အဲဒီကနောက် မြတ်စွာဘုရား .. ဘာကို ဟောပြန်သလဲလို့ဆိုတော့ -
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ တစ်ချက် ဟောခဲ့တယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ”လို့ သမုဒယသစ္စာ ဒီဟာတစ်ချက် ဟောခဲ့တယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”လို့ နိရောဓသစ္စာအတွက် တစ်ချက် ဟောခဲ့တယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေ မေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ”လို့ မဂ္ဂသစ္စာအတွက် တစ်ချက် ဟောတယ်။
သစ္စာလေးပါးတရားသာ ကျင့်စရာ
ဘုန်းကြီးအနေနဲ့ ဆိုလို့ရှိရင် အခု တရားနာတဲ့ ပရိသတ်တွေ ယခုပါဠိကနောက် တိုးပြီးတော့ မသွားကြနဲ့တော့။
ဒီပါဠိတော် လေးခုထဲတွင်ပဲ လှည့်ပြီးတော့ ထားကြတော့။ စိတ်ကိုပေါ့လေ။
ဘာပြုလို့လဲ?
သုတ္တန်တစ်ခုကို ကြားတယ် နာတယ်။
အဲဒီသုတ္တန်ထဲမှာ အလုပ်လုပ်ဖို့ရန်အတွက် သုတ္တန်ထဲက အလုပ် ဘယ်လိုထွက်ရမလဲ?
အလုပ်ကို ဘယ်လို ရှာယူရမလဲလို့ ကြည့်လေ။
ဟောဒီ ပါဠိလေးခုရဲ့ နောက်မှာဆိုလို့ရှိရင် တရားနာပရိသတ်တွေအဖို့ အလုပ်တစ်ခုမှ မရှိဖူးနော်။
ဘာနဲ့တူသလဲလို့ဆိုတော့ အဲဒီက နောက်မှာ -
ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု ... အစရှိသည်ဖြင့် လာတာက ဘုရားကိုယ်တော်မြတ်က ငါဘုရားမှာ ရှေးအလောင်းတော် ဖြစ်စဉ်ကာလက မကြားဖူး မမြင်ခဲ့ဖူးတဲ့ တရားတွေပေါ်မှာ ဒုက္ခသစ္စာ၌ ဒုက္ခပဲလို့ သိတဲ့ သစ္စဉာဏ်၊ ပရိညေယျတရားပဲလို့ သိတဲ့ ကိစ္စဉာဏ်၊ ငါ့မှာ ပိုင်းခြား၍ သိပြီးပြီဟု သိတဲ့ ကတဉာဏ်ဆိုတဲ့ ဒုက္ခသစ္စာအပေါ်၌ ဉာဏ်သုံးပါး၊ သမုဒယသစ္စာပေါ်၌ ဉာဏ်သုံးပါး၊ နိရောဓ, မဂ္ဂသစ္စာပေါ်၌ ဉာဏ်သုံးပါးစီ ဖြစ်တာကို ဘုရားဟောတာ။
ကိုယ်တော်မြတ်သန္တာန် သစ္စာလေးပါးတို့တွင် တစ်ပါး တစ်ပါး၌ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတဲ့ ဉာဏ်သုံးပါးစီ ဖြစ်တာကို ဟောပြီးတော့ -
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ... အစရှိသော ပါဠိဖြင့် သစ္စာလေးပါးမှာ တစ်ပါး တစ်ပါး၌ သုံးချက်စီ သုံးချက်စီ အပြန်ရှိတဲ့ ဒွါဒသာကာရ = တစ်ဆယ့်နှစ်ပါး အခြင်းအရာရှိတဲ့ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတဲ့ ပစ္စဝေက္ခဏာ ဉာဏ်အမြင်တွေ မပိုင်သေးသမျှဖြင့် သမ္မာသမ္ဗုဒ္ဓဘုရားပဲလို့ ငါဘုရား ဝန်မခံသေးဘူး။
အဲဒီ ဉာဏ်အမြင် တစ်ဆယ့်နှစ်ပါး ပစ္စဝေက္ခဏာဆင်ခြင်လို့ ပိုင်နိုင်ပြီဆိုတဲ့ ကာလကျမှ သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုမြတ်စွာဘုရား ဖြစ်ကြောင်းကိုပါ ဘုရားဝန်ခံတယ်။
