Monday, February 27, 2012

``အရှင်ဒေဝဒတ်´´ နှင့် ``ခန္ဓာကိုယ်၏အနှစ်သာရကို ထုတ်ယူခြင်း´´

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် လ၏ နောက်ဆုံးစနေနေ့၌ ပုံမှန် တစ်ရက်တရားစခန်း ကျင်းပ ပြုလုပ်ရန်ဖြစ်သော်လည်း ၂၀၁၂ ခု ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျောင်း၌ ဆွမ်းအလှူပွဲတစ်ခု ရှိနေ၍ တရားစခန်း မပြုလုပ်ဖြစ်ချေ။

ဆွမ်းအလှူပွဲအပြီး မွန်းလွဲပိုင်း အချိန်ရသဖြင့် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒဂါထာ (၁၇)လာ အရှင်ဒေဝဒတ်ဝတ္ထုဇာတ်ကြောင်းကို သင်ကြား ပို့ချပေး၏။

အလိုလောဘကြီးကာ ကောက်ကျစ်သော ရွဲကုန်သည်ဖြစ်စဉ် ဘုရားလောင်း ရွဲကုန်သည်ကို ငြိုးခဲ့သော ဒေါသသည် ဘဝအဆက်ဆက် ရန်မီးပွားခဲ့ရာ အရှင်ဒေဝဒတ်ဘဝတွင် မဟာကရုဏာတော်ရှင် မြတ်စွာဘုရားရှင်အား သေကြောင်းကြံစည်မှု၊ သံဃာသင်းခွဲမှုတို့ကြောင့် မြေမျိုကာ အဝီစိသို့ လားခဲ့ရ၏။

ဓမ္မပဒသင်တန်းပြီးသော် ခရီးတထောက် ခေတ္တရောက်ရှိနေသော အရှင်ဇာဂရ (ကံထွန်းသစ်)က ခန္ဓာကိုယ်၏ အနှစ်သာရ ထုတ်ယူရန် တရားတော်ကို နာရီဝက်ခန့် ဓမ္မဒါနပြု ဟောကြားပေး၏။

Sunday, February 19, 2012

ဆားတောင် မသိမ်းထားအပ်ကြောင်း

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့

လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့။

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီ တရားရှုမှတ်ပွားများရန် ဂျပန်လူမျိုး အမျိုးသမီးတစ်ဦး ရောက်ရှိလာသဖြင့် အရှင်ဝဏ္ဏိတက ၁၅ မိနစ်ခန့် အင်္ဂလိပ်ဘာသာဖြင့် တရားရှုမှတ်နည်း ဟောကြား၏။

+++++

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းဆရာတော် အရှင်စက္ကိန္ဒမှာ Albany မြို့သို့ ရဟန်းခံပွဲတစ်ခုအတွက် ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီအထိ ``အဘိဓမ္မာသင်တန်း၊ ပကိဏ်းပိုင်း - ဝေဒနာသင်္ဂဟ၊ ဟေတုသင်္ဂဟ၊ ကိစ္စသင်္ဂဟ´´တို့ကို အရှင်ဝဏ္ဏိတက သင်ကြား ပို့ချပေး၏။

+++++

ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲကို အရှင်ဝိမလက ``သံသရာကို ဘယ်လိုကူးကြမလဲ´´ တရားတော်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

+++++

ဆားတောင် သိမ်းမထားအပ်ကြောင်း

ဘုရားအလောင်းတော်ဟာ တခုသော ဘ၀က ဂန္ဓာရတိုင်းမှာ မင်းဖြစ်နေခဲ့တယ်။ ဂန္ဓာရတိုင်းပြည်ဆိုတာ ယခု အိန္ဒိယပြည်၏ အနောက်မြောက် နယ်စွန်းမှာ ကက်ရှမီးရ်ဆိုတဲ့ နယ်နဲ့စပ်နေတဲ့ အရပ်ပါပဲ။ အဲဒီ ဂန္ဓာရဘုရင် ဘုရားအလောင်းတော်ဟာ မင်းအဖြစ်မှ သံဝေဂရပြီး တောထွက် ရသေ့ရဟန်းပြုနေပါတယ်။

အဲဒီခေတ်တုန်းက ၀ိဒေဟတိုင်းပြည်က ဘုရင်မင်းဟာလည်း သူ့မိတ်ဆွေ ဂန္ဓာရဘုရင် ရသေ့ရဟန်းပြုတဲ့ သတင်းကို ကြားရတဲ့အတွက် သူလည်း သံဝေဂရပြီး တောထွက် ရသေ့ရဟန်းပြုနေပါတယ်။

နောက်တချိန်မှာ အဲဒီရသေ့ ၂-ပါးဟာ ဟိမ၀န္တာတောမှာ အတူတကွ တရားကျင့်သုံးနေကြတယ်။ အဲဒီလို တောထဲမှာ ဆားမပါတဲ့ သစ်သီးသစ်ဥ စသည်ကိုသာ စားနေကြရတော့ အာဟာရဓာတ် မပြည့်ဝဘဲ ရှိနေတယ်။ ဒါကြောင့် ဆားနှင့်အချဉ်ကို မှီဝဲ သုံးဆောင်ရန်အတွက် ဟိမ၀န္တာမှ ဆင်းလာပြီးတော့ အစွန်အဖျား ရွာတခုကို ရောက်လာကြတယ်။

အဲဒီရွာသားတွေက ရသေ့ ၂-ပါး၏ နေထိုင်ပုံကို ကြည်ညိုပြီး ဆွမ်းများကို လှူဒါန်းကြတယ်။ တနေ့သောအခါမှာ အဲဒီရွာသားများက ဆားထုပ်နှင့်တကွ ဆွမ်းကို လှူကြတယ်။ အဲဒီအခါ ၀ိဒေဟတိုင်းပြည်မှ ဖြစ်လာတဲ့ ဝေဒေဟရသေ့က နောက်ရက်များမှာ လိုရင် သုံးဖို့ ရည်ရွယ်ပြီး ပိုနေတဲ့ ဆားကို ဖက်ဖြင့် ထုပ်ပြီး သိမ်းထားတယ်။

တနေ့သောအခါကျတော့ ဆွမ်းလှူကြရာမှာ ဆားမပါဘဲ ရှိနေသတဲ့။ အဲဒီတော့ ဝေဒေဟရသေ့က သူသိမ်းထားတဲ့ ဆားကို ဂန္ဓာရရသေ့အား သွားပြီး ပေးပါတယ်။ အဲဒီအခါ - ``ဒီကနေ့ ဆွမ်းလှူကြရာမှာ ဆားမပါဘူး။ ဘယ်က ရပါသလဲ´´လို့ ဂန္ဓာရရသေ့က မေးတယ်။ ``ဆရာရေ ဟိုအရင် တနေ့က လိုရင် ရအောင် သိမ်းထားတဲ့ ဆားဖြစ်ပါတယ်´´လို့ ဝေဒေဟရသေ့က ဖြေကြားတယ်။ အဲဒီအခါ ဂန္ဓာရရသေ့က ဝေဒေဟရသေ့ကို ဒီလို အပြစ်တင် ပြောကြားပါသတဲ့။

ဟိတွာ ဂါမသဟဿာနိ၊

ပရိပုဏ္ဏာနိ သေဠသ။

ကောဋ္ဌာဂါရာနိ ဖီတာနိ၊

သန္နိဓိံ ဒါနိ ကုဗ္ဗသိ။

+++

သမ္မ - အချင်း ရသေ့။

တွံ - သင်သည်။

ပရိပုဏ္ဏာနိ - ပြည့်စုံကုန်သော။

သောဠသ ဂါမသဟဿာနိ - ၀ိဒေဟတိုင်းဆိုင်ရာ တစ်သောင်းခြောက်ထောင်သော မြို့ရွာတို့ကို။

ဖီတာနိ - ရတနာ အပြည့် ရှိကုန်သော။

ကောဋ္ဌာဂါရာနိ - ဘဏ္ဍာတိုက်တို့ကို။

ဟိတွာ - တွယ်တာမငဲ့ စွန့်ခဲ့ပြီး၍။

ဣဒါနိ - ပစ္စည်းမဲ့ ရသေ့ပြုနေသော ယခုအခါ၌။

သန္နိဓိံ ကုဗ္ဗသိ - နက်ဖြန်သန်ဘက် စသည်မှာ သုံးဖို့ရာ ရည်ရွယ်၍ အဖိုးမတန်လှသော ဆားကို သိမ်းထားသမှု ပြုတုံဘိ၏။

အဲဒီလို အကဲ့ရဲ့ခံရတော့ ဝေဒေဟရသေ့က မခံချင်ဘူး။ လူဆိုတာ အပြစ်ရှိနေတာ ဟုတ်ပေမယ့် မိမိကို ကဲ့ရဲ့ ပြစ်တင်တာကိုတော့ ခွင့်မပြုချင်ဘူး။ ငုံ့ခံမနေချင်ဘူး။ ပြန်လည် ချေပလိုမြဲပဲ။ ဒါကြောင့် ဝေဒေဟရသေ့ကလည်း ဒီလို ပြန်ပြီး ချေပပါတယ်။

ဟိတွာ ဂန္ဓာရ၀ိသယံ၊

ပဟူတဓနဓာရိယံ။

ပသာသနတော နိက္ခန္တော၊

ဣဓ ဒါနိ ပသာသသိ။

+++

အာစရိယ - ဆရာရသေ့။

ပဟူတဓနဓာရိယံ - များစွာသော ဥစ္စာ၏ တည်ရာဖြစ်သော။

ဂန္ဓာရ၀ိသယံ - ဂန္ဓာရတိုင်းပြည်အရပ်ကို။

ဟိတွာ - စွန့်လွှတ်ခဲ့ပြီး၍။

ပသာသနတော - သူတပါးအား ညွှန်ကြားဆုံးမရာ ဂန္ဓာရဘုရင်အဖြစ်မှ။

နိက္ခန္တော - ထွက်ခွာခဲ့ပြီးသော။

တွံ - သင်ဆရာသည်။

ဣဓ - လက်အောက်ခံ ကင်းပသည့် ဤရသေ့ဘ၀၌။

ဣဒါနိ - ယခုအခါဝယ်။

ပသာသသိ - ဆုံးမရန် တာဝန်မရှိသော ကျွန်ုပ်အား ညွှန်ကြားဆုံးမတုံဘိ၏ တဲ့။

အဲဒီတော့ ဘုရားအလောင်း ဂန္ဓာရရသေ့က ဒီလို ရှင်းပြပါတယ်။

ဓမ္မံ ဘဏာမိ ဝေဒေဟ၊

အဓမ္မော မေ န ရုစ္စတိ။

ဓမ္မံ မေ ဘဏမာနဿ၊

န ပါပ မုပလိမ္ပတိ။

+++

ဝေဒေဟ - ဝေဒေဟရသေ့။

အဟံ - ငါသည်။

ဓမ္မံ - အမှန်တရားကို။

ဘဏာမိ - ပြောပြပါသည်။

မေ - ငါ့အား။

အဓမ္မော - တရားမှား အကျင့်မှားသည်။

န ရုစ္စတိ - မနှစ်သက်ပါ။

ဓမ္မံ - တရားမှန် လမ်းမှန်ကို။

ဘဏမာနဿ - ပြောပြသော။

မေ - ငါအား။

ပါပံ - မကောင်းမှု အညစ်အကြေးသည်။

န ဥပလိမ္ပတိ - မလူးလဲ မကပ်ငြိပါ တဲ့။

အဲဒီလို ရှင်းပြလိုက်တော့ ဝေဒေဟရသေ့ကလည်း အဆုံးအမကို နှစ်သက် လက်ခံပါတယ်။ အဲဒီ ရသေ့ ၂-ပါးဟာ ဈာန်အဘိညာဉ်များကို ဖြစ်ပွားစေပြီး ဗြဟ္မာ့ပြည်သို့ လားရောက်ကြပါသတဲ့။

အဲဒီ ရသေ့ ၂-ပါးထဲက ဝေဒေဟရသေ့ဆိုတာဟာ အရှင်အာနန္ဒာ၏အလောင်းလျာ ဖြစ်ပါသတဲ့။

ဒီဇာတ်ဝတ္ထုမှာ သိစေလိုရင်းကတော့ သာသနာပ ရသေ့လောကမှာတောင် ပစ္စည်းသိမ်းဆည်းမှုကို အပြစ်မြင်ပြီး ကြဉ်ရှောင်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ ယခုခေတ် လူတွေ၏ အမြင်နှင့်ဆိုရင် ဆားလောက် သိမ်းထားတာဟာ အပြစ်မရှိဘူးလို့ မြင်မည့်သူက များမှာပါပဲ။ အဲဒီလောက် အသေးအဖွဲ သိမ်းဆည်းမှုကိုတောင် အပြစ်မြင်ပြီး ကြဉ်ရှောင်တာဟာ ကြည်ညိုစရာပါပဲ။

+++++

(ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ``တုဝဋကသုတ်တရားတော်´´ မှ)

Monday, February 13, 2012

“စုန္ဒဝက်ကုန်သည်” နှင့် “မဟာဓမ္မိကဥပါသကာ”

လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ကြွရောက်နေ၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့ ‘လောကချမ်းသာ ၅-မိနစ်တရားတော်’ကို ဆရာတော် အရှင်စက္ကိန္ဒက ဟောကြားရာ - သဒ္ဓါတရားရှိသူ၊ ဝိပဿနာကို ဥဒယဗ္ဗယဉာဏ်ထိ အားထုတ် ပြီးပြည့်စုံသူတို့အတွက် အချိန်နှင့်အမျှ ဆက်လက် ပွားများ အားထုတ်နေပါက မဂ်ဖိုလ်သို့ အမှန်ပင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ပုဂ္ဂလပညတ်အဋ္ဌကထာလာ အားတက် မှတ်သားဖွယ်ရာဖြင့် တိုက်တွန်းသွား၏။

ယုံကြည်အားပြည့်၊ ဖြစ်ပျက်မိ၊ မြင်သိနေပါမူ။

(စားစဉ်ဘောဇဉ်)၊ သွားစဉ်ရပ်စဉ်၊ ထိုင်လျောင်းစဉ်၊ ဘယ်ချိန်မဆို ရှိပါစေ။

ရှုမှတ်သူမှာ၊ မဂ်ဖိုလ်ဟာ၊ မှန်စွာ ဖြစ်နိုင်ပေ။

+++++

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၅ - စုန္ဒဝက်ကုန်သည်အကြောင်း သင်ကြား ပို့ချပေး၏။

‘စုန္ဒဝက်ကုန်သည်’သည် နှစ်ပေါင်း ၅၀ ကျော် ဝက်တို့ကို သတ်ဖြတ် ရောင်းချ အသက်မွေးခဲ့၏။ မသေမီ ၇-ရက်တို့ပတ်လုံး ထိုမကောင်းမှုတို့၏အကျိုးကို သူကိုယ်တိုင် ပင်ပန်း ဆင်းရဲကြီးစွာ ခံစားသွားရလေသည်။

(၁၅)

သည်ဘဝမှာ စိုးရိမ်ရ။

နောင်ဘဝမှာ စိုးရိမ်ရ။

နှစ်ဘဝလုံး စိုးရိမ်ရ။

ကိုယ့်လုပ်ငန်းယုတ် သိမြင်က

သူယုတ်မာသည် စိုးရိမ်ရ။

ပင်ပန်း ဆင်းရဲ အမြဲပါ့။

(မင်းသုဝဏ်)

+++++

မွန်းလွဲ ၄ နာရီ ၁၅ မိနစ်တွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း၊ ဝေဒနာသင်္ဂဟ, ဟေတုသင်္ဂဟ, ကိစ္စသင်္ဂဟတို့ကို ပို့ချ သင်ကြားပေး၏။

+++++

ညနေ ၆ နာရီ၊ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်စက္ကိန္ဒကပင် ဓမ္မပဒ၊ ယမကဝဂ်၊ ဂါထာ ၁၆ လာ ကောင်းမှုတို့၏ ကောင်းကျိုးကို ယခုဘဝ နောင်ဘဝ ပြုံးရွှင်စွာ ခံစားရသော မဟာဓမ္မိကဥပါသကာအကြောင်း ဓမ္မဒါနပြု ဟောကြား၏။

(၁၆)

သည်ဘဝမှာ ဝမ်းမြောက်ရ။

နောင်ဘဝမှာ ဝမ်းမြောက်ရ။

နှစ်ဘဝလုံး ဝမ်းမြောက်ရ။

ကိုယ့်လုပ်ငန်းမြတ် သိမြင်က

သူတော်ကောင်းသည် ဝမ်းမြောက်ရ။

နှစ်လိုအားရ အမြဲပါ့။

(မင်းသုဝဏ်)

တရားပွဲပြီးသော် တစ်နေ့တာ ကုသိုလ်အစုအပေါင်းတို့၏ အဖို့ဘာဂကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

Thursday, February 9, 2012

စူဠဗောဓိဇာတ် (ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း)

ဟောတော်မူရာဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် ``ယော တေ ဣမံ ၀ိသာလက္ခိ´´ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဗောဓိဇာတ်ကို ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အမျက်ထွက်တတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု

ထိုရဟန်းသည် ၀ဋ်ဆင်းရဲမှ ထွက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းအဖြစ်ကို ရပါသော်လည်း အမျက်ဒေါသကို နှိပ်စက်ခြင်းငှာ မတတ်နိုင်သတတ်။ ပြင်းစွာ အမျက်ထွက်တတ်၏။ အမျက်ဒေါသကြောင့် ကိုယ်၏ ပင်ပန်းခြင်း၊ စိတ်၏ ပင်ပန်းခြင်း များ၏။ အနည်းငယ်သာ ဖြစ်လျှင်မူကား ကပ်ငြိတတ် တုန်လှုပ်တတ်၏။ ပကတိသဘောကို လွန်၍ ဖောက်ပြန်ခြင်းသို့ ရောက်တတ်၏။ အမျက်ဒေါသ၌သာ တည်၏။

သဗ္ဗညုမြတ်စွာဘုရားသည် ထိုရဟန်း၏ အမျက်ထွက်တတ်သည်၏ အဖြစ်ကို ကြားတော်မူလျှင် ခေါ်စေ၍ ``ရဟန်း ... သင်သည် အမျက်ဒေါသကြီးသတတ်ဟူသည် မှန်သလော´´ဟု မေးတော်မူ၍ ``အရှင်ဘုရား ... မှန်ပေ၏´´ဟု နားတော်လျှောက်သည်ရှိသော် -

``ရဟန်း ... အမျက်ဒေါသမည်သည်ကို မြစ်အပ်၏။ ထိုစကားသည် မှန်၏။ ဤသို့သဘောရှိသော အမျက်ဒေါသသည် ပစ္စုပ္ပန်လောက တမလွန်လောက၌ အကျိုးမဲ့ကိုသာ ပြုတတ်၏။ သင်သည် အမျက်ဒေါသမရှိသော ငါဘုရားသာသနာတော်၌ ရဟန်းပြု၍ အဘယ်ကြောင့် အမျက်ထွက်ဘိသနည်း။ ရှေးပညာရှိတို့သည်ကား သဗ္ဗညုဘုရားသာသနာတော်မှ အပဖြစ်သော အခါကာလ၌ ရသေ့ရဟန်းပြု၍လည်း အမျက်ထွက်ခြင်းကို မပြုကုန်´´ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု

ရဟန်း ... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အမှတ်မရှိသော နိဂုံးရွာ၌ ကြွယ်ဝကုံလုံ ပြည့်စုံသော၊ များသော ဥစ္စာရှိသော၊ များသော အသုံးအဆောင်ရှိသော ပုဏ္ဏားတယောက်သည် သားမရှိသည် ဖြစ်၏။ ထိုပုဏ္ဏား၏ ပုဏ္ဏေးမသည် သားကို တောင့်တ၏။ ထိုအခါ ဘုရားလောင်းသည် ဗြဟ္မာ့ပြည်မှ စုတေခဲ့၍ ထိုပုဏ္ဏေးမ၏ ၀မ်း၌ ဖြစ်၏။

ဗြဟ္မာဝင်စား လင်မယား

ထိုဘုရားလောင်းအား ``ဗောဓိကုမာရ´´ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်း၏ အရွယ်သို့ရောက်သော ကာလ၌ တက္ကသိုလ်ပြည်သို့ သွားပြီးလျှင် အလုံးစုံသော အတတ်တို့ကို သင်၍ တဖန် ပြန်လာသောအခါ၌ အလိုမရှိဘဲလျက် မိဘတို့သည် တူသောအမျိုးရှိသော အိမ်မှ သတို့သမီးကို ဆောင်ကုန်၏။ ထိုသတို့သမီးသည်လည်း ဗြဟ္မာ့ပြည်မှ စုတေလာသောသူတည်း။ မြတ်သောအဆင်းကို ဆောင်၏။ နတ်သမီးနှင့် တူ၏။ ထိုနှစ်ယောက်ကုန်သော သူတို့၏ အလိုမရှိကုန်ဘဲလျက်လျှင် ထိမ်းမြားခြင်း မင်္ဂလာကို ပြုကုန်၏။ နှစ်ယောက်ကုန်သော သူတို့အား ကိလေသာဖြစ်ခြင်းမည်သည် တကြိမ် တဖန်မျှ မဖြစ်စဖူး။ ရာဂ၏အစွမ်းအားဖြင့် တယောက်သည် တယောက်ကို မကြည့်စဖူး။ အိပ်မက်၌လည်း မေထုန်အကျင့်မည်သည်ကို မမြင်မက်စဖူး။ ဤသို့ စင်ကြယ်သော သီလရှိသည် ဖြစ်ကုန်၏။

လင်မယား ၂-ယောက် ရသေ့ဝတ်ကြ

ထိုအခါ နောက်အဖို့၌ ဘုရားလောင်းမိဘတို့သည် သေလွန်ကုန်သည်ရှိသော် ထိုမိဘတို့အား သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် ထိုမယားကို ခေါ်၍ ``ရှင်မ ... သင်သည် ကုဋေရှစ်ဆယ်ရှိသော ဥစ္စာကို ယူ၍ ချမ်းသာစွာ အသက်မွေးလေလော့´´ဟု ဆို၏။ ``အရှင့်သား အသို့နည်း´´ဟု ဆို၏။ ``ငါ့အား ဥစ္စာဖြင့် ပြုဖွယ်ကိစ္စ မရှိ။ ဟိမ၀န္တာသို့ ၀င်ပြီးလျှင် ရသေ့ရဟန်းပြု၍ မိမိ၏တည်ရာ ကိုးကွယ်ရာကို ပြုအံ့´´ဟု ဆို၏။ ``အရှင့်သား ... ရဟန်းအဖြစ် မည်သည်ကား ယောက်ျားတို့အားသာလျှင် အပ်သလော´´ဟု မေး၏။ ``ရှင်မ ... မိန်းမတို့အားလည်း အပ်၏´´ဟု ဆို၏။ ``ထိုသို့တပြီးကား ... အရှင်တို့သည် ထွေးအပ်သော တံတွေးပေါက်နှင့်တူသော ဥစ္စာကို ငါသည် မယူအံ့။ ငါ့အားလည်း ဥစ္စာဖြင့် ပြုဖွယ်ကိစ္စ မရှိ။ ငါသည်လည်း ရဟန်းပြုအံ့´´ဟု ဆို၏။ ``ရှင်မ ... ကောင်းပြီး´´ဟု ဆို၍ နှစ်ယောက်ကုန်သော သူတို့သည် အလှူကြီးကို ပေးပြီးလျှင် အိမ်မှ ထွက်၍ မွေ့လျော်ဖွယ်ရှိသော မြေအဖို့၌ သင်္ခမ်းဆောက်၍ ရသေ့ရဟန်းပြုပြီးလျှင် သစ်သီးကြီးငယ်တို့ကို ရှာမှီး၍ သစ်သီးကြီးငယ်တို့ဖြင့် မျှကုန်လျက် ဟိမ၀န္တာတောအရပ်၌ ဆယ်နှစ်ပတ်လုံး နေကုန်၏။

ထိုနှစ်ယောက်ကုန်သော သူတို့အား ဈာန်သည်ကား မပြည့်စုံသေး။ ထိုနှစ်ယောက်ကုန်သော သူတို့သည် ထိုဟိမ၀န္တာတောအရပ်၌ ရဟန်းချမ်းသာဖြင့်သာလျှင် ဆယ်နှစ်တို့ပတ်လုံး နေကုန်၍ ချဉ်ဆားမှီဝဲအံ့သောငှာ ဇနပုဒ်သို့ ဒေသစာရီသွားကုန်သည်ရှိသော် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်းဥယျာဉ်၌ နေကုန်၏။

မင်းကြီး ရသေ့မကို ကြိုက်ပြီ

ထိုအခါ တနေ့သ၌ မင်းသည် လက်ဆောင်ကို ယူ၍ လာသော ဥယျာဉ်စောင့်ကို မြင်၍ ``ဥယျာဉ်ကစားအံ့၊ ဥယျာဉ်ကို သုတ်သင်လော့´´ဟု ဆိုပြီး၍ ဥယျာဉ်စောင့်သည် ကောင်းစွာ စီရင်အပ်သော ဥယျာဉ်သို့ များသောအခြံအရံဖြင့် သွား၏။

ထိုခဏ၌ ထိုနှစ်ယောက်ကုန်သော ရသေ့ယောက်ျား၊ ရသေ့မိန်းမတို့သည် ဥယျာဉ်နံပါးတဖက်၌ ရဟန်းချမ်းသာဖြင့် လွန်စေ၍ နေကုန်၏။

ထိုအခါ မင်းသည် ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ရဟန်းချမ်းသာဖြင့် နေကုန်သော ထိုနှစ်ယောက်ကုန်သော ရသေ့ယောက်ျား၊ ရသေ့မိန်းမတို့ကို မြင်၍ အလွန် ကြည်ညိုဖွယ်ရှိသော မြတ်သော အဆင်းကို ဆောင်သော ရသေ့မကို ကြည့်သည်ရှိသော် တပ်စွန်းသော စိတ်သည် ဖြစ်လေ၏။

အဘယ်သို့ တော်စပ်သနည်း

ထိုဗာရာဏသီမင်းသည် ကိလေသာ၏ အစွမ်းဖြင့် တုန်လှုပ်လျက် ``ဤရသေ့မသည် ဤရသေ့ယောက်ျားနှင့် အသို့တော်သနည်းဟု မေးဦးအံ့´ဟု ဘုရားလောင်းသို့ ကပ်၍ ``အို ရှင်ရသေ့ ... ဤရသေ့မသည် အရှင်ဘုရားနှင့် အသို့တော်သနည်း´´ဟု မေး၏။

