။

ပါဠိဘာသာနဲ့ ဟောထားတဲ့ ထိုတရားကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက -
ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်”လို့ မိန့်ကြားခဲ့တယ်။
ဒီလောက်ဆို အကုန်လုံး အဓိပ္ပာယ် ခြုံမိငုံမိပါတယ်။
ကဲ ဆိုရမယ်။

ထိုတရားများ၊ မှတ်ယူထား၊ ဖြစ်ပွားစေရမည်။

သီလ၊ သမာဓိ၊ ပညာ ခေါ်တဲ့ သိက္ခာသုံးရပ် မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာကို ဖြစ်ပွားစေရမယ်တဲ့။ ရှုပွားစေရမယ်တဲ့။
ပထမဆုံး မြတ်စွာဘုရား ဟောထားတဲ့ ကျင့်နည်းအမှန်ကို စာပေအရ ကောင်းမွန်စွာ လေ့လာရမယ်။
များများ လေ့လာဖို့ မဟုတ်ပါဘူး။
ဒီတရားတွေ ဒီလို အားထုတ်ရတယ်ဆိုတဲ့ ရှုမှတ်တဲ့ နည်းလေးတွေ ကလျာဏမိတ္တ ခေါ်တဲ့ ဆရာကောင်းထံ ချဉ်းကပ်ပြီး လေ့လာရင် ရပါတယ်။

ပြီးတော့ ဖြစ်ပွားစေရမယ်။
ဖြစ်ပွားစေရမယ်ဆိုတာ အစပျိုးရမယ်။
တရားအရှိန် မြှင့်တင်ပြီးတော့ တဆင့်တိုးရမယ်။
အောင်မြင်သည့်အထိ အဆင့်ဆင့် တိုးပြီးတော့ အားထုတ်ရမယ်။
အဲဒါ ဖြစ်ပွားစေရမယ် ဆိုတာပဲ။

အဲဒီလို ဖြစ်ပွားစေလို့ရှိရင် ဘာအကျိုးတွေ ဖြစ်ထွန်းလာသတုံးဆိုတော့ လက်ငင်း အားထုတ်လာခဲ့တဲ့ ပုဂ္ဂိုလ်ဟာ သာသနာပိုင်လာတာပေါ့။
ရှင် အားထုတ်လို့ ရှင်ရသွားတဲ့အခါ ရှင်ဟာ သာသနာပိုင်ပဲ။
ရဟန်းငယ် အားထုတ်လို့ ရဟန်းငယ် ရသွားတဲ့အခါ ရဟန်းငယ်ဟာ သာသနာပိုင်ပဲ။
ရဟန်းကြီး အားထုတ်လို့ ရသွားရင် ရဟန်းကြီးဟာ သာသနာပိုင်ပဲ။
မထေရ်ကြီးတွေ အားထုတ်လို့ ရသွားရင် မထေရ်ကြီးဟာ သာသနာပိုင်ပဲ။

အားမထုတ်ရင် မရဘူး။
မရရင် သာသနာ မပိုင်ဘူး။
သိပ်ရှင်းရှင်းလေး ဟောထားပါတယ်။

တစ်ဦးတစ်ယောက် သာသနာပိုင်သွားရင် ဆင့်ပွားတွေ ဖြစ်နိုင်တယ်။
မိသားစုထဲက တစ်ယောက် သာသနာပိုင်သွားပြီဆိုရင် သာသနာပိုင်ရတဲ့အတွက် ရရှိတဲ့ အကျိုးကို ကောင်းကောင်းကြီး သိနားလည်သွားတော့ မိမိအတွက် မြတ်နိုး တန်ဖိုးထားသလို မိမိနဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေအတွက်လည်း တန်ဖိုးထားတတ်လာတယ်။

သာသနာပိုင်နိုင်လောက်အောင်လည်း အဖြစ်နိုင်ဆုံး အကောင်းဆုံးနည်းနဲ့လည်း တိုက်တွန်းတော့တာပဲ။
တိုက်တွန်းခံရတဲ့ ပုဂ္ဂိုလ်များကလည်းပဲ တိုက်တွန်းမှုကို ယုံယုံကြည်ကြည်ဖြစ်ပြီး သူတို့လည်း သာသနာပိုင်ဖြစ်အောင် ကြိုးစားတော့ ဆင့်ပွားဆင့်ပွား သာသနာပိုင်တွေ ဖြစ်တော့တာပေါ့။

သူတို့ ကျင့်နည်းမှန်နဲ့အတူ သီလ သမာဓိ ပညာ ခေါ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုတွေ ရသွားပြီ၊ ပိုင်သွားပြီ။
ဒီလို ပိုင်သူ ဆင့်ပွား ဆင့်ပွားတွေ များနေပြီဆိုရင် သာသနာဟာ တာရှည်ခံမှာပေါ့။
ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသရွေ့ တာရှည်ခံမှာပဲ။
ဒါကြောင့်မို့လို့ အကျိုးကို ဒီလို ပြထားတာပဲ။

ယထယိဒံ ဗြဟ္မစရိယံ အဒ္ဓနိယံ အဿ စိရဋ္ဌိတိကံ တဲ့။
ဒီပါဠိဘာသာကို မြန်မာလို ပြန်ထားတာပဲ။
ကဲ ဆောင်ပုဒ်ကို လိုက်ဆိုရမယ်။

သို့ဖြစ်စေရာ၊ သာသနာ၊ ရှည်စွာတည်လိမ့်မယ်။

ထိုကဲ့သို့ ဖြစ်လို့ရှိရင်လို့ ဆိုလိုတာပေါ့။
ယင်းကဲ့သို့ မဖြစ်ဘူးဆိုရင် မတည်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ခပ်ရှင်းရှင်းလေးပဲ။

ပဋိပတ္တိသဒ္ဓမ္မောပိ ဟိ ပဋိပတ္တိပူရကေသု သတ္တေသု အသတိ အန္တရဓာယတိ နာမ၊”
လက်တွေ့ ကျင့်သုံးမှု ပဋိပတ္တိသဒ္ဓမ္မ သူတော်ကောင်းတရား သာသနာတော်ဟာ လက်တွေ့ ဖြည့်ကျင့်သူများ မရှိလို့ရှိရင် အဲဒီ သာသနာကွယ်တယ်။

လူဦးရေ သန်းပေါင်း (၅၀)ထဲက အခုလို ကျင့်နည်းမှန်တရားတွေလည်း လေ့လာမှု မရှိကြဘူး၊ ကြားနာလေ့လာတာလည်း မရှိဘူး၊ စာအုပ်ကြည့်ပြီး လေ့လာတာလည်း မရှိဘူး၊ ဆွေးနွေးလေ့လာတာလည်း မရှိဘူး၊ လေ့လာပေမယ့်လို့ လက်တွေ့ ကျင့်သုံးတဲ့အပိုင်း မရောက်သေးဘူးဆိုရင် ရုပ်နာမ်ပိုင်းခြားသိမှုကအစ အသိဉာဏ်တွေလည်း မပွင့်သေးဘူး၊ မရင့်သေးဘူး။

မရင့်ကျက်သေးရင် အနည်းဆုံး သောတာပန်လည်း မဖြစ်သေးဘူး။

လက်တွေ့ကျင့်သုံးရတဲ့ သဒ္ဓမ္မ ခေါ်တဲ့ သူတော်ကောင်းတရား သာသနာတော်ဟာ ပဋိပတ္တိအလုပ်ဟာ လက်တွေ့ကျင့်သုံး ဖြည့်ကျင့်သူ မရှိခဲ့လို့ရှိရင် ကွယ်သည် မည်တယ် တဲ့။

ဘုန်းကြီးကိုယ်တိုင်က ကျင့်နည်းမှန်ကိုလည်း မသိဘူး။
သိပေမယ်လို့ မကျင့်ဘူး။
ခုန ဆရာတော်ကြီး အမိန့်ရှိသလို သာသနာပိုင်ဖြစ်အောင် အဆုံးအမမျိုးလည်း မရဖူးဘူး။
ရပေမယ်လို့ ကျင့်သုံးမှု မရှိဘူးဆိုရင် အဲဒီ ဘုန်းကြီးမှာ ရဟန်းဖြစ်လျက်သားနဲ့ သာသနာ ကွယ်ပြီတဲ့၊ သာသနာမပိုင်ဘူးတဲ့။

တရားတော့ ရှိတာပဲ။
ဗုဒ္ဓစာပေဘက်မှာလည်း ကျင့်နည်းမှန်တွေ ရှိကြတယ်။
တကယ့် သံဃာတော်တွေထံမှာလည်းပဲ ကျင့်နည်းမှန်တွေ ရှိကြတယ်။
ဒါပေမယ်လို့ အဲဒီ ပုဂ္ဂိုလ်တွေနဲ့ မနီးစပ်တော့၊ နီးစပ်ပေမယ့် လက်တွေ့ကျကျ မကျင့်သုံးတော့၊ အခြားကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ဖြစ်နေတော့ ပဋိပတ္တိသဒ္ဓမ္မ ခေါ်တဲ့ သူတော်ကောင်းတရားဟာ ဘုန်းကြီးကိုယ်တိုင်က မဖြည့်ကျင့်ဘူးဆိုရင် ဒီသာသနာကို ဘုန်းကြီးပိုင်တာ မဟုတ်တော့ ဘုန်းကြီးမှာ သာသနာကွယ်တယ် တဲ့။
မညှာမတာ ဘုန်းကြီးက ကိုယ့်ကိုယ်ကို ဝေဖန်ရမှာပဲ။
ကျင့်သုံးလို့ရှိရင်တော့ မကွယ်ဘူးပေါ့။

ပဋိပတ္တိသာရံ ဟိ သာသနံ
မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ ပဋိပတ္တိ လက်တွေ့ကျင့်သုံးခြင်းလျှင် အနှစ်သာရ ရှိတယ်။
လက်တွေ့ကျင့်သုံးမှ တရားအနှစ်သာရ ရတယ်လို့ ဆိုလိုပါတယ်။
ယောင်ဝါးဝါး မှုန်မွှားမွှား ချည့်နဲ့နဲ့ အဆန်ချောင် မဟုတ်ဘူး။
အနှစ်သာရနဲ့ ပြည့်စုံတယ်။
လက်တွေ့ ကျင့်ပါ။
စာတွေ့နဲ့ မရပါဘူး။ စာအုပ်က ပြောရုံနဲ့ မရပါဘူး။
ဆရာက ပြောရုံနဲ့ မလုံလောက်ပါဘူး။
လက်တွေ့ကျင့်မှ ဒီတရားအနှစ်သာရတွေ ထွက်မှာ။