ဒါပဲ ... အဲဒါ ဘုရားကိုယ်တော်မြတ်က ကိုယ်တော်မြတ်ရဲ့အကြောင်း ပြောတာ။
အခုနတုန်းက စာလေးပိုဒ်က ဘာကို ပြောတာလဲလို့ဆိုတော့ -
မဇ္ဈိမပဋိပဒါဆိုတာ ဘယ်သူ့ခေါ်တုန်း။
မဇ္ဈိမပဋိပဒါဆိုတာ မဂ္ဂင်ရှစ်ပါးကို ခေါ်တယ်။
ဒါဖြင့် မြတ်စွာဘုရား ... တပည့်တော်တို့ မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး လမ်းစဉ်လိုက်ချင်လို့ရှိရင် တပည့်တော်တို့ တချိန်တည်း၌ အလုပ်ရှစ်မျိုး လုပ်နေရမှာလား မြတ်စွာဘုရားလို့ မေးစရာ ရှိတယ်။
သမ္မာဒိဋ္ဌိပိုင်နိုင်အောင် ကိုင်ကြလေ
မဟုတ်ဘူး တဲ့။
အလုပ်တစ်ခုကို သင်ချစ်သားတို့ လုပ်ခြင်းဖြင့် မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါး သင်ချစ်သားတို့ ပြည့်စုံစေမယ်။
ဘယ်လို လုပ်ရမှာတုန်း ... မြတ်စွာဘုရား။
အဲဒီ မဂ္ဂင်ရှစ်ပါးထဲ၌ သမ္မာဒိဋ္ဌိဖြစ်အောင် သင်ချစ်သားတို့ ပွားများကြိုးကုတ် အားထုတ်လို့ရှိရင် သမ္မာဒိဋ္ဌိနဲ့ တွဲလာတဲ့ သမ္မာသင်္ကပ္ပက ဘယ်တော့မှ မိစ္ဆာသင်္ကပ္ပ ဖြစ်လို့ မရဘူး။
သမ္မာဒိဋ္ဌိနဲ့ ယှဉ်ဘက် တွဲစပ်၍ ဖြစ်ပေါ်လာတဲ့ ဝါစာက သမ္မာဝါစာပဲ ဖြစ်ရမယ်ပေါ့။
သမ္မာကမ္မန္တလည်း မိစ္ဆာကမ္မန္တ မဖြစ်ဘူး။ သမ္မာကမ္မန္တ။
သမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှာ မိစ္ဆာအာဇီဝ ဖြစ်၍ မရဘူး။ သမ္မာအာဇီဝပဲ လာမယ်။
မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိဆိုတဲ့ မိစ္ဆာမဂ္ဂင်တွေ ဖြစ်၍ မရဘူး။
သမ္မာဒိဋ္ဌိတစ်ခု သင်ချစ်သားတို့ ပိုင်လို့ နိုင်လို့ရှိပြီဆိုရင် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့လည်းပဲ သင်ချစ်သားတို့ သန္တာန်မှာ ဖြစ်လာလိမ့်မယ်။
စိတ်အာရုံ မပြားနဲ့ သင်ချစ်သားတို့။ မများချင်နဲ့။
အလုပ်ကိစ္စတွေ ထွေပြား များမနေချင်နဲ့။
ငါးကြင်းခေါင်းကိုင်တဲ့နည်းလို သမ္မာဒိဋ္ဌိပိုင်နိုင်အောင် သင်ချစ်သားတို့ ကိုင်ကြလေ။
သင်ချစ်သားတို့ သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတဲ့ ပထမမဂ္ဂင်ဖြစ်လို့ရှိရင် ကျန်တဲ့ မဂ္ဂင်ခုနစ်ပါး၊ ဒီနောက်က ရေလိုက်လာသလို အကုန်လုံး စုံလျက် ပြုန်လျက် မခေါ်ဘဲနဲ့ လိုက်ပါလာပါလိမ့်မယ်။
ဒါကြောင့် သင်ချစ်သားတို့သည် -
ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ သမ္မာဒိဋ္ဌိ ဆိုတဲ့ သစ္စဉာဏ်၊
သစ္စာလေးပါးကို ဆင်ခြင် စဉ်းစားတဲ့ ဒုက္ခဉာဏ်၊ သမုဒယဉာဏ်၊ နိရောဓဉာဏ်၊ မဂ္ဂဉာဏ် ပေါ်အောင် သင်ချစ်သားတို့ အားထုတ်လေ။
