ဓမ္မံ အနုဿရံ ဘိက္ခု, သဒ္ဓမ္မာ န ပရိဟာယတိ။
(ဓမ္မပဒဂါထာ ၃၆၄)
+++++
နိဗ္ဗာန်မျှော်မှန်း
ရှင်ရဟန်းမူ
ကမ္မဋ္ဌာန်းတရား
စိတ်ဝင်စား၍
တရားအာရုံ
ပွားထုံမပြတ်
မွေ့လျော်တတ်၏
မပြတ်တရား
ကြံစဉ်းစားကာ
မမေ့ပါတည်း
သို့သာကျင့်ငြား
လူရှင်များမူ
များပြားသူတော်
ကျင့်မွေ့လျော်သည့်
သင့်တော်လှဘိ
ဗောဓိပက္ခိယ
မဂ်ဖိုလ်မှပါ
ဆုတ်ယုတ်စရာ
မရှိပါတည်း။
(အရှင်ကုမာရ၏ ဓမ္မပဒပန်းကုံး မှ)
သံသရာဘေးကို ရှုမြင်နေသူတစ်ဦးသည် သမထ၀ိပဿနာတရားကို စိတ်ပါဝင်စား၏။
သမထ၀ိပဿနာတရား၌ မွေ့လျော်၏။
သမထ၀ိပဿနာတရားကို ထပ်ကာ ထပ်ကာ နှလုံးသွင်း၏။
သမထ၀ိပဿနာတရားကို ထပ်ကာ ထပ်ကာ ရှုမှတ်၏။
ထိုသူသည် ဗောဓိပက္ခိယတရား ၃၇-ပါးနှင့် လောကုတ္တရာတရား ၉-ပါးမှ မဆုတ်ယုတ်တော့ပေ။
(အရှင်ကုမာရ၏ ဓမ္မပဒပန်းကုံး မှ)
+++++
တရားတော်ကို နှစ်ခြိုက်သော
တရားတော်၌ မွေ့လျော်သော
သူတော် သူမြတ် တရားကို
ဖန်တလဲလဲ ကြံစည်သော
ဖန်တလဲလဲ အောက်မေ့သော
ထိုကဲ့သို့သော ရဟန်းသည်
တရားတော်မှ မယုတ်နိုင်။
(မင်းသုဝဏ်၏ ဓမ္မပဒ မှ)
+++++
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ အထူးဓမ္မသဘင်တရားပွဲကို ဆက်လက် ပြုလုပ်ရာ ဆရာတော်က ဓမ္မပဒဂါထာ ၃၆၄ လာ ဓမ္မာရာမမထေရ်အကြောင်းကို အခြေခံ၍ “ချစ်သက်သေ ထူနိုင်ပါစေ”တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

+++++
တရားပွဲပြီးသော် လောကချမ်းသာဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်တို့နှင့်အတူ တရားနာပရိသတ်များက အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။

No comments:
Post a Comment