လက်တွေ့ကလည်း မရှိဘူး။
ကိုယ်ပိုင်သာသနာ မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဆုံးရှုံးကြပုံတွေတော့ ကြောက်လန့်ဖွယ် ကောင်းလှပါတယ်။

ပဋိပတ္တိယာ ဟာယမာနာယ သတ္တာ ဟာယန္တိနာမ
လက်တွေ့ကျင့်သုံးမှု ပဋိပတ္တိ ဆုတ်ယုတ်ပြီဆိုရင် မကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာ ဆုတ်ယုတ်နစ်နာ ဆုံးရှုံးကြသည် မည်တယ် တဲ့။

ဘုန်းကြီးတို့ မြန်မာပြည်မှာ ဘယ်လောက် ဆုံးရှုံးနေသလဲဆိုတာ ကြည့်ပေါ့။
ဘုန်းကြီးတို့ ရဟန်းတော်တွေမှာလည်း ဘယ်လောက်ဆုံးရှုံးနေတယ်ဆိုတာ ကြည့်ပေါ့။
ဘုန်းကြီးကိုယ်တိုင်က သီလကျင့်နည်းမှန် မသိဘူး၊ သီလမရှိဘူးဆိုရင် ဒီသီလ ဘုန်းကြီး မပိုင်ဘူး။
မပိုင်ဘူးဆိုရင် ဘုန်းကြီး ဆုတ်ယုတ်ပြီပေါ့။ ဆုံးရှုံးနစ်နာသွားပြီပေါ့။ လူဖြစ်ရကျိုး မနပ်တော့ဘူး။ သာသနာတော်ကြီးနဲ့ တွေ့ကြုံရကျိုး မနပ်ဘူး။

သီလလောက်တော့ ရှိတယ်။ စိတ်ကို သတိပဋ္ဌာန်နည်းနဲ့ မပြုပြင်ဘူးဆိုလို့ရှိရင် စိတ်တွေ တောင်ရောက်မြောက်ရောက်နဲ့ ယောက်ယက်ခတ်နေမှာပေါ့။
အဲဒီလိုဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ ဘုန်းကြီး ပျက်စီးနေတာပဲ။

စိတ်ပိုင်းဆိုင်ရာက ထိုက်သလောက်တော့ ရှိပါရဲ့။
ဒါပေမယ်လို့ ရုပ်နာမ်ပိုင်းခြားသိမှုက အစ အသိဉာဏ်လေးတွေ မပွင့်ဘူးဆိုရင် မရှိဘူးဆိုရင် မဟုတ်တာတွေ စွဲထားတဲ့ အစွဲတွေက မပျောက်ဘူး။
တစ်သက်လုံး တစ်ဘဝလုံး တစ်သံသရာလုံးက စွဲလာတာ ရုပ်နာမ်ကို ပုဂ္ဂိုလ်သတ္တဝါ ထင်တာ။
ဗြဟ္မာကြီးလေးယောက်ကပဲ လူ့ပြည်လောကကို ဆင်းပြီး လူတွေ ပေါက်ဖွားပေးတယ်ဆိုတဲ့ အစွဲတွေ၊ မြဲတယ်၊ ကောင်းစား ချမ်းသာတယ်၊ ဘာမဆို ကိုယ့်အလိုအတိုင်း ဖြစ်တာပဲဆိုတဲ့ အစွဲတွေ မပျောက်ဘူး။
အဲဒီ အစွဲတွေ မပျောက်သမျှ ကာလပတ်လုံး ဒီပုဂ္ဂိုလ်ဟာ အဲဒီအစွဲတွေနောက် လိုက်ပြီးတော့ မှားတော့တာပဲ။

ပဋိပတ္တိဆုတ်ယုတ်ပြီဆိုရင် သတ္တဝါတွေဟာ သာသနာမပိုင်တဲ့အတွက် သာသနာမဲ့နေတဲ့အတွက် အကုန်လုံး ဆုတ်ယုတ် နစ်နာသွားကြသည် တဲ့။

အဲဒါတွေ မဖြစ်ရအောင်ဆိုပြီး ခုန စောစောပိုင်းက ဆရာတော်ကြီးက သူ့ထံ လာရောက်ပြီး ဖူးမြော်တဲ့ ကိုယ်တော်တွေကို “ကိုယ်တော်တို့၊ မောင်ပဉ္စင်းတို့၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားကြ”လို့ ဒါကို ရည်ရွယ် ပြောတာ။

ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်းပဲ ဘုန်းကြီး လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က မဟာဗောဓိတောစခန်းမှာ နေစဉ်ကာလက အဲဒီ ဆရာတော်ဘုရားကြီး မိန့်ကြားတဲ့ အချက်ကို တဆင့် ဆင့်ပွား ဘုန်းကြီးကို အမိန့်ရှိခဲ့တာ ဘယ်တော့မှ မမေ့ဘူး။
နားထဲမှာ ကြားယောင်နေဆဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားက မိန့်ကြားတယ်။
မယှဥှိ ပဋိပတ္တိကထနမေဝ ဘာရော” တဲ့။
ချစ်သားတို့၊ ငါဘုရားရဲ့ တာဝန်ကတော့ ကျင့်နည်းအမှန်ကို တိတိကျကျ ဟောပေးဖို့ပဲ တဲ့။

ပဋိပတ္တိပူရဏံ ကုလပုတ္တာနံ ဘာရော
လက်တွေ့ အကျင့်ဖြည့်ဆည်းမှု အလုပ်၊ လက်တွေ့အားထုတ်မှု အလုပ်ဆိုတာ ကုလပုတ္တ=အမျိုးကောင်းသား အမျိုးကောင်းသမီးများရဲ့ တာဝန်ပဲ တဲ့။

အမျိုးကောင်းသား အမျိုးကောင်းသမီးဆိုတာ ဟိုခေတ်ကတော့ ဇာတ်မြင့်တဲ့ ပုဂ္ဂိုလ်တွေကို ‘ဇာတိကုလပုတ္တ’လို့ ခေါ်ပါတယ်။
အကျင့်စာရိတ္တကောင်းကြတဲ့ ပုဂ္ဂိုလ်တွေကို ‘အာစာရကုလပုတ္တ’လို့ ခေါ်ပါတယ်။
အကျင့်ကောင်းတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်မှလည်း အားထုတ်ဖြစ်ပါတယ်။
တကယ် အားထုတ်မိတဲ့ ပုဂ္ဂိုလ်များရဲ့ တာဝန်ကတော့ လက်တွေ့ ကျင့်သုံးမှုပဲ။

မြတ်စွာဘုရားက သူ့တာဝန် ကိုယ့်တာဝန် ခွဲခြားပြီး ပြသွားပါတယ်။

အနုကမ္ပကဿ သတ္ထုကိစ္စံ၊ ယဒိဒံ အဝိပရိတဓမ္မဒေသနာ
တိတိကျကျ လက်တွေ့ကျင့်သုံးတတ်အောင် ကျင့်နည်းမှန်တွေ ဟောပြောမှုကတော့ သင်ချစ်သားတို့ အပေါ်မှာ ကြင်နာသနားတဲ့ ငါဘုရားရဲ့ ကိစ္စတဲ့။
အဲဒီ နောက်ပိုင်းမှာ လက်တွေ့ကျင့်သုံးရမယ့် တာဝန်ကတော့ သာဝကများရဲ့ ကိစ္စပဲတဲ့။
ကိုယ့်တာဝန်တွေ အများကြီး ရှိနေပါတယ်။

သာသနာပိုင်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ?
ဒီအဖွင့်လေးတွေကို ဘုန်းကြီးက သိရတော့ သိပ် သံဝေဂဖြစ်ပါတယ်။
သြော် ... ငါတို့တတွေတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ လူ့အဖြစ်နဲ့ သာသနာတော်ကြီးနဲ့ ကြုံကြိုက်ပါလျက်နဲ့၊
သာသနာနဲ့ မနီးစပ်ရတာဟာ သိပ်ဝမ်းနည်းစရာ ကောင်းတယ် ဆိုတာပေါ့လေ။
သာသနာပိုင် ဖြစ်နိုင်လောက်တဲ့ အရည်အသွေးတွေ အခွင့်အရေးတွေ ဘုန်းကြီးတွေမှာသာ ပါလျက်သားနဲ့ သာသနာပိုင် မဖြစ်တာကတော့ သိပ်ဝမ်းနည်းစရာ ကောင်းတယ်။

ကိုယ်က သာသနာပိုင် ဖြစ်အောင် ကြိုးစားထားလို့ သာသနာ့အနှစ်သာရ သိပြီဆိုရင် ကိုယ့်ကိုယ်ကိုလည်းပဲ မြတ်နိုးတယ်။ တန်ဖိုးထားတယ်။
ကိုယ်နဲ့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုလည်း မြတ်နိုး တန်ဖိုးထားမယ်။
အဲဒီလို တန်ဖိုးထားတဲ့ စိတ်နဲ့ တစ်ဦးက အစ တစ်ရာ စသည်ဖြင့် ဆင့်ပွားတွေ ဖြစ်သွားနိုင်တယ်။
အဲဒီလိုဆိုရင် ဒီကိုယ်ပိုင်သာသနာဟာ အားထုတ်တဲ့ ပုဂ္ဂိုလ်အများစုမှာ ပိုင်ပြီးတော့ ဒီသာသနာ အဓွန့်ရှည်မယ်တဲ့။ တာရှည်ခံမယ်တဲ့။

အဲဒီတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ တာရှည်ခံဖို့အတွက် သာသနာကို ကြည်ညိုကြတဲ့ ပုဂ္ဂိုလ်တွေ အားလုံးမှာ တာဝန်ရှိပါတယ်။
အားလုံး တာဝန်ရှိတာကို ပေါ့ပေါ့ဆဆနေလို့ မဖြစ်ပါဘူး။
ငါတို့နဲ့ မဆိုင်ဘူးလို့ မတွက်ရဘူး။
အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်ရှိပြီး ကိုယ်စီကိုယ်စီ သာသနာပိုင်ဖြစ်အောင် ကြိုးစားလို့ အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရသွားပြီဆိုရင် စိတ်ချရပြီပေါ့။

ရဟန္တာ မဖြစ်သေးသည့်တိုင်အောင်တောင်မှ သာသနာ့နယ်ထဲမှာ အရိယာအဆင့် ရောက်သွားပြီဆိုရင် ထိုက်သလောက်တော့ သာသနာပိုင်သွားပြီ။
အဲဒီ သာသနာပိုင်တဲ့ ပုဂ္ဂိုလ်မှာ ရရှိထားတဲ့ သာသနာဟာ ဘယ်တော့မှ လက်လွတ်ပြီး ဆုံးရှုံးနစ်နာ မှေးမှိန်ပြီး ပျောက်ကွယ်မသွားတော့ဘူး။
ဒီဘဝက စပြီး ဘဝအဆက်ဆက် တစ်ခါတည်း ရဟန္တာဖြစ်တဲ့အထိ သွားပြီ။
အဲဒီလိုဆိုရင် အခုကာ လူတွေအတွက်လည်း အကျိုး မရှိနိုင်ဘူးလား။
(ရှိနိုင်ပါတယ် ဘုရား)
နတ်တွေအတွက်ရော အကျိုး မရှိနိုင်ဘူးလား။
(ရှိနိုင်ပါတယ် ဘုရား)

အဲဒါကြောင့် “တဒဿ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ” ဆိုပြီး ဆင့်ပွားအကျိုး မြတ်စွာဘုရား ကိုယ်တိုင် မိန့်မှာထားတယ်။

မိန့်မှာထားတဲ့အတိုင်း ဘုန်းကြီးတို့ရဲ့ အနန္တကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက “လူနတ်တို့မှာ၊ ကျိုးချမ်းသာ၊ များစွာ ဖြစ်စေပါလိမ့်မည်” တဲ့။

အစီးအပွားနဲ့ အကျိုးဆိုတာ အစီးအပွား ဖြစ်ပါမှ အကျိုးအမြတ် ဖြစ်တာပါ။
ဘဝအတွက် အာမခံချက်ရဖို့ရာ၊ တနည်း သာသနာပိုင်ဖြစ်ဖို့ရာပါ တကယ် အစီးအပွားကတော့ ကျင့်နည်းမှန်တွေပဲ။
ကျင့်နည်းမှန်အတိုင်း ကျင့်လို့ရှိရင် အကျိုးတွေ ဖြစ်လာလိမ့်မယ်။
အားထုတ်လို့ရှိရင် သီလ သမာဓိ ပညာ တကယ့် မိမိရဲ့ အစီးအပွား အစစ်အမှန် ဖြစ်လာလိမ့်မယ်။

ကျန်တဲ့ စားဝတ်နေရေးအရ လူနေမှုအဆင့်အတန်း မြင့်မြင့်နဲ့ နေဖို့ အလုပ်ကြိုးစားရတာက လောကအမြင်အားဖြင့် အကျိုးစီးပွားလို့ ဆိုရမှာပဲ။
ဒါပေမယ်လို့ အဲဒါတွေက တစ်ဘဝစာ တစ်ခဏစာပဲ။
တကယ့် အကျိုးစီးပွား အစစ်အမှန် မဟုတ်သေးဘူး။
ကိုယ့်ဟာလို့ ထင်မှတ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တယ်။
ကိုယ်မပိုင်တဲ့ အနေအထားအထိ ဖြစ်သွားနိုင်တယ်။
ပစ္စည်းရှိရာကနေ ပစ္စည်းမဲ့ရာလည်း ဖြစ်သွားနိုင်တယ်။ မပိုင်ဘူး။

သီလ သမာဓိ ပညာ အကျင့်တရားတွေကို အားထုတ်ထားလို့ ပိုင်ပြီဆိုရင် အဲဒါကမှ တကယ့်စီးပွား အစစ်အမှန် ဖြစ်ပါတယ်။
လူတွေ နတ်တွေ အကုန်လုံးမှာ အကျိုးစီးပွား အစစ်အမှန် ဖြစ်သွားမယ်။
အဲဒါကို ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက “လူနတ်တို့မှာ၊ ကျိုးချမ်းသာ၊ များစွာ ဖြစ်စေပါလိမ့်မည်”တဲ့။

အဲဒီလို အကျိုးစီးပွား ဖြစ်စေနိုင်တဲ့ တရားကတော့ ဟောဒီလို ဟောထားပါတယ်။
ဖြစ်စေရာငြား၊ ထိုတရား၊ ဟောကြား ဤသို့မှတ်
စီးပွားတွေ တက်စေနိုင်တဲ့၊ အကျိုးတွေ ဖြစ်ထွန်းစေနိုင်တဲ့ တရားကတော့ ဟောဒီလို ဟောထားပါတယ် တဲ့။

သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ လေးတန် ဣဒ္ဓိပါဒ်။
ဣနြေ္ဒငါးပါး၊ ဗိုလ်ငါးပါး၊ ခုနစ်ပါး ဗောဇ္ဈင်မြတ်။
မဂ္ဂရှစ်သွယ်၊ ကျင့်သုံးဖွယ်၊ သုံးဆယ်ခုနစ် မှတ်။

သတိပဋ္ဌာန်ဆိုတာက အာရုံထဲမှာ စွဲစွဲမြဲမြဲ တည်နေတဲ့ သတိကို သတိပဋ္ဌာန် ခေါ်ပါတယ်။

သမ္မပ္ပဓာန်လေးပါးဆိုတာက “ကြောခြင်ရိုးရေ၊ ကြွင်းစေလေ၊ ကုန်စေ သားအသွေး၊ အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန် လေး”ဆိုတဲ့ အဆိုအမိန့်အရ အသက်ကို ပဓာန မထားဘဲ တရားရရင် ပြီးရောဆိုပြီး စွန့်စား အားထုတ်မှုမျိုးပါပဲ။
ရဲရဲရင့်ရင့်နဲ့ အားထုတ်ရတာမျိုးဟာ အရေးကြီးတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်စေဖို့၊
ဖြစ်ပြီးသား အလားတူ အကုသိုလ်တွေ ပယ်နိုင်ဖို့၊
မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်စေဖို့၊
ဖြစ်လက်စ ကုသိုလ်တရားတွေလည်းပဲ ပြည့်စုံ ကျေနပ်လောက်တဲ့အထိ ကြီးထွားပွားလာဖို့ ရဲရဲရင့်ရင့်နဲ့ အားထုတ်ရတဲ့ တရားကို သမ္မပ္ပဓာန် ခေါ်ပါတယ်။

နောက် ဣဒ္ဓိပါဒ် လေးပါး။
စီးပွား ပြီးစီးအောင်မြင်ခြင်းရဲ့ အခြေခံတရားတွေပါ။
ဣန္ဒြိယ ကြီးစိုးတရား ငါးပါးက သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ပါ။

ဗိုလ်ငါးပါးဆိုတာက စွမ်းအင်တွေပါ။
စိတ်ထဲမှာ စွမ်းအင်တွေ ရှိပါတယ်။
သဒ္ဓါစွမ်းအင်၊ ဝီရိယစွမ်းအင်၊ သတိစွမ်းအင်၊ သမာဓိစွမ်းအင်၊ ပညာစွမ်းအင်ပါ။
သဒ္ဓါစွမ်းအင်ဆိုတာ တကယ် စွဲစွဲမြဲမြဲ ယုံကြည်တာ။
ဘုရားကို ကိုယ်ကိုယ်တိုင် တကယ် ယုံကြည်တာ။
ကျင့်နည်းမှန်တွေ ယုံကြည်တာ။
ကျင့်လို့ ရရှိတဲ့ တရားတွေအပေါ် ယုံကြည်တာ။
အဲဒီ ယုံကြည်စွမ်းအားတွေ ဝင်လာကြပြီး အကုသိုလ်တွေ ရှောင်ရှားရဲတဲ့ သတ္တိရှိတာ၊ ကုသိုလ်တွေ ပွားရဲတဲ့ သတ္တိရှိတာ၊ စွန့်စားရဲတဲ့ သတ္တိရှိတာ၊ သတိစွဲမြဲတာ၊ စိတ်စုစည်းမှုတွေ အားကောင်းတာ၊ အသိဉာဏ်တွေ အခြေခံက စပြီး အဆင့်ဆင့် ဖြစ်လာတာ၊ ဒါဟာ စိတ်စွမ်းအင်တွေပဲ။
အဲဒီ စွမ်းအင်တရားတွေ စိတ်အစဉ်မှာ ရောက်လာပြီဆိုရင် စိတ်ဟာ သိပ်အားရှိတာ။

ပြီးတော့ ဗောဇ္ဈင်တရား။
အရိယာမဂ်ဉာဏ်ရဲ့ အင်္ဂါတွေ၊ မဂ္ဂင်ရှစ်ပါးတရားတွေ အကုန်လုံး မြတ်စွာဘုရားကိုယ်တိုင် သရုပ်ထုတ်ပြီး ဟောပါတယ်။

အဲဒါတွေက ဗောဓိပက္ခိယတရား (၃၇)ပါးပဲ။
လိုရင်းကတော့ သတိပဋ္ဌာန်တရား ပွားလို့ရှိရင် အကုန်လုံး ပါလာတာပါပဲ။

ကိုယ်အမူအရာပဲ ဖြစ်ဖြစ်၊ ခံစားမှု ဝေဒနာပဲ ဖြစ်ဖြစ်၊ စိတ်အမူအရာပဲ ဖြစ်ဖြစ်၊ အထွေထွေ အမူအရာပဲ ဖြစ်ဖြစ် တစ်ခုခုကို ရှုမှတ်ရတာပဲ။
စွဲစွဲမြဲမြဲ မှတ်ဖို့အတွက် ဝီရိယစိုက်လိုက်တာပါပဲ။
တစ်ခါ တစ်ခါ ဆန္ဒပြင်းပြပြီး လုပ်ရတာ ရှိတယ်။
စိတ်အားထက်သန်ပြီး လုပ်ရတာ ရှိတယ်။
တစ်ခါ တစ်ခါ ဝီရိယထက်သန်ပြီး လုပ်ရတာ ရှိတယ်။