ဒုက္ခဉာဏ်ပေါ်အောင် အားထုတ်ခြင်း
ဒုက္ခဉာဏ်ပေါ်အောင် တပည့်တော်တို့ ဘယ်လို အားထုတ်ရမတုန်းဆိုတော့ ဒုက္ခဉာဏ်ဆိုတာ ဟောတာကို ခေါ်တယ်လို့ လက်ဆုပ်လက်ကိုင် ကိုင်ပြသောအနေနဲ့ -
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ”
ဒုက္ခဆိုတာ အဲဒီရှစ်ပါးကို ခေါ်တာပဲ ချစ်သားတို့။
အဲဒီရှစ်ပါးကို ဒုက္ခပဲလို့ သင်ချစ်သားတို့က သိလေ။
ဒုက္ခကို ဒုက္ခပဲလို့ သိရမှာ ဘာအဆန်းလဲဘုရားဆိုတော့ ...
ဒုက္ခကိုပင် ချစ်သားတို့က အနမတဂ္ဂ အစမထင် သံသရာတစ်ခွင်ကြီးပတ်လုံး သုခလို့ သိခဲ့လို့ သင်ချစ်သားတို့ ဘဝသံသရာ ဒီလောက်ကြီး လည်နေရတာ။
ဇာတိကို သင်ချစ်သားတို့က သုခလို့ ထင်ပါတယ်။
ဒုက္ခလို့ မထင်ခဲ့ဘူး။
စင်စစ်ကား ဇာတိကား ဒုက္ခပဲ။
ပဋိသန္ဓေတည်နေရခြင်းဟာ ဘယ်ပဋိသန္ဓေတည်နေရခြင်းမှ ချမ်းသာတာ မဟုတ်ဘူး။
အခုတော့ ဆုတောင်းတာကိုက နတ်ဘဝပဋိသန္ဓေ တည်နေရပါလို၏၊ ဗြဟ္မာပြည် ပဋိသန္ဓေ တည်နေရပါလို၏၊ ဥပပတ်ပဋိသန္ဓေ တည်နေရပါလို၏လို့ ပဋိသန္ဓေကို မှားပြီးတော့ သင်ချစ်သားတို့က ချမ်းသာသုခ ထင်နေတာတဲ့။
ဒုက္ခကို ဒုက္ခမထင်လို့တဲ့။
ဒုက္ခမှန်း သင်ချစ်သားတို့ သိအောင် ဒုက္ခပဲလို့ ဆင်ခြင်ကြ သိမြင်ကြ ရှုကြ စိတ်ထဲမှာ မြင်အောင် စဉ်းစားကြ။
အသိဉာဏ်ပေါ်အောင် သင်ချစ်သားတို့ ကြည့်ကြ။
အိုရတဲ့ ဇရာကိုလဲ ဒုက္ခအနေနဲ့ သင်ချစ်သားတို့ ကြည့်ကြ။
အိုတာ ဘယ်သူမှ သုခလို့ မမှတ်ပါဘူး ..ဆို။
အိုတာ၏အရသာကို သုခအနေနဲ့ သုံးစွဲကြသေးတယ်နော်။ အချို့လည်း ရှိသေးတယ်။
အဲဒါကြောင့် အိုတာကိုလည်း ဒုက္ခအနေနဲ့ မှတ်။
ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှ (ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ) ဒီလေးဌာနကိုတော့ ခေါင်းရင်းမှာ စာအုပ်ရှိကြပါတယ်။ တချို့မှာ ရင်ထဲ ဝမ်းထဲ ဗိုက်ထဲမှာပဲ ဒီအနက်တွေ ရှိကြပါတယ်။
အဲဒါကြောင့်မို့လို့ ဒီလေးချက်ကိုတော့ ပါဠိကိုလည်း မပြတ် မပြတ် ရွတ်။
အနက်ကိုလည်း မပြတ် မပြတ် ရွတ်ပြီးတော့ ဆင်ခြင်။
‘ဘိက္ခဝေ’ ဖြုတ်ကြစို့။ ကိုယ်တိုင် ဆင်ခြင်တဲ့အခါကာလကျတော့ -
“ဣဒံ ခေါ ပန ဒုက္ခံ အရိယသစ္စံ = ဤဆိုလတံ့သော တရားအစုသည်ကား ဒုက္ခအရိယသစ္စာ မှန်လှပေ၏။
ဇာတိရယ်၊
ဇရာရယ်၊
ဗျာဓိရယ်၊
မရဏရယ်၊
အပ္ပိယေဟိ သမ္ပယောဂ၊
ပိယေဟိ ဝိပ္ပယောဂ၊
ဣစ္ဆာ အလာဘ၊
အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာပဲလို့ အဲဒီလို ဆင်ခြင်ခြင်းဟာဖြင့် ဒုက္ခဉာဏ်ပဲ။
ဒုက္ခေဉာဏံ ဆိုတဲ့ သမ္မာဒိဋ္ဌိ ဖြစ်ကရော။