``မြတ်သောမင်းကြီး ... တစုံတခု အမျိုးတော်၏ မတော်၏ဟု ဆိုဖွယ်သည် မဖြစ်။ လူမှုနှင့်မရော သက်သက် တူသော ရသေ့အကျင့်ဖြင့် ရသေ့အဖြစ်သို့ ရောက်သသူတည်း။ စင်စစ်သောကား ငါ၏ လူဖြစ်သောအခါ ခြေရင်း၌ အလုပ်အကျွေးတည်း´´ဟု ဆိုလေ၏။

ရသေ့မစော်ကားလျှင် အသို့ပြုအံ့နည်း

ထိုစကားကို ကြား၍ မင်းသည် ``ရသေ့မကား ထိုရသေ့၏ တစုံတခု ပိုင်ထိုက်သော ဥစ္စာသည် မဖြစ်သတတ်။ စင်စစ်သော်ကား လူဖြစ်သောအခါသာလျှင် ထိုရသေ့၏ ခြေရင်း၌ အလုပ်အကျွေးဖြစ်သတတ်။ ငါသည် ဤရသေ့မကို အစိုးရသောမင်း၏အစွမ်းဖြင့် ယူ၍ အကယ်၍ သွားသည်ဖြစ်အံ့။ အသို့ပြုလတ္တံ့နည်း။ ထိုရသေ့ကို စုံစမ်းအံ့´´ဟု ကြံ၍ ချဉ်းကပ်ပြီးလျှင် -

၄၉။ ယော တေ ဣမံ ၀ိသာလက္ခိံ၊

ပိယံ သံမှိတဘာသိနိံ။

အာဒါယ ဗလာ ဂေစၧယ်၊

ကိံ နု ကယိရာသိ ဗြာဟ္မဏ။ ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

+++

၄၉။ ဗြာဟ္မဏ - မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။

ဝိသာလက္ခိံ - ၀န်းသော မျက်လုံးရှိသော။

သမှိတဘာသိနိံ - စဉ်းငယ်ပြုံးရွှင်သော ပြောခြင်းရှိသော။

တေ - ရှင်ရသေ့၏။

ဣမံ ပိယံ - ဤလူလက်ထက်၌ မယားဖြစ်ဖူးသော ရသေ့မကို။

ယော - အကြင်သူသည်။

ဗလာ-ဗလက္ကာရေန - နိုင်ထက်ကလူပြုသဖြင့်။

အာဒါယ - ယူ၍။

ဂစ္ဆေယျ - သွားငြားအံ့။

တံ - ထိုသူကို။

တွံ - သင်သည်။

ကိံ နု - အသို့လျှင်။

ကယိရာသိ - ပြုအံ့နည်း။

+++

ပညာရှိအမျက် ပြင်မထွက်

ထိုအခါ မင်း၏စကားကို ကြား၍ ဘုရားလောင်းသည် -

၅၀။ ဥပ္ပဇ္ဇေ မေ န မုစ္စေယျ၊

န မေ မုစ္စေယျ ဇီဝတော။

ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊

ခိပ္ပမေ၀ နိဝါရယေ။ ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၀။ မဟာရာဇ - မြတ်သောမင်းကြီး။

မေ - ငါ့အား။

ကောဓော - အမျက်ဒေါသသည်။

ဥပ္ပဇ္ဇေ-ဥပ္ပဇ္ဇေယျ - ဖြစ်ငြားအံ့။

န မုစ္စေယျ - ဖြစ်သောအမျက်သည် ကိုယ်မှ မထွက်ရာ။

ဇီဝတော - အသက်ရှည်သမျှ ကာလပတ်လုံး။

မေ - ငါ့အား။

န မုစ္စေယျ - ကိုယ်မှ မထွက်ရာ။

ဝိပုလာ ၀ုဋ္ဌိ - သည်းစွာသော မိုးပေါက်ရှိသော မိုးကြီးသည်။

ရဇံ - မြူကို။

နိဝါရယေ ဣ၀ - မြစ်သကဲ့သို့။

တံ - ထိုအမျက်ကို။

ခိပ္ပမေ၀ - လျင်စွာသာလျှင်။

နိဝါရယေ - မြစ်အံ့။

+++

ရသေ့မကို အတင်းယူ

ဤသို့ ဘုရားလောင်းသည် မြတ်သောတရားစကားကို ဟောတော်မူလေ၏။ ထိုသို့ ဟောသော်လည်း မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြားရ၍လည်း အလွန်မိုက်သည်၏အဖြစ်ကြောင့် ရသေ့မ၌ တပ်စွန်းသော မိမိစိတ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အမတ်တယောက်ကို ``ဤရသေ့မကို မင်း၏နန်းတော်သို့ ဆောင်သွားလေလော့´´ဟု စေလိုက်၏။

ထိုအမတ်သည် ``ကောင်းပြီ´´ဟု ၀န်ခံ၍ ထိုမင်းဆိုတိုင်းကို ပြု၏။ ရသေ့မလည်း ``အချင်းတို့ ... လောက၌ သူတော်မဟုတ် သူယုတ်တို့၏ အကျင့်သည် ဖြစ်၏။ မလျောက်ပတ်စွာတကား´´ ဤသို့ အစရှိသော စကားတို့ကို ဆို၍ ငိုကြွေး မြည်တမ်းစဉ်ပင်လျှင် ထိုရသေ့မကို ယူ၍ သွားလေ၏။

ဘုရားလောင်းသည် ထိုရသေ့မ၏ ငိုကြွေးသံကို ကြား၍ တကြိမ်ကြည့်ပြီးလျှင် တဖန် မကြည့်ပြီ။ ငိုမြည်တမ်းသော ရသေ့မကို မင်း၏နန်းတော်သို့သာလျှင် ဆောင်လေ၏။ ထိုဗာရာဏသီမင်းသည်လည်း ဥယျာဉ်၌ ကြာမြင့်စွာ နေခြင်းကို မပြုမူ၍သာလျှင် လျင်မြန်စွာ သွားပြီးလျှင် ထိုရသေ့မကို ခေါ်စေ၍ ကြီးစွာသော မင်း၏စည်းစိမ်ဖြင့် ဖိတ်၏။ ထိုရသေ့မသည် မင်းစည်းစိမ်ဖြင့် ကျေးဇူးမရှိသည်ကို ရဟန်းအဖြစ်၌သာလျှင် ကျေးဇူးရှိသည်ကို ဆို၏။

ဧည့်မခံတော့ဘူးလား

မင်းသည် တစုံတခုသော အကြောင်းဖြင့် ရသေ့မ၏ စိတ်ကို မရသည်ဖြစ်၍ ထိုရသေ့မကို တခုသော တိုက်ခန်း၌ ထား၍ ကြံ၏။ ``အဘယ်သို့ ကြံသနည်း´´ဟူမူကား ``ဤရသေ့မသည် သီလရှိ၏။ ကောင်းသော အကျင့်ရှိ၏။ ဤသို့သဘောရှိသော မိဖုရားစည်းစိမ်ကို အလိုမရှိ။ ထိုရသေ့သည်လည်း ဤသို့ သဘောရှိသော မယားဖြစ်ဖူးသော မိန်းမကို နိုင်ထက်ကလူ ယူ၍သွားသော ငါတို့ကို အမျက်ထွက်၍ပင် ကြည်ကာမျှကိုလည်း မပြု။ စင်စစ်လျှင် ရသေ့ရဟန်းတို့သည် များစွာကုန်သော မာယာရှိကုန်၏။ တစုံတခုသော မန္တာန် ဆေးဝါး မန္တရားကို မှီ၍ ငါ့အား အကျိုးမဲ့ကိုလည်း ပြုကုန်ရာ၏။ သွားဦးအံ့၊ အဘယ်သို့ ပြုလျက်နေသနည်း။ သိအောင် ပြုအံ့´´ ဤသို့ ကြံ၏။

ကြံပြီး၍ ရပ်တည်ခြင်းငှာ မတတ်နိုင်ရကား ဥယျာဉ်သို့ သွားပြန်၏။ ဘုရားလောင်းသည်လည်း သင်္ကန်းတို့ကို ချုပ်လျက် နေ၏။ မင်းသည် နည်းသော အခြံအရံရှိသည်ဖြစ်၍ ခြေသံပြင်းသည်ကိုလည်း မပြုဘဲ ဖြည်းဖြည်းသာသာ ချဉ်းကပ်လေ၏။ ဘုရားလောင်းသည် မင်းကို မကြည့်မူ၍ သင်္ကန်းကိုသာလျှင် ချုပ်၏။ မင်းသည် ``ဤရသေ့သည် အမျက်ထွက်၍ ငါနှင့်တကွ စကားမပြော´´ဟု အောက်မေ့သည်ဖြစ်၍ ``ဤရသေ့စဉ်းလဲသည် `အမျက်အားဖြစ်ခြင်းငှာ ငါမပေးအံ့၊ အမျက်ဖြစ်သော်လည်း ထိုအမျက်ကို လျင်မြန်စွာ နှိပ်အံ့´ဟု ရှေးဦးစွာကမူ ကြုံးဝါး၍ ယခုမူကား အမျက်ဖြင့်သာလျှင် ခက်ထန်ခိုင်မာသည်ဖြစ်၍ ငါနှင့်တကွ စကားမပြော´´ ဤသို့သော အမှတ်ဖြင့် -

၅၁။ ယံ နု ပုဗ္ဗေ ၀ိကတ္ထိတ္ထော၊

ဗလမှိဝ အပဿိတော။

သွဇ္ဇ တုဏှိကတော ဒါန၊

သင်္ဃာဋိံ သိဗ္ဗမစ္ဆသိ။ ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘော တာပသ - အို ရသေ့။

ပုဗ္ဗေ - ရှေး၌။

ဝိကတ္ထိတ္ထော နု - ကြုံးဝါး၏ မဟုတ်လော။

အဇ္ဇ - ယခုမူကား။

သော - ထိုရသေ့စဉ်းလဲသည်။

ယံ ဗလံ - အကြင်အမျက်ဒေါသအစွမ်းကို။

အပဿိတော ဣ၀ - မှီသကဲ့သို့။

တုဏှိကတော - တစုံတခုသော စကားကိုမျှ မဆိုမူ၍။

တေန ဗလေန - ထိုအမျက်အစွမ်းဖြင့်။

သင်္ဃာဋိံ - ဒုကုဋ်သင်္ကန်းကို။

သိဗ္ဗံ သိဗ္ဗန္တော - ချုပ်လျက်။

ဒါနိ - ယခု။

အစ္ဆသိ - နေဘိ၏တကား။

+++

ဖြစ်ပါလျက် အပြင်မထွက်

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ``ဤမင်းကား အမျက်ဒေါသ၏ အစွမ်းဖြင့် စကားမပြောဟူ၍ ငါ့ကို အောက်မေ့၏။ ယခုအခါ ထိုမင်းအား ဖြစ်သော အမျက်ဒေါသ၏အလိုသို့ မလိုက်သည်၏အဖြစ်ကို ဟောအံ့´´ဟု ကြံ၍ -

၅၂။ ဥပ္ပဇ္ဇိ မေ န မုစ္စိတ္ထ၊

န မေ မုစ္စိတ္ထ ဇီဝတော။

ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊

ခိပ္ပမေ၀ နိဝါရယိံ။ ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၅၂။ မဟာရာဇ - မြတ်သောမင်းကြီး။

မေ - ငါ့အား။

ဥပ္ပဇ္ဇိ - ဖြစ်ကားဖြစ်၏။

ပန - ထိုသို့ဖြစ်ငြားသော်လည်း။

န မုစ္စိတ္ထ - သန္တာန်မှ အပ မထွက်စေရ။

မေ - ငါ့အား။

ဇီဝတော - သဇီဝသန္တာန်မှ။

န မုစ္စိတ္ထ - မထွက်စေရာသလျှင်ကတည်း။

ဝိပုလာ ၀ုဋ္ဌိ - ကြီးစွာသော မိုးပေါက်သည်။

ရဇံ - မြူကို။

နိဝါရယိ ဣ၀ - ဖျောက်သကဲ့သို့။

ခိပ္ပမေ၀ - လျင်စွာသာလျှင်။

နိဝါရယိံ - မြစ်အံ့။

+++

ဘာများဖြစ်နေပါသလဲ

ထိုဘုရားလောင်း စကားကို ကြား၍ မင်းသည် ``ဤရသေ့ကား အမျက်ကိုသာလျှင် ရည်၍ ဆိုသလော။ ထိုသို့မဟုတ်မူ တပါးသော တစုံတခုသော အတတ်ကို ရည်၍ ဆိုသလော။ ထိုရသေ့ကို မေးဦးအံ့´´ဟု ကြံ၍ မေးလိုရကား -

၅၃။ ကိံ တေ ဥပ္ပဇ္ဇိ နော မုစ္စိ၊

ကိံ တေ န မုစ္စိ ဇီဝတော။

ရဇံဝ ၀ိပုလာ ၀ုဋ္ဌိ၊

ကတမံ တံ နိဝါရယိ။ ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ တာပသ - ရှင်ရသေ့။