ပြုလုပ်ဖန်များပြီဆိုရင် နောက်တော့ တရားသဘောလေးတွေ တွေ့လာတဲ့အခါမှာ တွေ့ရှိသလောက် လက်ခံလာတယ်။
ယုံကြည်လာတယ်။
အတည်ပြုလာတယ်။
သဒ္ဓါတရားတွေ ဖြစ်လာတယ်။
ဉာဏ်ထက်သလောက် သဒ္ဓါတရားဖြစ်လာတယ်။
သိပ်ကိုလည်း ရဲရင့်လာတယ်။
သိပ်ကိုလည်း သတိကောင်းလာတယ်။
သိပ်ကိုလည်း စိတ်စုစည်းမှု သမာဓိ ကောင်းလာတယ်။
ပိုင်းပိုင်းခြားခြား အသေးအဖွဲလေးတွေလည်း သိလာတာပဲ။
စိတ်စွမ်းအားတွေ ဖြစ်လာပြီ။
ကြီးစိုးနိုင်လာပြီ။
ဗောဇ္ဈင်တရားတွေလည်း အထူးသဖြင့် ဥဒယဗ္ဗယဉာဏ်ပိုင်းလောက် ရောက်လာပြီဆိုရင် ပြည့်ပြည့်စုံစုံ ဖြစ်လာတာပဲ။
အင်မတန် အံ့သြစရာကောင်းတာပဲ။

+++++

သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ (၁) - (ရွှေတောင်ကုန်းဆရာတော်)

၁၃၆၄ ခု တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ (၂၃-နိုဝင်ဘာ-၂၀၀၂) စနေနေ့။
ဒီကနေ့ည ဘုန်းကြီးများ လွန်ခဲ့တဲ့ ၄-ရက်က (၁၃၆၄ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ ၂၀-နိုဝင်ဘာ-၂၀၀၂၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃း၃၀ နာရီ ပျံလွန်တော်မူသည်။) စံလွန်တော်မူလေတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီး ဈာပနပွဲမှာ ဒီက အရှင်မြတ်များက ဘုန်းကြီးများကို တရားတစ်ည ဟောဖို့ ပန်ကြား လျှောက်ထားတာနဲ့ ဘုန်းကြီးက (၂၃)ရက်နေ့တော့ ဖြစ်ပါလိမ့်မယ်လို့ ကတိပေးလိုက်တာနဲ့မို့ တရားဟောဖို့ အခွင့်ရောက်လာပါတယ်။


ရွှေဥမင်ဆရာတော်ဘုရားကြီး

တရားဟောရမယ်ဆိုလို့ရှိရင်တော့ သုတ္တန်တစ်ခုခုကို ထုတ်ပြီးတော့ ဟောမှ သင့်မှာပါပဲ။
ဒါပေမယ်လို့ ဘုန်းကြီးများကတော့ ရွှေဥမင်ဆရာတော်ဘုရားကြီးနဲ့ အတူတူ တော်တော်လေး နှစ်ကြာကြာ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လက်အောက်မှာပင် ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ နေခဲ့ပါတယ်။
စပြီးတော့ တွေ့ဆုံတာလည်းပဲ အဲဒီ ကမ္မဋ္ဌာန်းဆရာ မလုပ်ခင်က စပြီး တွေ့တာပါပဲ။

ဘုန်းကြီးများက တစ်နှစ်စောပြီး မဟာစည်ဆရာတော်ဘုရားကြီးထံ ရောက်ရှိပြီး တရားအားထုတ်ပါတယ်။
ရွှေဥမင်ဆရာတော်ကြီးကတော့ နောက်တစ်နှစ် အားထုတ်ပါတယ်။
ဘုန်းကြီးက တရားအားထုတ်ပြီး ဆရာသမားများက တာဝန်ပေးလာလို့ ကိုယ့်တိုက်တာကို ပြန်ပြီးတော့ စာပေပို့ချရေး ကိစ္စတွေ တာဝန်ယူရတယ်။
ရွှေဥမင်ဆရာတော်ဘုရားကြီးကတော့ အဲဒီမှာ တရားအားထုတ်ပြီး မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင်က ယုံကြည် စိတ်ချပြီး ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ တာဝန်ပေးခံခဲ့ရါပတယ်။

ရွှေဥမင်ဆရာတော်ဘုရားကြီးကလည်း ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ ရှိနေတုန်းအခါက ဘုန်းကြီးများက မကြာခဏ ဘုန်းကြီးနေတဲ့ ကျောင်းတိုက်ကနေ မဟာစည်ဆရာတော်ထံ လာရောက်ပြီးတော့ မေးလျှောက်ချင်တဲ့ အချက်တွေကို မေးလျှောက်ခဲ့ပါတယ်။
တရားနဲ့ အဆက်အသွယ်ကလည်း ရှိနေပြီးသား ဖြစ်နေတော့ တစ်လတစ်ကြိမ်လောက် သို့မဟုတ် နှစ်လတစ်ကြိမ်လောက် ကြွရောက်လာပါတယ်။

အဲဒီက စပြီးတော့ ရွှေဥမင်ဆရာတော်နဲ့ စတွေ့ပြီး အချင်းချင်း ရင်းနှီးသွားပါတယ်။
ဘုန်းကြီးကို အခြေအနေတွေ အကဲခတ်ပြီးတော့ ဆရာတော်က မဟာစည်သာသနာ့ရိပ်သာထဲမှာ ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ ဆွဲသွင်းချင်လို့ ..... လာပါ၊ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါ .... စသည်ဖြင့် တိုက်တွန်းပါတယ်။

စောစောကတော့ ဘုန်းကြီးက ကျောင်းတိုက်မှာ ဆရာသမားများက စာချဖို့ တာဝန်ပေးထားတော့ မူလ ဆရာသမားများကိုလည်း မခွဲနိုင်သေး၊ စာသင်သားများကိုလည်း ငဲ့ညှာထောက်ထားပြီး သူ့ဆန္ဒ မဖြည့်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

နောက်တစ်နှစ်လောက် ကြာတဲ့အခါကျမှ အကြောင်းအားလျော်စွာ ဒီကလည်း တရားလည်း နာချင်၊ သူကလည်း တိုက်တွန်း၊ ... တပည့်တော် အစမ်းသဘောမျိုးနဲ့ လပိုင်းလောက်တော့ လာကြည့်ပါဦးမယ် ... လို့ လျှောက်လိုက်ပါတယ်။

ထပ်ပြီးတော့လည်းပဲ တရားအားထုတ်ချင်တာနဲ့ ဝါဆိုခါနီး တစ်လအလိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-ကျော်လောက်က ဘုန်းကြီး ရောက်သွားပါတယ်။

တစ်ဘက်ကလည်း တရားအားထုတ်၊ အခြားတစ်ဘက်ကလည်းပဲ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကို သူက ..... ဦးပဏ္ဍိကို သူလို ကမ္မဋ္ဌာန်းဆရာအဖြစ်နဲ့ တာဝန်ယူဖို့ရာအတွက် လိုလားပါတယ် ..... လို့ သွားလျှောက်တယ်။

သွားလျှောက်တော့ ဆရာတော်ဘုရားကြီးကလည်း လွယ်လွယ်ပဲ။ ဘုန်းကြီးကို အထူး စိစစ်မှုမျိုး လုပ်မနေတော့ဘူး။ ဆရာတော်ဘုရားကြီးနဲ့လည်းပဲ မျက်နှာတန်းမိလျက်သား ရင်းနှီးပြီးသား ဖြစ်နေတော့ ..... ကောင်းတာပေါ့ ..... ဆိုပြီး ခွင့်ပြုလိုက်တော့ အဲဒီက စပြီး ဘုန်းကြီးလည်း ကမ္မဋ္ဌာန်းဆရာနယ်ထဲ ရောက်သွားပါတယ်။
အဲဒီက စပြီး ကမ္မဋ္ဌာန်းနယ်ပယ်ထဲက မထွက်တော့ပါဘူး။

အဲဒီမှာ တဖြည်းဖြည်း ခင်မင် ရင်းနှီးသွားပါတယ်။
ရွှေဥမင်ဆရာတော်အနေနဲ့ ဘုန်းကြီးအပေါ်ဝယ် အင်မတန် ချစ်ခင်တဲ့ အစ်ကိုကြီးတစ်ပါးအနေနဲ့လည်း ဘုန်းကြီးကို စောင့်ရှောက်ပါတယ်။
တကယ့် သီတင်းသုံးဖော်ကောင်း တစ်ပါးအနေနဲ့လည်းပဲ ဘုန်းကြီးကို စောင့်ရှောက်ပါတယ်။

ဘုန်းကြီးကို စောင့်ရှောက်လို့ ဘုန်းကြီးကလည်းပဲ အငယ်ပဲဆိုပြီး ကျန်းမာရေးကအစ ကိုယ်တတ်သမျှ မှတ်သမျှလေးနဲ့ သူ့ကို တုံ့ပြန်ပြီး ကူညီပါတယ်။
အဲဒီလိုနဲ့ပဲ နောင်တော်ညီတော် ရင်းနှီးပြီးတော့ သူက အရေးပေးပြီး သီတင်းသုံးဖော်ကောင်းတစ်ပါး ဖြစ်သွားတာပေါ့လေ။
အဲဒီက စပြီး နောက်ဆုံး စံလွန်တော်မူတဲ့အထိ မပြတ်လပ်ပါဘူး။

ကမ္မဋ္ဌာန်းဆရာအဖြစ်ကနေ စပြီးတော့ နောက်ဆုံး စံလွန်တော်မူခါနီး လပိုင်းအထိ ဘုန်းကြီးတို့က မကြာခဏ ဆုံတွေ့နေပါတယ်။
အဲဒီနှစ်တွေမှာ ဘုန်းကြီးကို ကူညီခဲ့တဲ့ အရာတွေ အများကြီးပါပဲ။
သူ ပြောတာ ဆိုတာလေးတွေလည်းပဲ မှတ်သား လိုက်နာစရာလေးတွေပါပဲ။