ဒုက္ခေဉာဏံ ဆိုတဲ့ သမ္မာဒိဋ္ဌိဖြစ်ဖို့ရန် မြတ်စွာဘုရားက ဤပါဠိကို ဟောတာ။
ဒါဖြင့်ရင် နှလုံးသွင်းတဲ့အနေနဲ့ ဘယ်လို သွင်းရမတုန်း။
ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊
ဇာတိ, ဇရာ, ဗျာဓိ, မရဏ အဲဒီလေးခုကား ဒီဘဝမှာဖြင့် အရင်းအမြစ် ဒုက္ခပဲ။
“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။”
မရှောင်နိုင် မလွှဲနိုင်တဲ့ ဒုက္ခကြီးပဲနော်။ ဟိုနောက်ဒုက္ခကတော့။
“မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ။”
အဲဒီအရာကတော့ ‘လိုချင်တာကို မရတာက ဒုက္ခ’ဆိုတာ မလိုချင်အောင် နေရင် ဒီဒုက္ခက တော်သေးတယ်။ မဖြစ်ဘူး။
မချစ်ယှဉ်တွဲ - မချစ်တဲ့သတ္တဝါ သင်္ခါရတို့နဲ့ ယှဉ်တွဲရတဲ့ ဒုက္ခကို ကိုယ်က လွတ်အောင် ရှောင်လို့ရှိရင် ရသေးတယ်။
ချစ်သူကွဲနှင့် - အစတည်းက ချစ်သူနဲ့ မနေရင် ချစ်သူနဲ့ ကွဲခြင်းဆိုတဲ့ ဒုက္ခ မဖြစ်ဘူး။
“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။
မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ
အကျဉ်းပြသော်
ပဉ္စဥပါဒါ ငါးခန္ဓာ
သစ္စာဒုက္ခ မှန်မောလှ။”
အဲဒီလို စိတ်ထဲမှာ အာရုံပြုပြီးတော့ စဉ်းစားရင် စဉ်းစားတဲ့ ဆင်ခြင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒုက္ခေဉာဏံအရ ဒုက္ခဉာဏ်ခေါ်တဲ့ သမ္မာဒိဋ္ဌိ မဇ္ဈိမပဋိပဒါ ဖြစ်နေပါတယ်။
သမုဒယသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ၊ တတြတတြာဘိနန္ဒိနီ။
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ။”
အာရုံငါးပါး တွယ်ကပ် တပ်မက်တဲ့ ကာမတဏှာ၊
သဿတဒိဋ္ဌိနဲ့ တွဲဖြစ်တဲ့ ဘဝတဏှာ၊
ဥစ္ဆေဒဒိဋ္ဌိနဲ့ တွဲဖြစ်တဲ့ ဝိဘဝတဏှာလို့ အကျဉ်းချုပ် သုံးပါး။
အကျယ်အားဖြင့် တဏှာအစစ် တစ်ရာ့ရှစ်ပြားတဲ့ နောက်တဖန် ဘဝသစ်ကို ဖြစ်စေတတ်တဲ့ လောဘကား ဒုက္ခသမုဒယ။
ဒုက္ခဖြစ်ကြောင်း မကောင်းတဲ့ တဏှာလောဘ သမုဒယသစ္စာလို့ အဲဒီလို အာရုံပြုတဲ့ -
“ဒုက္ခဖြစ်ကြောင်း
မကောင်းတဏှာ
လောဘမှာ
သစ္စာသမုဒယ မှန်မောလှ။”
နိရောဓသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော၊
တဏှာ၏ အကြွင်းအကျန် မရှိရာ ချုပ်ရာ သဘာဝဟာဖြင့် ဒုက္ခနိရောဓ=ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာပဲလို့ ဟောထားတယ်။
တဏှာ၏ ချုပ်ခြင်းဖြင့် ဒုက္ခ၏ ချုပ်ခြင်းကို ဖော်ပြတယ်။
“တဏှာချုပ်ရာ
နိဗ္ဗာန်မှာ
သစ္စနိရောဓ မှန်မောလှ။”
အဲဒီလို စဉ်းစားဆင်ခြင်လို့ ရှိရင်ဖြင့် နိရောဓေဉာဏံဆိုတဲ့ သမ္မာဒိဋ္ဌိ ဖြစ်နေတာပဲနော်။
ဟိုဘက် သွားလိုက်အုန်း။