တေ - ရှင်ရသေ့အား။

ဥပ္ပဇ္ဇိ - ဖြစ်ကားဖြစ်၏ ဟူသည်ကား။

ကိံ - အဘယ်သည်။

ဥပ္ပဇ္ဇိ - ဖြစ်လည်းဖြစ်သနည်း။

နော မုစ္စိ - လွှတ်လည်း မလွှတ်သနည်း။

ကိံ - အဘယ်သည်။

တေ - ရှင်ရသေ့၏။

ဇီဝတော - သဇီဝသန္တာန်မှ။

န မုစ္စိ - မလွှတ်သနည်း။

ဝိပုလာ ၀ုဋ္ဌိ - ကြီးစွာသော မိုးပေါက်သည်။

ရဇံ - မြူကို။

နိဝါရယိ ဣ၀ - ပျောက်သကဲ့သို့။

ကတမံ - အဘယ်မည်သော။

တံ - ထိုဝတ္ထုကို။

နိဝါရယိ - မြစ်သနည်း။

+++

အမျက်ဖြစ်လျက် အပြင်မထွက်

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ``မြတ်သောမင်းကြီး ... ဤသို့ များစွာသော အပြစ်ရှိသော တခုသော အမျက်သည် ငါ့အား ဖြစ်၏။ ဖြစ်သော်လည်း ထိုအမျက်ကို မေတ္တာဘာဝနာဖြင့် မြစ်၏´´ဟု အမျက်ဒေါသ၌ အပြစ်ကို ပြလိုသည်ဖြစ်၍ -

၅၄။ ယမှိ ဇာတေ န ပဿတိ၊

အဇာတေ သာဓု ပဿတိ။

သော မေ ဥပဇ္ဇိ နော မုစ္စိ၊

ကောဓော ဒုမ္မေဓဂေါစရော။

၅၅။ ယေန ဇာတေန နန္ဒန္တိ၊

အမိတ္တာ ဒုက္ခမေသိနော။

သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊

ကောဓော ဒုမ္မေဓဂေါစရော။

၅၆။ ယသ္မိဉ္စ ဇာယမာနမှိ၊

သဒတ္ထံ နာဝဗုဇ္ဈတိ။

သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊

ကောဓော ဒုမ္မေဓဂေါစရော။

၅၇။ ယေနာဘိဘူတော ကုသလံ ဇဟာတိ၊

ပရက္ကရေ ၀ိပုလဉ္စာပိ အတ္ထံ။

သ ဘီမသေနော ဗလ၀ါ ပမဒ္ဒီ၊

ကောဓော မဟာရာဇ န မေ အမုစ္စထ။

၅၈။ ကဋ္ဌသ္မိံ မတ္ထမာသ္မိံ၊

ပါဝကော နာမ ဇာယတိ။

တမေ၀ ကဋ္ဌံ ဍဟတိ၊

ယသ္မာ သော ဇာယတေ ဂိနိ။

၅၉။ ဧ၀ံ မန္ဒဿ ပေါသဿ၊

ဗာလဿ အ၀ိဇာနတော။

သာရမ္ဘာ ဇာယတေ ကောဓော၊

သောပိ တေနေ၀ ဍယှတိ။

၆၀။ အဂ္ဂီဝ တိဏကဋ္ဌသ္မိံ၊

ကောဓော ယဿ ပသဍ္ဎတိ။

နိဟီယတိ တဿ ယသော၊

ကာဠပက္ခေ၀ စန္ဒိမာ။

၆၁။ အနေဓော ဓူမကေတူဝ၊

ကောဓော ယဿူ´ပသမ္မတိ။

အာပူရတိ တဿ ယသော၊

သုက္ကပက္ခေ၀ စန္ဒိမာ။ ဟူသော ဤဂါထာတို့ကို ဆို၏။

+++

၅၄။ ဘူပါလ - ရေမြေသေဌ်နင်း ပြည့်ရှင်မင်း။

ယမှိ ကောဓေ - အကြင်အမျက်သည်။

ဇာတေ - ဖြစ်လတ်သော်။

န ပဿတိ - မိမိအကျိုး သူတပါးအကျိုးကို မမြင်။

ယမှိ - အကြင်အမျက်သည်။

အဇာတေ - မဖြစ်သည်ရှိသော်။

သာဓု - ကောင်းစွာ။

ပဿတိ - မိမိအကျိုး သူတပါးအကျိုးကို မြင်၏။

ဒုမ္မေဓဂေါစရော - ပညာမရှိသောသူတို့၏ ကျက်စားလေ့လာရာဖြစ်သော။

သော ကောဓော - ထိုအမျက်သည်။

မေ - ငါ့အား။

ဥပ္ပဇ္ဇိ - ဖြစ်၏။

နော မုစ္စိ - ကိုယ်မှ ပြင်ပသို့ မထွက်။

၅၅။ ဇနိန္ဒ - လူတို့၏အရှင်မင်းမြတ်။

ဇာတေန - ဖြစ်သော။

ယေန - အကြင်အမျက်ဒေါသဖြင့်။

ဒုက္ခမေသိနော - ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို အလိုရှိကုန်သော။

အမိတ္တာ - ရန်သူတို့သည်။

နန္ဒန္တိ - နှစ်သက်ကုန်၏။

ဒုမ္မေဓဂေါစရော - ပညာမရှိသောသူတို့၏ ကျက်စားရာ အာရုံဖြစ်သော။

သော ကောဓော - ထိုအမျက်သည်။

မေ - ငါ့အား။

ဥပ္ပဇ္ဇိ - ဖြစ်၏။

နော မုစ္စိ - ငါ့ကိုယ်မှ ပြင်ပသို့ မထွက်။

၅၆။ ဒိသမ္ပတိ - အရပ်မျက်နှာအရှင်ဖြစ်သော မင်းကြီး။

ယသ္မိံဉ္စ - အကြင်အမျက်ဒေါသသည်လည်း။

ဇာယမာနမှိ - ဖြစ်လတ်သော်။

သဒတ္ထံ - မိမိအကျိုးစီးပွားကို။

နာဝဗုဇ္ဈတိ - မသိ။

ဒုမ္မေဓဂေါစရော - ပညာမရှိသော သူတို့၏ ကျက်စားလေ့လာရာဖြစ်သော။

သော ကောဓော - ထိုအမျက်သည်။

မေ - ငါ့အား။

ဥပ္ပဇ္ဇိ - ဖြစ်၏။

နော မုစ္စိ - ငါ့ကိုယ်မှ ပြင်ပသို့ မထွက်။

၅၇။ ရဋ္ဌေသဘ - တိုင်းပြည်သူအပေါင်းတို့ထက် မြတ်တော်မူသော။

ရာဇသေဋ္ဌ - မင်းမြတ်။

ယေန - အကြင်ဒေါသသည်။

အဘိဘူတော - နှိပ်စက်အပ်သောသူသည်။

ကုသလံ - ကုသိုလ်ကို။

ဇဟာတိ - စွန့်တတ်၏။

ဝိပုလံ - ပြန့်ပြောသော။

အတ္ထဉ္စာပိ - အကျိုးစီးပွားကိုလည်း။

ပရက္ကရေ - အပပြုလိုက်တတ်၏။

မဟာရာဇ - မင်းမြတ်။

ဘိမသေနော - များစွာသော ကိလေသာဟူသော စစ်သည်နှင့်ပြည့်စုံသော။

ဗလ၀ါ ပမဒ္ဒိ - အားရှိသောသူတို့ကို နှိပ်နင်းနိုင်သော။

သော ကောဓော - ထိုအမျက်သည်။

မေ - ငါ၏။

သန္တိကာ - အထံမှ။

န မုစ္စထ - မထွက်။

+++

အမျက်မီးပြောင် ကိုယ့်ကိုလောင်

၅၈။ ကဋ္ဌသ္မိံ - မီးပွတ်ခုံကို။

မတ္ထမာနသ္မိံ - မီးပွတ်သည်ရှိသော်။

ပါဝကော နာမ - မီးမည်သည်။

ဇာယတိ - ဖြစ်၏။

သော ဂိနိ - ထိုမီးသည်။

ယသ္မာ - အကြင်ပွတ်ခုံမှ။

ဇာယတေ - ဖြစ်၏။

တမေ၀ ကဋ္ဌံ - ထိုမီးဖြစ်ရာ ပွတ်ခုံကိုပင်လျှင်။

ဍဟတိ - လောင်၏။

+++

အမျက်ဖြစ်မူ ဤကိုယ်ပူ

၅၉။ မဟာရာဇ - မင်းမြတ်။

ဧ၀ံ - ဤအတူ။

မန္ဒဿ - ပညာမရှိသော။

ဗာလဿ - မိုက်စွာသော။

အ၀ိဇာနတော - အကျိုးစီးပွားကို မသိသော။

ပေါသဿ - သတ္တ၀ါအား။

သရမ္ဘာ - နင်လော ငါလော စသည်ဖြင့် လွန်စွာပြုတတ်သော လက္ခဏာရှိသော။

ကောဓော - အမျက်သည်။

ဇာယတေ - ဖြစ်၏။

သောပိ - ထိုအမျက်ထွက်သော သူသည်လည်း။

တေနေ၀ - ထိုမိမိအမျက်ဖြင့်သာလျှင်။

ဍယှတိ - ပူလောင်၏။

+++

ပညာနည်းပါး ဒေါသပွား

၆၀။ ရထေသဘ - ရထားစီးချင်း မင်းတကာတို့ထက် အာသဘမြောက်တော်မူသော။

ရာဇသေဋ္ဌ - မင်းမြတ်။

တိဏကဋ္ဌသ္မိံ - မြက်ခြောက် သစ်ခက်ခြောက်ရှိရာ အရပ်၌။

အဂ္ဂိ - လောင်သောမီးသည်။

တဍ္ဎတိ ဣ၀ - ပွားလေလေဖြစ်သကဲ့သို့။

ယဿ - အကြင်ပညာနည်းသော သူအား။

ကောဓော - အမျက်သည်။

ပ၀ဍ္ဎတိ - ပွား၏။

တဿ - ထိုအမျက်ဒေါသပွားသောသူအား။

ကာဠပက္ခေ - လကွယ်ပက္ခ၌။

စန္ဒိမာ ဣ၀ - လကဲ့သို့။

ယသော - စည်းစိမ်ချမ်းသာသည်။

နိဟီယတိ - တရွေ့ရွေ့ ယုတ်၏။

+++

အမျက်ဇာတ်သိမ်း ကိုယ်လုံးငြိမ်း

၆၁။ မန္နိဿရ - ရွှေနန်းရှင်။

အနေဓော - မီးစာမရှိသော။

ဓူမကေတု - မီးလျှံသည်။

ဥပသမ္မတိ ဣ၀ - ငြိမ်းသကဲ့သို့၊

ယဿ - အကြင်ပညာရှိအား။

ကောဓော - အမျက်သည်။

ဝူပသမ္မတိ - ငြိမ်း၏။

တဿ - ထိုအမျက်ငြိမ်းသောသူအား။

သုက္ကပက္ခေ - လဆန်းပက္ခ၌။

စန္ဒိမာ ဣ၀ - လကဲ့သို့။

ယသော - စည်းစိမ်ချမ်းသာသည်။

အာပူရတိ - တရွေ့ရွေ့ပြည့်၏။

ဗာရာဏသီမင်းသည် ဘုရားလောင်း၏ တရားစကားကို နာရလျက် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမတ်တယောက်ကို စေ၍ နန်းတော်သို့ ဆောင်လေပြီးသော ရသေ့မကို ဆောင်စေ၍ ``အမျက်ထွက်ခြင်းမရှိသော ရှင်ရသေ့ ... နှစ်ယောက်ကုန်သော ရှင်ရသေ့တို့သည် ရဟန်းချမ်းသာဖြင့် လွန်စေကုန်လျက် ဤအကျွန်ုပ် ဥယျာဉ်တော်၌သာလျှင် နေတော်မူကြကုန်လော့။ အကျွန်ုပ်သည် အရှင်ဘုရားတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ခြင်း၊ တရားနှင့်လျော်စွာ ရန်မှ တားမြစ်ခြင်း၊ တရားနှင့်လျော်သော လုံခြုံခြင်းကို ပြုအံ့´´ဟု ဆို၍ ကန်တော့ပြီးလျှင် အကြိမ်ကြိမ် ရှိခိုး၍ သွားလေ၏။

ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဥယျာဉ်တော်၌သာလျှင် နေကုန်၏။ နောက်အဖို့၌ ရသေ့မသည် သေ၏။ ဘုရားလောင်းသည် ထိုရသေ့မ သေသည်ရှိသော် ဟိမ၀န္တာတောသို့ ၀င်ပြီးလျှင် အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေ၍ လေးပါးကုန်သော ဗြဟ္မ၀ိဟာရတို့ကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း

သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။

ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား - ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ ရသေ့မ ဖြစ်ဖူးပြီ။ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည် ထိုအခါ စူဠဗောဓိရသေ့ ဖြစ်ဖူးပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ဆောင်ပုဒ်

မျက်ဒေါသမှာ၊ မီးပမာ၊ မှီရာ လောင်မြိုက်မည်။

+++++

(မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီး ပြန်ဆိုရေးသားတော်မူသော ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု တတိယတွဲ မှ)

ခန္တီဝါဒီဇာတ်

ဟောတော်မူရာဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် “ယော တေ ဟတ္ထေစ ပါဒေ စ” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ပါးသော အမျက်ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု

သဗ္ဗညုမြတ်စွာဘုရားသည်ကား ထိုရဟန်းကို “ရဟန်း ... အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း။ ရှေးပညာရှိတို့သည် ကိုယ်၌ အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်လည်းကောင်း၊ လက်,ခြေ,နား,နှာခေါင်းတို့ကို ဖြတ်ကုန်သော်လည်းကောင်း သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်”ဟု ဆို၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။