အဲဒီ မှတ်သားစရာကောင်းတဲ့ အရာတွေထဲက ဘုန်းကြီး အသည်းနှလုံးထဲမှာ စွဲနေတဲ့ မှတ်သားစရာလေးတစ်ခုကို ဒီနေ့ ဦးတည်ပြီးတော့ ရွှေဥမင်ဆရာတော်ကြီးကို ကျေးဇူးဆပ်ရာလည်းရောက်၊ လာရောက် တရားနာကြားတဲ့ ပုဂ္ဂိုလ်များက ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့ အကျိုးရှိဖို့ရာလည်း ယူတတ် ကျင့်တတ်လို့ရှိရင် တန်ဖိုးတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လွန်ခဲ့တဲ့ ၁၂-နှစ်လောက်က ဘုန်းကြီးများ ပဲခူး ကျောက်တန်း မဟာဗောဓိတောရ သွားပြီးတော့ အနားယူခဲ့ပါတယ်။
ဘုန်းကြီး သွားပြီး အနားယူကြောင်းကို နောက်ပိုင်း ရွှေဥမင်ဆရာတော်ဘုရားကြီး သိသွားတော့ ဒကာအနည်းငယ်နဲ့ ကားတစ်စင်းကို ခေါ်ပြီး မဟာဗောဓိတောရစခန်းကို လိုက်လာခဲ့ပါတယ်။
လမ်းမှားပြီး ထုံးကြီးဘက် ရောက်သွားတယ်။
ထုံးကြီးကနေပြီး မဟာဗောဓိတောရအထိ ခြေလျင်လာတာ သူ့ကျန်းမာရေးနဲ့ သူ့အင်အားနဲ့ အမောခံပြီး လာရှာပါတယ်။

ဘုန်းကြီးတို့ ကျောက်တန်းဆိုတာလည်းပဲ အလှမ်းဝေးလှပါတယ်။
အနည်းဆုံး ၃-နာရီလောက်တော့ ရှိမလား မသိဘူး။
တောစခန်းက ဖြတ်ပြီး လာရပါတယ်။
ဘုန်းကြီး အနားယူတဲ့ မဟာဗောဓိတောရတိုက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။
ရောက်ပြီး မကြာခင် အတွင်းမှာပဲ ခရီးရောက်မဆိုက် ဘုန်းကြီး အသည်းထဲ နှလုံးထဲမှာ စွဲသွားတဲ့ စကားလုံးလေးတစ်လုံးကို အမိန့်ရှိပါတယ်။

ဟိုး ... ရှေးအခါက ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး ရှိပါတယ် တဲ့။
အဲဒီ ဆရာတော်ကြီးထံ ချဉ်းကပ်လာတဲ့ ရဟန်းတွေကို ဆရာတော်ဘုရားကြီးက စကားလက်ဆောင်လေးတစ်ခု ပေးလေ့ရှိတယ်။ ဆုံးမလေ့ရှိတယ် ...တဲ့။
ဆုံးမပုံကတော့ -
“မောင်ပဉ္ဇင်း ... သာသနာပိုင်ဖြစ်အောင် လုပ်နော်၊ ကြိုးစားနော်” တဲ့။
အဲဒီ စကားလေးကို ကြားလိုက်တော့ ဘုန်းကြီးစိတ်ထဲမှာ သိပ် ကျေနပ်သွားတယ်။

အခုလည်းပဲ အဲဒီ ဆရာတော်ဘုရားကြီးထုံး နှလုံးမူပြီးတော့ အေးအေးဆေးဆေး လာရောက်ပြီး အချိန်ရတဲ့ အခိုက်အတန့်မှာ ကိုယ့်ကျိုးကိုယ့်စီးပွား အစစ်အမှန်ကို လာပြီး လုပ်တာ ...၊ သာသနာပိုင်ဖြစ်အောင် အရှင်ဘုရားက လုပ်နေတာပဲ ... တဲ့။ သာသနာပိုင် လမ်းစဉ်ပဲ ... တဲ့။
သိပ်ကို ဝမ်းသာသွားတာပဲ။
သိပ်လည်း ကျေးဇူးတင်တယ်။

အခြားအခြား နောင်တော်ကြီးအနေနဲ့ သီတင်းသုံးဖော်အနေနဲ့ ပြောဆိုတဲ့ စကားလေးတွေကို စွဲသလောက် စွဲပေမယ်လို့ အဲဒီအခါမှာ ရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး မိမိထံ ရဟန်းများ ချဉ်းကပ်လာကြပြီး ဆိုလို့ရှိရင် .... မောင်ပဉ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော် ... ဆိုတဲ့ စကားလေးက စပြီး သူက ဆင့်ပွား မိန့်ကြားကာ ရှုပွားပုံကို ဦးပဏ္ဍိတ သာသနာပိုင်ဖြစ်အောင် ကြိုးစားနေတာပဲလို့ ဘုန်းကြီးကို နှစ်သိမ့်သွားရှာတယ်။

သိပ်အခွင့်သာတယ်။ အခွင့်ကောင်းတယ်။
အားပေးပါတယ်။
အဲဒီ စကားတစ်လုံးကို လေးလေးနက်နက် အမိန့်ရှိသွားတာ နှလုံးထဲမှာ စွဲနေပါတယ်။

ဒိပြင်တော့ ဟိုတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ပြီးသွားပါတယ်။
သို့သော် ဘုန်းကြီးစိတ်ထဲမှာ စွဲကျန်နေတာက အဲဒီ စကားလေးတစ်ခုပဲ။
အဲဒီတော့ ပရိသတ်တို့ စဉ်းစားကြည့်ပေါ့။

“သာသနာပိုင်ဖြစ်အောင် ကြိုးစားကြနော်” .... ပထမဆရာတော်ကြီး ပြောတဲ့ စကားရယ်။
“ဦးပဏ္ဍိ သာသနာပိုင်ဖြစ်အောင် ကြိုးစားနေတာပ” ... ဆိုတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးက ပြောတဲ့ စကားရယ်။

သာမန်ဆိုရင် သာသနာပိုင်ဆိုတာ ဘုန်းကြီးတို့ မြန်မာပြည်မှာ ထင်ရှားတဲ့ ဂိုဏ်းကြီး သုံးဂိုဏ်း ရှိပါတယ်။
(၁) သုဓမ္မာဂိုဏ်း
(၂) ရွှေကျင်ဂိုဏ်း
(၃) ဒွါရဂိုဏ်း

သုဓမ္မာဂိုဏ်းကို အုပ်ချုပ်တော်မူတဲ့ အကြီးအကဲ ဆရာတော်ကို သုဓမ္မာဂိုဏ်းဆိုင်ရာ သာသနာပိုင်လို့ ခေါ်ပါတယ်။
ရွှေကျင်ဂိုဏ်းဆိုင်ရာကလည်းပဲ သာသနာပိုင် ဖြစ်နိုင်လောက်တဲ့ အရည်အချင်းပြည့်ဝတဲ့ ထေရ်ကြီးဝါကြီး တစ်ပါးကို အရန်သာသနာပိုင်များနဲ့အတူ သံဃာအစည်းအဝေးကြီးက သာသနာပိုင်အဖြစ် ခန့်တယ်။ မြှောက်တယ်။
ဒွါရဝါဒီဂိုဏ်းကလည်း ထိုနည်းလည်းကောင်းပဲ။ သူတို့ ဂိုဏ်းထဲက ထေရ်ကြီးဝါကြီး စာတတ်ပေတတ် သီလ သမာဓိ ပညာအကျင့်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ပါးကို ဒွါရဝါဒီသာသနာပိုင် ဥက္ကဋ္ဌခန့်လေ့ရှိပါတယ်။

သာမန် စဉ်းစားလို့ရှိရင် အဲဒီလို ဂိုဏ်းဆိုင်ရာ သာသနာပိုင်ဖြစ်အောင် ကြိုးစားလို့ အဓိပ္ပာယ်ကောက်ချင်လည်း ကောက်မှာပဲ။
ဘုန်းကြီးက ချက်ချင်း တန်းပြီးတော့ အဓိပ္ပာယ်ကို သိလိုက်ပါတယ်။
သာသနာပိုင်ဆိုတာ ခုနက မြန်မာပြည်မှာရှိတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဆိုင်ရာ ဆိုင်ရာ အကြီးဥက္ကဋ္ဌ ဆရာတော်ကြီးဖြစ်အောင် ကြိုးစားပါလို့ ဒီလို အဓိပ္ပာယ် မကောက်ယူပါဘူး။
ဘုန်းကြီးနဲ့ဆိုင်တဲ့ တစ်ကိုယ်ရည် သာသနာ ပြည့်စုံအောင် ပိုင်အောင် လုပ်ပါလို့ ဒီလို အဓိပ္ပာယ်ကောက်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၂-နှစ်ကျော်ကျော်လောက်က ကျောက်တန်းမဟာဗောဓိတောရမှာ ဘုန်းကြီးများ အနားယူစဉ်က အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာအပြည့်အဝနဲ့ အမြော်အမြင် ကြီးစွာနဲ့ သတိပေးတဲ့ စကားလေးဟာ အခုထိ ဘုန်းကြီးနားထဲမှာ ရှင်သန်လျက် ရှိနေပါတယ်။
ကြားသိယောင်လည်း ရှိနေပါတယ်။

အဲဒီ စကားလေးတစ်ခုကို ဘုန်းကြီးများ တကိုယ်ရည်အတွက်ရော၊ အများအတွက်ရော အများကောင်းကျိုးပြု သာသနာ့ကိစ္စ ဆောင်ရွက်ရာမှာ အင်မတန် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ယူဆပါတယ်။

“သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတာ ရဟန်းတော်များနဲ့သာ ဆိုင်သလားဆိုတော့ ဘုန်းကြီးကတော့ ရဟန်းတော်များနဲ့သာ ဆိုင်တယ်လို့ မတွက်ပါဘူး။ ဒကာ ဒကာမတွေ အကုန်လုံးနဲ့လည်း ဆိုင်တာပါ။