မဂ္ဂသစ္စာဉာဏ်ပေါ်အောင် အားထုတ်ခြင်း
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ၊ သမ္မသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။”
“နိဗ္ဗာန်ရောက်ကြောင်း
ကောင်းသောအသိ
ကောင်းဘိ အကြံ
ကောင်းသံ ဆိုပြော
ကောင်းသော အပြု
ကောင်းမှု သက်မွေး
ကောင်းရေး လုံ့လ
ကောင်းထ သတိ
ကောင်းဘိ တည်စွာ
ဤရှစ်ဖြာ
သစ္စမဂ္ဂ မှန်မောလှ။”
ကောင်းသော အာရုံကို ကြံစည်ခြင်း၊ သစ္စာလေးချက်ကို ကြံစည်ခြင်းပေါ့နော်။
ကောင်းသောအကြံ = သမ္မာသင်္ကပ္ပ၊
ကောင်းသံဆိုပြော = သမ္မာဝါစာ၊
ကောင်းသောအပြု = သမ္မာကမ္မန္တ၊
ကောင်းမှုသက်မွေး = သမ္မာအာဇီဝ၊
ကောင်းမှုလုံ့လ = သမ္မာဝါယာမ၊
ကောင်းထသတိ = သမ္မာသတိ၊
ကောင်းဘိတည်စွာ = သမ္မာသမာဓိ၊
ဤရှစ်ဖြာ သစ္စာမဂ္ဂ မှန်မောလှ။
အဲဒီ ရှစ်ခုကို မဂ္ဂသစ္စာလို့ အောက်မေ့ပြီးတော့၊ ဆင်ခြင်ပြီးတော့ ပွားများနေလို့ရှိရင်ဖြင့် ဒုက္ခေဉာဏံ၊ ဒုက္ခသမုဒယေဉာဏံ၊ ဒုက္ခနိရောဓေဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာပဋိပဒါယဉာဏံ ဆိုတဲ့ သစ္စဉာဏ်လေးချက်တို့တွင် စတုတ္ထဉာဏ် ဖြစ်တာပဲ။
သမ္မာဒိဋ္ဌိဖြစ်တာပဲနော်။
ဆင်ခြင်ဖွယ် တရားအနှစ်
ဒီတော့ ဘုန်းကြီးအလိုတော့ တရားနာပရိသတ်တွေသည် ရှေ့ကို မလှမ်းကြပါနဲ့တော့။
အခု အဲဒီလေးဌာနကနေပြီးသကာလ ပါဠိလိုတသွယ်၊ မြန်မာလိုတသွယ်၊ လင်္ကာလိုတသွယ် ကိုယ်စီကိုယ်ငှ ဆင်ခြင်ပြီးတော့ပဲ တရားပွဲ သိမ်းကြပါစို့လို့ ဒီလိုပဲ ပြောချင်တယ်။
(၁၉၅၆ ခုနှစ်တွင် မင်းကွန်းဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော “ဓမ္မစကြာတရားတော်” မှ)
+++
ဒုက္ခသစ္စာ
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဇာတိပိ ဒုက္ခာ၊
ဇရာပိ ဒုက္ခာ၊
ဗျာဓိပိ ဒုက္ခော၊
မရဏမ္ပိ ဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ”
ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။
ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်၊
အိုခြင်းလည်း ဆင်းရဲပင်၊
နာခြင်းလည်း ဆင်းရဲပင်၊
သေခြင်းလည်း ဆင်းရဲပင်၊
မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်၊
ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်၊
အလိုရှိတာကို မရခြင်း, မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်၊
အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ, ငါ့ဥစ္စာဟု ထင်မှတ် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။
“ပဋိသန္ဓေ
အို, နာ, သေဟု