ခန္တီဝါဒီရသေ့

ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ ကုဏ္ဍလ မည်သော လုလင်ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်၍ ဥစ္စာကို ဖြစ်စေ၍ မိဖကွယ်လွန်သဖြင့် ဥစ္စာစုကို ကြည့်၍ ဤဥစ္စာတို့ကို “ငါ၏ဆွေမျိုးတို့သည် မယူမူ၍သာလျှင် သွားကုန်၏။ ငါသည်ကား ထိုဥစ္စာကို ယူ၍ သွားခြင်းငှာ သင့်၏”ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ရွေးချယ်စိစစ်သော လှူဒါန်းခြင်း၏ အစွမ်းအားဖြင့် အကြင်သူသည် အကြင်ဥစ္စာကို ဆောင်၏။ ထိုသူအား ထိုဥစ္စာကို လှူ၍ ဟိမဝန္တာသို့ ဝင်၍ ရသေ့ရဟန်းပြု၍ သစ်သီးကြီးငယ်တို့ဖြင့် မျှတလျက် ကြာမြင့်စွာ နေ၍ ချဉ်,ဆား မှီဝဲအံ့သောငှာ လူ့ပြည်သို့ လာ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ နက်ဖြန် မြို့၌ ဆွမ်းခံလတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။

စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုတ်တို့၌ ကြည်ညို၍ အိမ်သို့ ပင့်၍ မိမိတို့စီရင်သော ဘောဇဉ်ကို ကျွေး၍ ဝန်ခံခြင်းကို ယူစေ၍ ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။

မိန်းမတို့ကို တရားဟော

ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် ကျွမ်းကျင်ကုန်သော ကချေသည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ သွား၍ မင်္ဂလာကျောက်ဖျာ၌ အိပ်ရာခင်းစေ၍ တစ်ယောက်သော ချစ်နှစ်သက်သော မိန်းမ၏ ရင်ခွင်၌ အိပ်၏။ သီဆိုခြင်း တီးမှုတ်ခြင်း ကခြင်းတို့၌ ကျွမ်းကျင်ကုန်သော ကချေသည် မိန်းမတို့သည် သီဆိုခြင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ သိကြားနတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်၏။ မင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။

ထိုအခါ ထိုမိန်းမတို့သည် “အကြင်မင်း၏အကျိုးငှာ ငါတို့သည် သီဆိုခြင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ ထိုမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ သီဆိုခြင်း တီးမှုတ်ခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်း”ဟု တီးမှုတ်မျိုးတို့ကို ထိုထိုသော အရပ်၌သာလျှင် စွန့်၍ ဥယျာဉ်၌ လှည့်လည်ကုန်လျက် အပွင့် အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည်ဖြစ်၍ ဥယျာဉ်၌ မွေ့လျော်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာ ပွင့်သော အင်ကြင်းပင်ရင်း၌ ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏။ ထိုဥယျာဉ်၌ လှည့်လည်ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ “ရှင်မတို့ ... ထိုသစ်ပင်ရင်း၌ ရဟန်းသည် နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကို နာလျက် နေကုန်အံ့”ဟု သွား၍ ရှိခိုး၍ ခြံရံလျက် နေကုန်၍ “အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသော တရားကို ဟောပါလော့”ဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။

မိန်းမမာန်ယစ်သော မင်း

ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကို လှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ “ထိုအယုတ်မတို့သည် အဘယ်သို့ သွားကုန်သနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး ... ထိုမိန်းမတို့သည် သွား၍ တစ်ယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏”ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက်ထွက်၍ သန်လျက်ကို ကိုင်၍ “ထိုရသေ့စဉ်းလဲကို သတ်အံ့”ဟု လျင်မြန်စွာ သွား၏။

ထိုအခါ အမျက်ထွက်လျက် လာလတ်သော မင်းကို မြင်၍ ထိုမိန်းမတို့တွင် အလွန်အကျွမ်းဝင်ကုန်သော မိန်းမတို့သည် သွား၍ မင်း၏လက်၌ သန်လျက်ကို ယူ၍ မင်းကို အမျက်ငြိမ်းစေကုန်၏။

ထိုကလာဗုမင်းသည် လာလတ်၍ ဘုရားလောင်း၏ အထံ၌ တည်၍ “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု ဆို၏။

“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏”ဟု ဆို၏။

“ထိုခန္တီမည်သည်ကား အဘယ်နည်း”ဟု မေး၏။

“ဆဲရေးကုန်သော သူတို့၌လည်းကောင်း, ပုတ်ခတ်ကုန်သော သူတို့၌လည်းကောင်း အမျက်မထွက်သော အဖြစ်သည် ခန္တီမည်၏”ဟု ဆို၏။

ရသေ့ အရိုက်အနှက်ခံရပုံ

မင်းသည် “ယခု သင့်အား ခန္တီရှိသည်၏အဖြစ်ကို သိအံ့”ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။

ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန်,အဆူးတပ်သောကြိမ်ကို ယူ၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်လျက် ပန်းနီပန်လျက် လာ၍ မင်းကို ရှိခိုးလျက် “အရှင်မင်းကြီး ... အဘယ်အမှုကို ပြုရအံ့နည်း”ဟု ဆို၏။

“ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် နံပါးနှစ်ဘက်ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့”ဟု ဆို၏။

ခိုးသူသတ်သည် မင်းဆိုတိုင်း ပြု၏။ ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေသည် စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယိုစီး၏။

လက်ခြေတို့ ပြတ်ပြီ

မင်းသည် တဖန် “ရဟန်း ... သင်ကား အဘယ်ဝါဒရှိသနည်း”ဟု ဆို၏။

“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တီသည် အရေကြား၌ ရှိသည်မဟုတ်။ သင်မင်းကြီးသည် ခန္တီကို မြင်ခြင်းငှာ မတတ်ကောင်း။ မြတ်သောမင်းကြီး ... ငါ၏ခန္တီသည် စိတ်အတွင်း၌ တည်၏”ဟု ဆို၏။

ခိုးသူသတ်သည် တဖန် “မြတ်သောမင်းကြီး ... အသို့ပြုရအံ့နည်း”ဟု မေး၏။

“ဤရသေ့စဉ်းလဲ၏ လက်နှစ်ဘက်တို့ကို ဖြတ်လော့”ဟု ဆို၏။

ခိုးသူသတ်သည် ပုဆိန်ကို ယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။

ထိုနောက် “ခြေတို့ကို ဖြတ်လော့”ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။

ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။

နားနှာခေါင်းတို့ ဖြတ်ပြီ

တဖန်လည်း မင်းသည် “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။

“မြတ်သောမင်းကြီး ... ငါသည် ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တီသည် လက်စွန်း ခြေစွန်းတို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ခန္တီသည် လက်စွန်း,ခြေစွန်းတို့၌ မရှိ။ နက်နဲသော အရပ်၌ တည်၏”ဟု ဆို၏။

မင်းသည် “ရသေ့၏ နား,နှာခေါင်းတို့ကို ဖြတ်လော့”ဟု ဆို၏။

ခိုးသူသတ်သည် နား,နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။

ခြေဖြင့် ကန်ကျောက်ခံရပြီ

တဖန် “ရဟန်း ... သင်သည် အဘယ်ဝါဒရှိသနည်း”ဟု မေး၏။

“မြတ်သောမင်းကြီး ... ခန္တီဝါဒရှိ၏”ဟု ဆို၏။ “သင်မင်းကြီးသည် ရသေ့၏ ခန္တီကား နား,နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်။ ငါ၏ခန္တီသည် နက်နဲသော စိတ်အတွင်း၌ တည်၏”ဟု ဆို၏။

မင်းသည် “ရသေ့စဉ်းလဲ ... သင့်ခန္တီကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့”ဟု ဆို၍ ဘုရားလောင်း၏ ရင်ကို ခြေဖြင့် ကျောက်၍ သွား၏။

စစ်သူကြီး တောင်းပန်ခြင်း

ထိုမင်းသွားသည်ရှိသော် စစ်သူကြီးသည် ဘုရားလောင်း၏ ကိုယ်မှ သွေးကို သုတ်၍ လက်,ခြေ,နား,နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင်၌ ထည့်၍ ဘုရားလောင်းကို ဖြည်းညင်းစွာ ထိုင်စေ၍ ရှိခိုးပြီးသော် တင့်အပ်စွာ နေ၍ “အရှင်ဘုရား ... အရှင်ဘုရားတို့သည် အမျက်ထွက်လိုကုန်သည်ရှိသော် အရှင်ဘုရားတို့၌ အပြစ်ပြုသော မင်းအားသာလျှင် အမျက်ထွက်ပါကုန်လော့။ တပါးသော တိုင်းသားပြည်သူတို့အား အမျက်မထွက်ပါကုန်လင့်”ဟု တောင်းပန်လိုရကား -

၄၉။ ယော တေ ဟတ္ထေ စ ပါဒေ စ၊

ကဏ္ဏနာသဉ္စ ဆေဒယိ။

တဿ ကုဇ္ဈ မဟာဝီရ၊

မာ ရဋ္ဌံ ဝိနသာ ဣဒံ - ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

(ဇာ-ဋ္ဌ။ ၃။ ၃၉။)

မဟာဝီရ - ကြီးသောလုံ့လရှိသော ရှင်ရသေ့။

ယော - အကြင်မင်းသည်။

တေ - သင်၏။

ဟတ္ထေ စ - လက်တို့ကိုလည်းကောင်း။

ပါဒေ စ - ခြေတို့ကိုလည်းကောင်း။

ကဏ္ဏနာသဉ္စ - နား,နှာခေါင်းကိုလည်းကောင်း။

ဆေဒယိ - ဖြတ်၏။

တဿ - ထိုမင်းအား။

ကုဇ္ဈ - အမျက်ထွက်လော့။

ဣဒံ ရဋ္ဌံ - ဤတိုင်းကို။

မာ ဝိနသာ - မဖျက်ဆီးပါလင့်။

+++++

မေတ္တာပင် ပို့သလိုက်ပုံ

ထိုစကားကို ကြား၍ ဘုရားလောင်းသည် -

၅၀။ ယော မေ ဟတ္ထေ စ ပါဒေ စ၊

ကဏ္ဏနာသဉ္စ ဆေဒယိ။

စိရံ ဇီဝတု သော ရာဇာ၊

န ဟိ ကုဇ္ဈန္တိ မာဒိသာ - ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

(ဇာ-ဋ္ဌ။ ၃။ ၃၉။)

ယောရာဇာ - အကြင်မင်းသည်။

မေ - ငါ၏။

ဟတ္ထေ စ - လက်တို့ကိုလည်းကောင်း။

ပါဒေ စ - ခြေတို့ကိုလည်းကောင်း။

ကဏ္ဏနာသဉ္စ - နား,နှာခေါင်းကိုလည်းကောင်း။

ဆေဒယိ - ဖြတ်၏။

သော ရာဇာ - ထိုမင်းသည်။

စိရံ - ကြာမြင့်စွာ။

ဇီဝတု - အသက်ရှည်စေသတည်း။

မာဒိသာ - ငါနှင့်တူသော ပညာရှိတို့သည်။

န ဟိ ကုဇ္ဈန္တိ - အမျက်မထွက်ကုန်သည်သာလျှင်တည်း။

+++++

မင်းကို မြေမျိုပြီ

မင်းသည် ဥယျာဉ်မှ ထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သော ကာလ၌လျှင် ယူဇနာနှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့် ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသကဲ့သို့ ရုံ၍ ယူ၏။

ထိုကလာဗုမင်းသည် ဥယျာဉ်တံခါး၌သာလျှင် မြေသို့ ဝင်၍ အဝီစိငရဲကြီး၌ တည်၏။

ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ပရိသတ်တို့သည်လည်းကောင်း၊ ပြည်သူပြည်သားတို့သည်လည်းကောင်း နံ့သာ, ပန်းအခိုးအထုံ လက်စွဲကုန်လျက် လာလတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။

(အချို့သော ဆရာတို့သည်ကား ဘုရားလောင်းသည် တဖန် ဟိမဝန္တာသို့ သွား၏ဟု ဆို၏။ ထိုစကားသည်ကား မမှန်သော စကားတည်း။)

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

၅၁။ အဟူ အတီတမဒ္ဓါနံ၊

သမဏော ခန္တီဒီပနော။

တံ ခန္တိယာယေဝ ဌိတံ၊

ကာသိရာဇာ အဆေဒယိ။

၅၂။ တဿ ကမ္မဖရုသဿ၊

ဝိပါကော ကဋုကော အဟု။

ယံ ကာသိရာဇာ ဝေဒေသိ၊

နိရယမှိ သမပ္ပိတော - ဟူသော ဤနှစ်ဂါထာတို့ကို ထုတ်ဆောင် ဟောကြားတော်မူ၏။

(ဇာ-ဋ္ဌ။ ၃။ ၄၀။)

အတီတမဒ္ဓါနံ - လွန်လေပြီးသောအခါ၌။

ခန္တီဒီပနော - သည်းခံခြင်းနှင့်ပြည့်စုံသော။

သမဏော - ရဟန်းသည်။

အဟု - ဖြစ်ပြီ။

ခန္တိယာယေဝ - သည်းခံခြင်း၌သာလျှင်။

ဌိတံ - တည်သော။

တံ - ထိုရဟန်းကို။

ကာသိရာဇာ - ကာသိမင်းသည်။

အဆေဒယိ - ဖြတ်စေ၏။

ကာသိရာဇာ - ကာသိမင်းသည်။

ယံ ကမ္မံ - အကြင်မကောင်းမှုကံကို။

အကာသိ - ပြု၏။

တဿ ကမ္မဖရုသဿ - ထိုကြမ်းကြုတ်သော မကောင်းမှုကံ၏။

ကဋုကော - ခါးစပ်လှစွာသော။

ဝိပါကော - အကျိုးသည်။

အဟု - ဖြစ်၏။

ကာသိရာဇာ - ကာသိမင်းသည်။

နိရယမှိ - ငရဲ၌။

သမပ္ပိတော - တည်၍။

ဝေဒေသိ - ဆင်းရဲခံစား၏။

(အချို့သော ဆရာတို့သည်ကား ဘုရားလောင်း၏ လက်,ခြေ,နား,နှာခေါင်းတို့သည် တဖန် စပ်ပြန်ကုန်၏ဟု ဆိုကုန်၏။ ထိုစကားသည်လည်း မဟုတ်မမှန်သည်သာလျှင်တည်း။)

