မဂ္ဂ - လမ်းရိုးလမ်းမှန် +
အမဂ္ဂ - လမ်းရိုးမဟုတ်၊ လမ်းမှား +
ဉာဏ - အသိဉာဏ် +
ဒဿန - အမြင် +
ဝိသုဒ္ဓိ - စင်ကြယ်ခြင်း၊ စင်ကြယ်သည်။
ဤ (ရှုမြဲ ရှုလျက် လမ်းမှန်သွားသော ရှုသိမှုပညာ)သည်ကား (ပုဗ္ဗဘာဂမဂ်) လမ်းမှန်တည်း။
ဤ (အရောင်အလင်းစသည်)သည်ကား လမ်းမှန်မဟုတ်ဟု ဤသို့ လမ်းမှန်နှင့်လမ်းမှားကို (ပိုင်းခြား) သိမြင်၍ တည်သောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (လမ်းမှန်နှင့်လမ်းမှားကို အသိအမြင် စင်ကြယ်သော ဉာဏ်ပညာ) မည်၏။
(မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် မြန်မာပြန် စတုတ္ထတွဲ မှ)

+++++
မွန်းလွဲ ၃ နာရီအထိ တရားရှုမှတ် ပွားများကြပြီးနောက် ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ အဇူဇာကျောင်း ဘုရားထီးတော်တင်ပွဲသို့ ကြွရောက်နေသဖြင့် ဓမ္မသင်တန်းမရှိရကား သင်တန်းသူ သင်တန်းသားများက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ရွတ်ဖတ်ကာ ဘုရားရှင်အား ကြည်ညို ပူဇော်ကြ၏။
မွန်းလွဲ ၃း၄၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာသင်တန်း၊ ၀ီထိပိုင်းကို သင်ကြား ပို့ချပေး၏။


+++++
ညနေ ၆ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် အရှင်ပညာဇောတက ခုဒ္ဒကနိကာယ်၊ ဓမ္မပဒပါဠိတော်၊ မဂ္ဂဝဂ်မှ မဟာဓန၀ါဏီဇဝတ္ထုကို အခြေခံ၍ ``အဆင်သင့်ပဲဟေ့´´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။
မဟာဓနဝါဏီဇဝတ္ထု
ဣဓ - ဤအရပ်၌၊ ဝဿံ - မိုဃ်းလပတ်လုံး၊ ဝသိဿာမိ - နေအံ့။
ဣဓ - ဤအရပ်၌၊ ဟေမန္တဂိမှီသု - ဆောင်းလနွေလတို့၌၊ ဝသိဿာမိ - နေအံ့။
ဣတိ - ဤသို့၊ ဗာလော - သူမိုက်သည်၊ ဝိစိန္တေသိ - အထူးကြံ၏။
အန္တရာယံ - အသက်၏ အန္တရာယ်ကို၊ နဗုဇ္ဈတိ - မသိ။
(အသျှင်ဇာဂရမထေရ်၏ ဓမ္မပဒပါဠိတော်နိသျ၊ စာချနက်၊ မိုးထိမူ မှ)
+++++

+++++
အချိန်မရွေး အိုမည့်ဘေး အပြေးလာနိုင်သည်။
အချိန်မရွေး နာမည့်ဘေး အပြေးလာနိုင်သည်။
အချိန်မရွေး သေမည့်ဘေး အပြေးလာနိုင်သည်။
သူမလာခင် ကြိုပြင်ဆင် လျင်လျင် ဒါနပြုရမည်။
သူမလာခင် ကြိုပြင်ဆင် လျင်လျင် သီလစောင့်ရမည်။
သူမလာခင် ကြိုပြင်ဆင် လျင်လျင် တရားပွားရမည်။
သူလာခေါ်မှ မလိုက်လိုပါ့ ငြင်းက မရပြီ။
အချိန်ရှိစဉ် သင်ပြင်ဆင် သေလျှင် ဆင်သင့်ဖြစ်ရမည်။
ကြံစည်တိုင်းမြောက် စိတ်မပေါက်က
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
ပြောတိုင်းမရ ဒေါမထနဲ့
ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
+++++
တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
No comments:
Post a Comment