လေးထွေရင်းမြစ်
ဒုက္ခဖြစ်၏။
မချစ်ယှဉ်တွဲ
ချစ်သူကွဲနှင့်
လိုလည်းမရ
အကျဉ်းပြသော်
ပဉ္စဥပါဒါ ငါးခန္ဓာ
သစ္စာဒုက္ခ မှန်မောလှ။”
သမုဒယသစ္စာ
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ၊ တတြတတြာဘိနန္ဒိနီ။
သေယျထိဒံ -
ကာမတဏှာ၊
ဘဝတဏှာ၊
ဝိဘဝတဏှာ။”
ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်း အမှန် ဖြစ်ပေသည်။
အကြင် တဏှာသည် တဖန် ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။
နှစ်သက် တပ်စွဲခြင်း သဘောရှိ၏။
ထိုထို ရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့လျက် ရှိ၏။
ထိုတဏှာမှာ သရုပ်အားဖြင့် -
ကာမဂုဏ်၌ တပ်မက်သော တဏှာ၊
ဘဝ၌ တပ်မက်သော တဏှာ၊
သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သော တဏှာ ဟူ၍ ၃-ပါး အပြား ရှိ၏။
“ဒုက္ခဖြစ်ကြောင်း
မကောင်းတဏှာ
လောဘမှာ
သစ္စာသမုဒယ မှန်မောလှ။”
နိရောဓသစ္စာ
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊
ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”
ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။
၎င်းမှာ ယင်း တဏှာ ၃-ပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်ထွက် စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။
“တဏှာချုပ်ရာ
နိဗ္ဗာန်မှာ
သစ္စနိရောဓ မှန်မောလှ။”
မဂ္ဂသစ္စာ
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊
အယေမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ၊ သမ္မသင်္ကပ္ပေါ၊
သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊
သမ္မာဝါယာမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။”
ရဟန်းတို့ - ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။
၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးမှာ -
(၁) မှန်စွာ သိမြင်ခြင်း၊
(၂) မှန်စွာ ကြံခြင်း၊
(၃) မှန်စွာ ပြောဆိုခြင်း၊
(၄) မှန်စွာ ပြုလုပ်ခြင်း၊
(၅) မှန်စွာ အသက်မွေးခြင်း၊
(၆) မှန်စွာ အားထုတ်ခြင်း၊
(၇) မှန်စွာ အမှတ်ရခြင်း၊
(၈) မှန်စွာ စူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။
“နိဗ္ဗာန်ရောက်ကြောင်း
ကောင်းသောအသိ
ကောင်းဘိ အကြံ
ကောင်းသံ ဆိုပြော
ကောင်းသော အပြု
ကောင်းမှု သက်မွေး
ကောင်းရေး လုံ့လ
ကောင်းထ သတိ
ကောင်းဘိ တည်စွာ
ဤရှစ်ဖြာ
သစ္စမဂ္ဂ မှန်မောလှ။”
+++
စာကိုး
မဟာစည်ဆရာတော်ဘုရားကြီး၏ “ဓမ္မစကြာတရားတော်” (အသံလွှင့်)