ဇာတ်ပေါင်း

သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ်အစရှိသည်တို့သို့ ရောက်ကုန်၏။

အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား - ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကလာဗုမည်သော မင်း ဖြစ်ဖူးပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ဖြစ်ဖူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခန္တီဝါဒီရသေ့ ဖြစ်ဖူးပြီ”ဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတော်ကောင်းအား၊ မိုက်ပြစ်မှား၊ ကြီးမား ကံကြီးသင့်။

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ခန္တီဝါဒီဇာတ်သည် ပြီး၏။

+++

(ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု မှ)

မင်းလေးပါးတို့ ဥပုသ်သုံးခန်း (ဝိဓူရဇာတ်တော်-မင်းပူးဆရာတော်ဦးသြဘာသ)

လွန်လေပြီးသောအခါ ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယကောရဗျ အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ အကျိုးကိုလည်းကောင်း၊ အကြောင်းကိုလည်းကောင်း ဆုံးမတတ်သော အမတ်ပညာရှိသည်ကား ဝိဓုရ အမည်ရှိ၏။

ထို ဝိဓုရသုခမိန်သည် သာယာစွာသော စကားဖြင့် လူအပေါင်းတို့အား တရားဟော၏။ ဇမ္ဗူဒီပကျွန်းအပြင်၌ နေကုန်သော မင်းအပေါင်းတို့သည် ဆင်ကို နှစ်သက်စေတတ်သော စောင်းကို တီးလျှင် ဆင်အပေါင်းတို့သည် ထိုစောင်းသံ၌ တပ်မက်ခြင်းဖြင့် မခွာရက်သကဲ့သို့ သာယာလှစွာသော တရားသံဖြင့် ကြည်ညိုတပ်မက်ကြသည် ဖြစ်၍ မိမိတို့ပြည်သို့မျှ ခွာ၍ မပြန်ရက်နိုင် ဖြစ်ကြကုန်၏။

ဝိဓုရအမတ်သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် မင်းအစရှိသော လူအပေါင်းတို့အား တရားဟောလျက် များစွာသော စည်းစိမ်အခြံအရံဖြင့် ထို ဣန္ဒပတ္တနဂိုရ်ပြည်၌ ထင်ရှားစွာ နေ၏။

ဗာရာဏသီပြည်၌လည်း အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသူကြွယ် ၄ ယောက်တို့သည် ကာမဂုဏ်၌ အပြစ်ကို မြင်၍ များစွာသော စည်းစိမ်ကို စွန့်ပစ်လျက် ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်းပြုသဖြင့် အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ တောသစ်မြစ် သစ်သီးသာလျှင် အစာရှိကုန်လျက် ဟိမဝန္တာ၌ ကာလအရှည် နေကြပြီးမှ ချဉ်ဆား မှီဝဲလိုသောငှာ မြို့,ရွှာ,ဇနပုဒ်တို့သို့ လှည့်လည်သွားလာကြသော် အင်္ဂတိုင်း စမ္ပာနဂိုရ်ပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေကြကုန်၏။

မိုးသောက်လျှင် ဆွမ်းအလို့ငှာ မြို့သို့ ဝင်လေကုန်သော် ထိုမြို့၌ သူကြွယ်အဆွေခင်ပွန်း ၄ ယောက်တို့သည် ထိုရသေ့တို့၏ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုတ်ကို မြင်လျှင် ကြည်ညို၍ ရသေ့တို့၏ အထံသို့ ကပ်ကြကုန်လျက် ရှိခိုး၍ သပိတ်ကို ယူပြီးသော် မိမိ မိမိတို့အိမ်သို့ တစ်ပါးစီ ပင့်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးသော် “ဤအရပ်၌ နေ၍ နေ့တိုင်းမပြတ် အကျွန်ုပ်တို့အိမ်သို့ ဆွမ်းစားကြွတော်မူပါကုန်”ဟု တောင်းပန်၍ ပဋိညာဉ်ကို ရလျှင် ထိုဥယျာဉ်၌ နေစေကုန်၏။

ရသေ့တို့လည်း နေ့တိုင်း ထိုသူကြွယ်တို့၏ အိမ်သို့ သွား၍ ဆွမ်းစားပြီးသော် နေ့နေလိုသောငှာ တစ်ရပ်စီ ခွဲ၍ သွားကြကုန်၏။

တစ်ပါးသော ရသေ့ကား တာဝတိံသာနတ်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား နဂါးပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဂဠုန်ပြည်သို့ သွား၍ နေ့ နေ၏။ တစ်ပါးကား ဣန္ဒပတ္တနဂိုရ်ပြည် ဓနဉ္စယကောရဗျမင်း၏ မိဂါဇိန်အမည်ရှိသော ဥယျာဉ်သို့ သွား၍ နေ့ နေ၏။

ထို ၄ ယောက်သော ရသေ့တို့တွင် တာဝတိံသာသို့ သွားသော ရသေ့သည် မိမိဒကာအား မိမိမြင်ခဲ့သည့်အတိုင်း သိကြားမင်းစည်းစိမ်ကို ချီးမွမ်း၍ ဟောပြော၏။ နဂါးပြည်သို့ သွားသော ရသေ့သည် နဂါးမင်းစည်းစိမ်ကို၊ ဂဠုန်ပြည်သို့ သွားသော ရသေ့ည် ဂဠုန်မင်းစည်းစိမ်ကို၊ ကောရဗျမင်းဥယျာဉ်သို့ သွားသော ရသေ့သည်လည်း ကောရဗျမင်းစည်းစိမ်ကို မိမိတို့ မြင်ခဲ့သည့်အတိုင်း မိမိတို့ဒကာ အလုပ်အကျွေးသူကြွယ်တို့အား အသီးအသီး ချီးမွမ်း၍ ပြောကြကုန်၏။

သူကြွယ် ၄ ယောက်တို့လည်း မိမိတို့ဆရာ ရှင်ရသေ့ ချီးမွမ်းသော စည်းစိမ်ကို အသီးအသီး အလိုရှိကြကုန်သဖြင့် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း အစရှိသော ကောင်းမှုကို ပြုကြကုန်လျက် အသက်အတိုင်း နေ၍ စုတေကြလတ်သော် သိကြားအဖြစ်ကို တောင့်တသော သူကြွယ်သည် သိကြားဖြစ်လေ၏။ နဂါးအဖြစ်ကို တောင့်တသော သူကြွယ်သည်လည်း မိမိသား မယားနှင့်တကွ နဂါးဖြစ်လေ၏။ ဂဠုန်မင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် လက်ပံတောဗိမာန်၌ ဂဠုန်မင်း ဖြစ်လေ၏။ ကောရဗျမင်းစည်းစိမ်ကို တောင့်တသော သူကြွယ်သည် ဓနဉ္စယကောရဗျမင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေနေလေ၏။

ရသေ့ ၄ ယောက်တို့သည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်ကြလေကုန်၏။

ကောရဗျမင်းသားသည် ဖွား၍ အရွယ်ရောက်လတ်သော် ခမည်းတော်လွန်သဖြင့် မင်းကျင့်တရားနှင့်အညီ မင်းပြု၏။ ထိုရောအခါဝယ် ကောရဗျမင်းကြီးသည်ကား အန်ကစားကြူး၏။ ဝိဓုရသုခမိန် အဆုံးအမ၌ တည်၍ အလှူပေး၏။ သီလဆောက်တည်၏။ ဥပုသ်ဆောက်တည်၏။

ထိုကောရဗျမင်းသည် တစ်နေ့သော ဥပုသ်နေ့၌ ဥပုသ်ဆောက်တည်ပြီးသော် ‘ဆိတ်ငြိမ်ခြင်းကို ပွားစေအံ့’ဟု ဥယျာဉ်သို့ သွား၍ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ သိကြားမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နတ်ပြည်၌ ကြောင့်ကြစိုးရိမ်ခြင်း နှောင့်ယှက်ခြင်း များသည်ဟု လူ့ပြည်သို့ လာ၍ ထိုဥယျာဉ်၏ နှလုံးမွေ့လျော်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ နဂါးမင်းသည်လည်း ဥပုသ်ဆောက်တည်ပြီးသော် နဂါးပြည်၌ ကြောင့်ကြများသည်ဟု ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။ ဂဠုန်မင်းသည်လည်း ဂဠုန်ပြည်၌ ကြောင့်ကြများသည်ဟု ဂဠုန်ပြည်မှ ထိုဥယျာဉ်သို့ လာ၍ နှစ်သက်ရာအရပ်၌ နေလျက် ရဟန်းတရားကို ပွားစေ၏။

ထိုမင်း ၄ ပါးတို့သည် ညချမ်းသောအခါ မိမိတို့နေရာမှ ထွက်ခဲ့၍ မင်္ဂလာရှိသော လေးထောင့်ကန်နား၌ အညီအညွတ် တွေ့ကြုံကြသော် အချင်းချင်း ကြည့်ကြ၍ ရှေး၌ အဆွေခင်ပွန်းဖြစ်ဖူးသောအားဖြင့် ချစ်ခင်ကြင်နာ ဝမ်းမြောက်စွာ သာယာစွာ စကားပြောဆိုကြပြီးလျှင် သိကြားမင်းသည် မင်္ဂလာရှိသော ကျောက်ဖျာထက်၌ နေ၏။ မင်း ၃ ပါးတို့သည်လည်း သင့်ရာအရပ်၌ နေကြကုန်၏။

ထိုရောအခါ သိကြားမင်းသည် - “မင်း ၃ ပါးတို့၊ ယခု ငါတို့ ၄ ယောက် စောင့်ကြသော သီလတွင် အဘယ်သူ၏ သီလသည် မြတ်မည် ထင်ကြသနည်း”ဟု မေး၏။

ဝရုဏနဂါးမင်းသည် - “အရှင်သိကြားမင်း၊ အကျွန်ုပ်၏ သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်မည် ထင်၏”ဟု ဆို၏။ “အဘယ့်ကြောင့်နည်း”ဟု မေးလျှင်၊ “ဤဂဠုန်မင်းသည် အကျွန်ုပ်ကို အန္တရာယ်မပြုသည်ဖြစ်စေ၊ ဂဠုန်တို့မည်သည် အကျွန်ုပ်တို့အသက်အန္တရာယ်ကို ပြုတတ်၏။ ထိုသို့ အသက်အန္တရာယ်ပြုတတ်သော ဂဠုန်မင်းကို မြင်ရ တွေ့ရသော်လည်း ကြောက်လန့် စိုးရိမ်ခြင်း မရှိ။ မိမိဝေဒနာကို ပမာဏမပြုသဖြင့် သည်းခံခြင်းမြတ်သောကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်သည် ထင်ပါသည်”ဟု ဆို၍ ဒသကနိပါတ် စတုပေါသထဇာတ်၌ လာသော -

“ယောကောပနေယျေ န ကရောတိ ကောပံ၊

န ကုဇ္ဈတိ သပ္ပုရိသော ကဒါစိ။

ကုဒ္ဓေါ ပိ သော နာဝိကရောတိ ကောပံ။

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူ သော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်း ၃ ပါးတို့၊ အကြင်သူသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်စေမူ၍ အခါခပ်သိမ်းလျှင် သည်းခံ၏။ ရံခါ အမျက်ထွက်သော်လည်း ထို မိမိထွက်သောအမျက်ကို ထင်စွာ မပြု။ ထိုသို့သဘောရှိသော သူတော်ကောင်းကိုလျှင် ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ဤသို့ အမျက်မထွက်ခြင်း သည်းခံခြင်းကျေးဇူးသည် အကျွန်ုပ်၌ရှိသောကြောင့် အကျွန်ုပ်၏သီလသည် ကြီးမြတ်၏”ဟု ဆို၏။

(ဤစကား၌ ခန္တီဝါဒီ ရှင်ရသေ့သည် အပြစ်မရှိဘဲလျက် နှိပ်စက်သော ကလာဗုမင်းအား အချင်းခပ်သိမ်း အမျက်မထွက်သကဲ့သို့လည်းကောင်း၊ စူဠဗောဓိ ရှင်ရသေ့သည် မိမိခင်ပွန်း ရသေ့မအား ဗာရာဏသီမင်းကြီး ဖျက်ဆီးမည် အကြံရှိသည်ကို သိ၍ နှလုံးမသာမယာရှိသော်လည်း ထိုအမျက်ကို အပြင်သို့ မထွက်ရ၊ လက်ခုပ်ထဲ၌ရှိသော မီးပွားကို ပြင်တပါး အမှိုက်မီးစာသို့ မကျမငြိစေရဘဲ လက်ခုပ်ထဲ၌ပင်လျှင် သေငြိမ်းအောင် ကြိတ်နယ်ဘိသကဲ့သို့ အမျက်ကို ထင်စွာ မပြု။ ဤသို့ကျင့်သော စူဠဗောဓိရှင်ရသေ့ကဲ့သို့လည်းကောင်း သည်းခံရမည် ဆိုလိုသည်။)