မြန်မာပြည်ဖွား ဗုဒ္ဓသာသနာဝင် ဖြစ်ကြတဲ့ ပုဂ္ဂိုလ်များ၊ ကလေးက စပြီး လူအို သေခါနီးအထိ အကုန်လုံးသည် “သာသနာပိုင်ဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ စကားနဲ့ ဆိုင်နေတယ်လို့ ဘုန်းကြီး ဒီလို နားလည်ပါတယ်။

ရွှေဥမင်ဆရာတော်ကြီး အမိန့်ရှိတဲ့ အဲဒီစကားလေးကို တဆင့် ရွှေဥမင်ဆရာတော်ကြီးကို အမှီပြုပြီး ကြည်ညို အားကိုးကြတဲ့ ဒကာ ဒကာမတွေဟာ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်အခါတုန်းက ဘယ်နှခါလောက် “သာသနာပိုင်ဖြစ်အောင် ကြိုးစားကြပါ”လို့ မိန့်မှာဖူးသတုန်း။ မှတ်မိကြသလား။ အဲသလို အမိန့်ရှိဖူးသလား။ အဲသလို အသံရော ကြားဖူးသလား။ အင်း ... မကြားဖူးသေးဘူး။ နီးစပ်ရာပုဂ္ဂိုလ်တွေက ပြောကြစမ်းပါ။ ဒီအဆိုအမိန့်ဟာ ရိုးရိုးလေးနဲ့ ဆန်းတာပါ။

ဘုန်းကြီးတို့ ရဟန်းတော်များသာ မဟုတ်ပါဘူး။ လူတွေလည်းပဲ သာသနာပိုင်ဖြစ်ဖို့ သိပ်ပြီးတော့ အရေးကြီးပါတယ်။
“သာသနာပိုင်”ဆိုတဲ့ စကားစုမှာ “သာသနာ”ဆိုတဲ့ ပါဠိသက် ပါဠိမွေးစား စကားလုံးက တစ်ခု၊ “ပိုင်”ဆိုတဲ့ စကားက တစ်ခု၊ ပေါင်းစပ်ထားပါတယ်။
“သာသနာ”ဆိုတာကတော့ ဘုရားအဆုံးအမလို့ ကျဉ်းကျဉ်းမှတ်ဖို့ပါပဲ။

လူတွေမှာ လမ်းမှန်နဲ့ လမ်းမှား ၂-မျိုး ရှိတဲ့အထဲက လမ်းမှားကို လျှောက်ပြီဆိုရင် ဘယ်ပုဂ္ဂိုလ် ဘယ်သူတော်ကောင်းမှ လမ်းမှားလျှောက်နေတယ်ဆိုတာ ကောင်းကောင်း မမြင်ပါဘူး။
လမ်းမှန်လျှောက်နေတယ်ဆိုတာကိုလည်း ကောင်းကောင်း မမြင်ပါဘူး။
မြတ်စွာဘုရား ဖော်ထုတ်ပေးလိုက်လို့သာ လမ်းမှန်နဲ့ လမ်းမှား သဲသဲကွဲကွဲ ခွဲခြားပြီးတော့ သိနားလည်ကြပါတယ်။

လမ်းမှားဆိုတာက ပြုမှား၊ ပြောမှား၊ စိတ်ထားမှားတွေ၊ အကုသိုလ်တရားတွေပေါ့။
လမ်းမှန်ဆိုတာကတော့ အဲဒီရဲ့ ဆန့်ကျင်ဘက် ပြုမှန်၊ ပြောမှန်၊ စိတ်ထားမှန်တွေပေါ့။
များသောအားဖြင့်ဆိုရင် ဘုရားမပွင့်ခင်ကနဲ့ ဘုရားပွင့်ခါစအထိကို သတ္တဝါတွေဟာ လမ်းမှားကိုပဲ လျှောက်သွားကြပါတယ်။
လမ်းမှားလျှောက်ပြီး စခန်းမှား ရောက်ကြပါတယ်။

လမ်းမှားဆိုတာကလည်း သတ်မှု၊ ခိုးမှု၊ မိစ္ဆာစာရ ကာမမှု၊ ကိုယ်နဲ့စပ်တဲ့ ပြုမှားတွေ၊ လိမ်မှု၊ ရန်တိုက်မှု၊ ဆဲရေးတိုင်းထွာ ပြောဆိုမှု၊ အနှစ်မဲ့တဲ့ အဓိပ္ပာယ်မဲ့တဲ့ စကားတွေ အချိန်ကုန်ခံပြီး ပြောဆိုမှု၊ နှုတ်နဲ့စပ်တဲ့ အမှားတွေ၊ စိတ်နဲ့ စပ်တဲ့ အမှားကတော့ သူတပါး ပစ္စည်းကို အပိုင်စီးလိုမှု၊ သူတပါးကို ဖျက်ဆီးလိုမှု သတ်ချင်မှု၊ ညှဉ်းဆဲလိုမှု၊ ကောင်းတာပြုလည်း ကောင်းကျိုးမရ၊ ဆိုးတာပြုလည်း ဆိုးကျိုးမရ၊ သေရင်ပြီးတာပဲ ပြတ်ပြီလို့ အယူအဆ လွဲမှားမှု၊ အဲဒီလို အမှားလမ်း လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်၊ နှုတ်၊ စိတ် သုံးမျိုးစလုံးကို ရစရာ မရှိအောင် အပြစ်တွေ ပွေတော့တာပါပဲ။

လောဘအလို လိုက်ပြီးတော့ မှားကြတာတွေ၊ ဒေါသအလိုလိုက်ပြီးတော့ မှားကြတာတွေ၊ မိုက်မဲမှု မောဟအလိုလိုက်ပြီး မှားကြတာတွေ။ မှားပြီဆိုရင် သူတို့ရဲ့ ကိုယ် နှုတ် စိတ်ထားဟာ အပြစ်အနာအဆာတွေ မကင်းကြတော့ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်၊ ပူလောင်တယ်၊ စက်ဆုပ်ဖွယ်ရာ ဖြစ်တယ်။

ဒါတွေကို မြတ်စွာဘုရားကိုယ်တိုင် မြင်တော်မူခဲ့ပါတယ်။
အဲဒီလို အပြစ်အနာအဆာ မကင်း၊ မသန့်ရှင်း မယဉ်ကျေး၊ မနူးညံ့၊ ပူလောင် စက်ဆုပ်ဖွယ်ရာတွေဖြစ်တဲ့ အခြေအနေကနေ ပြောင်းပြန် ပြုလုပ်ချင်ရင်တော့ မြတ်စွာဘုရားက လမ်းမှား မလျှောက်ကြနဲ့၊ လမ်းမှားလျှောက်ရင် ဒုက္ခတွေ ရောက်တယ်၊ လမ်းမှန်က ဒါတွေ ဒါတွေပါပဲလို့ ညွှန်ကြားတော်မူခဲ့ပါတယ်။
ကိုယ်နဲ့နှုတ် မှန်အောင် ပြုပြင်ပေးတယ်။
စိတ်နေစိတ်ထားလည်း မြင့်မြတ်အောင် ပြုပြင်ပေးတယ်။
အသိဉာဏ်တွေ အသိမှန်တွေလည်းပဲ အခြေခံက စပြီး အဆင့်ဆင့် အဆင့်ဆင့် မြင့်အောင်လို့ ဆုံးမပေးတယ်။

သီလဆိုင်ရာ အကျင့်၊ သမာဓိဆိုင်ရာ အကျင့်၊ ပညာဆိုင်ရာ အကျင့်တွေကို လမ်းညွှန်တယ်။
လမ်းညွှန်တဲ့အတိုင်း ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေဟာ ကျင့်သုံးကြသလောက် ... သီလကျင့်သုံးလို့ရှိရင် ကိုယ်မှု နှုတ်မှုတွေ စင်ကြယ်ပြီးတော့ ယဉ်ကျေးသွားတယ်၊ နူးညံ့သွားတယ်။
စိတ်တွေ တည်ငြိမ် သန့်ရှင်းအောင် ပြုလုပ်လို့ရှိရင် စိတ်နေစိတ်ထားတွေလည်းပဲ ဖြူစင်သန့်ရှင်းပြီး ခိုင်မာတယ်။
ကိလေသာမျိုးတွေ အချိန်ပိုင်း ပြတ်အောင်၊ အချိန်ပြည့် ပြတ်သွားအောင် ပညာဆိုင်ရာ ပညာအကျင့်တွေကိုလည်းပဲ မြတ်စွာဘုရားက ညွှန်ပြ ဆုံးမတယ်။

ဆုံးမတဲ့အတိုင်း ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေမှာ ကျင့်သုံးသလောက် ဝိပဿနာ ပညာနဲ့ မဂ်ပညာ အဆင့်ဆင့် ဖြစ်သွားပြီဆိုလို့ရှိရင် ကိလေသာမျိုးပါ ပြတ်ပြီး စိတ်လည်းပဲ အပြစ်အနာအဆာတွေကင်း သန့်ရှင်းသွားတယ်၊ ယဉ်ကျေးတယ်၊ နူးညံ့တယ်၊ အေးချမ်းတယ်။
အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရသွားပြီဆိုလို့ရှိရင် လူ့ဘဝအဖြစ်နဲ့ သာသနာတော်ကြီးနဲ့ တွေ့ရ ကြုံရကျိုး နပ်သွားပါပြီ။
အဲသလောက်ကို ဘဝအာမခံချက် ရသွားလို့ရှိရင် စိတ်ချသွားပါပြီ။
ရဟန္တာဖြစ်တဲ့အထိ ပြီးဆုံးသွားလို့ရှိရင် အထူး ပြောစရာ မရှိတော့ဘူး။

အဲသလို မြတ်စွာဘုရား ဆိုဆုံးမတဲ့ လမ်းမှန် အကျင့်ကောင်းကို သိနားလည်ပြီး ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အပြစ်အနာအဆာတွေ ကင်းပြီး သန့်ရှင်း ယဉ်ကျေး နူးညံ့သွားတာ၊ အေးချမ်းသွားတာ၊ နှစ်သက်စရာတွေ ဖြစ်သွားတာ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့်ပါ။