မင်းကွန်းဆရာတော်ဘုရားကြီး၏ “ဟောစဉ်တရားတော်များ (ဒသမတွဲ)”
(မဟာစည်ဆရာတော်ဘုရားကြီး၏ မြန်မာပြန်နှင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ လင်္ကာ)
+++++
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့ ဓမ္မသင်တန်းနှင့် တရားပွဲကို မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိ ကျင်းပ ပြုလုပ်၏။
ရှေးဦးစွာ မွန်းလွဲ ၃ နာရီ၌ အရှင်ဝိမလက ဓမ္မစကြာတရားတော်ကို သင်ကြား ပို့ချပေး၏။
ညနေ ၅ နာရီတွင် လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်နန္ဒဝံသက “ဘယ်အရိပ်ခိုမလဲ ... အို ယောဂီ”တရားတော်ကို လင်္ကာအသွယ်သွယ်ဖြင့် ဟောကြား ချီးမြှင့်၏။
လင်္ကာများ
သူတော်ကောင်းနှင့် ပေါင်းသောအခါ
သူတော်ကောင်းဓာတ် ပါ။
သူယုတ်မာနှင့် နေသော်လည်း
ယုတ်မှာ မုချပဲ။
+++
မိမိကို ကယ်၊ သူ့ကို ကယ်၊ အကယ် နှစ်မျိုးပေ။
သူက ကိုယ့်ကယ်၊ ဘဝဝယ်၊ လွတ်နယ် မရှိပေ။
+++
ကြွက်လေးမျိုး
မဖောက်မအောင်း၊ မဖောက်အောင်း
ဖောက်အောင်း,မအောင်း၊ ကြွက်လေးမျိုး။
မိုးနှင့်သရက်၊ အိုးနှင့်ကြွက်သို့
ထိုနဲ(နည်း)မလွဲ၊ လူခပဲလည်း၊ လေးမျိုးရှိ၏။
+++
ဒါနတရား၊ ကြိုးစားနေသူ
ကုသိုလ်ပုည၊ နိစ္စမဟူ
ဓမ္မတွင်းခေါင်း၊ ခိုအောင်းနေသူ
အပယ်ဘေး ကင်းဝေးကြမည့်သူ။
+++
နေမင်းအရောင်၊ အလင်းဆောင်၊ အမှောင်ဖြိုခွင်းသည်။
လမင်းတန်ဆောင်၊ အလင်းရောင်၊ အမှောင်ဖြိုခွင်းသည်။
မီး၏အရောင်/မီး၏တန်ဆောင်၊ အလင်းရောင်၊ အမှောင်ဖြိုခွင်းသည်။
နေ့မှာသာလင်း၊ ညမလင်း၊ နေမင်း သူစွမ်းဆောင်။
ညမှာသာလင်း၊ နေ့မလင်း၊ လမင်း သူစွမ်းဆောင်။
ထွန်းရာ၌သာ၊ လင်းနိုင်ခါ၊ မီးမှာ သူစွမ်းဆောင်။
+++
ကိုယ်တိုင်ပြုထား၊ ကံတရား၊ သိငြား မူလစင်။
ဝိပဿနာ၊ မြတ်ပညာ၊ မှတ်ပါ အလယ်စင်။
မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ အသိဉာဏ်၊ မှတ်ရန် တတိယဆင့်။
အသိသုံးဖြာ၊ တိုးပွားလာ၊ လူမှာ ဂုဏ်ရည်မြင့်။
+++
လမ်းနှစ်သွယ်
ကာမ,ဓမ္မ၊ နှစ်ဝနှစ်လီ
ကာမလိုက်စား၊ မိုက်မှားပေမည်
ဓမ္မလမ်းမှ၊ အေးချမ်းပေမည်
အဆုံးဖြတ် သုံးသပ် လူတို့ပြည်။
တိုက်တွန်းချက်
မသိတုန်းက၊ ချိန်ဖြုန်းရက်ကြာ
သိလျက်ပယ်မှု၊ ဘယ်သူ့တွက်တာ
ကိုယ့်အရေးမို့၊ ကိုယ်တွေးခါခါ
မြတ်တရား ပွားများကြစမ်းပါ။
+++
တရားပွဲပြီးသော် ၅-မိနစ်ခန့် တရားရှုမှတ်ကြပြီး ကောင်းမှုကုသိုလ် အဝဝတို့ကို အများသတွာတို့အား အမျှပေးဝေကြလေသည်။
သာဓု ... သာဓု ... သာဓု။
1 comment:
သာဓု ... သာဓု ... သာဓု။
Post a Comment