ထိုစကားကို ကြားလျှင် ဂဠုန်မင်း ဆိုပြန်၏။ “မင်းကြီးတို့၊ ဤနဂါးမင်းသည် အကျွန်ုပ်တို့၏အစာတွင် အမြတ်ဆုံးတည်း။ ဤသို့သောအစာကို မြင်၍လည်း မွတ်သိပ်ခြင်းကို သည်းခံလျက် အစာတည်းဟူသောအကြောင်းကြောင့် မကောင်းမှုကို မပြု။ ထို့ကြောင့် အကျွန်ုပ်၏သီလသည် မင်း ၃ ပါးတို့၏ သီလထက် မြတ်၏”ဟု ဆို၍ -

“အနုဒရော ပိယော သဟတေ ဇိဃစ္တံ၊

ဒန္တော တပိ မိတ ပါနဘောဇနော။

အာဟာရဟေတု န ကရောတိ ပါပံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းကြီးတို့၊ အကြင်သူသည် အလွန်မွတ်သိပ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် ယုတ်မာသောအမှုကို မပြု။ အတိုင်းအရှည် တန်ရုံမျှသော အစာ,အဖျော်တို့ကိုသာ မှီဝဲလျက် ဣနြေ္ဒကို ကောင်းစွာ ဆုံးမ၍ သီလကို မကျိုးမပျက်ရအောင် ကောင်းစွာ စောင့်၏။ ထိုသို့ သဘောရှိသောသူကို ဤလောက၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ထို့ကြောင့် အကျွန်ုပ်၏သီလသည်လျှင် မြတ်၏”ဟု ဆို၏။

(ဤစကား၌ အစာတည်းဟူသော အကြောင်းကြောင့် သီလပျက်ကောင်းသည်ကို မဆိုနှင့်ဦး။ သီလပျက်ကောင်းသော အရာ၌ပင်သော်လည်း အရှင်သာရိပုတ္တရာသည် “လေနာပေါ်သောအခါ အဘယ်ဆေးဖြင့် ပျောက်ဖူးသနည်း”ဟု အရှင်မောဂ္ဂလာန် မေးလျှောက်သောကြောင့် “ထောပတ်ဖြင့် ပျောက်ဖူး၏”ဟု ဆိုသည့် စကားကိုပင်လျှင် ‘အစာ၌ လော်လည်ခြင်းဖြစ်သည်’ဟု စက်ဆုပ်တော်မူ၍ အရှင်မောဂ္ဂလာန် ခံဆောင်ခဲ့သော ထောပတ်ကို မသုံးဆောင်ဘဲ နေ၏။ ဤသို့ သူတော်ကောင်းတို့သည် သီလမပျက်ကောင်းသောအရာ၌ပင်သော်လည်း အစာကြောင့် လော်လည်ခြင်းမရှိ ဆိုလိုသည်။)

ထို ဂဠုန်မင်းစကားကို ကြားလျှင် သိကြားမင်း ဆိုပြန်၏။

“မင်းများတို့၊ ငါသည် အထူးထူးအပြားပြား များလှစွာသော နတ်စည်းစိမ်ကို စွန့်၍ သီလစောင့်လိုသောငှာ ဤလူ့ပြည်သို့ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့သီလထက် မြတ်၏”ဟု ဆို၍ -

“ခိဍ္ဍရတိံ ဝိပ္ပဇဟေတွာ သဗ္ဗံ၊

န စာလိကံ ဘာသတိ ကိဉ္စိ လောကေ။

ဝိဘူသနဋ္ဌာနာ ဝိရတော မေထုနသ္မာ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ကိုယ်ဖြင့် မြူးတူးခြင်း၊ နှုတ်ဖြင့် မြူးတူးခြင်းကို ကြဉ်၍ စိုးစဉ်းမျှလည်း ပျက်စကားကို မဆို။ တဏှာ၏အကြောင်းဖြစ်သော အသားကို ပြေပြစ်ပြည့်ဖြိုးစေခြင်းငှာ အစာ မမှီဝဲ။ အရေ၏ ပြေပြစ်စေခြင်းငှာ ပန်း နံ့သာ နံ့သာပျောင်း အခိုး အထုံ စသည်တို့မှလည်းကောင်း၊ မေထုန်မှလည်းကောင်း ရှောင်ကြဉ်၏။ ထိုသို့သဘောရှိသော သူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း နတ်ပြည်၌ အလွန်အဆင်းလှသော နတ်သမီးအပေါင်းတို့ကို စွန့်၍ ဤလူ့ပြည်၌ သီလဆောက်တည်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် မြတ်၏”ဟု ဆို၏။

ထို သိကြားမင်းစကားကို ကြားလျှင် ဓနဉ္စယကောရဗျမင်းသည် ဆိုပြန်၏။

“မင်းများတို့၊ ငါသည် များစွာသော ဥစ္စာကိုလည်းကောင်း၊ တစ်သောင်းခြောက်ထောင်သော မောင်းမတို့ဖြင့် ပြည့်သော ရွှေနန်းစည်းစိမ်ကိုလည်းကောင်း စွန့်၍ ဤဥယျာဉ်၌ ဥပုသ်စောင့်ခြင်းငှာ လာ၏။ ထို့ကြောင့် ငါ၏သီလသည် သင်တို့စောင့်သောသီလထက် မြတ်၏”ဟု ဆို၍ -

“ပရိဂ္ဂဟံ လောဘဓမ္မဉ္စ သဗ္ဗံ၊

ယော ဝေ ပရိညာယ ပရိစ္စဇတိ။

ဒန္တံ ဓိတတ္တံ အမမံ နိရာသံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “မင်းများတို့၊ အကြင်သူသည် ခန္ဓာ ၅ ပါး အစရှိသည်တို့၏သဘောလက္ခဏာကို သိတတ်သော ဉာတပရိညာဉ်၊ ထိုခန္ဓာ ၅ ပါး စသည်တို့၏ အနှစ်သာရ မရှိသည်ကို စူးစမ်းဆင်ခြင်တတ်သော တိရဏပရိညာဉ်၊ ထို ခန္ဓာ ၅ ပါးတို့သည် ပျက်စီးခြင်း ဖောက်ပြန်ခြင်း စသော အပြစ်သာလျှင် ရှိ၏ အကျိုးမရှိဟု ဟုတ်မှန်တိုင်း သိပြီး၍ ‘ငါ၏ကိုယ်’ဟု မှတ်ထင်သော ဆန္ဒရာဂကို ပယ်နုတ်ခြင်းတည်းဟူသော ပဟာနပရိညာဉ်၊ ဤပရိညာဉ် ၃ ပါးတို့ဖြင့် သဘောအလျောက် ပိုင်းဖြတ် ခြားနားစွာ သိပြီး၍ စည်းစိမ်ဥစ္စာ အခြွေအရံ အစရှိသော ဝတ္ထုကာမ၊ ထိုဝတ္ထုကာမကို တပ်မက်သော ကိလေသာကာမတို့ကို ပယ်စွန့်၍၊ အစွယ်ကျိုးသော မြွေကဲ့သို့ အမျက်ရန်ငြိုးတို့ကို မရှိစေရ နှိမ်နင်းခြင်း၊ ဤသို့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက် ဟု ဆိုအပ်သော အကြံအစည်တို့ကို မဖြစ်စေရသဖြင့် ကိုယ်စိတ်၏ ငြိမ်သက်တည်ကြည်ခြင်း၊ သားမယားတို့၌ မတပ်မက်ခြင်းနှင့် ပြည့်စုံ၏။ ထိုသို့ သဘောရှိသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ ငါသည်လည်း သားမယားတို့နှင့်တကွ ရွှေနန်းစည်းစိမ်ကို စွန့်၍ သီလစောင့်ခြင်းငှာ ဤဥယျာဉ်သို့ လာသောကြောင့် ပညာရှိတို့ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ငါ၏သီလသာ မြတ်၏”ဟု ဆို၏။

ဤသို့ မင်း ၄ ပါးတို့သည် မိမိတို့သီလကိုသာလျှင် ချီးမွမ်းကြကုန်၏။

သိကြားမင်း၊ ဂဠုန်မင်း၊ နဂါးမင်းတို့သည် ဓနဉ္စယကောရဗျမင်းကို “ဓနဉ္စယမင်းကြီး၊ သင်၏ ပြည်နိုင်ငံ၌ ငါတို့ယုံမှားခြင်းကို ဖျောက်နိုင်သော ပညာရှိသုခမိန် မရှိလော”ဟု မေးကြကုန်၏။

ဓနဉ္စယမင်းလည်း - “မင်းကြီးတို့၊ ပညာရှိသုခမိန် ရှိ၏။ ငါ၏အကျိုးစီးပွားကို ပြညွှန် ဆုံးမတတ်သော အမတ်ကြီးသည် ဝိဓုရ အမည်ရှိ၏။ ထို ဝိဓုရအမတ်သုခမိန်သည် ကြီးကျယ်သော ပညာလည်း ရှိ၏။ သာယာနာပျော်ဖွယ်သော အသံနှင့်လည်း ပြည့်စုံ၏။ ငါတို့ ယခုယုံမှားခြင်းကို ပျောက်စေနိုင်လတ္တံ့။ ဝိဓုရအမတ်ကြီးထံ သွား၍ အဆုံးအဖြတ် ခံကြကုန်အံ့”ဟု ဆို၏။

မင်း ၃ ပါးတို့လည်း “ကောင်းပြီ။ သွားကြကုန်အံ့”ဟု အညီအညွတ် ဥယျာဉ်မှ ထွက်ခဲ့၍ တရားစီရင်ဆုံးဖြတ်ရာ သဘင်သို့ သွားပြီးသော် မြတ်သောပလ္လင်ကို တန်ဆာဆင်၍ ဝိဓုရအမတ်သုခမိန်ကို ပလ္လင်ထက် နေစေပြီးလျှင် ပဋိသန္ဓာရစကား ပြောဟော၍ မိမိတို့ယုံမှားခြင်း ပြဿနာကို မေးလိုသောကြောင့် -

“ပုစ္ဆာမ ကတ္တာရ မနောမပည၊

ကထာသု နော ဝိဂ္ဂဟော အတ္ထိ ဇာတော။

ဆိန္ဒဇ္ဇကင်္ခံ ဝိစိကိစ္ဆိတာနိ၊

တဒဇ္ဇ ကင်္ခံ ဝိတရေမု သဗ္ဗေ။”ဟူသော ဂါထာဖြင့် ရွတ်မေးကုန်၏။

အဓိပ္ပာယ်ကား - “မယုတ်သော ပညာရှိသော သုခမိန်အမတ်ကြီး၊ ငါတို့ မင်း ၄ ပါး၌ သီလကို မှီ၍ တစ်ခုသော အငြင်းအခုံစကား ဖြစ်ကြကုန်၏။ ထို ငါတို့ယုံမှားခြင်းကို သင်အမတ်ကြီးသည် ဝဇိရစိန်လက်နက်ဖြင့် မြင်းမိုရ်တောင်ကို ခတ်ဘိသကဲ့သို့ ထက်လှစွာသော ပညာဖြင့် ဖြောင့်စေ၍ ဟုတ်မှန်သောအတိုင်း ဆုံးဖြတ်လော့”ဟု ဆိုကြကုန်၏။

ထိုအခါ ဝိဓုရအမတ်သုခမိန်သည် “အရှင်မင်းကြီးတို့၊ ပညာရှိ တရားသူကြီးတို့သဘောသည် အငြင်းအခုံစကားကို ကြားသိရမှ ကောက်ယူ ဆုံးဖြတ်သာသည်။ အငြင်းအခုံစကားကို မကြားမသိရလျှင် မဆုံးဖြတ်သာ ဖြစ်သည်။ အရှင်မင်းကြီး၊ နတ်များသခင် သိကြားမင်းကား မည်သို့ဆိုသည်၊ ကုရုတိုင်းသူ လူတို့၏သခင် အရှင်မင်းကြီးကား မည်သို့ဆိုသည်၊ ဝိနတအမျိုးဖြစ်သော ဂဠုန်မင်းကား မည်သို့ဆိုသည်၊ နဂါးမင်းကား မည်သို့ဆိုသည်ကို အမိန့်တော်ရှိတော်မူကြမှ ကောက်ယူ ဆုံးဖြတ်သာပါမည်”ဟု မင်း ၄ ပါးတို့၏အယူကို မေး၏။