မြတ်စွာဘုရား ဆုံးမ သွန်သင်ထားတဲ့အတိုင်း ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးသလောက် ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အပြစ်အနာအဆာတွေ သန့်ရှင်းသွားတယ်။
သန့်ရှင်းသွားကြောင်းဖြစ်တဲ့ မြတ်စွာဘုရား အဆုံးအမ၊ ကျင့်နည်းမှန်တရားနဲ့ လက်တွေ့ကျကျ ကျင့်သုံးလို့ ရရှိတဲ့ သီလ သမာဓိ ပညာ အကျင့်တရားတွေကို “သာသနာ” ခေါ်တာပဲ။
ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အချိုးက အပိုးသေအောင် ဆုံးမ ညွှန်ကြားကြောင်း ယဉ်ကျေးမှုတဲ့။
အဲဒါ “သာသနာ” ခေါ်တယ်။

အတိုချုပ် ပြောလို့ရှိရင် မြတ်စွာဘုရား ဆိုဆုံးမတဲ့ ဗုဒ္ဓယဉ်ကျေးမှု၊ အဲဒီ ယဉ်ကျေးမှုကလည်း ကျင့်နည်းမှန် ယဉ်ကျေးမှု။
ကျင့်သုံးရတဲ့ သီလ သမာဓိ ပညာအကျင့် ယဉ်ကျေးမှု။
ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် ဒီလို ဒီလိုကျင့်ဆိုတဲ့ သီလဆိုင်ရာ အကျင့်နည်းလမ်းတွေ။
စိတ်နေစိတ်ထားတွေ သန့်ရှင်းအောင် ဒီလို ဒီလိုကျင့်ဆိုတဲ့ သမာဓိဆိုင်ရာ အကျင့်နည်းလမ်းတွေ။
အသိဉာဏ် အသိမှန်တွေ အဆင့်ဆင့်ဖြစ်အောင် ဒီလို ကျင့်ဆိုတဲ့ ပညာဆိုင်ရာ အကျင့်နည်းလမ်းတွေက ... တခြား မဟုတ်ပါဘူး။
သတိပဋ္ဌာန် ဘာဝနာတရားပဲ။

သတိပဋ္ဌ်ာနဘာဝနာတရားကို ပြည့်ဝ ကျေနပ်လောက်တဲ့အထိ အားထုတ်ပြီဆိုရင် သီလ၊ သမာဓိ၊ ပညာ အကျင့်တရားတွေ ပါသွားတာပါပဲ။
ကျင့်ရင် ကျင့်သလောက် ကျင့်တဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး အချိုးကျ အပိုးသေ ယဉ်ကျေးသွားတယ်။ နူးညံ့သွားတယ်။ အေးချမ်းသွားတယ်။ နှစ်သက်စရာတွေ ဖြစ်သွားတယ်။
ဘာကြောင့်လဲ။
ကျင့်နည်းမှန် သိပြီး ကျင့်လို့။
ဒါကြောင့် မြတ်စွာဘုရား ဆိုဆုံးမတဲ့ အဆုံးအမတွေဟာ လူတွေ သတ္တဝါတွေ ကိုယ် နှုတ် စိတ် သုံးမျိုးလုံး ယဉ်ကျေးအောင် ပြုကြောင်းဖြစ်တဲ့အတွက် ပါဠိလို “သာသန” မြန်မာလို ပါဠိမွေးစား စကားလုံးလုပ်ပြီး “သာသနာ”လို့ ခေါ်ပါတယ်။

မြန်မာမှုသက်သက်နဲ့ ပြောလို့ရှိရင် ဗုဒ္ဓယဉ်ကျေးမှုပါပဲ။
အဲဒီ ဗုဒ္ဓယဉ်ကျေးမှု ပိုင်အောင် လုပ်ပါလို့ ဆိုလိုပါတယ်။
“ပိုင်”ဆိုတာက စာအုပ်ထဲက သာသနာ မဟုတ်ပါဘူး။
ဆရာတော် သံဃာတော်တွေ ဟောတဲ့ နှုတ်က ထွက်တဲ့ သာသနာ မဟုတ်ပါဘူး။

မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ကိုယ့်ဆရာသမားတွေက ညွှန်ကြားတဲ့ ကျင့်နည်းအမှန် တရားအတိုင်း ကျင့်လို့ ကိုယ်မှာ ရရှိတဲ့ သီလ သမာဓိ ပညာအကျင့် တရားတွေကို ယခု တရားအားထုတ်ထားတော့ ရလာတာ။
ရပြီဆိုရင် ပိုင်တာပဲ။

စားဝတ်နေရေးအတွက် အလုပ်ကြိုးစားတဲ့အခါမှာ လုပ်ခ ကြေးငွေတွေ ရပြီဆိုရင် အဲဒီလုပ်ခက ကိုယ်ပိုင်တာပဲ။
တခြား ဘယ်သူမှ မပိုင်ဘူး။ ကိုယ်လုပ်လို့ ကိုယ်ရတာပဲ။
ကိုယ်အားထုတ်လို့ ကိုယ်ရတဲ့ သီလ သမာဓိ ပညာအကျင့် တရားကျင့်နည်းမှန်နဲ့အတူ ကိုယ်ပိုင်တာပဲ။
အဲဒါ “သာသနာပိုင်” ခေါ်တယ်။

ဘုန်းကြီးက ဘုရားညွှန်ကြားတဲ့အတိုင်း ကျင့်ရင် ဘုရားအဆုံးအမ ဘုန်းကြီးမှာ ပိုင်သွား၊ ရသွားတော့ ဘုန်းကြီးက သာသနာပိုင် ဖြစ်သွားတာပေါ့။
အခြား အခြား အရှင်မြတ်များ သံဃာတော်များက မြတ်စွာဘုရား ဆိုဆုံးမတဲ့အတိုင်း ကျင့်လို့ရှိရင် ယဉ်ကျေးမှု ရရှိသွားတဲ့အခါမှာ သူတို့လည်းပဲ အသီးသီး သာသနာပိုင် ဖြစ်သွားတာပေါ့။
လူဝတ်ကြောင်များကလည်းပဲ လူဝတ်ကြောင်အလိုက် အနည်းဆုံး ငါးပါးသီလ ပြည့်စုံတယ်ဆိုရင် သီလသာသနာ ပိုင်တာပဲ။
စိတ်နေစိတ်ထားတွေ သန့်ရှင်းအောင် ပြုလုပ်လို့ရှိရင် ပြုလုပ်တဲ့ ပုဂ္ဂိုလ်မှာ စိတ်တည်ငြိမ်မှု ရသွားတယ်။
အဲဒီ တည်ငြိမ်မှုဟာ လုပ်တဲ့ ပုဂ္ဂိုလ်ပိုင်တာပဲ။

ရုပ်နာမ် ပိုင်းခြားသိမှုကအစ အဆင့်ဆင့် အဆင့်ဆင့် ဉာဏ်ကလေးတွေ ပွင့်ပြီး ရင့်ကျက် ပြည့်စုံသွားလို့ အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရသွားပြီဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သူလုပ်လို့ သူပိုင်သွားတာပဲ။
လူဝတ်ကြောင်တွေလည်းပဲ သာသနာပိုင် ဖြစ်နိုင်တယ်။
အားလုံး သာသနာပိုင် ဖြစ်နိုင်တယ်။

အဲဒီ အဓိပ္ပာယ်ကို မြော်ပြီး ဟိုးရှေးရှေးက ထင်ရှားတဲ့ ဆရာတော်တစ်ပါးက မိမိထံ ချဉ်းကပ်လာတဲ့ ရဟန်းတော်များကို “မောင်ပဉ္ဖ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော်”ဆိုတာကို ပြောတာပါ။

ပရိသတ်ကို ဘုန်းကြီးက မေးချင်ပါတယ်။
သာသနာပိုင်ဖြစ်အောင် လုပ်ပြီးကြပြီလား?
ဗုဒ္ဓယဉ်ကျေးမှု ကျင့်နည်းအမှန်နဲ့ လက်တွေ့ကျကျ ကျင့်သုံးလို့ ရရှိတဲ့ သီလ သမာဓိ ပညာ ... ကိုယ်နဲ့ တန်သလောက် တန်သလောက် ရရှိပြီးပြီလား?
အာမခံချက်ရှိလောက်အောင် သေချာတဲ့ သီလ သမာဓိ ပညာ အကျင့်တရားရော ဟုတ်ရဲ့လား?
အခု စံလွန်တော်မူသွားတဲ့ ရွှေဥမင်ဆရာတော်ဘုရားကြီးကို မှီရတဲ့ ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် ကျင့်နည်းမှန် နားထောင်ရုံမျှ မဟုတ်ဘဲနဲ့ သူ့အထံ အချိန်ယူပြီး လာရောက်ပြီးတော့ အားထုတ်တယ်ဆိုလို့ရှိရင် သီလ သမာဓိ ပညာ အကျင့်တရားတွေဟာ ကိုယ်လုပ်လို့ ရသွားပြီဆိုရင် နည်းနည်းရရင် နည်းနည်း သာသနာပိုင်တာပဲ။ များများ ရသွားရင် များများ သာသနာပိုင်တာပဲ။

အနည်းဆုံး တစ်မဂ် တစ်ဖိုလ်လောက် ရသွားပြီဆိုရင် သေချာတဲ့ သာသနာ ဘုရားအဆုံးအမ ဗုဒ္ဓယဉ်ကျေးမှု ပိုင်သွားပါပြီ။
တရားအားထုတ်လို့ရှိရင် တစ်ယောက်ရသွားရင် တစ်ယောက် ပိုင်သွားတာပဲ။
နှစ်ယောက်အားထုတ်ရင် နှစ်ယောက် ပိုင်သွားတာပဲ။
အဲဒါ “သာသနာပိုင်” ခေါ်တယ်။

ဒါကိုလည်း ဘုန်းကြီးက တွက်ပြပါမယ်။
မြန်မာပြည်မှာ လူဦးရေ သန်း (၅၀) ကျော်သွားပါပြီ။
အဲဒီ သန်း ၅၀ ထဲမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူက ၁၀-သန်းလောက် ရှိပါတယ်။
သန်း ၅၀ ထဲက ၁၀-သန်း နုတ်လိုက်ရင် သန်း ၄၀ ကျန်ပါတယ်။
အဲဒီ သန်း ၄၀ အားလုံးက ဗုဒ္ဓဘာသာဝင်တွေချည်းလို့ ဆိုစရာပါပဲ။
ဒါပေမယ်လို့ ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ဗုဒ္ဓယဉ်ကျေးမှုနဲ့ ကင်းကွာပြီးတော့ လာတာ နှစ်ပေါင်း ၄၀ ရှိသွားပါပြီ။

မိဘအုပ်ထိန်းတဲ့သူတွေ ကိုယ်တိုင်ကလည်းပဲ နဂိုက မိကောင်းဖကောင်း ဆွေကောင်းမျိုးကောင်း ဆရာသမားကောင်းတွေကို မမှီခဲ့ရတော့ အခြေခံ သီလသာသနာက စပြီး ပိုင်ပိုင်နိုင်နိုင် မရှိကြတော့ဘူး။
အခု သီလဝိသုဒ္ဓိရှိတဲ့သူ ဦးရေ ဘယ်လောက်,လောက် ရှိမလဲဆိုတာ ပရိသတ် တွက်ကြည့်ကြပါ။

ဒီကမှတဆင့် စိတ်ဓာတ်ဖွံ့ဖြိုးစေတဲ့ သမာဓိသိက္ခာရှိသူ ဦးရေ ဘယ်လောက်,လောက် ရှိမလဲဆိုတာ ပရိသတ် တွက်ကြည့်ကြပါ။

အဲဒီကမှတဆင့် တက်ပြီး ဝိပဿနာဉာဏ်၊ အရိယာဉာဏ် ဒီပညာသိက္ခာနဲ့ ပြည့်စုံသွားတဲ့ ပုဂ္ဂိုလ်ဦးရေ ဘယ်လောက်ရှိပြီလဲ တွက်ကြည့်ပါ။

နှစ်ပေါင်း ၄၀ လောက် အကြောင်းအားလျော်စွာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ ကင်းကွာသွားတော့ ယဉ်ကျေးမှု မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်မှာ ဘယ်လို ဖြစ်နေသလဲဆိုတာ တွက်ကြည့်ကြပါ။

မိကောင်း ဖကောင်း ဆွေကောင်း မျိုးကောင်း အခုလို ရွှေဥမင်ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်ကို မှီရတဲ့သူတွေဟာ အမှီရတယ်ဆိုတာ ဖူးတွေ့ရုံ မဟုတ်ဘူး။
ကျင့်နည်းမှန်တွေ နာခံပြီး ဒီဘဝမှာ သေချာပေါက် သာသနာပိုင် ဖြစ်ဖို့ရာ သိပ်ပြီး လိုအပ်ပါတယ်။

သာသနာပိုင် ဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ ရှိပြီး သာသနာအကျင့်မှန် ဖြစ်နိုင်လောက်တဲ့ နည်းလမ်းတွေ ရွှေဥမင်ဆရာတော်ကြီးဆီက ရမယ်။
ကျင့်လည်း ကျင့်မယ်ဆိုရင် သီလ သမာဓိ ပညာ သာသနာ ပိုင်သွားမယ်။
ပီပီပြင်ပြင် တကိုယ်ရည် သာသနာပိုင်သူ ဦးရေ ဘယ်လောက်ရှိမလဲဆိုတာ တွက်ကြည့်ပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ပါ။

မိကောင်း ဖကောင်းတွေ မှီရတယ်။
ဆရာသမားကောင်းတွေ မှီရတယ်။
တကယ့် ဆရာတော်ဘုရားကြီးတွေ မှီရတယ်။
မှီရပြီး သီလ သာသနာလည်း ပိုင်ပြီ၊ သမာဓိသာသနာလည်း ပိုင်ပြီ၊ ပညာသာသနာလည်း ပိုင်ပြီ၊ အာမခံချက် ရှိလောက်အောင် ဖြစ်ပြီ၊ စိတ်ချရပြီဆိုရင် လူဖြစ်ရကျိုး နပ်ပြီ၊ သာသနာတော်ကြီးနဲ့ တွေ့ဆုံရကျိုးနပ်ပြီ ဆိုပြီးတော့ ရဲရဲတောက် ကြုံးဝါးနိုင်သူ ဦးရေ ... မြန်မာပြည်မှာ ဘယ်လောက်ရှိမလဲ?

ခုနက ဗုဒ္ဓဘာသာ မဟုတ်သူ ၁၀-သန်း နုတ်လိုက်ရင် သန်း ၄၀ ကျန်မယ်။
ဘုန်းကြီးအမြင်နဲ့ မညှာမတာ တွက်ရမယ်ဆိုရင် ခုနက သန်း ၄၀ ထဲက သုံးသန်းနဲ့ လေးသန်းကြားလောက်ပဲ ရှိမယ်။
သာသနာပိုင်ပြီ ဆိုပြီး စိတ်ချရတဲ့ ပုဂ္ဂိုလ်က ၄-သန်းလောက်ပဲ ရှိမယ်။
အဲဒီ ၄-သန်းကို ထပ်နုတ်လိုက်ရင် ၃၆-သန်း ကျန်မယ်။

အဲဒီ ၃၆-သန်းဟာ မှုန်မွှားမွှား ချည့်နဲ့နဲ့ မပြတ်မသား အဆန်ချောင် စိုစိစိ ညောင်နာနာ အမည်ခံ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပုဂ္ဂိုလ်များပါ။
အဲဒီ သမားရိုးကျ သာသနာပိုင်ပြီ ဆိုပြီး စိတ်ချနေတဲ့ ပုဂ္ဂိုလ်များဟာ ဟိုးရှေးရှေးက ထင်ရှားတဲ့ ဆရာတော်ကြီး အမိန့်ရှိခဲ့တဲ့ “မောင်ပဉ္ဇင်း၊ သာသနာပိုင်ဖြစ်အောင် ကြိုးစားနော်”ဆိုတဲ့ စကားနဲ့ တိုက်ကြည့်ကြပါ။

“သာသနာပိုင် ဖြစ်တယ်”ဆိုတာ အနည်းဆုံး တစ်မဂ် တစ်ဖိုလ် ရမှ သာသနာပိုင်တာ။
မဟုတ်ရင် သာသနာပိုင် မဟုတ်သေးဘူး။
အဲဒီ ဆရာတော်ကြီး ဆိုလိုတာက အနည်းဆုံး အရိယာဖြစ်အောင် အားထုတ်ကြပါ။
သောတာပန်ဖြစ်အောင် အားထုတ်၊ ဒါမှ သာသနာပိုင်မယ်လို့ ပြောတာ။

ဘုန်းကြီးကိုယ်တိုင်ကလည်း ဒီအဆုံးအမကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိပေမယ့် အမှတ်တမဲ့ပဲ ဖြစ်ဖြစ် ကျင့်နည်းမှန်လည်း မလေ့လာဘူး၊ ကျင့်လည်း မကျင့်ဘူးဆိုလို့ရှိရင်တော့ ကျင့်နည်းမှန် ပရိယတ္တိသာသနာလည်း မပိုင်ဘူး။
မကျင့်တော့ ပဋိပတ္တိသာသနာလည်း မပိုင်ဘူး။

ကျင့်နည်းမှန် ပရိယတ္တိ မရှိဘဲနဲ့တော့ လက်တွေ့ကျင့်သုံးမှု ပဋိပတ္တိသာသနာလည်း မပိုင်ဘူး။
ပဋိပတ္တိသာသနာ မပိုင်ဘူးဆိုရင် ပဋိဝေဓသာသနာလည်း မပိုင်ဘူးပေါ့။

စာတွေတော့ သင်နေတာပဲ။
စာတွေ သင်နေတာ ကျင့်နည်းမှန်ပဲ။
ကျင့်နည်းမှန်သာ သိပြီးတော့ မကျင့်ဘူးဆိုရင် ဘယ်ကလာပြီး ပိုင်နိုင်ပါ့မလဲ။

တစ်နည်းအားဖြင့်လည်း ဘုန်းကြီးတို့က စာတော့ သင်ပါရဲ့။
စာသင်ပြီးတော့ စာက ညွှန်တဲ့အတိုင်း အခြေခ့ ကိုယ်ကျင့်သီလမှ မရှိဘူးဆိုရင် ဒီသီလဟာ ကိုယ်မှာ ရှိနေတာ မဟုတ်တော့ ကိုယ်မပိုင်ဘူး။
အဲဒီတော့ သာသနာပိုင် မဟုတ်ဘူး။

သီလမရှိဘူးဆိုရင် စိတ်တည်ငြိမ်မှု သမာဓိလည်း မရှိဘူး။
သမာဓိ မရှိဘူးဆိုရင် အသိပညာလည်း မရှိဘူး။
ဒီနည်းနဲ့ပဲ သီလ သမာဓိ ပညာ ခေါ်တဲ့ သာသနာ ဘုန်းကြီးတို့မှာ မပိုင်တော့ဘူး။

လူတွေလည်းပဲ မကျင့်ဘူးဆိုလို့ရှိရင် သာသနာပိုင် မဟုတ်တော့ဘူး။
သာသနာ မပိုင်ရင် ဘယ်လိုဖြစ်မလဲ?
ခုန သမားရိုးကျ ဗုဒ္ဓဘာသာအဆင့်ကနေ ဘယ်တက်မလဲ။
သမားရိုးကျ ဗုဒ္ဓဘာသာဝင်အဆင့်ဆိုတာကတော့ မှုန်မွှားမွှားပဲ။
မှုန်မွှားမွှားဆိုတာ ဘာရယ် ညာရယ် သိတာ မဟုတ်ဘူး။
ကျင့်နည်းမှန်လည်း ဟုတ်တိပတ်တိ သိတာ မဟုတ်ဘူး။
ကျင့်ပြန်လို့ရှိရင်လည်း ဟုတ်တိပတ်တိ မရှိပါဘူး။ မှုန်ဝါးဝါးပဲ။
မှုန်ဝါးဝါးဆိုတာ မပြတ်သားဘူး။
ချည့်နဲ့နဲ့ပဲ။
အဆန်ချောင်ပဲ။
စိုစိစိ ညောင်နာနာပဲ။
အမည်ခံပဲ။

+++++
ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ပုံတော် (အင်တာနက်)