မင်း ၄ ပါးတို့သည်လည်း မိမိတို့အငြင်းအခုံစကားကို ဝိဓုရအမတ်အား ပြန်ကြားလို၍ -

“ခန္တိံဟဝေ ဘာသတိ နာဂရာဇာ၊

အပ္ပါဟာရံ ဂရုဠော ဝေနတေယျော။

ဂန္ဓဗ္ဗရာဇာ ရတိ ဝိပ္ပဟာရံ၊

အကိဉ္စနံ ကုရူနံ ရာဇသေဋ္ဌော။” ဟူသော ဂါထာဖြင့် မင်း ၄ ပါးတို့၏ အယူကို ပြ၏။

အနက်ကား -

ပဏ္ဍိတ - သုခမိန်။

ဟဝေ - စင်စစ်။

နာဂရာဇာ - နဂါးမင်းသည်။

ခန္တိံ - သည်းခံခြင်းကို။

ဘာသတိ - ဆို၏။

ဝေနတေယျော - ဝိနတ အမျိုးဖြစ်သော။

ဂရုဠော - ဂဠုန်မင်းသည်။

အပ္ပါဟာရံ - အစာကြောင့် မကောင်းမှုကို မပြုခြင်း။

ဘာသတိ - ဆို၏။

ဂန္ဓဗ္ဗရာဇာ - သိကြားမင်းသည်။

ရတိဝိပ္ပဟာရံ - ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်းကို။

ဘာသတိ - ဆို၏။

ကုရူနံ - ကုရုတိုင်းသူတို့၏။

ရာဇသေဋ္ဌော - မင်းမြတ်သည်။

အကိဉ္စနံ - ကြောင့်ကြမရှိခြင်းကို။

ဘာသတိ - ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ နဂါးမင်းသည် အမျက်ထွက်အပ်သောသူ၌ အမျက်မထွက်မူ၍ သည်းခံခြင်းကို ချီးမွမ်း၏။ ဂဠုန်မင်းသည် အစာမွတ်သိပ်သည် ဖြစ်သော်လည်း အစာတည်းဟူသော အကြောင်းကြောင့် မကောင်းမှုကို မပြု။ ကြည်ရှောင်ခြင်းကို ချီးမွမ်း၏။ သိကြားမင်းသည် ကာမဂုဏ် ၅ ပါးတို့၌ မွေ့လျော်ပျော်ပါးခြင်းမှ ကြဉ်ရှောင်ခြင်းကို ချီးမွမ်း၏။ ကုရုတိုင်းသူတို့၏ သခင်ဖြစ်သော ဓနဉ္စယမင်းသည် ကြောင့်ကြမရှိသောအဖြစ်ကို ချီးမွမ်း၏”ဟု အယူကို ပြန်ဆိုကြကုန်၏။

ထို ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ စကား ၄ ခွန်းကို ကြားလျှင် ဟုတ်မှန်တိုင်း သိပြီး၍ ဖြောင့်မှန်စွာ ဖြေဆိုဆုံးဖြတ်လိုသောကြောင့် -

“သဗ္ဗာနိ ဧတာနိ သုဘာသိတာနိ၊

နဟေတ္ထ ဒုဗ္ဘာသိတ မတ္ထိ ကိဉ္စိ။

ယသ္မိံ စ ဧတာနိ သုပတိဋ္ဌိတာနိ၊

အရာဝ နာဘျံ သုသမာ ဟိတာနိ။

စတုဗ္ဘိ ဓမ္မေဟိ သမင်္ဂိဘူတံ၊

တံ ဝေ နရံ သမဏံ အာဟု လောကေ။” ဟူသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား - “အရှင်မင်းကြီးတို့၊ ယခု ဆိုတော်မူကြသည့် စကား ၄ ခွန်းသည် ကောင်းသော စကားချည်း ဖြစ်သည်။ စိုးစဉ်းမျှ မကောင်းသောအရာ မရှိ။ ဥပမာကား လှည်းပုံတောင်း၌ ကောင်းစွာ နှက်အပ်သော အကန့်ကဲ့သို့တည်း။ အကြင်ပုဂ္ဂိုလ်၌ သည်းခံခြင်း၊ အစာကြောင့် မကောင်းမှုကို မပြုခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းမှ ကြဉ်ခြင်း၊ ကြောင့်ကြမရှိခြင်း ဂုဏ်နှင့် ပြည့်စုံ၏။ ထို ဂုဏ် ၄ ပါးနှင့် ပြည့်စုံသောသူကို ဤလူ့ပြည်၌ ‘ငြိမ်းပြီးသော မကောင်းမှု’ ရှိသောသူ ဟူ၍ ပညာရှိတို့ ဆိုကုန်၏။”

ဤသို့ ဘုရားလောင်း ဝိဓုရသုခမိန်သည် မင်း ၄ ပါးတို့၏ သီလကို ထပ်တူပြုတော်မူ၏။

ထိုစကားကို ကြားလျှင် မင်း ၄ ပါးတို့သည် နှစ်သက် ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ ဝိဓုရသုခမိန်အား ကောင်းချီးပေးလိုသောကြောင့် -

“တုဝံ နု သေဋ္ဌော တွမနုတ္တရောသိ၊

တွံ ဓမ္မဂူ ဓမ္မဝိဒူ သုမေဓော။

ပညာယ ပဥံ သမဝိဂ္ဂဟေတွာ၊

အစ္ဆိဇ္ဇိ ဓီရော ဝိစိကိစ္ဆိတာနိ။

အစ္ဆိဇ္ဇိ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊

စုန္ဒော ယထာ နာဂဒန္တံ ခရေန။” ဟူသော ဂါထာကို ဆိုကုန်၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည်ကား သူတော်မြတ်တည်း။ သင်သုခမိန်နှင့် နှိုင်းယှဉ်စရာ တစ်စုံတစ်ယောက်မျှ မရှိ။ မိမိ၏အရှင် ဖြစ်သည်ဟူ၍ ဆန္ဒ၊ ဘယ၊ အဂတိသို့ မလိုက်။ တရားကို သိမြင်သည်နှင့်အညီ တရားကို စောင့်၏။ လောက၌ ထင်ရှားသော ပညာနှင့် ပြည့်စုံ၏။ မိမိပညာအစွမ်းဖြင့် ငါတို့ပြဿနာကို ‘ဤအရာ၌ ဤသည်ကား ဤအကြောင်းတည်း’ဟု ဟုတ်မှန်စွာ စူးစမ်းဆင်ခြင်၍ သိတိုင်း ငါတို့ယုံမှားခြင်းကို ဆုံးဖြတ်ပေ၏။ မြတ်သော အဆုံးအဖြတ်သည်လည်း ငါတို့စိတ်နှင့် မဆန့်ကျင်။ ငါတို့အလိုနှင့်လည်း လျော်၏။ တရားနှင့်လည်း ညီ၏။ ဆင်စွယ်ပွတ်သမားသည် ထက်စွာသော လွှဖြင့် ဆင်စွယ်ကို ဖြတ်သကဲ့သို့ ပိုင်းပိုင်းခြားခြား တရားနှင့်လျော်ညီအောင် ဆုံးဖြတ်ပေ၏”ဟု ကောင်းချီးပေးကြကုန်၏။

ထိုအခါ သိကြားမင်းသည် ဝိဓုရသုခမိန်အား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်လို၍ -

“နိလုပ္ပလာဘံ ဝိမလံ အနဂ္ဃံ၊

ဝတ္ထံ ဣဒံ ဓူမသမာန ဝဏ္ဏံ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် ငါ နှစ်သက်၏။ သင်သုခမိန်အား တရားကို ပူဇော်ခြင်းအလို့ငှာ ကြာညိုအဆင်းကဲ့သို့ တောက်ပလျက် အညစ်အကြေးမရှိ အဖိုးများစွာထိုက်သော မီးခိုးအဆင်းရှိသော ဤဘွဲ့ဖြူပုဆိုးကို ငါပေး၏”ဟု ဆို၍ ဘုရားလောင်းအား ဘွဲ့ဖြူပုဆိုးဖြင့် ပူဇော်၏။

ဂဠုန်မင်းသည်လည်း ရွှေပန်းဖြင့် ပူဇော်လို၍ -

“သုဝဏ္ဏမာလံ သတပတ္တ ဖုလ္လိတံ၊

သကေသရံ ရတနသဟဿ မဏ္ဍိတံ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်သဖြင့် ငါ နှစ်သက်သည်ဖြစ်၍ သင့်အား တရားကို ပူဇော်ခြင်းအလို့ငှာ ဝတ်ဆံတို့ဖြင့် တင့်တယ်စွာ ပွင့်ချပ် ၁၀၀ ရှိသော၊ ရတနာမျိုး ၁,၀၀၀ တို့ဖြင့် တန်ဆာဆင်အပ်သော ဤရွှေပန်းကို ငါပေး၏”ဟု ဆို၏။

နဂါးမင်းသည်လည်း ပတ္တမြားဖြင့် ပူဇော်လို၍ -

“မဏိံ အနဂ္ဃံ ရုစိရံ ပဘဿရံ၊

ကဏ္ဌာ ဝသတံ မဏိဝိဘူသိတံ မေ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဓမ္မပူဇာယ ဓိရ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ ငါ၏ယုံမှားခြင်းကို ဖျောက်ပေသဖြင့် သင့်အား ငါနှစ်သက်သည်ဖြစ်၍ တရားကို ပူဇော်ခြင်းအလို့ငှာ ပြိုးပြိုးပြက် နှစ်သက်ဖွယ်သော အရောင်အဆင်းဖြင့် တင့်တယ်လျက် အဖိုး အတိုင်းမသိထိုက်သော ပတ္တမြားမျက်မြတ်တို့ဖြင့် ထက်ဝန်းကျင် ဆန်းကြယ်စွာ ငါ၏လည်၌ဆင်သော ဤပတ္တမြားကို သင့်အား ငါပေး၏”ဟု ဆို၍ ပတ္တမြားဖြင့် ပူဇော်၏။

ဓနဉ္စယကောရဗျမင်းသည်လည်း ဆင်,မြင်း စသည်တို့ဖြင့် ပူဇော်လို၍ -

“ဝရံသဟဿံ ဥသဘဉ္စ နာဂံ၊

အာဇညယုတ္တေ စ ရထေ ဒသီမေ။

ပဥဿ ဝေယျာကရဏေန တုဋ္ဌော၊

ဒဒါမိ တေ ဂါမဝရာနိ သောဠဿ။” ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား - “သုခမိန်၊ သင်သည် ငါ၏ယုံမှားခြင်းကို ဖျောက်ပေသည်ဖြစ်၍ ငါ နှစ်သက်၏။ သင့်အား နို့ညှစ်နွားမ ၁,၀၀၀၊ နွားလားဥသဘ, ဆင်, မြင်း, သိန္ဓောမျိုးမြင်း ကသော ရထား ၁၀ စီး၊ ရွာကြီး ၁၆ ရွာ၊ ဤအလုံးစုံကို ငါပေး၏”ဟု ဆို၏။

ဤသို့ မင်း ၄ ပါးတို့သည် ဘုရားလောင်းဝိဓုရသုခမိန်အား အသီးအသီး တရားပူဇော်ခြင်းဖြင့် ပူဇော်ခဲ့၍ မိမိတို့နေရာပြည်သို့ သွားကြကုန်၏။

+++++

(မင်းပူးဆရာတော် ဦးသြဘာသ၏ ဝိဓုရဇာတ်တော်ကြီး မှ)

Tuesday, February 7, 2012

“သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး” နှင့် “အလှကိုယ်စီ ရှိကြသည်”

...... နားက တရားနာ၍ ဉာဏ်က ခန္ဓာစိုက်ရမည့်အကြောင်း၊ လက်တွေ့ တရားကျင့်သုံးနိုင်ရန်အတွက် နှလုံးသွင်း တရားနာရမည့်အကြောင်း။

သတိပဋ္ဌာန်တရား လေးပါး အားထုတ်နေခြင်းသည် မဂ္ဂဗြဟ္မစရိယ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ကို ကျင့်သုံးနေခြင်း ဖြစ်ကြောင်း။

အလုပ်ထဲမှာ အလုပ်လုပ်ဆဲမှာလည်း တရားပါရန်၊ သဒ္ဓါ ဝီရိယ အားကောင်းကောင်းဖြင့် သတိကပ်၍ လုပ်ကိုင် ဆောင်ရွက်ရမည့်အကြောင်း။

သတိရှိရန် ဝီရိယအားကောင်းဖို့လို၊ ဝီရိယရှိရန် သဒ္ဓါတရားအားကောင်းဖို့လို၊ သဒ္ဓါတရားဖြစ်ရန် တရားနာ တရားစာပေများ ဖတ်ရှု လေ့လာကြရမည့်အကြောင်း။

သတိအမြဲကပ်ပြီး ပစ္စုပ္ပန်တည့်တည့် ပစ္စုပ္ပန်ကျကျ ရှုမှတ်ကာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မြင်အောင် ကြည့်၍ ကျန်းမာနေခိုက် အခွင့်သာခိုက်ဝယ် ဒုက္ခသစ္စာထပ်မဖြစ်အောင် ... သံသရာထဲ မလည်နေအောင် ... သံသရာဝဋ်ဒုက္ခထဲမှ လွတ်မြောက်အောင် တစ်မှတ်ဆို တစ်မှတ်ဆိုသလောက် သတိပဋ္ဌာန်တရား ရှုမှတ် ပွားများကြရန် လောကချမ်းသာဆရာတော်က ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ ‘လောကချမ်းသာ ငါးမိနစ်တရားတော်’တွင် မိန့်ကြား တိုက်တွန်းသွား၏။

ယခုအပတ်တွင်လည်း ဓမ္မပဒသင်တန်းပြဆရာတော် အရှင်စက္ကိန္ဒမှာ နာရေးကိစ္စပင့်ဖိတ်သဖြင့် Philadelphia မြို့သို့ ကြွရောက်နေရသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

အဘိဓမ္မာသင်တန်း၊ စေတသိက်-စိတ်ယှဉ် သင်္ဂဟနည်းကို ဆရာတော် အရှင်ဝဏ္ဏိတက မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီထိ သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် အရှင်ပညာနန္ဒက ဝိဒူရဇာတ်တော်လာ ‘မင်းလေးပါးတို့ ဥပုသ်သုံးခန်း’ကို “အလှကိုယ်စီ ရှိကြသည်” တရားတော်အမည်ဖြင့် ဟောကြား ဓမ္မဒါနပြု၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။